အခန်း ၁၇၇၃
Vol. 119 Ch. 1773
အပိုင်း ( 1773 ) အပြင်လောကမှာ မင်းကို သတ်မယ်။
ဝတ်စုံဖြူဝတ် လူငယ်လေးက လျှပ်စီးလက်သလို မြန်သည်။ တခဏချင်းမှာပင် လုမင်အနားသို့ ရောက်လာပြီး တိုက်ခိုက်လိုက်၏။ သူ့လက်မှ နှင်းဖြူ ဓားအလင်းတစ်ခု လင်းလက်လာပြီး လုမင်ထံသို့ ဖြတ်သန်းသွားတော့သည်။
ထိုလူငယ်က အလွန်အစွမ်းထက်သည်။ လုမင်က သတိမပေါ့လျော့ဘဲ လှံရှည်ဖြင့် ထိုးသွင်းလိုက်၏။
"ထန်... ထန်"
လက်နက်ချင်း ထိခတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဝတ်စုံဖြူဝတ်လူငယ်ကို လုမင်က နောက်သို့ အနည်းငယ် တွန်းထုတ်လိုက်တော့သည်။
သို့ရာတွင်၊ ဤအချိန်ခဏက ကစဉ့်ကလျားခန္ဓာအား အခွင့်အရေးတစ်ခု ပေးခဲ့သည်။ သူက ဟိန်းဟောက်ပြီး လုမင်ကို လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်လိုက်၏။
လုမင်က လှံရှည်ဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်ရသည်။ သို့သော်၊ ထိုအချိန်တွင် ဝတ်စုံဖြူဝတ် လူငယ်က လုမင်အား တိုက်ခိုက်လာပြန်သည်။
"စက်ဆုပ်စရာကောင်းလိုက်တာ"
မနီးမဝေးတွင် ဟွမ်လင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
ကစဉ့်ကလျားခန္ဓာသည် အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်း၏။ အစောပိုင်းတွင် သူက မြင့်မားပြီး အားလုံးကို လွှမ်းမိုးထားနိုင်သလို ဟန်အမူအရာမျိုး ရှိခဲ့သည်။ ယခုတော့ လုမင်ကို အနိုင်မယူနိုင်သောကြောင့် အခြားသူများထံမှ အကူအညီတောင်းခဲ့ပြီ။
ဟွမ်လင်သည် ယခင်က လက်ဝါးသိုင်းပညာကို လေ့ကျင့်ခဲ့သည်။ သူမက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်တိုင်း ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များဖြင့် ပေါက်ကွဲထွက်လာခဲ့၏။
ဟွမ်လင်က အစွမ်းကုန်သုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ သူ၏ လက်ဝါးရိုက်ချက်များက ပြင်းထန်ပြီး အဆက်မပြတ် ဖြစ်သည်။ သူက ပြိုင်ဘက်ကို အသက်ရှုရန်ပင် အခွင့်မပေးပေ။
တစ်ဖက်တွင်၊ လုံချန်က သူ့ပြိုင်ဘက်ကို လုံးဝ ဖိနှိပ်ခဲ့သည်။ သူက လက်သီးသိုင်းကို လေ့ကျင့်ထားခြင်း ဖြစ်၏။ လက်သီးတစ်ချက်စီတိုင်းက တောင်တစ်လုံးကဲ့သို့ အင်အားကြီးမားသည်။ သူက ကစဉ့်ကလျားခန္ဓာထက် များစွာ အားမနည်းပေ။
သူ့ပြိုင်ဘက်က အတင်းအကြပ် ဖိနှိပ်ခံရပြီး နောက်ဆုတ်လာခဲ့ရသည်။
"လူညစ်ကောင် ဆင်းစမ်း၊ ကိုကို လုမင်ကို ကျွန်မ ကူညီရမယ်... တွိ"
