← Chapters

အခန်း ၁၇၈၀

Vol. 119 Ch. 1780

အခန်း ၁၇၈၀

Vol. 119 Ch. 1780

အပိုင်း ( 1780 ) အမွေဆက်ခံသူ။

လုမင်သည် လုံချန်ကိုလည်း‌ တွေ့မြင်ရသည်။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်က ကျူးကျော်ဝင်ရောက်ပြီး မျိုးနွယ်စုများကို သတ်လိုက်သောအခါ ဒေါသထွက်လွန်းသဖြင့် သူ့မျက်လုံးများ နီရဲသွား၏။ အဆုံးတွင် အချုပ်အနှောင်ကို ဖြတ်ကျော်ကာ သူ၏ ကျင့်ကြံမှုကို ပြန်လည်ရယူပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်အားလုံးကို သတ်ပစ်ခဲ့ပေသည်။

ထို့နောက် ရန်သူ့ တပ်စခန်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူက ပင်ပန်းနွမ်းနယ်ပြီး သေဆုံးခဲ့ပေသည်။

ဟုတ်သည်၊ ဤနေရာတွင် သေဆုံးခြင်းက တကယ်သေခြင်း မဟုတ်ပေ။

လုမင်သည် လုံချန်ကဲ့သို့ပင် ဟွမ်လင်သည်လည်း ရန်သူ့စခန်းသို့ ရောက်ရှိသွားကြောင်း တွေ့ရသည်။ နောက်ဆုံးမှာတော့ သူမကို ရန်သူ ကျွမ်းကျင်သူများစွာက ဝိုင်းရံပြီး သတ်ဖြတ်ခဲ့ပေသည်။

ထို့ပြင်...

နောက်ဆုံးတွင်၊ လုမင်က ရန်သူ၏ တပ်စခန်းထဲသို့ သတ္တိရှိရှိ ထိုးဖောက်ဝံ့သူ လူခြောက်ဦးကိုသာ တွေ့လိုက်ရသည်။

အခြားသူများက အချုပ်အနှောင်ကို မဖောက်နိုင်ခြင်း၊ တိုက်ရိုက်ထွက်ပြေးခြင်း သို့မဟုတ် ရန်သူ၏ တပ်စခန်းများအတွင်းသို့ မဝင်ဝံ့ကြပေ။ သူတို့အားလုံးကို တည်နေရာရွှေ့ပြောင်းခြင်းဖြင့် ပြန်ပို့လိုက်သည်။

အောင်မြင်သူက လုမင်မှတပါး ခြောက်ယောက်သာ ရှိ၏။

သို့သော်လည်း လုမင်ကဲ့သို့ ရန်သူအများအပြားကို ချေမှုန်းပြီး မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ စစ်သူကြီးကို သတ်ဖြတ်ခြင်းကိုတော့ မည်သူမျှ မလုပ်နိုင်ကြပေ။

လုမင်သည် မတူညီသောလူများတွင် မတူညီသော ကျင့်ကြံမှုအခြေခံများဖြင့် ရန်ဘက်များရှိကြောင်း တွေ့ရှိခဲ့သည်။

ဖြေဆိုသူ၏ ကျင့်ကြံမှုအခြေခံ မြင့်မားလေလေ၊ မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ ကျင့်ကြံမှုအခြေခံကလည်း မြင့်မားလေပင်။

ဥပမာအားဖြင့်၊ ဖြေဆိုသူ၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိနေလျှင် ရန်သူတပ်စခန်းမှ အသန်မာဆုံး မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ဧကရာဇ်တစ်ပိုင်း ဖြစ်လိမ့်မည်။

ဤမျှများစွာသော ရန်သူများနှင့် နယ်ပယ်ကွာဟမှုများကို ဖြတ်ကျော်ပြီး အစွမ်းထက်သော ရန်သူကို မည်သူမျှ မသတ်နိုင်ပါ။ လုမင်က သွေးမျက်လုံး နတ်ဆိုးမျောက်နှင့် ငရဲဖိနှိပ်ကျောက်စာချပ်၏ စွမ်းအားကို ငှားရမ်းခြင်းဖြင့် လုပ်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။

