အခန်း ၁၇၇၂
Vol. 119 Ch. 1772
အပိုင်း ( 1772 ) ကစဉ့်ကလျားခန္ဓာကို ဖိနှိပ်ခြင်း။
မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားခဲ့သည်။ ကောင်းကင်ယံမှ လှံကိုင်ဆောင်ထားသော ပုံရိပ်လည်း ပျောက်ကွယ်သွားသည်။
"နိုးထလော့"
လုမင်၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာ၏။ လုမင်က တုန်ယင်သွားပြီး အဆုံးမဲ့ ကျယ်ပြောသော နေရာမှ ထွက်သွားတော့သည်။ သူက မျက်လုံးကို ဖွင့်လိုက်သည်။
အခြားသူများလည်း သူတို့၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ကြလေသည်။
"လဝက်ကြာသွားပြီ၊ တိုက်ပွဲက အခုစတော့မယ်။ ပြိုင်ဆိုင်မှုကတော့ ရိုးရှင်းပါတယ်။ မင်းတို့ထဲမှာ အယောက် တစ်ရာက တိုက်ပွဲစင်မြင့်ပေါ်ကို ပြိုင်တူတက်ပြီး ထိပ်တိုက်တွေ့ကြရလိမ့်မယ်။ စင်မြင့်ပေါ်ကနေ ပြုတ်ကျတာ ဒါမှမဟုတ် အသတ်ခံရတဲ့သူတွေကို ဖယ်ထုတ်ပစ်လိမ့်မယ်"
"စင်မြင့်ပေါ်မှာရပ်နေနိုင်တဲ့ နောက်ဆုံးလူ နှစ်ဆယ်ကပဲ နောက်တစ်ဆင့်ကို တက်သွားနိုင်လိမ့်မယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက စည်းကမ်းချက်များကို ကြေညာလိုက်သည်။
လူအများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။ လူတစ်ရာတွင် လူနှစ်ဆယ်သာ ရှေ့ဆက်နိုင်မည် ဖြစ်၏။ ထို့ပြင်၊ ၎င်းက ပို၍ ရှုပ်ထွေးသော ဖရိုဖရဲတိုက်ပွဲ ဖြစ်လိမ့်မည်။
"အခု စလိုက်ကြရအောင်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ကြေညာလိုက်သည်။
"ဝှစ်... ဝှစ်"
လူများက စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြေးတက်သွား၏။
စင်မြင့်က အလွန်ကြီးမားသည်။ လူတစ်ရာစလုံး တက်လှမ်းသွားသော်လည်း နေရာလွတ်များစွာ ရှိသေးသည်။
လူ တစ်ရာက သီးခြားစီရပ်ပြီး ပတ်ပတ်လည်ကို သတိထားကာ ကြည့်လိုက်သည်။
ဤသည်မှာ ဖရိုဖရဲ တိုက်ပွဲတစ်ခု ဖြစ်သည်။ လူတိုင်းက ရန်သူများ ဖြစ်၏။
သို့သော်လည်း ခဏကြာသည်အထိ မည်သူမျှ မလှုပ်ရှားကြပေ။ ယခုအချိန်တွင် အကောင်းဆုံးရွေးချယ်မှုက မိမိ၏ခွန်အားကို ထိန်းသိမ်းထားပြီး အကျိုးကျေးဇူးများ ရရှိနိုင်ချိန်တွင် တိုက်ပွဲဝင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
လေထုက လေးလံလာသည်။
ဝတ်စုံဖြူအဘိုးအိုကလည်း အလျင်မလိုပါ။ သူက တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။
"ဒုန်း"
စင်မြင့်ပေါ်တွင် ခြေတစ်လှမ်းချသံကို ကြားလိုက်ရသည်။ ကစဉ့်ကလျားခန္ဓာက ဟန်မဆောင်ဘဲ အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ဖြင့် လုမင်ကို ကြည့်နေ၏။
