အခန်း ၁၇၆၂
Vol. 118 Ch. 1762
အပိုင်း ( 1762 ) ကောင်းကင်ဧကရာဇ်မြို့တော်။
တစ်ဖက်တွင်၊ ရွှေကျီးကန်းမျိုးနွယ်ဝင်များက ရွှေကျီးကန်း ဆဋ္ဌမမင်းသား၏ အတောင်ပံကို ပြန်လည်ရယူလိုကြသည်။ သို့သော်လည်း သူတို့ကိုယ်တိုင် လှုပ်ရှားရန် အဆင်မပြေပေ။
"လုမင်၊ အရင်ရွှေကျီးကန်းမင်းသားတွေက ကောင်းကင်ဧကရာဇ်မြို့တော်ကနေ ပြန်လာနေကြပြီ။ ရွှေကျီးကန်းမျိုးနွယ်ကို အရှက်ရအောင် လုပ်ဝံ့ရင် မင်းသေမှာ သေချာတယ်"
ရွှေကျီးကန်းမျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးက အေးစက်စက် ပြောလိုက်သည်။ ထို့နောက်တော့ အခြား ရွှေကျီးကန်းမျိုးနွယ်ဝင်များကိုခေါ်ကာ ထွက်သွားကြတော့သည်။
ဟုတ်သည်၊ သူရည်ညွှန်းလိုတာက လုမင် ယခင်ကပြောခဲ့သည့် အတောင်ပံကို မီးကင်းစားမည်ဟူသော စကားကိုပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်ဝင်အားလုံး ပျောက်ကွယ်သွားခဲ့သည်။
တိုက်ပွဲက ထိုကဲ့သို့ ပြီးဆုံးသွားလေသည်။ သို့ရာတွင်၊ လုမင်၏အမည်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေ တစ်ခွင်လုံးတွင် သေချာပေါက် ကျော်ကြားနေတော့မည် ဖြစ်သည်။
"လုမင်၊ မတွေ့ရတာကြာပြီ။ မင်းက ပိုပြီးတော့ သန်မာလာတယ်။ မင်းက တကယ်ကို ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ နံပါတ်တစ်ပဲ"
လုံချန်က လေထဲမှ လျှောက်လှမ်းလာကာ ပြုံးရွှင်စွာဖြင့် ပြောသည်။
"ကျေးဇူးတင်ပါတယ်"
လုမင်က လုံချန်ကို လက်ယှက်ပြလိုက်သည်။ ထို့နောက် ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်းနှင့် မိုးကြိုးနတ်ဘုရားဂိုဏ်းတို့မှ အကျော်အမော်များကို ဦးညွှတ်လိုက်၏။
"အကူအညီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ လုမင်ရဲ့ နှလုံးသားထဲမှာ ဒီကြင်နာမှုကို အမြဲ သတိရနေမှာပါ"
"ဟားဟားဟား၊ တူလေးလုမင်... မင်း သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး။ ဝမ်မိသားစုနဲ့ ရွှေကျီးကန်းတွေရဲ့ လုပ်ရပ်တွေက တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းတယ်။ ငါတို့ သည်းမခံနိုင်ဘူး"
မိုးကြိုးနတ်ဘုရားဂိုဏ်းမှ အဖိုးအိုတစ်ဦးက ရယ်မောလိုက်သည်။
"လုမင်၊ သွားသောက်ရအောင်"
ယဲ့တုန်ဖန့်က အနားကိုရောက်လာသည်။
"ကောင်းပြီ၊ အတူတူသွားကြတာပေါ့။ ဒီနေ့ ငါဒကာခံမယ်"
လုမင်က ပြုံးပြီး ခေါင်းညိတ်လိုက်၏။
"မင်းတို့လူငယ်လေးတွေ သွားကြပါ၊ ငါတို့လူကြီးတွေ မပါဝင်တော့ဘူး"
မိုးကြိုးနတ်ဘုရားဂိုဏ်းမှ အကြီးအကဲက ပြုံးလိုက်သည်။ ထို့နောက် သူနှင့် မိုးကြိုးနတ်ဘုရားဂိုဏ်းမှ လူများက နေရာမှ ထွက်သွားကြလေသည်။
"ခင်ဗျားတို့အရင်ပြန်ကြ"
လုံချန်က နတ်ဆင်ဂိုဏ်း၏ ကျွမ်းကျင်သူများကို အမိန့်ပေးလိုက်သည်။ နတ်ဆင်ဂိုဏ်းရှိ လုံချန်၏ အဆင့်အတန်းက မနိမ့်ကျကြောင်း ထင်ရှားပေသည်။
နတ်ဆင်ဂိုဏ်းမှ ကျွမ်းကျင်သူများက ခေါင်းညိတ်ပြပြီး ထွက်သွားကြသည်။ နောက်ဆုံးတွင် ဖီးနစ်နန်းတော်မှ ကျွမ်းကျင်သူများလည်း ထွက်ခွာသွားတော့သည်။
...........