ပူဖောင်းလေး၏ အရှိန်က အံ့မခန်း ဖြစ်သည်။ သူမက အလင်းတန်းတစ်ခုကဲ့သို့ ပြိုင်ဘက် ပါရမီရှင် လူငယ်လေး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။ သူက လက်ညှိုးညွှန်ပြလိုက်တိုင်း လေဓားသွားများက တစ်ဖက်လူထံ တိုးဝင်သွား၏။ ထိုလူငယ်မှာ ဘာမျှမတတ်နိုင်ဘဲ ဒဏ်ရာများရရှိကာ သွေးများ စီးကျနေတော့သည်။
ထိုလူငယ်မှာ ကောင်းကင်ကိုမော့၍ အော်ဟစ်လိုက်ချင်စိတ်ပေါက်လာခဲ့သည်။ သူ အလွန်စိတ်ဓာတ်ကျနေ၏။
ပါရမီရှင်တစ်ယောက်အနေဖြင့် သူသည် ပုံမှန်ဆိုလျှင် မြင့်မားပြီး အရှိန်အဝါကြီးသည်။ သူ ဘယ်နေရာကိုသွားနေပါစေ လူအများ၏ ဝန်းရံခြင်းကို ခံရလိမ့်မည်။ သို့သော်လည်း ယခုအခါတွင် နှစ်နှစ်၊ သုံးနှစ်အရွယ် ကောင်မလေးတစ်ဦးမှ ထိုကဲ့သို့သော အခြေအနေမျိုးသို့ အတင်းအကြပ် တွန်းပို့ခံခဲ့ရသည်။ ဒါဟာ တကယ်ကို အရှက်ရစရာပင်။
မကြာမီပင် ပူဖောင်းလေး၏ လေဓားတစ်ချောင်းက သူ့ကို ထိမှန်သွားသည်။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး စင်အောက်ကို ပြုတ်ကျသွားတော့သည်။
"ကိုကိုလုမင်၊ ကျွန်မ ရှင့်ကို ကူညီပေးမယ်"
ပူဖောင်းလေးက အော်ပြောပြီး လုမင်ထံသို့ ပြေးသွားသည်။ သူက လက်ဖျောက်တီးလိုက်သည်နှင့် လေဓားသွားများက ဝတ်စုံဖြူဝတ် လူငယ်ထံ ဖြတ်သန်းသွား၏။
၀တ်စုံဖြူဝတ် လူငယ်၏ အမူအရာက အေးစက်သွားသည်။ ဓားအလင်းများ ပေါက်ကွဲထွက်လာပြီး ထူထပ်သော ဓားအလင်းဖြင့် ပူဖောင်းလေးကို ခုတ်ချလိုက်တော့သည်။
ပူဖောင်းလေးက သူ့လက်များကို အဆက်မပြတ် လှုပ်ရှားကာ လေဓားသွားများ ဖန်တီးလိုက်သည်။
၀တ်စုံဖြူဝတ် လူငယ်လေးက ချောက်နက်ကို ဖြတ်ကျော်လာသောအခါ ပူဖောင်းလေးနှင့် တစ်အုပ်စုတည်း ရှိခဲ့သည်။ သူ၏ စွမ်းရည်က ပူဖောင်းလေးထက် မြင့်မားမှုမရှိပေ။ ထို့ကြောင့် ယခုအခါ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သော်လည်း ပူဖောင်းလေးနှင့် လက်ရည်ညီနေခဲ့သည်။
"ထွက်သွားစမ်း"
အနှောင့်အယှက် မရှိတော့သဖြင့် လုမင်က ကစဉ့်ကလျားခန္ဓာကို အာရုံစိုက်လိုက်သည်။ သူ၏လှံချက်က ကစဉ့်ကလျားခန္ဓာ၏ တိုက်ခိုက်မှုကို ချိုးဖျက်ခဲ့သည့်အပြင် ကစဉ့်ကလျားခန္ဓာအား လွင့်စဉ်လုနီး ဖြစ်စေခဲ့သည်။
"ဝှစ်... ဝှစ်"
ထို့နောက်မှာတော့ လုမင်က မုန်တိုင်းတိုက်ခတ်သလို တိုက်ခိုက်တော့သည်။ ကြောက်မက်ဖွယ်ကောင်းသော လှံပုံရိပ်များက တစ်ဖက်လူကို လုံးလုံးလျားလျား နစ်မြုပ်သွားစေခဲ့သည်။
"ဝုန်း..."