"ကောင်လေး၊ ငါ မင်းကို အခုသတ်မယ်"
ကစဉ့်ကလျားခန္ဓာက လုမင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။
"မင်းက သေရမဲ့လူပဲ"
လုမင်၏ မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေသည်။ သူတော်စင်စွမ်းအားက သူ့လက်ထဲတွင် ပေါ်ထွက်လာပြီး လှံတစ်လက်အဖြစ် စုဖွဲ့သွား၏။ သူကလည်း လှမ်းထွက်သွားပြီး ကစဉ့်ကလျားခန္ဓာဆီသို့ လျှောက်သွားတော့သည်။
လုမင်က တူညီသောအဆင့်တွင် မည်သူကိုမျှ မကြောက်ပေ။
"ဝုန်း"
လုမင်နှင့် ကစဉ့်ကလျားခန္ဓာက မတိုက်ခိုက်မီတွင် အခြား တိုက်ပွဲများက စတင်နေကြပြီ ဖြစ်သည်။
သေမင်း၏ သားတော်က သူ့စွမ်းရည်များကို ဖိနှိပ်ခံထားရသော်လည်း အလွန် အရှိန်အဝါကြီးနေဆဲပင်။ သူက အစပြုပြီး ပါရမီရှင်တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။ သူက ပြိုင်ဘက်ကို အပြတ်အသတ် ဖိနှိပ်ထား၏။ တိုက်ခိုက်မှု အနည်းငယ်ဖြင့် သူ၏ပြိုင်ဘက်က သွေးများ အန်ထွက်လာကာ တိုက်ပွဲစင်မြင့်မှ ပြုတ်ကျသွားတော့သည်။
စင်မြင့်ပေါ်မှ ပြုတ်ကျပြီးနောက် လူငယ်ကို အလင်းတန်းတစ်ခုက ဖုံးလွှမ်းသွားကာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ဤအရာက လူများစွာ၏ မျက်နှာကို လေးနက်သွားစေသည်။
သေမင်းရဲ့သားတော်၏ နားလည်နိုင်စွမ်းက အံ့သြဖွယ်ကောင်းသည်မှာ ထင်ရှားနေပြီ။ လဝက်အတွင်းမှာပင် သူက လျှို့ဝှက်နည်းလမ်းကို ဤအဆင့်ထိ လေ့ကျင့်နိုင်ခဲ့သည်။
ထို့ပြင် သေမင်းရဲ့သားတော်၏ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်း ဖြစ်သည်။ သူက ပြိုင်ဘက်ကို အပြတ်သတ် ချေမှုန်းခဲ့၏။
သေမင်းရဲ့သားတော်၏ တိုက်ခိုက်မှုက တည်ငြိမ်မှုအား ဖြိုခွင်းခဲ့သည်။ အခြားသူများကလည်း စတင်ပြီး တိုက်ခိုက်လိုက်၏။
ထိုအချိန်တွင် ဖရိုဖရဲ တိုက်ပွဲတစ်ခု စတင်ခဲ့သည်။
လူအချို့က လုံချန်၊ ဟွမ်လင်နှင့် ပူဖောင်းလေးတို့ကို တိုက်ခိုက်လာသည်။
"ကျန်းရှန်လက်သီး၊ သတ်"
ထိုအချိန်တွင် ကစဉ့်ကလျားခန္ဓာက လုမင်၏ရှေ့သို့ ရောက်ရှိလာကာ လက်သီးဖြင့် ထိုးလိုက်သည်။ လက်သီးစွမ်းအင်များ ပေါက်ကွဲထွက်ပြီး လုမင်ကို ဖိနှိပ်ထားသော တောင်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ဤသည်မှာ လဝက်အတွင်း၌ ကစဉ့်ကလျားခန္ဓာ နားလည်သဘောပေါက်ခဲ့သော လျှို့ဝှက်နည်းလမ်းတစ်ခုဖြစ်သည်။ လက်သီးသိုင်းတစ်မျိုး ဖြစ်၏။ သူက လက်သီးအင်အား ထုတ်ဖော်လိုက်သည်နှင့် ရန်သူကို ဖိနှိပ်ရန် တောင်ကြီးတစ်လုံး ဖြစ်ပေါ်လာလိမ့်မည်။ ၎င်း၏ အရှိန်အဝါက တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ပြီး အနှိုင်းမဲ့လွှမ်းမိုးသည်။