ထို့နောက် ဝတ်စုံဖြူဝတ် အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ပုံရိပ်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။

"ဒီတစ်ခေါက်မှာ မင်းအပါအဝင် စုစုပေါင်း လူခုနစ်ယောက်ရှိတဲ့အထဲ မင်းက အကောင်းဆုံး လုပ်ခဲ့တယ်။ ရှေးခေတ်ကတည်းက မင်းနဲ့ဘယ်သူမှ မနှိုင်းယှဉ်နိုင်တဲ့အတွက် ဟွင်းယွမ်ဂိုဏ်းရဲ့ ဆက်ခံသူအစစ်အမှန် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြုံးပြလိုက်သည်။

"ဒီလိုနဲ့ ကျုပ်အောင်မြင်ခဲ့တာလား"

လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

"အမှန်ပဲ၊ ဒီလိုနဲ့ပဲ မင်း အောင်မြင်ခဲ့တယ်။ ဒါက ခက်ခဲပုံမပေါ်ပေမဲ့ တကယ်တော့ အင်မတန် ခက်ခဲပါတယ်။ တကယ်တမ်းမှာ ရှေးခေတ်က အနှိုင်းမဲ့ အစွမ်းထက်တဲ့သူတွေ ရှိခဲ့တယ်။ အားလုံးက မင်းလုပ်တဲ့အတိုင်း လုပ်လို့ရပေမဲ့ အများစုကတော့ အဲဒီလိုလုပ်ဖို့ မရွေးချယ်ခဲ့ကြဘူး။ အဲဒီအစား တပ်စခန်းတွေကို မတိုက်ခိုက်ဘဲ လှည့်ထွက်ခဲ့တာကြောင့် ကျရှုံးခဲ့ကြတယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက သက်ပြင်းချလိုက်သည်။

"တိုက်ခိုက်နိုင်စွမ်းနဲ့ ပါရမီက ဟွင်းယွမ်ဂိုဏ်းကို ဆက်ခံရဖို့ တစ်ခုတည်းသော လိုအပ်ချက်မဟုတ်ဘူး။ သတ္တိ ဒါမှမဟုတ် မကြောက်မရွံ့တဲ့ စိတ်ဓာတ်လည်း လိုအပ်တယ်။ မိသားစုနဲ့ သူငယ်ချင်းတွေ သေဆုံးနေရတာတောင် မတိုက်ခိုက်ဝံ့ဘဲ နောက်ဆုတ်မယ်ဆိုရင် အဲဒီလူကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ ပြောရမယ်။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်ပင် သန်မာနေပါစေ... အရေးမပါတော့ဘူးလေ။ အဲဒီလိုလူက အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ငါတို့ ဟွင်းယွမ်ဂိုဏ်းက ဒီလိုလူကို မလိုချင်ဘူး"

"ဟွင်းယွမ်ဂိုဏ်းက ဆက်ခံသူကို ရွေးချယ်ဖို့ ဒီလောက်ထိ အားထုတ်နေရတာ ဘာအတွက်လဲ"

လုမင်က မေးလိုက်သည်။

"တိုက်ပွဲအတွက် အသင့်ပြင်နေတာ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။ ထိုအချိန်တွင် သူ့မျက်လုံးများမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။

"မင်းလည်း မြင်တွေ့ခဲ့ပြီးသားပါ၊ တိုင်းတပါး မျိုးနွယ်စုတွေ ကျူးကျော်လာတဲ့အခါ ကောင်းကင်ကမ္ဘာကလူတွေ ဆင်းရဲဒုက္ခရောက်ကြရတယ်။ အဆုံးမဲ့ နယ်မြေတွေ သိမ်းပိုက်ခံရတယ်။ နှစ်ပေါင်းများစွာကြာအောင်၊ ကောင်းကင်ကမ္ဘာရဲ့ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေက တိုင်းတစ်ပါးမျိုးနွယ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေလည်း တိုက်ပွဲမှာ ကျဆုံးသွားရတယ်။ အခုဆိုရင် ကောင်းကင်ကမ္ဘာက လုံးဝ သိမ်းပိုက်ခံရသလောက်ပဲ"

