← Chapters

အခန်း ၁၇၇၀

Vol. 118 Ch. 1770

အခန်း ၁၇၇၀

Vol. 118 Ch. 1770

အပိုင်း ( 1770 ) တစ်ဖက်ကမ်းသို့ ပထမဆုံး ရောက်ရှိခြင်း။

လူတိုင်းက နားလည်သဘောပေါက်မှုဖြစ်စဉ်တွင် မသိလိုက်မိဘဲ‌ လေ့ကျင့်နေမိသည်။ မိုးနှင့်မြေ၏ အဆုံးမဲ့ ယွမ်ချီစွမ်းအင်များက သူတို့ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာ၏။ လူတိုင်း၏ အငွေ့အသက်များက လျင်မြန်စွာ တိုးတက်လာတော့သည်။

ဟုတ်သည်၊ အရှိန်ပိုမြန်လေ... ရှေ့မှ ရောက်နေသူများ၏ အကျိုးကျေးဇူးက ပိုများလေပင်။

လဝက်ကြာသောအခါ လုမင်၏ အ‌ရှိန်အဝါက ထိုးတက်သွားခဲ့သည်။ သူ အဆင့်တက်သွားပြီ။

လုမင်သည် မူလက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်တွင် ရှိခဲ့သော်လည်း ယခုအခါ တောက်ပသော သူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

လဝက်အတွင်းမှာပင်၊ လုမင်၏ ကျင့်ကြံမှုက အဆင့်ဖြတ်ကျော်သွားပြီ။ ဤအရှိန်က ထိတ်လန့်စရာကောင်းသည်။

ထိုအချိန်တွင် လုမင်နှင့် ယှဉ်နိုင်သူက လူအနည်းငယ်သာ ရှိတော့သည်။

မိုးကြိုးမျိုးနွယ်၏ ပါရမီရှင်၊ ကစဉ့်ကလျားခန္ဓာနှင့် သေခြင်းနိယာမကို ကျွမ်းကျင်သော ပါရမီရှင် စသူတို့ ဖြစ်သည်။

အလွန်ကြောက်စရာကောင်းသော အခြားပါရမီရှင်အချို့လည်း ရှိသေးသည်။ သူတို့က လုမင်တို့နှင့်အတူ ရှေ့တွင် ရပ်တည်နေခဲ့သည်။

အချိန်များကုန်လွန်လာပြီး တစ်နေ့ပြီးတစ်နေ့ ကုန်သွားသည်။

တစ်လကြာပြီးနောက်တွင်၊ လုမင်၏ အရှိန်က တစ်ရှိန်ထိုးတိုးလာပြီး အခြားသူများကို ဦးဆောင်နိုင်ခဲ့သည်။

ဟုတ်ပေသည်၊ သူတို့က ဒါကို သတိမထားမိခဲ့ပေ။ လူတိုင်းက စိတ်နှလုံးအကြွင်းမဲ့ နားလည်ဆင်ခြင်ကာ လေ့ကျင့်နေခဲ့ကြသည်။

လုမင်က ဦးဆောင်လာပြီးနောက်မှာတော့ မည်သူမျှ လိုက်မမီကြတော့ပါ။ ထို့ပြင် သူနှင့် နောက်ကွယ်မှ လူများကြား ကွာဟချက်က တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

စတင် နားလည်ဆင်ခြင်သည်မှစ၍ တစ်လခွဲကြာပြီးနောက် လုမင်၏ ကျင့်ကြံမှုသည် အောင်မြင်မှုများ ထပ်မံရရှိခဲ့သည်။ သူ၏ ကျင့်ကြံမှုက တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းသို့ ရောက်ချေပြီ။

တစ်လခွဲအတွင်းမှာပင် လုမင်၏ ကျင့်ကြံမှုက အဆင့်နှစ်ဆင့် ချိုးဖြတ်သွားခဲ့သည်။ ဤအကျိုးသက်ရောက်မှုက တုန်လှုပ်စရာပင်။

ဤတွင် လုမင်၏ ကျင့်ကြံမှုအဆင့် နိမ့်ကျတာလည်း ပါဝင်သည်။

ကျင့်ကြံမှုအဆင့် နိမ့်ပါးလေလေ၊ အောင်မြင်မှု ပိုမြန်လေပင်။ ကျင့်ကြံမှုအဆင့် မြင့်မားလေ ဖြတ်ကျော်ရန် ခက်ခဲလေ ဖြစ်သည်။

မဟာသူတော်စင် သို့မဟုတ် အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် အဆင့်တက်ရန်မှာ တောက်ပသော သူတော်စင်နယ်ပယ်ထက် များစွာ ပိုမိုခက်ခဲသည်။

လုမင်၏ ကျင့်ကြံမှုက မဟာသူတော်စင် သို့မဟုတ် အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိနေလျှင် အဆင့်တက်ရန် လွယ်ကူမည် မဟုတ်ပေ။

