အခန်း ၁၇၆၈
Vol. 118 Ch. 1768
အပိုင်း ( 1768 ) ကစဉ့်ကလျားခန္ဓာနှင့် တွေ့ဆုံခြင်း။
ဝတ်စုံနက်ဝတ် လူငယ်လေးတစ်ယောက် ဖြစ်သည်။ သူ့မျက်လုံးများက လျှပ်စီးလက်သကဲ့သို့ တောက်ပနေ၏။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် စီးဆင်းနေသည်က အမှန်တကယ်ပင် ကစဉ့်ကလျားနိယာမ ဖြစ်တော့သည်။
လုမင် အံ့သြသွားသည်။ သူ့အပြင် ကစဉ့်ကလျားနိယာမကို ထိန်းချုပ်နိုင်သော အခြားတစ်ယောက် ရှိသေးသည်။
'ဒါက ထူယီပြောခဲ့တဲ့ ကစဉ့်ကလျားခန္ဓာ ဖြစ်နိုင်မလား'
လုမင်က မှန်းဆလိုက်သည်။ ယင်းက တစ်ခုတည်းသော ဖြစ်နိုင်ချေပင်။
လုမင်လည်း ကစဉ့်ကလျားခန္ဓာကို ဤမျှ မြန်ဆန်စွာ တွေ့ရမည်ဟု မထင်ထားခဲ့ပေ။
ထိုလူငယ်က ကစဉ့်ကလျားနိယာမဖြင့် နတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းအားကြီးမားသည်။ လက်သီးတစ်ချက်ဖြင့် မျောက်ဝံကြီး၏ လက်ဝါးက ပေါက်ကွဲသွား၏။ မျောက်ဝံကြီး၏ ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်ကာ နောက်သို့ဆုတ်သွားရတော့သည်။
"သတ်"
ထိုလူငယ်က အလွန်အမင်း ကြီးစိုးသည်။ အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်ရာ ကောင်းကင်က တုန်လှုပ်သွား၏။ သူက ထွက်မသွားဘဲ ဧရာမမျောက်ဝံကြီးကို ဆက်လက်တိုက်ခိုက်လိုက်တော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
သူ့လက်သီးနှစ်ဖက်စလုံးက မျောက်ဝံကြီးကို အဆက်မပြတ် ထိမှန်ကာ ပေါက်ကွဲသွားစေခဲ့သည်။
ယင်းက လူများစွာကို တုန်လှုပ်စေခဲ့ပေသည်
ဤမျောက်ဝံကြီး တစ်ကောင်ချင်းစီက အလွန်အစွမ်းထက်ကာ ကိုင်တွယ်ရခက်သည်။ ယခုမူ၊ ထိုလူငယ်က ဧရာမမျောက်ဝံကြီးကို ဖောက်ခွဲပစ်လိုက်ပြီ။
"မင်းတို့က ဟွင်းယွမ်ဂိုဏ်းရဲ့ အမွေအနှစ်အတွက် ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် ပိုတွက်နေတာပဲ"
ဝတ်စုံနက်ဝတ် လူငယ်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက်မှာတော့ ကစဉ့်ကလျားစွမ်းအင်ဖြင့် သူ့ကိုယ်သူ လွှမ်းခြုံကာ ခြေတစ်လှမ်းတိုးပြီး ပျောက်ကွယ်သွားတော့သည်။
'ဒါက ကစဉ့်ကလျားခန္ဓာရဲ့ တိုက်ခိုက်ရေးအင်အားလား'
လုမင်၏ မျက်လုံးများက လေးနက်နေသည်။ သို့သော်လည်း စဉ်းစားရန် အချိန်မရှိပေ။ သူတို့လေးယောက်က မျောက်ဝံကြီးများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ကြသည်။