"နောက်ပြီးတော့ တိုင်းတပါးမျိုးနွယ်တွေက ယွမ်လုကို လမ်းကြောင်းဖွင့်ဖို့ ကြိုးစားနေကြပြီ။ တစ်ချိန်မှာ တိုင်းတစ်ပါးမျိုးနွယ်တွေက ယွမ်လုကို ဆင်းသက်လာလိမ့်မယ်။ အဲဒီအချိန်မှာ ယွမ်လုကလည်း ကောင်းကင်ကမ္ဘာရဲ့ခြေရာကို လိုက်ရလိမ့်မယ်။ သွေးချောင်းစီးပြီးတော့ ဘယ်သူမှ ရှင်သန်နိုင်မှာ‌ မဟုတ်ဘူး"

"ဒီတိုက်ပွဲက အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ဟွင်းယွမ်ဂိုဏ်းက ပါရမီရှင်တွေနဲ့ အကျော်အမော်တွေကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တာဟာ အနာဂတ်မှာဖြစ်လာမဲ့ နောက်ဆုံးတိုက်ပွဲအတွက်ပဲ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ရှင်းပြလိုက်သည်။

လုမင်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။

တန်တန်သည်လည်း နောက်ဆုံးတိုက်ပွဲ ရောက်လာတော့မည်ဟု ပြောခဲ့ဖူး၏။

ထိုအချိန်က စန်းပြည်နယ်တွင် တိုက်တန် ဦးချိုရှည် နွားချေးပိုးကောင်သည် မှောင်မိုက်သော လမ်းကြောင်းတစ်ခုကို စောင့်ကြပ်နေခဲ့သည်။ ထိုလမ်းကြောင်း၏ တစ်ဖက်ခြမ်းက တိုင်းတစ်ပါးမှ မျိုးနွယ်စုများ ရှိနေခြင်းကြောင့် ဖြစ်မည်လော။

တိုင်းတစ်ပါးမျိုးနွယ်စုများ ဆင်းသက်လာပါက သူ့မိသားစုနှင့် သူငယ်ချင်းများသည်လည်း ယခင်မျိုးနွယ်များကဲ့သို့ ပျောက်ကွယ်သွားကြရမည်လော။

မဟုတ်‌ဘူး၊ လုမင်က ဒါကို ဘယ်တော့မှ ခွင့်မပြုပေ။

လုမင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

"တကယ်တော့ ဒီလိုလုပ်နေတာက ဟွင်းယွမ်ဂိုဏ်းတစ်ခုတည်း မဟုတ်ပါဘူး။ ကောင်းကင်ကမ္ဘာမှာရှိတဲ့ အသန်မာဆုံး အင်အားစုတော်တော်များများက ဒီလိုပဲ လုပ်နေကြတယ်။ သူတို့ရဲ့ အမွေကို ဖြန့်ကျက်တယ်။ တကယ်တော့ ရှေးခေတ်က ယွမ်လုရဲ့ လူသားတွေဟာ သိုင်းလမ်းစဉ်ကို ဘယ်လိုလျှောက်လှမ်းရမလဲ မသိခဲ့ကြဘူး။ နောက်ပိုင်းမှာ သူတို့ အားကောင်းလာရတဲ့ အကြောင်းရင်းက... ကောင်းကင်ကမ္ဘာရဲ့ အသန်မာဆုံး အင်အားစုကြီးတွေက အမွေအနှစ်တွေ ဖြန့်ဝေပေးခဲ့တာကြောင့်ပဲ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ထပ်မံရှင်းပြလိုက်သည်။

လုမင် အံသြသွားသည်။

ယွမ်လု၏ ကျင့်ကြံမှုနည်းလမ်းများက ကောင်းကင်ကမ္ဘာရှိ အင်အားများစွာ၏ ဖြန့်ကျက်ထားခြင်းဖြစ်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