လုမင်၏ ကျောက်တုံးက ချောက်၏ တစ်ဖက်ကမ်းသို့ နီးကပ်လာသည်။

နောက်ထပ် တစ်လခွဲကြာပြီးနောက်၊ နောက်ဆုံးတွင် လုမင်၏ ကျောက်တုံးသည် ချောက်ကမ်းပါးတစ်ဖက်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ယံမှ မဟာတာအို၏ အသံက လုံးဝ ပျောက်ကွယ်သွား၏။

"နိုးထကြလော့"

ဝတ်စုံဖြူဝတ် အဘိုးအို၏ အသံက နံနက်ခင်း ခေါင်းလောင်းသံကဲ့သို့ လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။ အားလုံးက နားလည်ဆင်ခြင်မှုမှ လန့်နိုးလာခဲ့ကြလေသည်။

"ပြီးပြီလား"

တစ်ယောက်က တွန့်ဆုတ်နေဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုဉာဏ်အလင်းသည် လွန်စွာ အံ့ဩဖွယ်ကောင်း၏။ သူတို့၏ နိယာမများက တိုးတက်လာရုံမကဘဲ ကျင့်ကြံမှုအခြေခံကလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ယင်းက နှစ်အတော်ကြာ တိတ်တဆိတ် ကျင့်ကြံမှုနှင့် နှိုင်းယှဉ်နိုင်ပေသည်။

"ငါ့ရဲ့ ကျင့်ကြံမှုက အဆင့်တက်သွားပြီ"

"ငါ့ရဲ့ နိယာမလည်း တိုးတက်လာခဲ့တယ်"

စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းက နိုးထလာပြီးနောက် သူတို့ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ခံစားလိုက်ကြရ၏။

'ငါ့ရဲ့ ကျင့်ကြံမှုက တောက်ပသော သူတော်စင်နယ်ပယ်ရဲ့ ပြီးပြည့်စုံမှုအဆင့်ကို ရောက်သွားပြီ'

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

ထို့ပြင်၊ သူက မဟာသူတော်စင်နယ်ပယ်နှင့် မဝေးတော့ပေ။

'ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကလည်း ငါးဆယ်ရာခိုင်နှုန်းအထိ ရောက်နေပြီ'

လုမင်ကို ပို၍ ပျော်ရွှင်စေတာက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဟာ ငါးဆယ်ရာခိုင်နှုန်းအထိ ပြီးမြောက်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းက ခုန်ပေါက်ပြီး တိုးတက်ခြင်း ဖြစ်၏။

နတ်ဘုရားစွမ်းရည်များကလည်း အဆင့်မြင့်မားလေလေ၊ လေ့ကျင့်ရန် ပို၍ခက်ခဲလာလေ ဖြစ်သည်။ လိုအပ်သည့်အချိန်သည်လည်း အဆမတန် တိုးလာလိမ့်မည်။

နတ်ဘုရားစွမ်းရည်ကို လေးဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိလာခြင်းက အလွန်မြန်နေပြီ ဖြစ်သည်။ ထို့ပြင်၊ သူက ကစဉ့်ကလျားနိယာမကို လေ့ကျင့်ထားခဲ့ခြင်း ဖြစ်၏။

သူ့ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကို ခံစားကြည့်ပြီးနောက် လုမင်က အခြားသူများကို ကြည့်လိုက်သည်။

"ဟမ်"

လုမင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သောအခါ သူ့ကျောက်တုံးက ပထမနေရာတွင် ရှိနေကြောင်း တွေ့လိုက်ရသည်။ သူ့နောက်တွင် ကစဉ့်ကလျားခန္ဓာနှင့် သေခြင်း၏သားတော် ရှိသည်။

သူတို့နောက်မှာတော့ အခြား လူအနည်းငယ် ရှိ၏။ ထိုအထဲတွင် လုံချန်၊ ဟွမ်လင်နှင့် ပူဖောင်းလေးတို့လည်း ပါဝင်သည်။

လုမင်က တခြားသူတွေကို ကြည့်နေချိန်တွင် တခြားသူများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် အားလုံးနီးပါးက လုမင်ကို ကြည့်လိုက်ကြ၏။

အကြောင်းမူ၊ လုမင်က အားလုံးကို သိသိသာသာ ကျော်ဖြတ်ပြီး တစ်ဖက်ကမ်းသို့ ရောက်ရှိသွားသောကြောင့်ပင်။ သူ့တည်ရှိမှုက ထင်ရှားလွန်းလှသည်။

"သူက ကစဉ့်ကလျားရဲ့သားတော်ပဲ၊ သူက တကယ်ကို ဦးဆောင်နေပြီး ကစဉ့်ကလျားခန္ဓာနဲ့ သေခြင်းရဲ့သားတော်ကိုတောင် ကျော်လွန်နေပြီ"