သူတို့၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက ဤမျောက်ဝံကြီးများနှင့် မယှဉ်နိုင်ပေ။ ရိုက်နှက်ခံရလျှင် တစ်ချက်တည်းဖြင့် အသက်ပျောက်သွားနိုင်သည်။
"ကျွန်မ ကူညီပေးမယ်"
ပူဖောင်းလေး၏ နူးညံ့သောအသံ ထွက်ပေါ်လာသည်။ အချိန်ဟင်းလင်းပြင် နိယာမက လုမင်၊ ဟွမ်လင်နှင့် လုံချန်တို့ကို ဖုံးအုပ်သွား၏။
အချိန်ဟင်းလင်းပြင် နိယာမက အလွန်အစွမ်းထက်သည်။ သူတို့သုံးယောက်၏ အရှိန်က ချက်ချင်း တိုးလာ၏။ သူတို့က မျောက်ဝံကြီးများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ ခဏချင်း ပြေးထွက်သွားတော့သည်။
သူတို့က နယ်မြေထဲမှ ပြေးထွက်လိုက်သည်နှင့် မျောက်ဝံကြီးများကလည်း တိုက်ခိုက်မှုကို ရပ်လိုက်သည်။ သူတို့က လမ်းကိုသာ ပိတ်ဆို့ထားခဲ့ကြပေသည်။
လူများက ဖြတ်ကျော်နိုင်ရန် အဆက်မပြတ် ပြေးတက်နေကြသော်လည်း အသတ်ခံရသူများ ပိုများလာခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် လုမင်က အနည်းဆုံး လူရာဂဏန်းမျှ သေဆုံးသည်ကို တွေ့လိုက်ရလေသည်။
၎င်းတို့အားလုံးက ဒေသအသီးသီးမှ ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ပြင်၊ သူတို့က သာမန် ပါရမီရှင်များ မဟုတ်ပေ။ သူတို့၏ ပင်ကိုယ်ပါရမီက အလွန်ကို မြင့်မားကြသည်။ သူတို့က အနာဂတ်တွင် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန်ပင် ပြဿနာမရှိပေ။
၎င်းတို့က အနာဂတ် သိုင်းဧကရာဇ်များဟုပင် ဆိုနိုင်သည်။ ယခုမူကား၊ အဆက်မပြတ် အသတ်ခံနေရပြီ။
"နောက်ဆုတ်၊ နောက်ပြန်ဆုတ်ကြ"
လူအချို့က ကြောက်လန့်တကြားဖြင့် တံခါးအပြင်ဘက်သို့ ဆုတ်ခွာသွားကြသည်။
"မင်းတို့က ရှေ့ဆက်မလျှောက်ဝံ့မှတော့ ငါပြန်ပို့ပေးမယ်"
ဝတ်ရုံဖြူဝတ် အဘိုးကြီးက သူ့လက်ကိုဝှေ့ယမ်းကာ ဆုတ်ခွာသွားသော လူငယ်အားလုံးကို နေရာမှ နှင်ထုတ်လိုက်သည်။
သို့သော်လည်း လက်မလျှော့ချင်သူများက များစွာ ရှိနေကြဆဲပင်။ သူတို့က အတတ်နိုင်ဆုံး ရှေ့ဆက်တိုးရန် ကြိုးစားကြသည်။ ဤနေရာတွင် သေဆုံးသွားသူများစွာ ရှိကြသော်လည်း လွတ်မြောက်သူများ ရှိခဲ့သည်။
"သွားကြရအောင်"
လုမင်တို့လေးဦးလည်း ရှေ့ကို ပြေးသွားကြလေသည်။
သို့သော်လည်း ဝေးဝေးသို့ မပျံသန်းနိုင်မီ ရပ်လိုက်ကြရသည်။
ရှေ့တွင် သူတို့သွားရာလမ်းကို ပိတ်ဆို့ထားသော ချောက်နက်ကြီးတစ်ခု ရှိ၏။ ဤနေရာသို့ ရောက်ရှိလာသော ပါရမီရှင် လူငယ်များအားလုံး ရပ်တန့်သွားကြသည်။
တွင်းနက်ကြီး၏ အထက်မှာလည်း ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ရှိနေပေသည်။