"တကယ်တော့၊ ယွမ်လုမှာရှိတဲ့ ရှေးကျပြီး အင်အားကြီးတဲ့ အင်အားစုတော်တော်များများက ဟွင်းယွမ်ဂိုဏ်းရဲ့ တပည့်တွေပဲ။ သူတို့ရဲ့ ဘိုးဘေးတွေ အားလုံးက ဟွင်းယွမ်ဂိုဏ်းရဲ့ အမွေအနှစ်ကို ရရှိခဲ့ကြတယ်"

"ရှေးခေတ်ကတည်းက၊ ဟွင်းယွမ်ဂိုဏ်းဟာ ကမ္မတိုက်ပွဲကို ကျင်းပရင်း ဆက်ခံသူတွေကို ရှာဖွေနေခဲ့တာ... ဒီဆက်ခံသူတွေကို ရွှေ၊ ငွေ၊ ကြေး ဆိုပြီး အဆင့်သုံးဆင့်ခွဲထားတယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ရှင်းပြလိုက်သည်။

"ဒါဆို ကျွန်တော်က ဘယ်အဆင့်ကို ဆက်ခံနိုင်မှာလဲ"

လုမင်က မေးသည်။

"ရွှေ... အမြင့်ဆုံးအဆင့်။ ရှေးခေတ်ကတည်းက၊ မင်းဟာ တစ်ခုတည်းသောအဆင့်ကို ရောက်နေပြီ။ ဒါကြောင့် မင်းဟာ ဟွင်းယွမ်ဂိုဏ်းရဲ့ စစ်မှန်တဲ့ ဆက်ခံသူ ဂိုဏ်းချုပ်ငယ်ပဲ။ အနာဂတ်မှာ မင်းက ဟွင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို အမွေဆက်ခံရလိမ့်မယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

"အိုး၊ ကောင်းကင်ကမ္ဘာက ဟွင်းယွမ်ဂိုဏ်းမှာ လူဘယ်နှစ်ယောက် ကျန်သေးလဲ"

"မများပါဘူး။ စစ်ကြီးပြီးတဲ့နောက် လူသိပ်မကျန်တော့ဘူး။ ခန်းမသခင် ကိုးယောက်လုံး တိုက်ပွဲမှာ ကျဆုံးခဲ့တယ်။ မင်းက ကစဉ့်ကလျားကျမ်းကို လေ့ကျင့်ထားတာဆိုတော့ ကစဉ့်ကလျားဧကရာဇ်ရဲ့ အမွေကို ရရှိပြီးသား ဖြစ်မှာပေါ့။ အဲဒီတုန်းက ကစဉ့်ကလျားဧကရာဇ်ဟာ ကမ္ဘာပေါ်မှာ အသန်မာဆုံးသူတစ်ဦး ဖြစ်ခဲ့ပေမဲ့ သူလည်း တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက သက်ပြင်းချလိုက်သည်။

လုမင် ဆွံ့အသွား၏။ လူသိပ်မကျန်တော့သော ဟွင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို အမွေဆက်ခံခြင်းက ဘာများထူးခြားဦးမည်နည်း။

"မင်းက ရွှေအဆင့် ဆက်ခံသူဖြစ်တာကြောင့် တခြားသူတွေရဲ့ ပုံတွေကို ကြည့်ခွင့်ရှိတယ်။ တခြားသူတွေကတော့ မင်းရဲ့ပုံကို ကြည့်ခွင့်မရှိဘူး။ နောက်ပြီး အဆင့်နိမ့် အမွေဆက်ခံသူတွေဟာ အဆင့်မြင့် အမွေဆက်ခံသူတွေရဲ့ အမိန့်ကို နားထောင်ရမယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်သည်။

"ဒါနဲ့ ဘာဖြစ်လို့ ပူဖောင်းလေးကို မတွေ့ရတာလဲ။ မဟုတ်သေးဘူး၊ အဲဒီ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ကိုပြောတာ"