အနည်းငယ် လှုပ်ရှားပြီးနောက်၊ လုမင်၏ လှံချက်က ကစဉ့်ကလျားခန္ဓာကို ထိမှန်သွားသည်။ သူ့ပါးစပ်ထဲမှ သွေးများအန်ထွက်လာ၏။ စင်ပေါ်မှ ပြုတ်ကျလုနီးအထိ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရတော့သည်။
"သတ်"
"သတ်"
ထိုအချိန်တွင် နောက်ထပ် မာန်သွင်းအော်ဟစ်သံနှစ်ခု ထပ်မံထွက်လာသည်။ လူနှစ်ယောက်က ရူးသွပ်နေသကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။
သူတို့နှစ်ယောက်က ပူးပေါင်းပြီး လုမင်ကို ဦးစွာအနိုင်ယူလိုကြောင်း ထင်ရှားသည်။
သို့သော်လည်း ဤတစ်ကြိမ်မှာတော့ ပုံရိပ်နှစ်ခုက သူတို့နှစ်ယောက်ကို ဟန့်တားခဲ့သည်။
၎င်းတို့က ဟွမ်လင်နှင့် လုံချန်တို့ပင်။ သူတို့က ပြိုင်ဘက်များကို အနိုင်ယူပြီး လုမင်ကို အကူညီပေးရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
"ဘယ်သူမှ မင်းကို မကူညီနိုင်ဘူး။ ထွက်သွားစမ်း"
လုမင်က အခြေအနေကို အခွင့်ကောင်းယူကာ ပြင်းပြင်းထန်ထန် ဖိတိုက်လိုက်သည်။ ကစဉ့်ကလျားခန္ဓာက အတတ်နိုင်ဆုံး ပိတ်ဆို့ရန် ကြိုးစားသေး၏။ သို့သော်လည်း ဒါဇင်နှင့်ချီပြီး လှုပ်ရှားပြီးနောက် လှံချက်က သူ့ကို ထိမှန်သွားသည်။ အရိုးကျိုးသံနှင့်အတူ ကစဉ့်ကလျားခန္ဓာက စင်မြင့်ပေါ်မှ လွင့်စဉ်သွားတော့သည်။
"လုမင်၊ အပြင်လောကကို ပြန်ရောက်တဲ့အခါ ငါ မင်းကို မတွေ့စေနဲ့။ မဟုတ်ရင် မင်းကို သေတာထက် ပိုဆိုးတဲ့ကံကြမ္မာကို ငါခံစားစေမယ်"
ကစဉ့်ကလျားခန္ဓာက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အသံမှာ တွန့်ဆုတ်ခြင်းများဖြင့် ပြည့်နှက်နေ၏။
သူသည် စွမ်းအားကြီးသော ကစဉ့်ကလျားခန္ဓာဖြစ်သော်လည်း အဆုံးသို့မရောက်ရှိမီ ဖယ်ရှားခံခဲ့ရသည်။ ထို့ပြင်၊ သူ့ကို ချေမှုန်းပစ်ခဲ့သူက သူ၏ ကံကြမ္မာရန်သူ ဖြစ်သည်။
"အပြင်လောကမှာ မင်းကို သတ်မယ်"
လုမင်၏ အဖြေက အလွန်ရိုးရှင်းသည်။
ထို့နောက် အလင်းတိုင်တစ်ခု ဖြစ်ပေါ်လာပြီး ကစဉ့်ကလျားခန္ဓာကို ဖုံးအုပ်သွား၏။ လက်မခံလိုသော အကြည့်များနှင့်ပင် သူ့ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။
သူ အလွန်မကျေမနပ် ဖြစ်မိသည်။ သူသည် မြင့်မားသော ကျင့်ကြံမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့ကို လုံးဝ အသုံးမချနိုင်ခဲ့ပေ။ ထိုသို့သော အခြေအနေမျိုးတွင် သူက လုမင်ကို ရှုံးနိမ့်ခဲ့ရသည်။
သူ့ခွန်အားကို အပြည့်အဝ သုံးနိုင်ပါက လုမင်ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပေမည်။