၎င်းက ယခင် ဝတ်စုံဖြူဝတ် အဘိုးကြီးနှင့် အတူတူပင် ဖြစ်သည်။
ဤသည်က ရုပ်ခန္ဓာမဟုတ်သလို ပုံရိပ်လည်းမဟုတ်ပါ။ သို့သော်လည်း ၎င်းက တစ်ချိန်တည်းမှာ မတူညီသော နေရာများတွင် ပေါ်လာနိုင်ပေသည်။
"ဒီချောက်ကြီးကို ဖြတ်ကျော်လို့ မရပါဘူး။ လူအားလုံး ရောက်လာမှပဲ အထူးနည်းလမ်းနဲ့ ဖြတ်ကျော်နိုင်လိမ့်မယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။
ဝတ်စုံဖြူဝတ် အဘိုးအို၏စကားကို မည်သူမျှ သံသယမဖြစ်မိပေ။ ဝတ်စုံဖြူဝတ် အဖိုးအိုက အလွန်ဆန်းကျယ်ပြီး နားမလည်နိုင်အောင် ဖြစ်ခဲ့သည်။
ထို့ပြင်၊ ရှေးခေတ်ကတည်းက ဤနေရာကို လူများ မရေမတွက်နိုင်အောင် ဝင်ရောက်လာခဲ့ဖူးသည်။ အင်အားစုကြီးများ၏ ဆက်ခံသူအများအပြားက ဤအချက်ကို နားလည်ခဲ့ပေသည်။ ဤနေရာ၏ စည်းမျဥ်းစည်းကမ်းများကို လိုက်နာပြီး စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခြင်းဖြင့်သာလျှင် အဆုံးစွန်သို့ ရောက်ရှိပြီး အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည် ဖြစ်သည်။
"ဝုန်း"
ထိုအချိန်တွင် လုမင်၊ ဟွမ်လင်နှင့် အခြားသူများရှေ့တွင် အရပ်ရှည်ရှည်ဖြင့် ရုပ်သွင်တစ်ခု ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက သူတို့အပေါ်သို့ ကျရောက်လာ၏။
လုမင်နှင့် အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။
အကြောင်းမူ၊ ဤလူငယ်က ကစဉ့်ကလျားခန္ဓာဟု သံသယဖြစ်ဖွယ်ရှိသော ကစဉ့်ကလျားနိယာမကို အသုံးပြုသူ ဖြစ်နေသောကြောင့်ပင်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖိအားကြောင့် လုမင်နှင့် အခြားသူများလည်း အရှိန်အဝါများကို ထုတ်ဖော်ကာ ခုခံလိုက်ရသည်။
ထိုအခါ ကစဉ့်ကလျားနိယာမက လုမင်၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်ခဲ့တော့သည်။
"ကစဉ့်ကလျားနိယာမ၊ ကစဉ့်ကလျားနိယာမကို ထိန်းချုပ်ထားသူက နှစ်ယောက်တောင်မှ ဖြစ်လာပြီ"
လူအများက တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။
"ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ဆိုင်မှုခေတ်ကို ရောက်လာတော့မယ်။ ပါရမီရှင်များစွာလည်း သူတို့ရဲ့ ကံကြမ္မာရန်သူတွေကို ရင်ဆိုင်ရလိမ့်မယ်"
တစ်ယောက်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။