"ဂါး"
နဂါးဟိန်းဟောက်သံနှင့်အတူ လုမင်က သူ့လက်ထဲမှ လှံဖြင့် ထိုးသွင်းလိုက်သည်။ လှံရှည်က ချက်ချင်းပင် အစစ်အမှန်နဂါးအဖြစ်သို့ ပြောင်းလဲသွားပြီး ခုန်ထွက်သွား၏။ အစစ်အမှန်နဂါး၏ ခြေသည်းများက တောင်ကြီးကို ကုပ်ချလိုက်တော့သည်။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံနှင့်အတူ အစစ်အမှန်နဂါးနှင့် ဧရာမတောင် နှစ်ခုစလုံး ပေါက်ကွဲသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက နေရာအရပ်ရပ်သို့ ပြန့်ကျဲသွား၏။ ယင်းင ပတ်ဝန်းကျင်ရှိလူများ၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေသည်။
"ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ"
ဘေးပတ်ဝန်းကျင်မှ လူများစွာက အော်လိုက်ကြသည်။
လုမင်နှင့် ကစဉ့်ကလျားခန္ဓာ၏ တိုက်ခိုက်မှုမှ စွမ်းအားက လူအများစုကို ကျော်လွန်သွားခဲ့ပြီ။
"သတ်"
ကစဉ့်ကလျားခန္ဓာက ဟိန်းဟောက်လိုက်သည်။ ကြီးစိုးသော အရှိန်အဝါ၊ တားဆီးမရနိုင်သော အင်အားမျိုးဖြင့် လက်သီးချက်များကို ဆက်တိုက် ထိုးနှက်လိုက်၏။
"ဝုန်း... ဝုန်း... ဝုန်း"
ကောင်းကင်က တုန်ခါနေသည်။ ကြီးမားသော တောင်များစွာက လုမင်ဆီသို့ ဖိနှိပ်လာတော့သည်။
"ဝမ်"
လုမင်၏ လက်ထဲမှ လှံရှည်က တုန်ခါသွားသည်။ လှံအလင်းများ ပေါက်ကွဲထွက်လာ၏။ လှံအလင်းက လေထဲတွင် အစစ်အမှန်နဂါးများအသွင် ပြောင်းလဲသွားကာ တောင်များဆီသို့ ပျံသန်းသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများက နေရာအနှံ့ ပြန့်ကျဲသွားသည်။ သူတို့ နှစ်ယောက်၏ ပတ်ဝန်းကျင်ရှိ အခြားသူများပင် ငြိတွယ်မည်ကို စိုးရိမ်သောကြောင့် ကမန်းကတန်း ဆုတ်သွားကြသည်။
သူတို့နှစ်ဦးက ကံကြမ္မာရန်သူများဖြစ်၍ သေခြင်းရှင်ခြင်း တိုက်ပွဲများကို ရှောင်လွှဲ၍မရပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးက တိုက်ခိုက်မှု တစ်ရာကျော် အပြန်အလှန် ဖလှယ်ခဲ့ကြသည်။
