အခန်း ၁၇၇၈
Vol. 119 Ch. 1778
အပိုင်း ( 1778 ) လုမင် အင်အားထုတ်ပြပြီ။
လုမင်က မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှစ်ဦးနှင့် ဆက်လက် တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့ကို မသတ်သေးပေ။ ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် နှစ်ဦးက သူ၏ ဒိုင်းများ ဖြစ်လာခဲ့ကြသည်။
ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် နှစ်ဦး ရှိနေခြင်းဖြင့် အခြား မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက သူ့ကို အာရုံစိုက်ကြတော့မည် မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များနှင့် သွေးမျက်လုံး နတ်ဆိုးမျောက်ဝံများ တိုက်ပွဲတွင် ပို၍ပို၍ သေဆုံးသွားခဲ့သည်။
အစွမ်းထက်ဆုံး မဟာသူတော်စင်များ၏ တိုက်ပွဲမှာပင် ကျဆုံးမှုများ ဖြစ်ပေါ်လာတော့သည်။
ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှင့် ကြောက်စရာအကောင်းဆုံး သွေးမျက်လုံး နတ်ဆိုးမျောက်ကြား တိုက်ပွဲကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ဦးလုံးက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်သည်။ တိုက်ပွဲက အလွန်ပြင်းထန်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရရှိခဲ့၏။
နောက်ဆုံးတွင်၊ ချပ်ဝတ်တန်ဆာဆင်ထားသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ပိုအားကောင်းလာသည်။ ရာနှင့်ချီသော တိုက်ခိုက်မှုများ ဖလှယ်ပြီးနောက် သွေးမျက်လုံး နတ်ဆိုးမျောက်ကို သတ်နိုင်ခဲ့ပေသည်။ သို့သော်လည်း သွေးမျက်လုံး နတ်ဆိုးမျောက်က မသေဆုံးမီတွင် စွမ်းအားရှိသမျှ ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ ချပ်ဝတ်တန်ဆာကို ထိုးဖောက်ပြီး နှလုံးသားကို ဖောက်ထွက်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။
ထိုအချိန်တွင်၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက အသာစီးရလာသည်။
နောက်ဆုံးတွင်၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ကျွမ်းကျင်သူများ ပိုများပြားသည် မဟုတ်လော။
သို့သော်လည်း သွေးမျက်လုံး နတ်ဆိုးမျောက်များက ရူးသွပ်နေသလို တိုက်ခိုက်ကြသည်။ သူတို့၏ မျက်လုံးများက နီရဲနေပြီး လုံးဝ ရူးသွပ်သွားကြ၏။ သူတို့၏ မျက်လုံးထဲတွင် သတ်ဖြတ်မှုများသာ ရှိတော့သည်။
သူတို့က ကိုယ့်အသက်ကိုပင် ဂရုမစိုက်ကြဘဲ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို တိုက်ခိုက်ကြသည်။ သူတို့ သေသွားလျှင်ပင် သူတို့နှင့်အတူ ဆွဲချသွားလိမ့်မည်။
နောက်ဆုံး သွေးမျက်လုံး နတ်ဆိုးမျောက်ကို သတ်လိုက်ပြီးနောက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များမှာလည်း ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် တစ်သောင်းခန့်သာ ကျန်ရှိတော့သည်။ ၎င်းတို့အထဲမှ နှစ်သောင်းခန့်က သွေးမျက်လုံး နတ်ဆိုးမျောက်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ကျန်သော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များမှာလည်း ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့ပေသည်။
"အဲဒီကောင်က ဘာဖြစ်လို့ အသက်ရှင်နေသေးတာလဲ။ သူ့ကို သတ်ကြစမ်း"
ချပ်ဝတ်တန်ဆာဝတ်ထားသည့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ဟိန်းဟောက်ပြီး လုမင်ကို ကြည့်လိုက်သည်။
ယခုအချိန်ထိ လုမင်က မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှစ်ဦးနှင့် တိုက်ခိုက်နေသေးသည်။
"သေရမဲ့လူက မင်းပဲ"
ထိုအချိန်တွင် လုမင်၏ အရှိန်အဝါက ရုတ်တရက် မြင့်တက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များ တောက်ပလာပြီးနောက် သူတော်စင်လက်နက် တစ်ရာကျော် ပေါ်လာကြ၏။