"အံ့သြစရာကောင်းလိုက်တာ၊ သူက ပထမနေရာကိုရဖို့ ငါမမျှော်လင့်ထားဘူး"

"ဟာ... ငါတော့သွားပြီ။ ငါက လူတစ်ရာရဲ့ နောက်မှာ"

ချောက်ကြီး၏ အထက်တွင် အသံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။

လူတိုင်း၏ အဆင့်သတ်မှတ်ချက်က တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ လူများစွာက လူတစ်ရာ၏နောက်တွင် ရှိနေသည်ကို တွေ့သောအခါ သက်ပြင်းချလိုက်ကြလေသည်။

နောက်ဆုံးတွင် ရှိနေကြသူတချို့ဆိုလျှင် မျက်နှာများ မည်းမှောင်သွားကြသည်။

အကယ်၍ ၎င်းတို့က နောက်ဆုံးအဆင့် သတ်မှတ်ခံရလျှင်၊ ၎င်းတို့၏ နားလည်နိုင်စွမ်းက အဆိုးဆုံးဖြစ်ပြီး အလားအလာမှာလည်း အဆိုးရွားဆုံးဖြစ်သည်ဟု ဆိုလိုသည်မဟုတ်လော။

"အစ်ကိုကြီးလုမင်၊ ရှင်က တအားတော်တာပဲ။ တွိ... တွိ..."

ပူဖောင်းလေးက အော်လိုက်သည်။ သူမက အလွန်စိတ်လှုပ်ရှားနေသဖြင့် ရွှင်မြူးကာ ကခုန်လုနီးပါး ဖြစ်ခဲ့၏။

လုမင်က ပြုံးပြီး ကစဉ့်ကလျားခန္ဓာကို ကြည့်လိုက်သည်။ သို့သော်၊ ကစဉ့်ကလျားခန္ဓာ၏ အကြည့်က ဓားသွားကဲ့သို့ အေးစက်နေမှန်း သူမြင်လိုက်ရသည်။

"အခု ကစဉ့်ကလျားနိယာမကို ဆုပ်ကိုင်ဖို့ ဘယ်သူက ပိုပြီး အရည်အချင်းပြည့်မီလဲ"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ဤစကားများက ကစဉ့်ကလျားခန္ဓာ၏ မျက်နှာကို ပို၍ပင် သုန်မှုန်သွားစေခဲ့သည်။

အစောပိုင်းက လုမင်သည် ကစဉ့်ကလျားနိယာမကို ဆုပ်ကိုင်ရန် အရည်အချင်းမပြည့်မီကြောင်း သူပြောခဲ့ဖူးသည်။ ကမ္ဘာပေါ်တွင် ကစဉ့်ကလျားနိယာမကို သူသာလျှင် ဆုပ်ကိုင်နိုင်စွမ်းရှိ၏။ သူက အလွန်မောက်မာပြီး ကြီးစိုးခဲ့သည်။

သို့သော်လည်း ယခုအချိန်မှာတော့ လုမင်က သူ့ထက် သာလွန်သွားခဲ့ပြီ။ လုမင်က လူအားလုံးကို ကျော်ဖြတ်ပြီး တစ်ဖက်ကမ်းသို့ ပထမဆုံးရောက်ရှိသူ ဖြစ်သည်။

လုမင်က အရည်အချင်းမပြည့်မီလျှင် မည်သူက ပြည့်မီဦးမည်နည်း။

"ဟမ့်၊ ဒါက နားလည်မှု ပြိုင်ဆိုင်မှုတစ်ခုပဲလေ... ဘာမှ အဓိပ္ပာယ်မရှိဘူး။ နောက်ပြီး အချိန်ကတိုတယ်။ ငါတို့သာ ဆက်လုပ်နေရင် မင်းကို ငါသေချာပေါက် ကျော်နိုင်လိမ့်မယ်"

ကစဉ့်ကလျားခန္ဓာက အေးစက်စက် ပြောလိုက်သည်။

"ဟားဟားဟား၊ ရှုံးတာက ရှုံးတာပဲလေ။ မင်း ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် လှည့်စားနေတာလဲ"

လုမင်က အထင်မြင်သေးစွာဖြင့် လှောင်ပြောင်လိုက်၏။

ကစဉ့်ကလျားခန္ဓာ၏ မျက်လုံးများက ပို၍ပင် အေးစက်လာသည်။ သူ့အကြည့်များက ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး လုမင်ကို ထိုးဖောက်သွားတော့မည်ကဲ့သို့ပင်။ သို့ရာတွင်၊ လုမင်က လုံးဝမကြောက်ပါ။ သူက တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။

သေခြင်း၏သားတော်ကတော့ ဘာမျှမပြောပေ။ သူက လုမင်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည်။

