အခန်း ၁၇၆၆
Vol. 118 Ch. 1766
အပိုင်း ( 1766 ) ရှေးတန်ခိုးရှင်ကြီးများ၏ ပုံရိပ်များ။
"ဒီပုံရိပ်တွေက ဟွင်းယွမ်ဂိုဏ်းရဲ့ အင်မတန် အစွမ်းထက်တဲ့ တန်ခိုးရှင်တွေရဲ့ ပုံရိပ်တွေများ ဖြစ်နိုင်မလား"
ဟွမ်လင်က မှန်းဆလိုက်သည်။
"ဖြစ်နိုင်တယ်"
လုမင်နှင့် လုံချန်က ခေါင်းညိတ်လိုက်ကြ၏။
သူတို့သုံးယောက်က ရှေ့ကို ဆက်သွားခဲ့ကြသည်။ ရုတ်တရက်၊ သူတို့ရှေ့မှာ အလွန်ကြီးမားသော ဝိညာဉ်ကြွက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
"ဒါက အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ပဲ"
လုမင် အံ့သြသွား၏။ ဤကြီးမားသော ဝိညာဉ်ကြွက်က အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ဖြစ်ကြောင်း သူ အတိအကျပြောနိုင်သည်။
အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏ ပုံရိပ်က ဤနေရာတွင် ပေါ်လာခြင်းမှာ... ဤပုံရိပ်များ၏ မူလခန္ဓာများက အသက်ရှင်နေခြင်း မရှိတော့ဟု ဆိုလိုခြင်း ဖြစ်သည်။ အတော်များများက ကျဆုံးခဲ့ပြီးသား ဖြစ်လိမ့်မည်။
ဤအခိုက်အတန့်တွင် ပူဖောင်းလေးက နိုးထလာပြီး ကြီးမားသော အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏ ရုပ်ပုံအား ကြောင်တက်တက်ဖြင့် ကြည့်နေလိုက်သည်။ သူမ၏ မျက်လုံးများမှာလည်း ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။
ရုတ်တရက် အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏ ပုံရိပ်က လျင်မြန်စွာ ကျုံ့လာသည်။ နောက်ဆုံးတွင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လုမင်တို့ဆီသို့ လွင့်လာ၏။ ၎င်း၏ အရှိန်က မှန်းဆမရနိုင်ပေ။ လုမင် မတုံ့ပြန်နိုင်ခင်မှာ အလင်းတန်းက ပူဖောင်းလေး၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ပူဖောင်းလေး၏ မျက်နှာက လေးနက်သွားသည်။ သူမက လှေပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ထုတ်လွှတ်ကာ အချိန်ဟင်းလင်းပြင် နိယာမဖြင့် ဝန်းရံထားတော့သည်။
လုမင် အလွန်ဝမ်းသာသွားသည်။ ဒါက ပူဖောင်းလေး၏ အခွင့်အလမ်းဖြစ်ကြောင်း သူသိသည်။
ထို့နောက်တွင် သုံးယောက်သား ရှေ့ကို ဆက်သွားကြသည်။
နောက်နှစ်ရက်အကြာတွင် ကောင်းကင်၌ ဧရာမ ဆင်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းက ကောင်းကင်ကိုမော့ကာ ဟောက်နေပြီး အားကောင်းသော အရှိန်အဝါဖိအားများ ထုတ်လွှတ်နေ၏။
၎င်းက ထိပ်တန်းစစ်သားရဲဆယ်ကောင်အနက် တစ်ကောင်ဖြစ်သည့် ရှေးခေတ် နဂါးဆင်ပုံရိပ် ဖြစ်တော့သည်။
လုံချန်က ရှေးဦး နဂါးဆင်ပုံရိပ်ကြီးကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကဲ့သို့ ရှေးဦး နဂါးဆင်ကြီး၏ ပုံရိပ်က လျင်မြန်စွာ ကျုံ့သွား၏။ နောက်ဆုံးမှာတော့ ၎င်းက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုံချန်၏ နဖူးထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
