အခန်း ၁၇၆၇
Vol. 118 Ch. 1767
အပိုင်း ( 1767 ) သေဆုံးခြင်း နိယာမ။
"ဂျိန်း..."
မိုးကြိုးပင်လယ်ထဲသို့ ပြေးဝင်လိုက်သည်နှင့် မရေမတွက်နိုင်သော မိုးကြိုးများက သူတို့အပေါ်ကို ကျရောက်လာခဲ့သည်။
ကစဉ့်ကလျားနိယာမက လုမင်၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။ သူ့လက်များက ဓားများကဲ့သို့ပင် လှုပ်ရှားနေပြီး လျှပ်စီးကြောင်းများကို ခွဲပစ်လိုက်၏။
'ဒီမိုးကြိုးတွေက အတော်သန်မာတာပဲ၊ သာမန် အဆင့်နိမ့်နဲ့ အဆင့်မြင့် တောက်ပသောသူတော်စင်တွေ ခုခံဖို့မလွယ်ဘူး'
မိုးကြိုးလျှပ်စီးများနှင့် ထိပ်တိုက် တွေ့ဆုံပြီးနောက်၊ လုမင်က မိုးကြိုးစွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းလိုက်မိသည်။
တစ်ဖက်တွင်၊ ဟွမ်လင်၏ ခန္ဓာကိုယ်က အင်မော်တယ် နတ်မီးတောက်များဖြင့် ပြည့်နှက်သွားသည်။ နတ်မီးတောက်က ဖီးနစ်တစ်ကောင်အသွင် ဖွဲ့စည်းသွား၏။ ဖီးနစ်က ၎င်း၏အတောင်ပံများကိုဖြန့်ကာ မိုးကြိုးများအားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
လုံချန်၏ တိုက်ခိုက်မှုနည်းလမ်းကတော့ လုမင်နှင့် ဆင်တူသည်။ သူက လက်သီးနှစ်ဖက်ဖြင့် ထိုးနှက်ရင်း မိုးကြိုးများကို ဖျက်ဆီးပစ်လိုက်သည်။
ပူဖောင်းလေးက အရိုးရှင်းဆုံး ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်ကို အချိန်ဟင်းလင်းပြင် နိယာမက လွှမ်းခြုံထားသည်။ မိုးကြိုးများက အချိန်ဟင်းလင်းပြင်နိယာမကို ထိမှန်သောအခါ တိုက်ရိုက်ပျောက်ကွယ်သွားတော့သည်။
"ဒါက ကစဉ့်ကလျားနိယာမပဲလား။ ပြီးတော့ အချိန်ဟင်းလင်းပြင်နိယာမ"
တခြားလူငယ်များက လုမင်နှင့် ပူဖောင်းလေးကို မြင်သောအခါ အမူအရာပြောင်းသွားကြသည်။
လုမင်တို့သုံးယောက်လည်း မိုးကြိုးလျှပ်စီးများကိုတွန်းလှန်ကာ မိုးကြိုးပင်လယ်ကို ဖြတ်သန်းသွားကြလေသည်။
မိုးကြိုးပင်လယ်က အလွန်ကြီးမားသော်လည်း လုမင်တို့၏ ခွန်အားဖြင့် အလွယ်တကူ ခုခံနိုင်ခဲ့သည်။ မသိနိုင်သော အချိန်တစ်ခုကြာပြီးနောက် သူတို့က မိုးကြိုးပင်လယ်ပြင်ကို ဖြတ်ကျော်သွားကြလေသည်။
"အဲဒါက..."
