အခန်း ၁၇၈၅
Vol. 119 Ch. 1785
အပိုင်း ( 1785 ) အကြည့်တစ်ချက်ဖြင့် ပါရမီရှင်တစ်ဦးကို အနိုင်ယူခြင်း။
အမှန်အတိုင်း ဝန်ခံရလျှင် လော့ထျန်းယီက အလွန် လှပသည်။ သူမ၏ ရုပ်ရည်က ဟွမ်လင်၊ ရှဲ့နျန်ချင်းတို့နှင့် နှိုင်းယှဉ်နိုင်ပေသည်။ သို့ရာတွင်၊ သူမတွင် ဆွဲဆောင်မှုရှိသော ရောင်ဝါတစ်ခု ရှိသည်။ သူမ၏ မျက်မှောင်ကြုတ်မှုတိုင်း၊ အပြုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းက လွန်စွာ ဆွဲဆောင်မှုရှိပေသည်။
ပတ်ဝန်းကျင်ရှိ လူငယ်အများစုက ဆွဲဆောင်ခံရကာ လော့ထျန်းယီအား စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်ကြသည်။
ဝမ်ဖျင်ယန်းသည်လည်း အလားတူပင်။ လော့ထျန်းယီကို မြင်လိုက်ရပြီးနောက် သူ့မျက်လုံးများက အရောင်တလက်လက် တောက်ပလာခဲ့သည်။ သူ၏ မျက်လုံးအကြည့်များကို နေရာမပြောင်းနိုင်တော့ပေ။
"ယဉ်ကျေးလွန်းပါပြီ၊ ဒီနေ့ နတ်သမီးထျန်းယီနဲ့ တွေ့ဆုံခွင့်ရတာက ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ"
"နတ်သမီးက တကယ်ကို နတ်သမီးလေးလို လှပပါပေတယ်။ ဒီနေ့ မင်းနဲ့ တွေ့ခွင့်ရတာက ဂုဏ်ယူစရာပဲ"
ပါရမီရှင်တချို့က လော့ထျန်းယီ၏ အာရုံစိုက်မှုကို ဖမ်းစားရန် ချက်ချင်း ပြောဆိုလိုက်ကြသည်။
ယောင်ချစ်၏ နတ်သမီးများ မွေးဖွားလာတိုင်းမှာ သူမနှင့်အတူ ကြီးပြင်းလာစေရန် ဓမ္မကာကွယ်သူတစ်ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။
ဓမ္မကာကွယ်သူဟုဆိုသော်လည်း တာအိုလက်တွဲဖော် သို့မဟုတ် ခင်ပွန်းလောင်း ဖြစ်ပေသည်။
ဤသည်မှာ သာမန် နတ်သမီးများသာမကဘဲ အမွေဆက်ခံသူ နတ်သမီးအတွက်ပင် အတူတူ ဖြစ်သည်။
အကယ်၍ လူတစ်ယောက်က ယောင်ချစ်၏ အမွေဆက်ခံသူ နတ်သမီးကို ကာကွယ်သူဖြစ်လာခဲ့လျှင် ရှားရှားပါးပါး မိန်းမလှလေးကို ပိုင်ဆိုင်နိုင်ရုံသာမက ယောင်ချစ်၏ ကြီးမားသော အရင်းအမြစ်များကိုလည်း ခံစားနိုင်မည် ဖြစ်သည်။ ဒါကို မည်သူက မမက်မောဘဲ ရှိမည်နည်း။
လော့ထျန်းယီက ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။
"လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ထိုင်ကြပါ"
လူတစ်ယောက်ယောက်မှတပါး၊ လူတိုင်းက ကိုယ့်နေရာတွင် ထိုင်လိုက်ကြသည်။
ခရမ်းရောင် ၀တ်စုံဝတ်ထားပြီး ထွားကျိုင်းသော လူငယ်တစ်ယောက် ဖြစ်၏။ သူ့တွင် ဖမ်းစားနိုင်ဆုံးအရာမှာ လေထဲတွင် လွတ်လွတ်လပ်လပ် စီးဆင်းနေသော ခရမ်းရောင်ဆံပင်များ ဖြစ်သည်။ သူ့ပုံစံက ယဉ်ကျေးမှုမရှိဘဲ မောက်မာပုံရပေသည်။
သူက လော့ထျန်းယီအား စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"နတ်သမီး၊ မင်းတစ်ယောက်တည်း အဆောင်ထဲမှာ ထိုင်နေရတာက အထီးမကျန်ဘူးလား။ ဘာဖြစ်လို့ ငါ့ကို လာပြီး အဖော်ပြုခွင့် မပေးရမှာလဲ"
စကားဆုံးသည်နှင့် သူက အဆောင်ပေါ်သို့တက်ရန် ကြံရွယ်ကာ ရှေ့သို့ ပျံသန်းသွား၏။
"ဒါက ကောင်းကင်ဝံပုလွေမျှော်စင်က ရှထို့ပဲ"