လုံချန်လည်း မျက်လုံးကိုမှိတ်ပြီး တင်ပျဉ်ခွေထိုင်ကာ နားလည်ဆင်ခြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အသိစိတ် တစ်စိတ်တစ်ပိုင်းဖြင့် လှေကိုထိန်းချုပ်ကာ လုမင်တို့နှင့်အတူ ရှေ့ကို ဆက်လက်ရွေ့လျားစေခဲ့လေသည်။
ကျယ်ပြန့်ပြီး အဆုံးမဲ့သော ဤနေရာတွင် တန်ခိုးကြီးသော တည်ရှိမှုများစွာ၏ ပုံရိပ်များ ရှိနေပုံရသည်။
မကြာမီ၊ ဖီးနစ်ကြီးတစ်ကောင်ကို တွေ့လိုက်ကြရသည်။ ၎င်း၏ ခန္ဓာကိုယ်က အင်မော်တယ် မီးတောက်များဖြင့် ပြည့်နေ၏။ ၎င်းကလညိး ထိပ်တန်း စစ်သားရဲ ဆယ်ကောင်အနက်မှ အင်မော်တယ် ကောင်းကင်ဖီးနစ် ဖြစ်တော့သည်။
အင်မော်တယ်ကောင်းကင်ဖီးနစ်၏ ပုံရိပ်သည်လည်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဟွမ်လင်၏ မျက်ခုံးနှစ်ခုကြားသို့ ပြေးဝင်သွားသည်။
ပူဖောင်းလေး၊ လုံချန်နှင့် ဟွမ်လင်တို့က အခွင့်အလမ်းများကို ကိုယ်စီ ရရှိခဲ့ကြပြီ။
လုမင်လည်း စောင့်မျှော်နေခဲ့သည်။ သူက ဘာကိုကြုံတွေ့ရမည်နည်း။ နဝမနဂါး၏ ပုံရိပ်ကို တွေ့ရမည်လော။
နောက်ထပ်နှစ်ရက်ကြာသွားသည်။ ဘာလိုလိုနှင့် ဤနေရာကိုရောက်တာ ရက်နှစ်ဆယ်ကျော်ရှိပြီ။
ရှေ့တွင်၊ တင်ပျဉ်ခွေထိုင်နေသော ဧရာမ ပုံရိပ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံးကို ကစဉ့်ကလျား အငွေ့အသက်များက ဝန်းရံထား၏။
"ဒါက... ကစဉ့်ကလျားဧကရာဇ်"
လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
ကစဉ့်ကလျားဧကရာဇ်သည် ဟွင်းယွမ်ဂိုဏ်း၏ နန်းတော် သခင် ကိုးဦးအနက်မှ တစ်ဦးလည်း ဖြစ်သည်။
ယခုအချိန်တွင်၊ ကစဉ့်ကလျားဧကရာဇ်၏ ပုံရိပ်က ကစဉ့်ကလျားနိယာမ၏ အားကောင်းပြီး ကြောက်စရာကောင်းသော အတက်အကျတို့ကို ထုတ်လွှတ်နေခဲ့သည်။ လုမင်က ကစဉ့်ကလျားဧကရာဇ်၏ ပုံရိပ်ကြီးကို စိုက်ကြည့်လိုက်၏။ ကစဉ့်ကလျားနိယာမက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကစဉ့်ကလျားဧကရာဇ်၏ အသွင်အပြင်နှင့် ပဲ့တင်ထပ်နေတော့သည်။
မျှော်လင့်ထားသည့်အတိုင်း ကစဉ့်ကလျားဧကရာဇ်၏ ရုပ်သွင်က လျင်မြန်စွာ ကျုံ့သွားသည်။ ထို့နောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပြေးဝင်သွား၏။
လုမင်က ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် ကစဉ့်ကလျားဧကရာဇ်၏ ပုံရိပ်က ထွက်ပေါ်လာပြီး အားကောင်းသော ကစဉ့်ကလျားနိယာမ၏ အငွေ့အသက်တို့ကို ထုတ်လွှတ်လိုက်လေသည်။
"ကြီးမားတဲ့ အခွင့်အရေးပဲ"
လုမင်၏ မျက်လုံးများက တောက်ပလာသည်။ အကယ်၍ ဤပုံရိပ်ကို အကိုးအကားအဖြစ် သုံးနိုင်လျှင် သူ၏ ကစဉ့်ကလျားနိယာမအပေါ် နားလည်မှုအရှိန်မှာ အလွန်တိုးလာပေလိမ့်မည်။
ဟွင်းယွမ်တံဆိပ်ပြားမှတဆင့် ဤနေရာသို့ ရောက်လာပြီးနောက် ထိုကဲ့သို့သော အခွင့်အလမ်းမျိုးကို ကြုံတွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