မိုးကြိုးပင်လယ်ကို ဖြတ်ကျော်ပြီးနောက် လေထဲတွင် မျောလွင့်နေသော ပလက်ဖောင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ အဝေးမှ လှမ်းကြည့်လိုက်သောအခါ ပလက်ဖောင်းပေါ်တွင် လူရိပ်တချို့ကို တွေ့လိုက်ရ၏။
နောက်ဆုံးတော့ သူတို့ ရောက်လာခဲ့ပြီလား။
လူများစွာ၏ မျက်လုံးများက တောက်ပလာကြသည်။ အားလုံးက အရှိန်မြှင့်ပြီး ပလက်ဖောင်းဆီသို့ ဖြတ်သန်းသွားကြလေသည်။
ပလက်ဖောင်းအစွန်းကို ရောက်လာသည်နှင့် သူတို့ခြေထောက်အောက်မှ လှေငယ်လေးက အလိုအလျောက် ပျောက်ကွယ်သွားသည်။ သူတို့လေးယောက်လည်း ပလက်ဖောင်းပေါ်ကို တက်ခဲ့ကြသည်။
"လူတွေအများကြီးပဲ"
လုမင်က ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ပလက်ဖောင်းပေါ်တွင် လူတစ်ထောင်ကျော် ရှိနေတာကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးက လူငယ်လူရွယ်များဖြစ်၏။ တစ်ဦးစီက ထူးခြားသော ရောင်ဝါများ ရှိကြသည်။
၎င်းတို့ထဲမှ အချို့က အလွန်အားကောင်းသော အငွေ့အသက်များ ထုတ်ဖော်ထားကြသည်။ တချို့က တောက်ပသော သူတော်စင်၊ တချို့က မဟာသူတော်စင်ဖြစ်ပြီး အန္တိမသူတော်စင်တချို့ပင် ရှိသေးသည်။
သူတို့၏ အရှိန်အဝါကို လုံးလုံးလျားလျား ချုပ်တည်းထားပြီး လျှို့ဝှက်ဆန်းကျယ်စွာ ရပ်တည်နေသော လူများလည်း ရှိသည်။
လုမင်တို့လည်း ပလက်ဖောင်းပေါ်သို့ တက်ခဲ့ကြလေသည်။ ထိုအခါ လူအချို့က သူတို့ကို လှမ်းကြည့်သော်လည်း အများစုကတော့ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ပြီး အနားယူနေကြသည်။
"ဟိုမှာ တံခါးတစ်ခုရှိတယ်"
ဟွမ်လင်က ခပ်တိုးတိုး ပြောလိုက်သည်။
လုမင်နှင့် အခြားသူများလည်း သတိထားမိ၏။
ပလက်ဖောင်း၏ နက်နဲရာအရပ်တွင် ကျောက်တံခါးကြီးတစ်ခု ရှိသည်။ ကျောက်တံခါးက ပေပေါင်း သောင်းနှင့်ချီ မြင့်မားသော်လည်း ယခုအခါမှာတော့ ကျောက်တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထားပေသည်။
ကျောက်တံခါးပတ်ပတ်လည်မှာတော့ တိမ်များနှင့် မြူခိုးများ ဝိုင်းရံထားပြီး ကျယ်ပြောလှသော ကွက်လပ်ကြီးတစ်ခုသာ ရှိသည်။
ဤပါရမီရှင် လူငယ်များက ကျောက်တံခါးပွင့်လာမည့်အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်လိမ့်မည်။
လုမင်တို့လေးယောက်လည်း လွတ်လပ်သော နေရာတစ်ခုကို လျှောက်သွားကြသည်။ ထို့နောက် အချိန်ကို အကျိုးရှိရှိအသုံးချကာ တင်ပျဉ်ခွေထိုင်ပြီး လေ့ကျင့်လိုက်ကြလေသည်။