လူစည်ကားသော စားသောက်ဆိုင်တစ်ခုတွင်...
လုမင်၊ လုံချန်၊ ဟွမ်လင်၊ မုချင်ရွယ်၊ ယဲ့တုန်ဖန့်နှင့် ရွှီယန်တို့က စားပွဲတစ်လုံးတွင် ဝိုင်းဖွဲ့ထိုင်နေကြသည်။
စားပွဲပေါ်တွင် ဝိဉာဉ်အရက်နှင့် စားသောက်ဖွယ်ရာများ ပြည့်နေ၏။ လူတိုင်းက အေးအေးလူလူ စားသောက်နေကြလေသည်။
"လုမင်၊ ရှန်းရွှီတိုက်ကြီးမှာကတည်းက ငါတို့ လမ်းခွဲခဲ့တာ အခုဆိုရင် ခုနစ်နှစ် ရှစ်နှစ်လောက်ရှိပြီ"
လုံချန်က ခွက်အနည်းငယ် ဆက်တိုက်သောက်ပြီး သက်ပြင်းချလိုက်သည်။
ထိုစဉ်က သူသည် လုမင်ကဲ့သို့ပင် နဂါးနတ်ဘုရားတောင်ကြားသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သော်လည်း၊ ရှန်းရွှီတိုက်ကြီးရှိ တောင်ပိုင်းနတ်နန်းတော်မှ ဖမ်းဆီးခံရကာ နှစ်နှစ်နီးပါး အကျဉ်းချခံခဲ့ရသည်။ နောက်ဆုံးတွင်၊ သူ့ကို နတ်ဆင်ဂိုဏ်းမှ အကျော်အမော်တစ်ဦးက ကယ်တင်ခဲ့ပြီး သူ၏တပည့် ဖြစ်ခဲ့၏။ ယခုအခါ လုံချန်က နတ်ဆင်ဂိုဏ်းတွင် ဩဇာရှိသောလူတစ်ယောက် ဖြစ်နေပြီ။
"တကယ်ကို ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ ခုနစ်နှစ် ရှစ်နှစ်လောက်ကြာပါပြီ။ အဲဒီတုန်းက ရှန်းရွှီတိုက်ကြီးမှာ နတ်ဆင်ဂိုဏ်းရဲ့ အကျော်အမော်က မင်းကို ခေါ်ဆောင်သွားတာကို ငါ တွေ့ခဲ့ရတယ်"
လုမင်က ပြုံးလျက် ပြောလိုက်သည်။
"အဲဒီတုန်းက မင်းရှိနေခဲ့တာလား"
လုံချန် အံ့သြသွား၏။
"ဟုတ်တယ်"
လုမင်က ခေါင်းညိတ်ပြပြီး လုံချန်ကိုကယ်တင်ရန် တောင်ပိုင်းနတ်နန်းတော်ထဲကို သူ ဘယ်လိုဝင်သွားကြောင်း အတိုချုံး ရှင်းပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
လုံချန်က သူ့ခွက်ကို မြှောက်ပြလိုက်လေသည်။ သူ့မျက်လုံးများမှာလည်း ကျေးဇူးတင်မှုတို့ ပြည့်နေခဲ့သည်။
"ဟားဟားဟား၊ မင်းငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ကံကောင်းချင်တော့ နတ်ဆင်ဂိုဏ်းရဲ့ အကျော်အမော်တစ်ယောက်က အဲဒီမှာရှိခဲ့တယ်။ မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံမှုနဲ့ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"