လူတစ်ယောက်က ထိုလူငယ်ကို အသိအမှတ်ပြုကာ ပြောလိုက်သည်။ ၎င်းက အလွန်အစွမ်းထက်သော ပါရမီရှင်တစ်ဦးပင်။
ရှထို့က ရှေ့သို့ တိုးလာကာ အဆောင်ရှိရာသို့ အမြန်သွားလိုက်သည်။
ယောင်ချစ်၏ သာမန် နတ်သမီးကိုးယောက်၏ မျက်နှာတွင် အလိုမကျသော အရိပ်အယောင်တို့ ပေါ်လာသည်။
ထိုလူငယ်၏ အပြုအမူက ယောင်ချစ်၏ အမွေဆက်ခံသူ နတ်သမီးကို စော်ကားသလိုဖြစ်နေသည် မဟုတ်လော။
"ဒီကအစ်ကို၊ ရှင် စည်းကျော်သွားပြီ။ နတ်သမီးထျန်းယီက ရှင့်ကို မဖိတ်ရသေးဘူး"
သာမန် နတ်သမီးတစ်ပါးက လေထဲသို့ ပျံတက်လာကာ ရှထို့ကို ပိတ်ဆို့လိုက်သည်။
"သူ မဖိတ်ရင် ငါက တက်လို့မရဘူးပေါ့။ ယောင်ချစ်ရဲ့ အမွေဆက်ခံသူ နတ်သမီး ဒီကိုရောက်လာတာက လင်ရှာဖို့ပဲ မဟုတ်ဘူးလား။ ငါက အရည်အချင်းမပြည့်ဘူးလို့ မင်းထင်လို့လား"
ရှထို့က ပြောလိုက်သည်။ သူ၏ ခရမ်းရောင်ဆံပင်များက လေထဲတွင် လူးလွန့်လှုပ်ရှားနေ၏။ သူက လော့ထျန်းယီအား ပို၍ ပူပြင်းသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
"ရှင့်ရဲ့ စကားတွေက တရားလွန်လာပြီ"
ယောင်ချစ် သာမန်နတ်သမီး၏ မျက်နှာအမူအရာက ပို၍ပင် မှုန်ကုပ်သွားခဲ့သည်။
ရှထို့၏ စကားများက ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်။
"ဘာတွေ ဟန်ဆောင်နေတာလဲ။ မိန်းမတွေဆိုတာ ယောက်ျားတွေ နှစ်သက်တာခံရဖို့ မွေးဖွားလာခဲ့ကြတာပဲ။ ဒီလိုမှမဟုတ်ရင် ဒီကမ္ဘာမှာ မွေးဖွားလာခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲ။ ငါ့ရှေ့ကနေ ဖယ်စမ်း"
ရှထို့က သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ သာမာန် နတ်သမီးများ၏ မျက်နှာများက ဖြူဖျော့ပြီး နောက်သို့ ဆုတ်သွားရတော့သည်။
ရှထို့က မဟာသူတော်စင်နယ်ပယ်တွင်ရှိပြီး အလွန်အစွမ်းထက်သည်။ သူသည် ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်၏။ ၎င်းက အလွန်အင်အားကြီးသော ကောင်းကင်ဝံပုလွေမျှော်စင်မှ ဆင်းသက်လာသူလည်း ဖြစ်သည်။
"ဒုန်း... ဒုန်း"
ကျယ်လောင်သော ဟိန်းဟောက်သံဖြင့် သာမန် နတ်သမီးတချို့ကို ပြန်ဆုတ်စေခဲ့ပြီးနောက် ရှထို့က ပို၍ မာနကြီးလာသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေထုက တုန်လှုပ်သွားရသည်။
"ကောင်းကင်ဝံပုလွေမျှော်စင်ရဲ့ အဖွဲ့ဝင်တွေက တကယ်ကို ကြီးစိုးကြတာပဲ"
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
"ကောင်းကင်ဝံပုလွေမျှော်စင်က ဝံပုလွေတွေနဲ့ ပြည့်နေတာပဲလေ။ သူတို့က မောက်မာသလို ရမ်းကားတတ်ပြီး အချင်းချင်း အလွန်အမင်း ကာကွယ်တတ်ကြတယ်။ သူတို့က အရူးတွေချည်းပဲ၊ ငါတို့ သွားမရှုပ်တာ ပိုကောင်းပါတယ်"
နောက်လူက ပြောလိုက်လေသည်။
ထိုအချိန်တွင် အခြားသော နတ်သမီးများက ရှထို့၏ရှေ့တွင် ရပ်လိုက်ကြသည်။
"ငါ့ရှေ့က ဖယ်စမ်း"
ရှထို့က ထပ်မံ ငေါက်လိုက်သည်။ သူ၏ ခရမ်းရောင်ဆံပင်များက ခရမ်းရောင်ဝံပုလွေများအဖြစ်သို့ ပြောင်းလဲသွားတော့မည်ကဲ့သို့ တဖျပ်ဖျပ် လှုပ်ရှားလာ၏။