"ကောင်းပြီ၊ ထိပ်တန်းတစ်ရာ ထွက်လာပြီမို့ ကျန်တဲ့သူတွေကို ငါပြန်ပို့ပေးမယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

လူတော်တော်များများက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ကြ၏။ ဒါကို သူတို့က လက်မခံချင်ကြပေ။

ဝတ်စုံဖြူဝတ် အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လူရိပ်များစွာကို ဖုံးအုပ်ထားသော အလင်းတန်းအများအပြား ပေါ်လာခဲ့သည်။ ထို့နောက်မှာတော့ ထိုပုံရိပ်အားလုံးက အလင်းရောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

လူတစ်ရာသာ ကျန်ခဲ့သည်။

တစ်ဖက်ကမ်းသို့ မရောက်နိုင်ခဲ့သော ကျောက်တုံးများသည်လည်း ရှေ့သို့ ရွေ့လျားသွားကာ တစ်ဖက်ကမ်းကို‌ ရောက်သွားကြလေသည်။

"ကောင်းပြီ၊ မင်းတို့က ရှေ့ကို ဆက်သွားနိုင်ကြတယ်။ မင်းတို့ကို စောင့်ကြိုနေတဲ့ စမ်းသပ်မှုတွေ ရှိသေးတယ်။ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင် အကျိုးကျေးဇူးလည်း မြင့်မားလာလိမ့်မယ်။ သွားကြတော့"

ဝတ်စုံဖြူဝတ် အဘိုးအို၏ အသံက ထပ်မံထွက်ပေါ်လာသည်။ ထို့နောက် သူ ပျောက်ကွယ်သွား၏။

လူအားလုံးက ခုန်တက်ပြီး ချောက်၏ တစ်ဖက်ကမ်းကို တက်လှမ်းခဲ့ကြလေသည်။

ကစဉ့်ကလျားခန္ဓာက အစွမ်းထက်သော ရောင်ဝါများကို ထုတ်လွှတ်လိုက်သည်။ သူက လုမင်အား အေးစက်စက်ဖြင့် ကြည့်နေ၏။

သူ ဤနေရာတွင် တိုက်ခိုက်နိုင်ပါက လုမင်ကို မဆိုင်းမတွဘဲ သတ်ပစ်လိမ့်မည်။

လုမင်ကလည်း အေးစက်စက်ဖြင့် ပြန်ကြည့်လိုက်သည်။

ကစဉ့်ကလျားခန္ဓာက နှာ‌ခေါင်းတစ်ချက်ရှုံ့ပြီး ရှေ့ကို ပျံသန်းသွားသည်။ အခြားသူများကလည်း ထိုနည်းလည်းကောင်းပင် ရှေ့သို့ ပျံသန်းသွားကြ၏။

မကြာမီ၊ သူတို့၏ရှေ့တွင် ကြီးမားသော တောင်ကြီးတစ်လုံး ပေါ်လာခဲ့သည်။ တောင်ပေါ်မှာလည်း တုနှိုင်းမရလောက်အောင် ကြီးမားသော နန်းတော်တစ်ခု ရှိ၏။

လူတိုင်းက ချဉ်းကပ်လာသောအခါ တောင်ခြေတွင် ကြီးမား ကျောက်တုံး ကျောက်စာတိုင်တစ်ခုကို တွေ့လိုက်ရသည်။ ကျောက်စာတိုင်ပေါ်တွင် စကားလုံးကြီး သုံးလုံး ရှိ၏။

ဟွင်းယွမ်ဂိုဏ်း။

လူတိုင်း၏ နှလုံးသားများ လေးနက်သွားကြသည်။ နောက်ဆုံးမှာတော့ ဟွင်းယွမ်ဂိုဏ်းသို့ ရောက်ရှိလာကြပြီ။

ကျောက်စာတိုင်၏ နောက်မှာတော့ လှေကားတစ်ခု ရှိသည်။ ၎င်းက အလွန်ရှည်လျားပြီး လှေကားထစ်ပေါင်း မည်မျှရှိသလဲဆိုတာကို မည်သူမျှ မသိနိုင်ပေ။

ထိုအခိုက်တွင် ဝတ်စုံဖြူဝတ် အဘိုးအိုက တစ်ဖန်ပေါ်လာပြီး ပြောလိုက်သည်။

"ဒါက ဟွင်းယွမ်ဂိုဏ်းရဲ့ တောင်တံခါးပဲ။ မင်းတို့ တက်ချင်တယ်ဆိုရင် လှေကားအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်။ ဒါက ဟွင်းယွမ်ဂိုဏ်းကို လေးစားမှုပဲ။ မထီမဲ့မြင်ပြုတဲ့သူရှိရင် ငါ ပြန်လွှတ်လိုက်မယ်။ သွားကြတော့"

All Chapters