ဤနေရာတွင် ပါရမီရှင်များက ရေထဲမှငါးများကဲ့သို့ပင် ပေါများလွန်းသည်။ အချိန်တိုင်းကို ဆုပ်ကိုင်ပြီး လေ့ကျင့်နေရမည်။ မိမိခွန်အားကို အကောင်းဆုံး မြှင့်တင်နိုင်မှ အရေးကြီးသော အခိုက်အတန့်တွင် အခြေအနေကောင်းမည် ဖြစ်သည်။
ဤသို့ဖြင့် ပလက်ဖောင်းပေါ်တွင် လုံးဝ တိတ်ဆိတ်နေခဲ့လေသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ လူများ ပိုမိုများပြားလာခဲ့သည်။ ပလက်ဖောင်းပေါ်ရှိ လူအရေအတွက်က ပိုတိုးလာ၏။
မကြာမီတွင် အရေအတွက်က နှစ်ထောင်ဝန်းကျင်သို့ ရောက်ရှိခဲ့သော်လည်း နောက်ထပ် တိုးလာနေဆဲ ဖြစ်သည်။
သို့သော်၊ လူပေါင်း သုံးထောင်ခန့် ရောက်လာပြီးနောက်မှာတော့ မည်သူမျှ မရောက်လာတော့ပေ။
"ဝမ်"
ထိုအချိန်တွင် ကြီးမားသော ကျောက်တံခါးကြီးက အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်၏။ အလင်းရောင်များမှ လူရိပ်တစ်ခုအသွင် ဖွဲ့စည်းလာတော့သည်။
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ကြင်နာသော မျက်နှာထားနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။
"အားလုံးပဲ၊ နောက်ပိုင်း ငါတံခါးဖွင့်ပြီးရင် မင်းတို့ တကယ့်စမ်းသပ်မှုကို ရင်ဆိုင်ရလိမ့်မယ်။ ဒါပေမဲ့ စမ်းသပ်မှုက အရမ်းအန္တရာယ်များတယ်။ မင်းတို့ လက်လျှော့ချင်ရင် 'အရှုံးပေးတယ်'လို့ အော်ပြောလိုက်ပါ၊ ငါမင်းတို့ကို ပြန်ပို့ပေးမယ်"
အဘိုးအို၏ အသံက နေရာအနှံ့ ပျံ့နှံ့သွားသည်။
သို့သော်လည်း လူတိုင်း၏ မျက်လုံးများက ပြတ်သားမှုတို့ အထင်သား ပေါ်နေပေသည်။
ဤလူငယ် ပါရမီရှင်များ အားလုံးက မတူညီသော ဒေသများမှ လာခဲ့ကြသော်လည်း ၎င်းတို့အားလုံးသည် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော ပါရမီရှင်များ ဖြစ်ကြသည်မှာ သံသယဖြစ်စရာ မရှိပါ။ ဟွင်းယွမ်တံဆိပ်ပြားမှ အသိအမှတ်ပြုခံရခြင်းသည် ၎င်းတို့တွင် အကန့်အသတ်မရှိ အလားအလာရှိကြောင်း သက်သေပြခဲ့သည်။
ထို့ကြောင့် ဤလူငယ် ပါရမီရှင်များ အားလုံးက သူတို့ကိုယ်ကို ဂုဏ်ယူဝံ့ကြွားပြီး ယုံကြည်မှုရှိကြသည်။ သူတို့က မည်သို့ အလွယ်တကူ လက်လျှော့ကြမည်နည်း။
"ဖွင့်"
ဝတ်ရုံဖြူဝတ် အဘိုးအိုက စကားအဆုံးတွင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ တောက်ပ အလင်းတန်းများက ကျောက်တံခါးပေါ်သို့ ကျရောက်လာ၏။ ထိုအခါ ကျောက်တံခါးက လှုပ်ခါပြီး ဖြည်းညှင်းစွာ ပွင့်လာတော့သည်။
ကျောက်တံခါးဝမှတဆင့် ကျောက်တံခါးနောက်ကွယ်တွင် စိမ်းလန်းစိုပြေသော အခြားကမ္ဘာတစ်ခု ရှိနေသည်ကို တွေ့နိုင်သည်။
"ဝှစ်... ဝှစ်"