လုမင်က ရယ်မောလိုက်သည်။
တခြားသူများလည်း အံ့သြသွားလေသည်။ လုမင်နှင့် လုံချန်တို့ကို တစ်နေရာတည်းမှ လာမည်ဟု သူတို့ မမျှော်လင့်ထားပေ။
ထိုအချိန်တွင် လုမင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ ထို့နောက် သူ့မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းများ လင်းလက်လာ၏။ ပူဖောင်းလေးက လုမင်၏ ပခုံးပေါ်တွင် ပေါ်လာတော့သည်။
"မကောင်းတဲ့လုမင်၊ ညစ်ပတ်တဲ့လုမင်။ သူများကို တောင်နဲ့မြစ်ပန်းချီကားထဲမှာ အမြဲတမ်းထည့်ထားပြီး ရှင်ကျတော့ ဒီမှာစားသောက်နေတယ်။ ဂွပ်... ဂွပ်"
ပူဖောင်းလေးက ပေါ်လာပြီးနောက် မကျေမနပ်ဖြင့် ပြောလိုက်သည်။ ထို့နောက် အရက်တစ်အိုးကိုယူပြီး အနည်းငယ် မော့သောက်လိုက်၏။ သူမ၏ ပန်းနုရောင် မျက်နှာသည် ချက်ချင်းပင် နီမြန်းလာတော့သည်။
လုံချန်၊ ဟွမ်လင်နှင့် အခြားသူများက လုမင်ထံမှ နှစ်နှစ်၊သုံးနှစ်အရွယ် ကလေးမလေးတစ်ဦး ပေါ်လာသည်ကို မြင်သောအခါ အံ့ဩသွားကြသည်။
"လုမင်၊ ငါတို့မတွေ့ရတဲ့ နှစ်တွေအတွင်းမှာ မင်းကို ကလေးရနေမယ်လို့ မမျှော်လင့်ထားဘူး။ ဂုဏ်ယူပါတယ်"
လုံချန်က အရက်တစ်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"ဟာ"
လုမင် အံသြသွားသည်။
"လုမင်၊ ဒါဆိုရင် နင်... နင့်မှာ ကလေးရှိနေပြီပေါ့"
ဟွမ်လင်က လုမင်ကို မျက်လုံးပြူးပြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် ပူဖောင်းလေးကို ကြည့်လိုက်၏။ သူမတို့နှစ်ယောက်ကို ပိုကြည့်လေ၊ ရုပ်ချင်းဆင်သည်ဟု ပိုခံစားရလေပင်။ စိတ်ပျက်လက်ပျက်နှင့် ဆုံးရှုံးမှု အရိပ်အယောင်များက သူမ၏ မျက်လုံးများတွင် ပေါ်လာခဲ့သည်။
"ဝိုးဝိုး၊ ဟွမ်လင် ငိုတော့မယ်ဟေ့။ ဒါပေမဲ့ လုမင်... နင့်ရဲ့ သမီးလေးက အတော်ချစ်စရာကောင်းတယ်။ လာပါဦး... ဒေါ်လေးက ပွေ့ဖက်ပါရစေ"
မုချင်ရွယ်က ပူဖောင်းလေးကို ပွေ့ချီရန် ဟန်ပြင်လိုက်သည်။
"မရဘူး"
ပူဖောင်းလေးက ခေါင်းကိုတွင်တွင်ခါပြီး လုမင်ပေါ်သို့ ခုန်တက်သွား၏။ သူမက လုမင်၏ လည်ပင်းကို ပွေ့ဖက်ထားကာ အလွတ်မပေးတော့ပေ။