လူများစွာက တုန်လှုပ်သွားကြသည်။ နတ်ဘုရား၏သားတော် တစ်ယောက်ဟု လူသိများသော ကစဉ့်ကလျားခန္ဓာသည် လုမင်ကို ထိုကဲ့သို့ ရှုံးနိမ့်သွား၏။
ဤကဲ့သို့သော ရှုံးနိမ့်မှုမျိုးက နတ်ဘုရားစွမ်းရည်နှင့် ဝိဉာဉ်ခန္ဓာများကို လုံးလုံးလျားလျား ဖိနှိပ်ထားခြင်း အခြေအနေအောက်တွင် ရှိနေသော်လည်း ပြဿနာများစွာကို ရှင်းပြရန် လုံလောက်သည်။
လုမင်က စစ်မှန်သော ကစဉ့်ကလျားခန္ဓာကို မပိုင်ဆိုင်ထားသော်လည်း ကစဉ့်ကလျားနိယာမနှင့်ပတ်သက်သည့် ဤကံကြမ္မာတိုက်ပွဲတွင် မည်သူက အနိုင်ရမည်ကို မသိနိုင်တော့ပေ။
"နောက်ဆုတ်"
၀တ်စုံဖြူဝတ် လူငယ်လေးက ကစဉ့်ကလျားခန္ဓာ ရှုံးနိမ့်သွားသည်ကို မြင်သောအခါ တုန်လှုပ်သွားသည်။ သူက အမြန်နောက်ဆုတ်လိုက်၏။
"မင်း အခု ပြန်ဆုတ်ချင်နေရင် နောက်ကျသွားပြီ"
လုမင်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ပြိုင်ဘက်၏ ဆုတ်ခွာရာလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ထို့နောက် လှံဖြင့်ထိုးသွင်းလိုက်၏။
လုမင်နှင့် ပူဖောင်းလေးတို့က အတူတကွ ပူးပေါင်းလုပ်ဆောင်သောအခါ ပြိုင်ဘက်က လုံးဝ မခုခံနိုင်ပေ။ အနည်းငယ်လှုပ်ရှားရုံမျှဖြင့် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး စင်ပေါ်မှ ပြုတ်ကျသွားသည်။
ထို့နောက်တွင် လုမင်နှင့် ပူဖောင်းလေးတို့က ဟွမ်လင်နှင့် လုံချန်တို့ကို တိုက်ခိုက်နေသော အခြားလူနှစ်ယောက်ကို အာရုံစိုက်လိုက်သည်။
သူတို့ လေးယောက်က အတူတူ လက်တွဲလိုက်သောအခါ ရလဒ်က စဉ်းစားနေရန် မလိုတော့ပေ။ ကျန်လူနှစ်ယောက်လည်း စင်ပေါ်မှ ပြုတ်ကျသွားသည်။
ထိုအချိန်တွင် လူများ တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ခံခဲ့ကြရသည်။ ယခုအချိန်တွင် လူငါးဆယ်ကျော်ကို ဖယ်ရှားရှင်းလင်းခဲ့ပြီးပြီ။ စင်ပေါ်တွင် လူငါးဆယ်အောက်သာ ကျန်ခဲ့သည်။
လူတော်တော်များများက လုမင်တို့ လေးယောက်အဖွဲ့ကို လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ လုမင်တို့ လေးယောက်က လက်တွဲလုပ်ဆောင်လျှင် မည်သူမျှ ၎င်းတို့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
သို့ရာတွင် လုမင်တို့ လေးယောက်က တိုက်ခိုက်ရန် စိတ်ကူးမရှိတော့ပါ။ သူတို့က အတူတူရပ်ပြီး တခြားသူများ တိုက်ခိုက်နေကြတာကို အေးအေးဆေးဆေး ကြည့်နေခဲ့ကြသည်။