လက်နက်စွမ်းအင်အားလုံးက လုမင်၏လက်ထဲမှ ဓားကို စုရုံးလာသောအခါ ဓား၏အလင်းရောင်က ပို၍ တောက်ပလာတော့သည်။ ဓားတစ်ချက်ဖြင့် အဆင့်နိမ့် မဟာသူတော်စင်နယ်ပယ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦး၏ တိုက်ခိုက်မှုကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။ ၎င်းက တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် ရန်သူကို တိုက်ခိုက်လိုက်၏။
"မကောင်းတော့ဘူး"
တစ်ဖကလူမှာ တုန်လှုပ်သွားသည်။ လုမင်၏ တိုက်ခိုက်ရေးအင်အားက ရုတ်တရက် တိုးလာမည်ဟု သူ မမျှော်လင့်ထားပေ။ ယခုတော့ ရှောင်တိမ်းရန် နောက်ကျနေပြီ ဖြစ်သည်။
"ရွှပ်"
ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်ကို လုမင်က တိုက်ရိုက် ထက်ခြမ်းခွဲချလိုက်တော့သည်။
"သတ်"
ထို့နောက်တွင် လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးထဲမှ ဓားအလင်းနှစ်ခုက ပြေးထွက်လာပြီး အခြား မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်ကို ထိမှန်သွား၏။ ထိုသူ၏ ခန္ဓာကိုယ်က ခဏတာ တောင့်တင်းသွားချိန်တွင် လုမင်၏ဓားက သူ့ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲချလိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်နိမ့် မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို လုမင်က သတ်ပစ်လိုက်သည်။
လုမင်က တောက်ပသော သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်လာသောအခါ အဆင့်နိမ့် မဟာသူတော်စင်တစ်ပါးကို သတ်နိုင်လုနီး ဖြစ်ခဲ့သည်။ ယခု တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်ရှိသောအခါမှာတော့ အဆင့်နိမ့် မဟာသူတော်စင်တစ်ပါးကို သတ်ဖြတ်ခြင်းမှာ ထမင်းစားရေသောက် ဖြစ်ခဲ့ပြီ။
"ချီးပဲ၊ ဒီကောင်က သူ့ခွန်အားကို ဖုံးကွယ်ထားတာကွ။ အတူတူ တိုက်ခိုက်ပြီး သတ်လိုက်ကြ"
ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က အော်ဟစ်လိုက်သည်။
ရုတ်တရက်၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များစွာက လုမင်အား တိုက်ခိုက်လိုက်၏။ သူတို့က မရောက်လာသေးခင်မှာပင် တတိယမျက်လုံးမှ ဖျက်ဆီးခြင်းအလင်းများနှင့် လုမင်ကို အဆက်မပြတ် ပစ်ခတ်လိုက်ကြသည်။
လုမင်၏ အနီးတစ်ဝိုက်မှာတော့ သူတော်စင်လက်နက် တစ်ရာကျော်က လှည့်ပတ်ကာ ဖျက်ဆီးခြင်း အလင်းများကို ပိတ်ဆို့ထားသည်။ တစ်ချိန်တည်းမှာပင် သူက မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များဆီသို့ ပြေးသွား၏။
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ နတ်ဘုရားဓားကျင့်စဉ်က အသံလှိုင်းများနှင့်တကွ ပေါက်ကွဲထွက်လာသည်။ မဟာသူတော်စင်နယ်ပယ်အောက်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ အော်ဟစ်လိုက်ကြရ၏။ သူတို့၏ ဝိညာဉ်များက ပျက်သုဉ်းသွားပြီး အလောင်းများမှာ မိုးရွာသွန်းသလို မြေပေါ်သို့ ပြုတ်ကျကုန်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် တစ်ရာကျော် သေဆုံးခဲ့ရသည်။
တစ်ချိန်တည်းမှာပင်၊ လုမင်က သူ့လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ တံဆိပ်တော်တံခါးကိုးပေါက် ပေါ်လာပြီးနောက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ အများအပြားကို တံဆိပ်ခတ်လိုက်၏။
မဟာသူတော်စင်များပင်လျှင် အချိန်အတိုင်းအတာတစ်ခုအတွင်း တံဆိပ်ခတ်ခံရလိမ့်မည်။
ထိုအခိုက်အတန့်က သူတို့၏ သေခြင်းရှင်ခြင်းကို ကိုယ်စားပြုနိုင်သည်။
လုမင်၏ လက်ထဲမှ ဓားက မီတာထောင်ချီပြီး ရှည်ထွက်လာခဲ့သည်။ သူက အရှိန်အဟုန်ဖြင့် ပြေးတက်သွား၏။ ဓားတစ်ချက်ဖြင့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် တစ်ရာကျော်ခန့် သေဆုံးသွားပြန်တော့သည်။ ၎င်းတို့တွင် အဆင့်နိမ့် မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူနှစ်ဦးပင် ပါဝင်သည်။
"ဝမ်"
ကောင်းကင်တွင် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ရှေးခေတ် နတ်တောင်ကြီးတစ်ခုကဲ့သို့ ကြီးမားပြီး ကောင်းကင်မှ ကျဆင်းလာ၏။
"ပြေးကြ..."