ကျောက်တံခါးပွင့်လာသည်နှင့် လူတချို့က အခြားသူများ၏ ကျော်တက်ခြင်းခံရမည်ကို စိုးရိမ်သည့်အလား ချက်ချင်း ပြေးထွက်သွားကြသည်။
ထို့နောက်တွင် အခြားသူများလည်း ရှေ့သို့ ပြေးသွားကြ၏။
ကျောက်တံခါးက အလွန်ကျယ်သည်။ လူထောင်ချီပြီး ဘေးချင်းယှဉ်သွားလျှင်ပင် ကြပ်တည်းမည့်ပုံမပေါ်ပေ။
လုမင်နှင့် အခြားလူများလည်း လူအုပ်ထဲသို့ ရောနှောကာ တံခါးဆီကို ပြေးသွားကြသည်။
သို့သော်၊ ထိုအချိန်တွင် ကြီးမားသော လက်ဝါးကြီးတစ်ခုက ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်လာပြီး ပါရမီရှင်တစ်ဦးအပေါ် ကျရောက်သွားသည်။
ဧရာမ လက်ဝါးကြီးက တောင်လုံးတမျှ ကြီးမားပြီး ကောင်းကင်ကို ဖုံးအုပ်ထား၏။ ထိုပါရမီရှင်က နာကျင်စွာ အော်ဟစ်ရင်း ကြီးမားသော လက်ဖဝါးကြီးအောက်တွင် အသားပြားဖြစ်အောင် ရိုက်ခံလိုက်ရတော့သည်။
"ဂါး"
ထို့နောက် ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ဧရာမမျောက်ဝံကြီးတစ်ကောင်က ကောင်းကင်မှ ခုန်ဆင်းလာခဲ့သည်။ မြေပြင်ကတုန်ခါသွား၏။ ပါရမီရှင်တစ်ဦးက အချိန်မီမရှောင်နိုင်ဘဲ မျောက်ဝံကြီး၏ ခြေဖဝါးအောက်တွင် သေဆုံးသွားတော့သည်။
ယခုလေးတင် ထွက်ပေါ်လာသော လက်ဝါးကြီးက ဤမျောက်ဝံကြီးထံမှ ဖြစ်သည်။
မျောက်ဝံကြီးက ဟိန်းဟောက်ပြီး ပါရမီရှင် လူငယ်များဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ငါတို့ ထိပ်တိုက်ရင်ဆိုင်လို့မရဘူး။ နောက်ဆုတ်ကြ"
တစ်စုံတစ်ယောက်က အော်ဟစ်ပြီး အသည်းအသန် ဆုတ်သွားသည်။
"ဂါး... ဂါး"
ထို့နောက် ကောင်းကင်မှ ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။
လုမင်လည်း သူ့ဆံပင်များ ထောင်ထသွားသလို ခံစားလိုက်ရသည်။ ပြင်းထန်သော အန္တရာယ်ခံစားချက်က သူ့ကို ဖုံးလွှမ်းသွား၏။
"နောက်ဆုတ်"
လုမင် အော်ဟစ်လိုက်သည်။ သူ၏ သူတော်စင် စွမ်းအားဖြင့် ပူဖောင်းလေး၊ ဟွမ်လင်နှင့် လုံချန်ကို အလျင်အမြန် ဆွဲခေါ်သွားတော့သည်။
အခြား မျောက်ဝံကြီးတစ်ကောင်က ယခုလေးတင် လုမင်တို့ ရပ်နေခဲ့သောနေရာသို့ ကျရောက်လာခဲ့သည်။ ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက ပျံ့နှံ့သွားသည်။
"ဝုန်း... ဝုန်း"
ကောင်းကင်မှ မျောက်ဝံကြီးများက အဆက်မပြတ် ကျဆင်းလာသည်။ ဤမျောက်ဝံကြီးများက ပေထောင်ပေါင်းများစွာ မြင့်မားပြီး တောင်တစ်လုံးထက် ကြီးမား၏။ ၎င်းတို့က တစ်ဒါဇင်ကျော်ရှိကာ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူတို့၏ လက်ဖဝါးများက ပါရမီရှင်များအပေါ် အဆက်မပြတ် ရိုက်ချလာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ဉာဏ်ကြီးရှင်အချို့ ရိုက်သတ်ခံခဲ့ရသည်။