လုမင်က အသိစိတ် တစ်စိတ်တစ်ပိုင်းဖြင့် လှေကိုထိန်းချုပ်ကာ ရှေ့သို့ဆက်သွားစေခဲ့သည်။ ထို့နောက် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်လေသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ကစဉ့်ကလျားဧကရာဇ်၏ပုံရိပ်ကို ကိုးကားချက်အနေဖြင့် အသုံးပြုပြီးနောက် လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို နားလည်သဘောပေါက်မှုအရှိန်မှာ အလွန်မြင့်မားလာခဲ့သည်။
ခုနစ်ရက်အကြာတွင်၊ လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို လေးဆယ်ရာခိုင်နှုန်းအထိ ကျွမ်းကျင်သွား၏။
သူတို့ ဤနေရာကို ရောက်လာသည်မှာလည်း တစ်လရှိပြီ။
"ဝုန်း"
အရှေ့ဘက်မှ ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
လုမင်၊ ဟွမ်လင်နှင့် လုံချန်တို့လည်း သူတို့၏ လေ့ကျင့်မှုမှ ပြိုင်တူ နိုးလာခဲ့ပေသည်။
ဤနေရာသို့ ဝင်ရောက်လာကတည်းက ဤကဲ့သို့ ပြင်းထန်သော အသံကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။
သူတို့ သုံးယောက်က ရှေ့ကို လှမ်းကြည့်လိုက်၏။ မနီးမဝေးတွင် ဟင်းလင်းပြင်တစ်ခုလုံးကို လျှပ်စီးအလင်းတန်းများက လွှမ်းခြုံထားသည်။
"ဟင်"
တစ်ဖက်ကို လှမ်းကြည့်မိသောအခါ သူတို့အမူအရာများက ရုတ်တရက် ပြောင်းသွား၏။
နောက်ဆုံးမှာတော့ တခြားသူများကို မြင်လိုက်ရပြီ။ သူတို့အားလုံးက လူငယ်လေးများ ဖြစ်ကြသည်။ သူတို့တစ်ဦးစီတွင် ထူးခြားသော ရောင်ဝါများ ရှိ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့ဟာ လူများကြားမှ နဂါးများဖြစ်ကြောင်း ပြောနိုင်သည်။
ဤလူများကလည်း လုမင်နှင့် အခြားသူများကဲ့သို့ပင်။ လှေငယ်တစ်စင်းစီ စီးပြီး ရှေ့သို့ ဖြတ်သန်းသွားကြသည်။
သူတို့ထဲတွင် တချို့က လုမင်နှင့် တခြားသူများအား အေးစက်စက်ဖြင့် ကြည့်၏။ သို့သော်လည်း သူတို့က တစ်ချက်မျှသာ စိုက်ကြည့်ပြီး ရှေ့ကို မျှော်ကြည့်လိုက်ကြသည်။
'အစွမ်းထက်လိုက်တဲ့ ကျင့်ကြံမှုပဲ'
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
ထိုလူများက တစ်ချက်မျှသာ စိုက်ကြည့်ခဲ့သော်လည်း ပြင်းထန်သောဖိအားကို ခံစားခဲ့ရ၏။ ထိုလူများ၏ ကျင့်ကြံမှုက မရိုးရှင်းပေ။ သူတို့က တောက်ပသော သူတော်စင်နယ်ပယ်ကို ကျော်လွန်ပြီး ပိုမိုမြင့်မားသောနယ်ပယ်သို့ပင် ရောက်ရှိသွားကြဖွယ် ရှိသည်။
ဤသို့ဖြင့် ရှေ့ကိုဆက်ခဲ့ကြလေသည်။ သူတို့ရှေ့မှ အသံကလည်း ပို၍ ကျယ်လောင်လာခဲ့သည်။
အဆုံးမရှိသော လျှပ်စီးများက ရှေ့ဆက်သွားမည့်လမ်းကို ပိတ်ဆို့ထား၏။
"နောက်ဆုံး စမ်းသပ်မှုက စတင်ပြီ။ ဒါပေမဲ့ ဒီမိုးကြိုးလောက်နဲ့ ငါ့ကို ဘယ်လိုတားဆီးနိုင်မှာလဲ"
မာနကြီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ လုမင်သည် စူးရှထက်မြက်သော မျက်လုံးများနှင့် လင်းယုန်ပါးစပ်ကဲ့သို့ ပါးစပ်ရှိသော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူက လှေငယ်လေးပေါ်တွင် ရပ်ကာ ရှေ့ကို အရှိန်မြှင့်လိုက်သည်။
မိုးကြိုးလျှပ်စီးများ ကျရောက်နေသောနေရာသို့ ချဉ်းကပ်လာသောအခါ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းကြီးတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
"ဂျိန်း..."