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် တော်တော်များများလည်း ကြောက်လန့်တကြားဖြင့် အသည်းအသန် ထွက်ပြေးကုန်တော့သည်။
သို့သော်လည်း၊ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်၏ ဖိနှိပ်မှုအောက်တွင် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းခံခဲ့ရပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
မဟာသူတော်စင်နယ်ပယ်အောက်မှ ကျွမ်းကျင်သူများက လုမင်၏ရှေ့တွင် ပုရွက်ဆိတ်များနှင့် မခြားပေ။ သူတို့တွင် ပြန်လည်ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိပါချေ။
"မဟာသူတော်စင်နယ်ပယ်အောက်က လွတ်မြောက်သူတွေ... ဆုတ်ခွာကြ။ မဟာသူတော်စင်တွေ... သူ့ကို အတူတူဝိုင်းပြီးသတ်ကြ"
ချပ်ဝတ်တန်ဆာဝတ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က အမိန့်ပေးလိုက်သည်။
မဟာသူတော်စင်နယ်ပယ်အောက်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ မဟာသူတော်စင်နယ်ပယ်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကတော့ လုမင်ဆီသို့ ပြေးသွားကြ၏။
မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူများက ဒါဇင်နှင့်ချီ ရှိကြသည်။
ဒါဇင်ပေါင်းများစွာသော ဖျက်ဆီးခြင်း အလင်းတန်းများ ထွက်ပေါ်လာသောအခါ လုမင်၏ မျက်နှာက အလွန်လေးနက်သွားသည်။
မဟာသူတော်စင်များက ပူးပေါင်းလိုက်ကြပြီ။ ၎င်းတို့တွင် အဆင့်နိမ့် မဟာသူတော်စင်၊ အဆင့်မြင့် မဟာသူတော်စင်နှင့် အထွတ်အထိပ် မဟာသူတော်စင်များပင် ပါဝင်သည်။ ဤအင်အားသည် အလွန် ကြောက်စရာကောင်း၏။
လုမင်လည်း ထိပ်တိုက် ရင်မဆိုင်နိုင်ဘဲ နောက်ဆုတ်ရန်သာ တတ်နိုင်သည်။
လုမင်က ကောင်းကင်သို့ပျံတက်သွားပြီး တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။
"သတ်"
မဟာသူတော်စင်များက ဟိန်းဟောက်ပြီး လုမင်ကို တိုက်ခိုက်လိုက်၏။
လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တောက်ပပြီး ထိုက်ကျိအစီရင်ဓာတ်ပြား ပေါ်လာသည်။ လုမင်က အစီရင်နိယာမကို ထိန်းချုပ်လိုက်သည်။ မရေမတွက်နိုင်သော ရွန်းများက ထိုက်ကျိအစီရင်ဓာတ်ပြားအတွင်းသို့ ဝင်ရောက်သွား၏။ ထိုက်ကျိအစီရင်ဓာတ်ပြားက လျင်မြန်စွာ ကျယ်လာပြီးနောက် ယင်ယန်ကားချပ်တစ်ခု ဖြစ်ပေါ်လာကာ အောက်ဘက်ကို ဖိနှိပ်လိုက်တော့သည်။
"ဝုန်း... ဝုန်း"
မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများအားလုံးက ထိုက်ကျိအစီရင်ဓာတ်ပြားအပေါ်သို့ ကျရောက်ခဲ့သည်။ ထိုက်ကျိအစီရင်ဓာတ်ပြားက တုန်ခါပြီး လွင့်စဉ်သွား၏။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
ထိုအချိန်တွင်၊ လုမင်က အင်အားအပြည့်ဖြင့် လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
သူက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်အား ညွှန်ပြလိုက်ခြင်း ဖြစ်၏။
ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ ငါးဆယ်ရာခိုင်နှုန်း စွမ်းအားက တကယ်ကို အံ့မခန်းပင်။ အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူပင်လျှင် မခံနိုင်ဘဲ သွေးအန်ပြီး နောက်ပြန်ဆုတ်သွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်ကလည်း အက်ကွဲလုနီးပါး ဖြစ်သွားရပေသည်။