လုမင်က မေးသည်။

ယခုပုံရိပ်များထဲတွင် လုမင်က ပူဖောင်းလေးကို မတွေ့ခဲ့ရပေ။

"အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ရဲ့ အထောက်အထားက ထူးခြားတယ်။ သူ့အမေ၊ အရင်မျိုးဆက်ရဲ့ အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက်က ဟွင်းယွမ်ဂိုဏ်းရဲ့ ခန်းမသခင်ကိုးဦးထဲက သခင်တစ်ယောက်ပဲ။ ဒါကြောင့် သူ့ကို စမ်းသပ်ဖို့ မလိုဘူး။ သူ့ကို အရင်မျိုးဆက်က အချိန်ဟင်းလင်းပြင်ဝိညာဉ်ကြွက်ရဲ့ အမွေဆက်ခံရာနေရာကို တိုက်ရိုက်ခေါ်သွားခဲ့တာ"

ဝတ်စုံဖြူဝတ် အဘိုးအိုက ရှင်းပြလိုက်သည်။

လုမင် ဝမ်းသာသွားလေသည်။ ယခင်မျိုးဆက်မှ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏ အမွေအနှစ်ကို ရယူနိုင်ခြင်းက ပူဖောင်းလေးအတွက် ကံကောင်းခြင်း ဖြစ်သည်။

"အင်း၊ ငါ မင်းကို တစ်နေရာကို လိုက်ပို့ပေးမယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဤနေရာ ပတ်ဝန်းကျင်က မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားပြီး ပျောက်ကွယ်သွား၏။ နောက်အခိုက်အတန့်တွင် လုမင်က ခန်းမကျယ်ကြီးတစ်ခုတွင် ပေါ်လာတော့သည်။

ထိုအချိန်တွင်၊ အခြားခန်းမကြီးတစ်ခု၌ လုံချန်၊ ဟွမ်လင်နှင့် အခြားသူများ စုဝေး‌နေကြသည်။ သူတို့ရှေ့မှာတော့ ဝတ်စုံဖြူဝတ် အဘိုးအိုက လေထဲတွင် လွင့်မျောရပ်တည်နေ၏။

"မင်းတို့အားလုံး စမ်းသပ်မှုကို အောင်မြင်ပြီး ဟွင်းယွမ်ဂိုဏ်းရဲ့ ငွေအဆင့် အမွေဆက်ခံသူ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောဆိုပြီး တချို့အရာများကို ရှင်းပြလိုက်သည်။

လူခြောက်ယောက်စလုံး၏ မျက်လုံးများက တောက်ပလာ၏။ သို့သော်လည်း စကားဖြတ်မပြောဘဲ တိတ်တဆိတ် နားထောင်နေလိုက်ကြသည်။

သူတို့အားလုံးက အင်အားကြီးမားသော ဂိုဏ်းဂဏများမှ ဆင်းသက်လာကြသောကြောင့် လုမင်ထက် လျှို့ဝှက်ချက်များစွာကို ပိုသိကြပေသည်။ ဟွင်းယွမ်ဂိုဏ်း၏ ဆက်ခံသူဖြစ်လာခြင်းက အကျိုးကျေးဇူးများစွာကို ဆောင်ကြဉ်းလာမည်မှန်း ၎င်းတို့ သိကြသည်။

"အခု မင်းတို့ကို အာဒိကပ္ပ(ရှေးကမ္ဘာဦး)ချီတစ်ခုစီ ငါ ဆုချမယ်။ နောင်မှာ မင်းတို့တွေ သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ပြီး ကိုယ်ပိုင်ကမ္ဘာငယ်ကို တည်ဆောက်တဲ့အခါ မင်းတို့ရဲ့ ကမ္ဘာငယ်လေးကို တည်ငြိမ်မှုရှိပြီး ခိုင်ခံ့စေဖို့ အာဒိကပ္ပချီကို သန့်စင်နိုင်တယ်"

ဝတ်စုံဖြူဝတ် အဘိုးအိုက သူ့လက်ကို မြှောက်လိုက်သည်။ သူ့လက်‌ဝါးပေါ်မှာတော့ ဝိညာဉ်တစ်ကောင်ကဲ့သို့ လှုပ်ရှားနေသော ချီစီးကြောင်းခြောက်ခု ရှိနေတော့သည်။

All Chapters