ထိပ်တန်းနိယာမဆယ်ခုထဲမှ တစ်ခုခုကို ဆုပ်ကိုင်ထားနိုင်သူတိုင်းက ပြိုင်ဘက်မရှိတာတော့ မဟုတ်ပေ။ အန္တိမနိယာမကို ထိန်းချုပ်ထားသူများ သို့မဟုတ် တူညီသော နိယာမများကို ထိန်းချုပ်ထားသူများနှင့်ပင် တွေ့ရနိုင်သည်။
အန္တိမနိယာမဆယ်ခုမှ တစ်ခုကို လူတစ်ဦးတည်းက ထိန်းချုပ်လို့မရပေ။ ကြီးကျယ်ခမ်းနားသော ပြိုင်ဆိုင်မှုခေတ်တွင် ၎င်းတို့ကို ထိန်းချုပ်နိုင်သူများက နှစ်ဦး၊ သုံးဦးပင် ထွက်ပေါ်လာတတ်သည်။
ထိုသို့သောလူများကို ကံကြမ္မာရန်သူဟု ခေါ်ကြသည်။
ဂူတစ်လုံးတွင် ကျားနှစ်ကောင် မအောင်းနိုင်ပေ။ ထိုကဲ့သို့သော ပါရမီရှင်တိုင်းက အထွတ်အထိပ်သို့ တက်လှမ်းရန် ရည်မှန်းချက် ရှိသည်။ ပြိုင်ဘက်များ၏ အလောင်းကို နင်းတက်ခြင်းဖြင့်သာ အထွတ်အထိပ်သို့ ရောက်ရှိနိုင်လိမ့်မည်။
ဟုတ်သည်၊ အန္တိမနိယာမများကို ထိန်းချုပ်နိုင်သူက နည်းပါးလွန်းသဖြင့် ဤအရာက ဒဏ္ဍာရီတစ်ခုထက် မပိုပေ။ ပုံမှန်အားဖြင့် ခေတ်တစ်ခုတည်းတွင် တူညီသော နိယာမတစ်ခုကို ထိန်းချုပ်နိုင်သူများ ပေါ်ပေါက်လာရန် မဆိုထားဘိ... နှစ်ပေါင်း သောင်းနှင့်ချီ သို့မဟုတ် နှစ်သိန်းချီအတွင်းတွင် ပေါ်လာရန် ခက်သည်။
သို့ရာတွင်၊ ပါရမီရှင်များ မွေးဖွားကြသည့် ပြိုင်ဆိုင်မှုခေတ်ကြီးမှာတော့ ခြားနားသည်။
ဝတ်စုံနက်ဝတ် လူငယ်က လုမင်ကို အေးစက်စက်ကြည့်ကာ မေးလိုက်သည်။
"ငါ့အရင် ဟွင်းနန်းတော်ကို ဝင်သွားတဲ့သူက မင်းပဲမဟုတ်လား"
မျှော်လင့်ထားသည့်အတိုင်း၊ ထိုလူငယ်က ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။ သူသည် လုမင်က ကစဉ့်ကလျားနိယာမ အသုံးပြုတာကို မြင်တွေ့ခဲ့ပြီး ဖြစ်လိမ့်မည်။
"မှန်တယ်"
သူ့ကို တွေ့သွားပြီမို့ ငြင်းဆန်ခြင်းက အသုံးမဝင်ပေ။ လုမင်က တိုက်ရိုက် ဝန်ခံလိုက်သည်။
"သိပ်ကောင်းတယ်"
ကစဉ့်ကလျားခန္ဓာ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ သူက လုမင်ကို စူးစိုက်ကြည့်ပြီး ပြောလိုက်၏။
"အခု ကစဉ့်ကလျားကျမ်းကို လွှဲပေးပြီး မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုကို ဖျက်ဆီးပစ်လိုက်ပါ။ ဒီကမ္ဘာမှာ ကစဉ့်ကလျားနိယာမကို ထိန်းချုပ်နိုင်သူက ငါတစ်ယောက်တည်းပဲ ရှိမယ်။ အခြား ဘယ်သူနဲ့မှ မထိုက်တန်ဘူး"
ကစဉ့်ကလျားခန္ဓာ၏ အသံက ကြီးမားသော ယုံကြည်မှုနှင့် မာန်မာနတို့ ပြည့်နေသည်။
ဤကမ္ဘာတွင်၊ ကစဉ့်ကလျား နိယာမကို သူသာလျှင် ထိန်းချုပ်နိုင်သည်။ တခြားမည်သူမျှ မထိုက်တန်ပေ။ ရှိလာခဲ့လျှင်လည်း အသတ်ခံရမည် သို့မဟုတ်ပါက ဖျက်ဆီးပစ်ရလိမ့်မည်။