"ထွက်သွားစမ်း"
တစ်ယောက်က နောက်မဆုတ်ဘဲ အေးစက်စက် အော်ဟစ်လိုက်သည်။ သူက အလျင်အမြန်ထပြီး မျောက်ဝံကြီးများကို တိုက်ခိုက်ရန် ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတို့ကို ထုတ်ဖော်လိုက်၏။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး မျောက်ဝံကြီးအား နောက်သို့ တွန်းထုတ်ခဲ့သည်။ ထိုလူက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မျောက်ဝံကြီးများ၏ ဝန်းရံထားသောနေရာမှ ပြေးထွက်သွားပြီး ပျောက်ကွယ်သွားတော့သည်။
"ဝှစ်"
လုမင်က မိုးကြိုးမျိုးနွယ်မှ ပါရမီရှင်ဆိုသူကို တွေ့လိုက်ရသည်။ သူက လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းအောင် အဆုံးမဲ့ မိုးကြိုးစွမ်းအားက သူ့လက်ဖဝါးထဲသို့ စုစည်းလာ၏။ သူက လက်တစ်ဖက်တည်းဖြင့် မျောက်ဝံကြီးတစ်ကောင်ကို တွန်းထုတ်ကာ အလွယ်တကူပင် ဖြတ်သန်းသွားတော့သည်။
'ဘယ်လောက်တောင် ပြင်းထန်တဲ့ မိုးကြိုးစွမ်းအားလဲ'
လုမင် တုန်လှုပ်သွားခဲ့သည်။
မိုးကြိုးနိယာမသည် အလွန်ရိုးရှင်းသော နိယာမတစ်ခု ဖြစ်သည်။ သို့သော်၊ မိုးကြိုးမျိုးနွယ်၏ လက်ထဲမှာတော့ ၎င်းက အနှိုင်းမဲ့ စွမ်းအားကြီးပေသည်။
"ဖျက်ဆီး"
ခြောက်ခြားဖွယ်ရာ သေခြင်းတရား၏ အငွေ့အသက်ရှိသော မီးခိုးရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက သူ့လက်ဝါးကို ဓားအဖြစ်သုံးကာ ခုတ်ချလိုက်သည်။ ၎င်းက မျောက်ဝံကြီး၏ လက်ဖဝါးကို ဖြတ်တောက်ပြီး အလွယ်တကူ ဖြတ်သန်းသွား၏။
"သေခြင်း နိယာမ"
လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
ရှေးဟောင်းလမြင့်မြတ်နယ်မြေတွင် ရှိစဉ်အတွင်း သူသည် ကမ္ဘာပေါ်ရှိ ထောင်ပေါင်းများစွာသော နိယာမများအကြောင်း လေ့လာခဲ့ရသည်။
သေခြင်းနိယာမသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော နိယာမ ဖြစ်၏။ ၎င်းက ကစဉ့်ကလျားနိယာမ၊ အချိန်ဟင်းလင်းပြင် နိယာမ၊ ပြန်လည်ဝင်စားခြင်းနိယာမကဲ့သို့ အလွန်ကျော်ကြား၏။ ၎င်းမှာ ကမ္ဘာပေါ်တွင် အသန်မာဆုံး နိယာမဆယ်ခုအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။
သေခြင်းနိယာမကို ကျွမ်းကျင်သူများအား ကောင်းကင်၏သားတော် သို့မဟုတ် သေမင်း၏သားတော်ဟု ခေါ်ဆိုကြပေသည်။
သို့သော်လည်း နောက်အခိုက်တွင် လုမင်က တစ်စုံတစ်ယောက်ကို အာရုံစိုက်မိသွားသည်။