ကောင်းကင်နှင့် မြေပြင်ကြားက လျှပ်စီးများက ထိုလူငယ်ကို အဆက်မပြတ် ပစ်ခွင်းလိုက်ကြသည်။ ထိုလူငယ်၏ ခန္ဓာကိုယ်ကလည်း မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာပြီး တွန်းလှန်ဖယ်ရှား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူငယ်က လှေကိုထိန်းချုပ်ကာ မိုးကြိုးလျှပ်စီးများအတွင်း ပျောက်ကွယ်သွားတော့သည်။
"အဲဒီလူက မိုးကြိုးမျိုးနွယ်က မျိုးနွယ်ဝင်တစ်ဦး ဖြစ်ရမယ်"
ဟွမ်လင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"မိုးကြိုးမျိုးနွယ်လား"
လုမင်က သိလိုစိတ်ဖြင့် မေးလိုက်၏။
"မိုးကြိုးမျိုးနွယ်က ရှေးကျတဲ့ မျိုးနွယ်တစ်ခုပဲ။ ဒီရှေးဟောင်းမျိုးနွယ်က နှစ်ပေါင်းများစွာကြာအောင် တည်ရှိလာခဲ့တဲ့အပြင် အင်မတန် အစွမ်းထက်ကြတယ်။ သူတို့ရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းလွန်းလို့ နားမလည်နိုင်လောက်အောင်ပဲလေ။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ စွမ်းအားကြီးမားတဲ့ အင်အားစုများစွာက ဒီရှေးဟောင်းမျိုးနွယ်နဲ့ နှိုင်းယှဉ်လို့မရဘူး"
ဟွမ်လင်က ရှင်းပြလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် အခြားလူများကလည်း လှေများကို ထိန်းချုပ်ကာ မိုးကြိုးလျှပ်စီးများဆီသို့ တိုးဝင်သွားကြသည်။
"အား"
ရုတ်တရက်၊ အော်သံတစ်ချက် ကြားလိုက်ရသည်။ လူငယ်တစ်ဦးက မိုးကြိုးစွမ်းအားကို မခံနိုင်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွား၏။
"နင်က သူတော်စင်တောင် မဖြစ်သေးဘဲနဲ့၊ ဒီနေရာကို သေဖို့ရောက်လာတာပဲ ဖြစ်ရမယ်"
အေးစက်သော မျက်နှာထားနှင့် အမျိုးသမီးတစ်ဦးက လျစ်လျူရှုစွာ ပြောလိုက်သည်။ မိုးကြိုးလျှပ်စီးများကြားတွင် သူ့ပုံရိပ်က ပျောက်ကွယ်သွား၏။
ဤနေရာသို့ ရောက်ရှိလာသော ပါရမီရှင်များအားလုံးက ကျင့်ကြံမှုအခြေခံ မြင့်မားကြတာတော့ မဟုတ်ပေ။ တချို့က သူတော်စင်နယ်ပယ်သို့ မရောက်ရှိသေးပါ။
ယင်းက လူငယ်အချို့ကို မျက်စိမျက်နှာပျက်စေသည်။ သူတို့က ရှေ့ဆက်တိုးရန် မဝံ့ရဲတော့ပေ။
သို့သော်လည်း လူငယ်အများစုကတော့ မကြောက်ရွံ့ကြပါ။ သူတို့က လှေငယ်များကို ထိန်းချုပ်ပြီး မိုးကြိုးများအတွင်း ဖြတ်သန်းသွားကြသည်။
လူငယ်အချို့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ သူတို့၏ အရှိန်အဝါများက ကောင်းကင်ကို တုန်ခါပြီး အခြားသူများကို ထိတ်လန့်တုန်လှုပ်စေ၏။
"အစွမ်းထက်လိုက်တဲ့ ကျင့်ကြံမှု၊ ဒါက အန္တိမသူတော်စင်ရဲ့ အငွေ့အသက်ပဲ"
ဟွမ်လင်၏ မျက်လုံးများက တုန်လှုပ်မှုတို့ ပေါ်လာသည်။
ဤလူအားလုံးက လူငယ်များဖြစ်ကြောင်း သိထားကြရမည်။ သူတို့က အသက် ငါးဆယ်နှစ်အောက်မှ မျိုးဆက်သစ်လူငယ်များ ဖြစ်ကြမည်မှာ သေချာသည်။
ငယ်ငယ်ရွယ်ရွယ်ဖြင့် အန္တိမသူတော်စင်နယ်ပယ်ကို ရောက်နေကြတာက အံ့ဩစရာပင်။
"ဒီတစ်ခေါက်မှာ ယွမ်လုရဲ့ အစွမ်းထက်တဲ့ ပါရမီရှင်တွေ အများကြီး ဝင်လာကြတယ်လေ။ သူတို့ထဲမှာ အန္တိမသူတော်စင်တွေ ရှိနေတာက ပုံမှန်ပါပဲ"
လုံချန်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။
"သွားရအောင်"
လုမင်က ပြောလိုက်၏။
သူတို့သုံးယောက်လည်း လှေငယ်များကို ထိန်းချုပ်ကာ မိုးကြိုးပင်လယ်သို့ မောင်းနှင်လိုက်တော့သည်။