"သူလာပါစေ"
လော့ထျန်းယီက ပြောလိုက်သည်။
ကျောက်စိမ်းခုံပေါ်မှာ ထိုင်နေရင်း သူ့မျက်နှာအမူအရာက ငြိမ်သက်နေသည်။ သူက လက်ဖက်ရည်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး သောက်လိုက်၏။
"ကောင်းပါပြီ"
နတ်သမီးများက ခေါင်းညိတ်ပြပြီး မိမိနေရာကို ပြန်လျှောက်သွားတော့သည်။
"ဟားဟားဟား၊ မိန်းကလေး နတ်သမီးထျန်းယီ၊ ငါက မင်းရဲ့ ကာကွယ်သူဖြစ်လာမယ် မဟုတ်လား။ ဒီလိုဆိုရင် ငါတို့ ဒီညပဲ လုပ်နိုင်တယ်"
ရှထို့က ရယ်မောပြီး အဆောင်အနားသို့ ဆင်းသက်လိုက်သည်။
"ထျန်းယီရဲ့ ကာကွယ်သူ ဖြစ်လာဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင့်မှာ လုပ်နိုင်စွမ်း ရှိမရှိ ကြည့်ရမယ်"
လော့ထျန်းယီက ပြုံးလိုက်သည်။ ထိုအချိန်တွင် သူမ၏ မျက်လုံးများက မည်းနက်လာ၏။ သူမ၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ထွက်လာတော့သည်။
ထိုအချိန်တွင် ရှထို့၏ ခန္ဓာကိုယ်က အေးခဲသွားသည်။ နောက်အခိုက်အတန့်တွင် သူက အလန့်တကြား အော်ဟစ်လိုက်၏။
"ဘယ်သူလဲ”
ထို့နောက် ရုတ်တရတ် လှည့်၍ နောက်ဘက်ကို လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားတစ်ခုက လေထုကို ထိုးဖောက်သွားတော့သည်။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ရှထို့၏နောက်မှာ မည်သူမျှ မရှိပေ။ သူက ဘာကြောင့် တိုက်ခိုက်လိုက်တာလဲ။
သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက ပို၍ပင် အံ့ဩစရာကောင်းသည်။
ရှထို့က ဟိန်းဟောက်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။ တစ်စုံတစ်ယောက်နှင့် အပြင်းအထန် တိုက်ခိုက်နေသကဲ့သို့ သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နေသည်။ ရာနှင့်ချီသော လက်သီးချက်များ ထုတ်ဖော်ပြီးနောက် ရှထို့က အော်ဟစ်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာကလည်း သွေးဆုတ်ဖြူရော်နေတော့သည်။
"ပုံရိပ်ယောင်၊ ရှထို့က ပုံရိပ်ယောင်ထဲ ကျရောက်သွားတာပဲ"
လူတစ်ယောက်က အော်လိုက်သည်။
ရှထို့က ပုံရိပ်ယောင်များသို့ ကျရောက်နေကြောင်း ထင်ရှားလှပေသည်။ မဟုတ်လျှင်၊ ဤအခြေအနေမျိုးရှိမည် မဟုတ်ပေ။
သို့သော်လည်း ရှထို့၏ ကျင့်ကြံမှုဖြင့်ပင် ပုံရိပ်ယောင်ထဲသို့ မသိလိုက်ဘဲ ကျရောက်ခဲ့ရခြင်းမှာ အံ့ဖွယ်ကောင်းလှသည်။
ထိုအချိန်တွင်၊ ရှထို့က သတိပြန်ဝင်လာသည်။ သူက မျက်စိပျက် မျက်နှာပျက်ဖြင့် လော့ထျန်းယီကို လှမ်းကြည့်လိုက်၏။
"ရှင်က ဒီနေရာမှာတောင် ထိုင်လို့မရဘူး။ ကြည့်ရတာ ရှင်က ထျန်းယီရဲ့ ဓမ္မကာကွယ်သူဖြစ်လာဖို့ အရည်အချင်း မပြည့်မီဘူးထင်တယ်"
လော့ထျန်းယီက ပြုံးလျက် ပြောလိုက်သည်။
"ရှထို့၊ မင်း ဆင်းလာခဲ့ရင် ပိုကောင်းမယ်။ မင်းရဲ့အဆင့်နဲ့ မင်းမှာ အရည်အချင်းမရှိဘူး"
လူငယ်တစ်ယောက်က မခိုးမခန့် ပြော၏။