အခြားသူများကလည်း သူတို့ကို နှိုးဆော်ခြင်းမပြုဝံ့ကြပေ။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လူများစွာကို ဖယ်ရှားပစ်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း နာရီအနည်းငယ်ကြာသွားပြီ။ အရပ်ရှည်ရှည်ဖြင့် ထွားကြိုင်းသော လူငယ်တစ်ဦး စင်မြင့်ပေါ်မှ ပြုတ်ကျသောအခါ စင်မြင့်ပေါ်တွင် လူနှစ်ဆယ်သာ ကျန်ခဲ့သည်။
လူငယ် အယောက်နှစ်ဆယ်က အမျိုးမျိုးသော အရပ်မျက်နှာ၌ ရပ်ကာ အခြားလူများကို အကဲခတ်လိုက်ကြလေသည်။
သေမင်း၏သားတော်လည်း သူတို့ထဲတွင် ပါဝင်ခဲ့သည်။ သူ၏ တိုက်ခိုက်ရေး စွမ်းအားဖြင့် လူများစွာ၏ ဝိုင်းရံထားခြင်းမခံရသရွေ့ အဆုံးအထိ ဆက်နေရန်မှာ ခက်ခဲမည် မဟုတ်ပေ။
"ကိုင်း၊ မင်းတို့ အယောက်နှစ်ဆယ်က နောက်တစ်ဆင့်ကိုတက်သွားပြီ။ နောက်တစ်ဆင့်ကတော့ နောက်ဆုံး စမ်းသပ်မှုပဲ။ အောင်မြင်နိုင်ရင် အခွင့်အရေးကို ရလိမ့်မယ်"
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ စင်မြင့်မှ ရှေ့သို့ တိုးထွက်သွားသော တံတားတစ်ခု ဖြစ်ပေါ်လာ၏။ ထိုတံတားတွင် အလင်းတံခါးတစ်ခု ရှိသည်။
အားလုံးက တံတားပေါ်သို့ တက်လှမ်းပြီး အလင်းတံခါးထဲကို လျှောက်သွားကြတော့သည်။
လုမင်က အလင်းတံခါးထဲသို့ လှမ်းဝင်လိုက်သောအခါ သူ့ခေါင်းထဲတွင် မူးဝေသွားသလို ခံစားလိုက်ရသည်။ သူ့အမြင်အာရုံများ အမှောင်ကျလာပြီး အသိစိတ်များလည်း မှုန်ဝါးသွား၏။
အချိန်အတော်ကြာပြီးမှ လုမင် သတိပြန်ဝင်လာခဲ့သည်။
"နာတယ်... တကယ် နာကျင်တယ်"
လုမင် နိုးလာသောအခါ ပထမဆုံးခံစားရသည်က နာကျင်မှု ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး ကျိုးသွားသကဲ့သို့ သူ့တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲမှုများ ထွက်ပေါ်လာ၏။
လုမင်က ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်သည်။ ထို့နောက်တွင်တော့ လှပပြီး ချစ်စရာမျက်နှာလေးဖြင့် ပုံရိပ်တစ်ခုက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။
ဤသည်မှာ အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ် ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမက အဝတ်အစားကြမ်းများကို ဝတ်ဆင်ထားသော်လည်း ချစ်စရာကောင်း၏။ ဤအခိုက်တွင် သူမက လုမင်အား စူးစူးစိုက်စိုက် ကြည့်နေတာကို တွေ့လိုက်ရသည်။
လုမင် မျက်လုံးဖွင့်လာသည်ကို တွေ့လိုက်ရတော့ ကောင်မလေး၏မျက်နှာက ဝင်းပသွားလေသည်။ သူမက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“နိုးပြီ... နိုးပြီ၊ အစ်ကိုကြီးနိုးပြီ”
ထို့နောက်တွင် သူမက နောက်ကိုလှည့်ပြေးသွားတော့သည်။