"ဟာသပဲ၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ"
လုမင်က လှောင်ပြောင်လိုက်၏။ ကစဉ့်ကလျားခန္ဓာက သူ၏ ကျင့်ကြံမှုကို ဖျက်ဆီးစေလိုသည်။ တစ်ဖက်လူက အလွန်ကြောက်စရာကောင်းအောင် အစွမ်းထက်လျှင်ပင် မည်သို့သဘောတူနိုင်မည်နည်း။
"မင်းသဘောမတူရင် သေရမယ်"
ကစဉ့်ကလျားခန္ဓာက အေးစက်စက် ပြောလိုက်သည်။ သူ့အရှိန်အဝါက ပို၍ အားကောင်းလာ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုမင်အပေါ် ကြမ်းတမ်းခက်ထန်စွာ ဖိနှိပ်လိုက်တော့သည်။ လုမင်၏ အမူအရာက ပြောင်းလဲသွားပြီး နောက်ဆုတ်သွားရသည်။
"အစ်ကိုလုမင်"
ပူဖောင်းလေးက အော်ဟစ်ပြီး ရှေ့သို့တိုးလာသည်။ သူမက အရှိန်အဝါများကို ထုတ်ဖော်ရင်း ကစဉ့်ကလျားခန္ဓာကို တွန်းလှန်ရန် လုမင်ကို ကူညီလိုက်၏။
"အချိန်ဟင်းလင်းပြင် နိယာမလား။ ကောင်းတယ်၊ မင်းတို့ကို တစ်ခါတည်း သတ်လိုက်ရအောင်"
ကစဉ့်ကလျားခန္ဓာက လှောင်ပြောင်လိုက်သည်။
"ဒုန်း... ဒုန်း"
ထိုအချိန်တွင်၊ ဟွမ်လင်နှင့် လုံချန်တို့က ရှေ့သို့တိုးလာကာ လုမင်နှင့်အတူ ပခုံးချင်းယှဉ် ရပ်လိုက်ကြသည်။
"မင်းတို့အားလုံး နောက်ဆုတ်လိုက်ပါ။ ဒါက မင်းတို့နဲ့မဆိုင်ဘူး"
လုမင် ပြောလိုက်သည်။ ကစဉ့်ကလျားခန္ဓာသည် သန်မာလွန်း၏။ သူတို့က ပူးပေါင်းခဲ့မည်ဆိုလျှင်ပင် မျှော်လင့်ချက် လုံးဝမရှိပေ။ ထို့ပြင်၊ ကစဉ့်ကလျားခန္ဓာက သူ့ကိုသာ ပစ်မှတ်ထားသည်။ သူက လုံချန်၊ ဟွမ်လင်နှင့် ပူဖောင်းလေးတို့ကို မထိခိုက်စေချင်ပေ။
"လုမင်... ငါက ဒီလိုလူလို့ နင်ထင်နေတာလား"
ဟွမ်လင်က လုမင်ကို စူးစူးစိုက်စိုက်စိုက်ကြည့်လိုက်သည်။
လုံချန်ကတော့ ဘာမျှ ပြန်မပြောပေ။ သို့ရာတွင် သူ့လုပ်ရပ်က သူ့သဘောထားကို သိနိုင်သည်။
"ဟားဟားဟား၊ မင်းတို့က အတော်သစ္စာရှိတာပဲ။ ဒါဆိုရင် မင်းတို့အားလုံးကို ငါသတ်မယ်"
ကစဉ့်ကလျားခန္ဓာက အေးစက်စက်ပြောပြီး ရှေ့ကို တိုးလာသည်။
တစ်ဖက်မှာလည်း အခြားလူများက အေးစက်စက်ဖြင့် ကြည့်နေကြ၏။
လုမင်နှင့် အခြားသူများ အသတ်ခံရလျှင် ကောင်းလိမ့်မည်။ ဤသို့ဖြင့် အနာဂတ်တွင် အစွမ်းထက်သော ရန်သူများ ပိုနည်းသွားမည် ဖြစ်သည်။
ယခုလောလောဆယ်တွင် ဤပါရမီရှင်များက ယွမ်လု၏ နေရာအနှံ့တွင် ပြန့်ကျဲနေခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ အနှေးနှင့်အမြန် တွေ့ဆုံကာ ရင်ဆိုင်ကြရပေလိမ့်မည်။