ယနေ့ ရောက်ရှိလာသော ပါရမီရှင် အများစု၏ ကျင့်ကြံမှုအခြေခံက ရှထို့နှင့် တန်းတူရည်တူ ဖြစ်သည်။ သူတို့က သူ့ကို မကြောက်ကြပေ။
ရှထို့၏ မျက်နှာက ပို၍ပင် မည်းမှောင်လာသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့ပြီး ယောင်ချစ်အင်မော်တယ်နန်းတော်မှ လှည့်ထွက်သွားတော့သည်။
ဤနေရာတွင် ဆက်နေခြင်းက ရှက်စရာကောင်းလှသည်။ ယခင်က သူသည် ကြီးစိုးကာ လော့ထျန်းယီကို သူ့မိန်းမ ဖြစ်စေလိုသည်ဟု ပြောခဲ့သည်။ ယခုတော့ လော့ထျန်းယီက မလှုပ်ရှားရသေးမီပင် သူ ဒဏ်ရာရသွားပြီ။ သူက လော့ထျန်းယီကို မယှဉ်နိုင်ကြောင်း ထင်ရှားသည်။
"ထျန်းယီနဲ့ အတူသောက်ချင်ရင် လှမ်းလာခဲ့ကြပါ၊ ဒီကျောက်စိမ်းလှေကားကနေ အဆောင်ပေါ်ကို လှမ်းဝင်နိုင်သရွေ့ ထျန်းယီက အဖော်ပြုပြီး လက်ဖက်ရည် သောက်ပေးမယ်"
လော့ထျန်းယီက ပြုံးပြီး ပြောလိုက်သည်။
သူမ၏ စကားက လူများစွာကို သွေးဆောင်နိုင်ခဲ့ပေသည်။
လော့ထျန်းယီနှင့် အတူထိုင်ပြီး လက်ဖက်ရည်သောက်နိုင်ပါက သူမနှင့်ပိုပြီး ရင်းနှီးလာနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် သူမ၏ နှလုံးသားကို အနိုင်ယူရန်ပင် အခွင့်အရေး ရှိသေးသည်။
ယင်းကြောင့် ပါရမီရှင် လူငယ်များစွာ၏ မျက်လုံးများက တောက်ပလာခဲ့ရသည်။
"ငါလုပ်မယ်"
လူအုပ်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ကျောက်စိမ်းလှေကားပေါ်သို့ ခုန်ဆင်းလာ၏။ ထို့နောက် အဆောင်ဆီသို့ လျှောက်သွားတော့သည်။
"ဒါက ရွှေကျီးကန်းမျိုးနွယ်ရဲ့ ပဉ္စမမြောက်မင်းသားပဲ"
တစ်စုံတစ်ယောက်က ထိုလူငယ်ကို အသိအမှတ်ပြုလိုက်သည်။
'ရွှေကျီးကန်းမျိုးနွယ်'
လုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
ဒဏ္ဍာရီများအရ ရွှေကျီးကန်းမျိုးနွယ်သည် အလွန် အစွမ်းထက်သည်။ မျိုးဆက်သစ်များတွင်လည်း မင်းသားဆယ်ပါးရှိပြီး တစ်ယောက်ချင်းစီက စွမ်းအားကြီး၏။ သူတို့အားလုံးက ကြောက်စရာကောင်းသော တည်ရှိမှုများ ဖြစ်ကြသည်။
ရွှေကျီးကန်းမျိုးနွယ်၏ ပဉ္စမမင်းသားကလည်း အလွန်ကျော်ကြားခဲ့ပေသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ကပင် သူသည် မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့သည်။
ယခုအချိန်တွင် ရွှေကျီးကန်း ပဉ္စမမင်းသား၏ မျက်နှာက လေးနက်နေသည်။ သူ့ခန္ဓာကိုယ်ကို နေမင်း၏ နတ်မီးလျှံထဲက လွှမ်းခြုံထား၏။ သူက တစ်လှမ်းချင်း တက်လှမ်းသွားသော်လည်း လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်လှုပ်လာတော့သည်။
"ချိုးဖြတ်လော့"
နောက်ဆုံးတွင် သူက မျက်လုံးမှိတ်ပြီး ဟိန်းဟောက်လိုက်သည်။
"ဝုန်း"
ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုကို တွန်းလှန်ရန် ကြိုးစားနေသကဲ့သို့ နေမီးလျှံများက သူ့ခန္ဓာကိုယ်မှ ဟုန်းခနဲ ထတောက်လာသည်။ သို့သော်လည်း ခဏအကြာတွင် သူ့ခန္ဓာကိုယ်က တုန်ခါပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ လွင့်စဉ်သွားတော့သည်။