"မင်းတို့ အထင်လွဲနေပြီ၊ သူက ငါ့ရဲ့သမီး မဟုတ်ပါဘူး"
လုမင်က အကူအညီမဲ့စွာ ပြောလိုက်သည်။
"သမီး မဟုတ်ဘူးလား၊ မလိမ်နဲ့နော်။ သူက တကယ်ကို နင်နဲ့တူတယ်"
မုချင်ရွယ်က မယုံသေးပေ။
အမှန်အတိုင်းဆိုရလျှင် ပူဖောင်းလေးနှင့် လုမင်က အတော်လေး ရုပ်ချင်းဆင်တူသည်။ အကြောင်းမှာ၊ ပူဖောင်းလေး အသွင်ပြောင်းချိန်တွင် လုမင်ကို တွယ်တာသောစိတ်ကြောင့် သဘာဝအတိုင်း တူညီမှုတချို့ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
"သူက တကယ်ကို ငါ့ရဲ့သမီး မဟုတ်ပါဘူး။ သူ့နာမည်က ပူဖောင်းလေးလို့ခေါ်တယ်။ သူ့ရဲ့ မူလပုံစံက နတ်သားရဲတစ်ကောင်လေ၊ လူသား မဟုတ်ဘူး။ သေချာလည်း ခံစားကြည့်ကြပါဦး"
လုမင်လည်း ရယ်ရမလား ငိုရမလား မသိတော့ပေ။
လူတိုင်းက ဂရုတစိုက် ခံစားကြည့်ပြီးမှ လူသားမဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ သူ့ထံမှ နတ်သားရဲ၏ အငွေ့အသက်တို့ ထွက်ပေါ်နေခဲ့လေသည်။
ဟုတ်သည်၊ အသွင်ပြောင်းပြီးနောက် သူမက မည်သည့်နတ်သားရဲအမျိုးအစား ဖြစ်သည်ကိုတော့ သူတို့ နားမလည်နိုင်ကြပေ။
"အိုး၊ သူက တကယ်ကို နတ်သားရဲပဲ"
မုချင်ရွယ်က ရေရွတ်လိုက်သည်။ ဟွမ်လင်လည်း ဤတော့မှ စိတ်သက်သာရရစွာ သက်ပြင်းတစ်ချက်ကို ကြိတ်ချလိုက်လေသည်။
"ဒါက နားလည်မှုလွဲနေတာပဲ၊ ဆက်သောက်ရအောင်ပါ"
လုံချန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
လူတိုင်းက ပျော်ပျော်ပါးပါး သောက်စားလိုက်ကြလေသည်။
"လုမင်၊ မင်းက ဒီနေ့ ရွှေကျီးကန်းမျိုးနွယ်နဲ့ ဝမ်မျိုးနွယ်ကို စော်ကားခဲ့တာကြောင့် သတိထားရမယ်။ ဒီနေ့ ငါတို့က သူတို့ရဲ့အကြီးအကဲတွေ မလှုပ်ရှားနိုင်အောင် ဖိအားပေးခဲ့ကြပေမဲ့ လူငယ်တွေကတော့ သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ မကြာခင် သူတို့ရဲ့ ပါရမီရှင်တွေ ကောင်းကင်ဧကရာဇ်မြို့တော်ကနေ ပြန်လာကြလိမ့်မယ်"
ယဲ့တုန်ဖန့်က ပြောလိုက်သည်။
လုံချန်၊ ဟွမ်လင်နှင့် မုချင်ရွယ်တို့၏ မျက်နှာများလည်း လေးနက်သွားပေသည်။
"ဟုတ်တယ်၊ အဲဒီပါရမီရှင်တွေက တောက်ပသောသူတော်စင်နယ်ပယ်ကို ကျော်လွန်နေကြပြီ။ သူတို့က အရမ်းကြောက်စရာကောင်းတယ်"