"သတ်"
လုမင်က လှုပ်ရှားလာပြီး ထိုသူကိုပင် တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ယခုအခါ လုမင်ကို ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသောသူများက အထွတ်အထိပ် မဟာသူတော်စင် သို့မဟုတ် သူ့အထက်တွင် ရှိသူများ ဖြစ်သည်။ သူ့အောက်မှ လူများကိုတော့ လုမင်က လုံးဝ ဂရုမစိုက်ပေ။
ထို့ကြောင့် လုမင်က အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူကို ဦးစွာ ဖယ်ရှားချင်ခဲ့သည်။
"သေ"
လမ်းတွင်၊ အဆင့်နိမ့် မဟာသူတော်စင် တစ်ဦးနှင့် အဆင့်မြင့် မဟာသူတော်စင်တစ်ဦးက လုမင်ကို တားဆီးရန် ကြိုးစားကြသည်။ သူတို့က ပုဆိန်ကြီးများဖြင့် လုမင်ကို ထိုးခုတ်ကြ၏။
"ရွှမ်... ရွှမ်"
ဓားသွားသံများ ထွက်ပေါ်လာပြီး ထိုက်ကျိအစီရင်ဓာတ်ပြားတွင် ယင်နှင့်ယန်ပုံစံ ပေါ်လာသည်။ ထို့နောက် ယင်နှင့်ယန်ပုံစံက ယင်နှင့်ယန်ငါး ဓားနှစ်လက်အဖြစ် ပြောင်းလဲသွားပြီး နှစ်ဖက်ကို ခုတ်ထစ်လိုက်၏။
အဆင့်နိမ့် မဟာသူတော်စင်က ချက်ချင်း သေဆုံးသွားပြီး အဆင့်မြင့် မဟာသူတော်စင်မှာလည်း သေလုမျောပါး ဒဏ်ရာရရှိသွားခဲ့သည်။ သူ့ခန္ဓာကိုယ်က ပြတ်ကျလုနီးဖြစ်ပြီး အသည်းအသန် နောက်ဆုတ်သွား၏။
သို့ရာတွင်၊ လုမင်က သူ့အား အဘယ်ကြောင့် ဆုတ်ခွာခွင့်ပြုမည်နည်း။ သူ့လက်ထဲမှ ဓားဖြင့် ခုတ်ချလိုက်ရာ သေဆုံးသွားတော့သည်။
နောက်အခိုက်အတန့်တွင်၊ လုမင်၏ပုံရိပ်က ယခင် ဒဏ်ရာရရှိသွားသော အထိပ်အထိပ် မဟာသူတော်စင်နယ်ပယ် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ရှေ့တွင် ပေါ်လာခဲ့သည်။
ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ခုခံရန် ခွန်အားမရှိသလောက်ပင်။ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ့ပတ်ဝန်းကျင်မှ မဟာသူတော်စင်လက်နက် ငါးခုက ပျံသန်းလာပြီး ထိုသူ၏အသက်ကို နှုတ်ယူသွားခဲ့သည်။
သာမာန်အခြေအနေအရ၊ လုမင်သည် အထွတ်အထိပ် မဟာသူတော်စင်တစ်ပါးကို အလွယ်တကူ သတ်ပစ်နိုင်မည် မဟုတ်ပေ။ သို့ရာတွင်၊ ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ အားလုံးနီးပါးက သွေးမျက်လုံးနတ်ဆိုးမျောက်များနှင့် တိုက်ပွဲတွင် ဒဏ်ရာများ ရရှိခဲ့ကြသည်။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားက အထွတ်အထိပ်သို့ မရောက်သေးပါ။ ထို့ကြောင့် လုမင်က ၎င်းတို့ထဲမှ တစ်ဦးကို တရှိန်ထိုး သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် လုမင်က ရပ်တန့်မနေဘဲ အခြားသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို တိုက်ခိုက်ခဲ့သည်။
ရန်သူများတွင် အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူက သုံးဦးသာ ရှိသည်။ ယခု တစ်ယောက်က သေသွားသောကြောင့် နောက်ထပ် နှစ်ယောက်သာ ကျန်တော့သည်။
ဟုတ်သည်၊ ၎င်းတို့တွင် စစ်သူကြီးတစ်ဦး ကျန်ရှိသေး၏။ သို့သော်လည်း ၎င်းက ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သည်။