ကစဉ့်ကလျားခန္ဓာက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ လဝက်အတွင်းမှာပင် သူက လျှို့ဝှက်နည်းလမ်းကို အလွန်နက်နဲသော အဆင့်အထိ လေ့ကျင့်ခဲ့၏။ ထို့ပြင် သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ပြင်းထန်ကာ တိုက်ခိုက်မှုတိုင်းက ကြောက်မက်ဖွယ်ကောင်းသည်။ တော်ရုံလူများအတွက် တူညီသောအဆင့်တွင်ပင် တိုက်ခိုက်မှု အနည်းငယ်ထက်ပို၍ တားဆီးနိုင်မည် မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးက အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်ကြရင်း လူရိပ်ကိုပင် မမြင်နိုင်လောက်အောင် ဖြစ်လာတော့သည်။
လုမင်၏ မျက်လုံးများက တောက်ပနေပြီး လှံချက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ တိုက်ပွဲကြာရှည်လေ၊ သူ၏ ပန်လုံလှံသိုင်းအပေါ် နားလည်နိုင်စွမ်းက ပို၍ နက်ရှိုင်းလာလေပင်။
ထိုအချိန်တွင် သူက တဖြည်းဖြည်းချင်း အသာစီးရလာသည်။
ကစဉ့်ကလျားခန္ဓာက ဟိန်းဟောက်ပြီး အစွမ်းကုန် တိုက်ခိုက်သော်လည်း ၎င်းကို မပြောင်းလဲနိုင်တော့ပေ။ လုမင်က သူ့ကို ဖိနှိပ်လိုက်သည်။
ယင်းကြောင့် ကစဉ့်ကလျားခန္ဓာ၏ မျက်နှာမှာ မည်းမှောင်လာခဲ့သည်။ ဒါကို သူ လက်မခံနိုင်ပေ။
"ဝှစ်... ဝှစ်... ဝှစ်"
လုမင်၏ လက်ထဲမှ လှံရှည်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ ပိုမိုအားကောင်းလာသလို ပိုပိုပြီး မြန်ဆန်စွာ လှုပ်ရှားလာ၏။ မကြာခဏဆိုသလို လှံချက်များက ကစဉ့်ကလျားခန္ဓာ၏ တိုက်ခိုက်မှုကို ဖြတ်ကျော်သွားတတ်သည်။
လှံချက် ထုတ်ဖော်လိုက်တိုင်း ကစဉ့်ကလျားခန္ဓာ၏ သေကွင်းသေကွက်များကို ဦးတည်လိမ့်မည်။
ကစဉ့်ကလျားခန္ဓာက စင်မြင့်၏ အစွန်းသို့ ဆုတ်သွားခဲ့ရသည်။
"ကစဉ့်ကလျားခန္ဓာ ရှုံးတော့မယ်"
လူတော်တော်များများက ဤမြင်ကွင်းကို မျက်လုံးထောင့်မှ ကြည့်မိသောအခါ အံ့အားသင့်သွားကြသည်။
ကစဉ့်ကလျားခန္ဓာက တူညီသော အဆင့်ရှိသူတစ်ဦးနှင့် မယှဉ်နိုင်ပေ။
ဟုတ်သည်၊ ဤအဆင့်တူတိုက်ပွဲက စစ်မှန်သော တိုက်ပွဲမဟုတ်ပေ။ ကစဉ့်ကလျားခန္ဓာက သူ၏ ဝိညာဉ်ခန္ဓာ အားသာချက်ကိုပင် အသုံးမပြုနိုင်ခဲ့ပါ။ သို့ရာတွင်၊ ဤအရာက လုမင်ကို မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြရန် လုံလောက်သည်။
သူက ကစဉ့်ကလျားခန္ဓာကို မပိုင်ဆိုင်သော်လည်း ကစဉ့်ကလျားနိယာမကို နားလည်နိုင်စွမ်း ရှိ၏။ သူ၏ နားလည်နိုင်စွမ်းက တကယ့်ကို အံ့ဩစရာပင်။
ထိုအတွေးက လူတော်တော်များများ၏ စိတ်ထဲမှာ ပေါ်လာသည်။
"ကစဉ့်ကလျားခန္ဓာက ဒီလောက်ပါပဲ။ မင်းက အခြားသူတွေကို ဖိနှိပ်ဖို့ မင်းရဲ့ မြင့်မားတဲ့ ကျင့်ကြံမှုကို ဘယ်လိုအသုံးချရမလဲဆိုတာပဲ သိတယ်။ တူညီတဲ့အဆင့် တိုက်ပွဲမှာဆိုရင် မင်းက ဘာကောင်မှမဟုတ်ဘူး"