ဟွမ်လင် မျက်နှာမှာလည်း အနည်းငယ် တည်ကြည်နေသည်။
"ကောင်းကင်ဧကရာဇ်မြို့တော်လား။ သူတို့က ကောင်းကင်ဧကရာဇ်မြို့တော်မှာ ဘာလုပ်နေကြတာလဲ"
လုမင် အံ့ဩသွားသည်။ ဒါက ကောင်းကင်ဧကရာဇ်မြို့တော်ဆိုတာကို သူ ပထမဆုံး ကြားခဲ့ရခြင်းပင်။
"လုမင်၊ ယွမ်တောင်မှာ ကြီးကျယ်ခမ်းနားတဲ့ နယ်မြေကိုးခုရှိတယ်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေက အဲဒီထဲက တစ်ခုဆိုပေမဲ့ သိပ်အားကြီးတာတော့ မဟုတ်ဘူးလေ။ ကောင်းကင်ဧကရာဇ်မြို့တော်က ကြီးကျယ်ခမ်းနားတဲ့ ကနယ်မြေကိုးခုထဲက တစ်ခုဖြစ်ပြီး မြင့်မြတ်နယ်မြေကြီးကိုးခုရဲ့ ခေါင်းဆောင်ပဲ"
လုံချန်က ရှင်းပြလိုက်သည်။
လုမင် အံ့ဩသွားလေသည်။ ကောင်းကင်ဧကရာဇ်မြို့တော်က မြင့်မြတ်နယ်မြေကိုးခု၏ ခေါင်းဆောင်ဖြစ်သည်။
"ကောင်းကင်ဧကရာဇ်မြို့တော်က ကျယ်ပြောပြီး အကန့်အသတ်မရှိဘူး။ ဒဏ္ဍာရီတွေအရတော့ အဲဒါကို ရှေးခေတ် ကောင်းကင်ဧကရာဇ်က တည်ဆောက်ခဲ့တာတဲ့။ ကောင်းကင်ဧကရာဇ်မြို့တော်မှာ ရှေးဟောင်းလ မြင့်မြတ်နယ်မြေထက် ပိုကြောက်စရာကောင်းတဲ့ အင်အားစုတွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကောင်းကင်ဧကရာဇ်မြို့တော်ကနေ သတင်းထွက်ပေါ်လာတယ်။ မဟာဧကရာဇ်ကြီးတစ်ပါးက ယွမ်တောင်ရဲ့မြင့်မြတ်တဲ့ကျောင်းတော်တစ်ခု တည်ထောင်ပြီး ယွမ်တောင်ရဲ့ ပါရမီရှင်အားလုံးကို လေ့ကျင့်သင်ကြားပေးမယ်တဲ့"
"ယွမ်တောင်ရဲ့ ပါရမီရှင်အားလုံး လာရောက်နိုင်ပြီး မဟာဧကရာဇ်ကိုယ်တိုင် တာအိုတရားဟောပေးမှာ... ဒါက စစ်မှန်တဲ့ မဟာဧကရာဇ်ဖြစ်ပြီး တစ်ယောက်တောင်မဟုတ်ဘူး။ ဒီသတင်းထွက်လာတဲ့အခါ ယွမ်တောင်တစ်ခုလုံး တုန်လှုပ်သွားပြီး ပါရမီရှင်အများအပြားက ကောင်းကင်ဧကရာဇ်မြို့တော်ကို ထွက်သွားတော့တာပဲ"
လုံချန်က ရှင်းပြလိုက်သည်။
"ကောင်းကင်ဧကရာဇ်လား... စစ်မှန်တဲ့ မဟာဧကရာဇ်မတစ်ပါးလား"
လုမင် စိတ်ရှုပ်ထွေးသွား၏။ လုံချန်၏ စကားများက အနည်းငယ် ထူးဆန်းနေသည်။
သူတို့က စစ်မှန်သော မဟာဧကရာဇ်အကြောင်း ပြောနေကြတာ မဟုတ်ဘူးလား။