လုမင်၏ လှောင်ပြောင်စကားသံကြောင့် ကစဉ့်ကလျားခန္ဓာ၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားခဲ့သည်။ ခဏတာ သတိမထားမိမှုကြောင့် လုမင်၏ လှံချက်ကို ခံစားလိုက်ရ၏။ သွေးများ စီးကျလာသလို သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်ခု ပေါ်လာတော့သည်။
တဖြည်းဖြည်းနှင့် ကစဉ့်ကလျားခန္ဓာက စင်မြင့်အနားသို့ ဆုတ်ခွာသွားခဲ့ရသည်။ ထပ်မံ နောက်ဆုတ်လိုက်ပါက စင်ပေါ်မှ ပြုတ်ကျပေတော့မည်။
"လူတိုင်းပဲ၊ ငါတို့တွေ ဘာဖြစ်လို့ လုမင်ကို အရင်မဖယ်ရှားရမှာလဲ။ သူက အရင်ချောက်နက်မှာကတည်းက ပထမအဆင့် ဖြစ်ခဲ့တာ၊ သူ့ရဲ့ နားလည်နိုင်စွမ်းက အံ့မခန်းပဲ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူ့ကို ဘယ်သူမှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ကစဉ့်ကလျားခန္ဓာက အော်ဟစ်လိုက်သည်။
အမှန်ပင်၊ သူက အခြားသူများကို သူနှင့်အတူ လက်တွဲစေလိုသည်။ ဤအတွက်ကြောင့် လုမင်၏ နားလည်နိုင်စွမ်းက အံ့မခန်းဟု ပြောခဲ့ရ၏။ ယခင်က သူသည် မြင့်မားပြီး ကြီးစိုးကာ သူ့ကိုယ်သူ ကစဉ့်ကလျား၏သားတော် အစစ်ဖြစ်ကြောင်း ယုံကြည်ထားခဲ့သည်။ လုမင်ကို အထင်မြင် သေးခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် လုမင်ကို ချီးကျူးလိုက်မိပြီ။ ဒါက သူ့ကို အလွန်အရှက်ရစေသည်။
သို့ရာတွင် လုမင်ကို အနိုင်ယူပြီး ချေမှုန်းလိုပါက ဤနည်းလမ်းကိုသာ သုံးနိုင်သည်။
ရုတ်တရက်၊ လူတချို့၏ မျက်လုံးများက အရောင်လက်သွားကြသည်။
အမှန်မှာလည်း လုမင်၏ ကျင့်ကြံခြင်းအခြေခံက မမြင့်မားသည့်တိုင် အလားအလာကတော့ အံ့ဩစရာပင်။ ယခင်က ချောက်နက်ထဲတွင် ပထမအဆင့် ရရှိခဲ့ကတည်းက လုမင်သည် လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
ယခုအခါ၊ တူညီသောအဆင့် တိုက်ပွဲတွင်လည်း ကစဉ့်ကလျားခန္ဓာကို ဖိနှိပ်နေပြီ။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် မည်သူမျှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ဤပါရမီရှင်အားလုံးက ဟွင်းယွမ်ဂိုဏ်း၏ အမွေအနှစ်အတွက် ရောက်လာသောကြောင့် သဘာဝအားဖြင့် ပထမ ဖြစ်လိုကြသည်။ မည်သူမျှ နောက်ကျမကျန်လိုပေ။
"ဝှစ်"
ဝတ်စုံဖြူဝတ် လူငယ်တစ်ဦးက သူ့ပြိုင်ဘက်ကို တွန်းထုတ်လိုက်ပြီး လုမင်ထံသို့ ခုန်ဝင်လာခဲ့သည်။
ထိုလူငယ်က ကြောက်စရာကောင်းသော ပါရမီရှင်တစ်ဦး ဖြစ်၏။ ယခင် ချောက်နက်ထဲတွင် သူက ထိပ်တန်းအဆင့်ကို ရောက်ခဲ့သည်။