← Chapters

အခန်း ၁၇၈၉

Vol. 120 Ch. 1789

အခန်း ၁၇၈၉

Vol. 120 Ch. 1789

အပိုင်း ( 1789 ) ရွယ်နင်ရှင်းကို ပြန်တွေ့ရခြင်း။

'ငါ နောက်ထပ် မဟာသူတော်စင်လက်နက်တချို့ကို တံဆိပ်ခတ်နိုင်သင့်တယ်'

လုမင်က တွေးတောလိုက်သည်။

အန္တိမသူတော်စင်လက်နက်များကို ဆက်လက် တံဆိပ်ခတ်ရန် မဖြစ်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က မခံနိုင်တော့ပါ။ မဟုတ်လျှင်၊ သူ၏ ကျင့်ကြံမှုက အနည်းဆုံး မဟာသူတော်စင်နယ်ပယ်သို့ တိုးတက်ရမည် သို့တည်းမဟုတ် သူ၏ ဝိညာဉ်ခန္ဓာကို ထပ်မံ တိုးတက်စေရမည်။

သို့သော်လည်း နောက်ထပ် မဟာသူတော်စင်လက်နက်တချို့ကိုတော့ တံဆိပ်ခတ်နိုင်သင့်သည်။ ဤနည်းအားဖြင့် သူ၏ခွန်အားက အနည်းငယ် တိုးလာပေလိမ့်မည်။

ထို့နောက်တွင်၊ လုမင်က နောက်ထပ် မဟာသူတော်စင်လက်နက်ခြောက်ခုကို တံဆိပ်ခတ်လိုက်သည်။ ယခုအခါ သူ တံဆိပ်ခတ်ထားသည့် မဟာသူတော်စင်လက်နက် အရေအတွက်က ဝမ်ဖျင်ယန်းကဲ့သို့ ဆယ့်နှစ်ခုအထိ ရောက်ခဲ့ပြီ။

လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်ပြီးနောက် လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းနှင့် အစီရင်နိယာမ၏ ကျမ်းစာလိပ်ကိုးတွဲမှ တံဆိပ်ခတ်ခြင်းစာလိပ်ကို ဆက်လက် နားလည်ဆင်ခြင်ခဲ့သည်။

အချိန်များ ကုန်လွန်သွားပြီ။ မျက်စိတစ်မှိတ်အတွင်း နှစ်လ ကြာသွားသည်။

လုမင်၏ ကျင့်ကြံမှုကလည်း တိုးတက်လာပြီး မဟာသူတော်စင်နယ်ပယ်သို့ တဖြည်းဖြည်း ချဉ်းကပ်ခဲ့၏။

ဤကာလတွင်၊ ရှေးဟောင်းလမြင့်မြတ်‌နယ်မြေက တည်ငြိမ်နေခဲ့သည်။

ကောင်းကင်ဧကရာဇ်မြို့တော်မှ ပါရမီရှင်များစွာ ပြန်ရောက်လာသော်လည်း ယွမ်တောင်မြင့်မြတ်တဲ့ကျောင်းတော်ဖွဲ့ပွဲကို စောင့်မျှော်ရင်း ပြင်ဆင်မှုများ ပြုလုပ်နေကြလေသည်။

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို မဟာဧကရာဇ်များစွာက တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင်၊ ယွမ်တောင်၏ ပါရမီရှင်အားလုံးက ကောင်းကင်ဧကရာဇ်မြို့တော်တွင် စုဝေးကြမည်မှာ အသေအချာပင်။ ကောင်းကင်ဧကရာဇ်မြို့တော်က နိုးထခြင်းအတွက် ယှဉ်ပြိုင်ပွဲနေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။ မိမိ၏ ကျင့်ကြံမှု မလုံလောက်ပါက အခြားသူများ၏ ခြေနင်းကျောက်တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့်၊ အားလုံးလိုလိုပင် လုံ့လစိုက်ကာ လေ့ကျင့်နေခဲ့ကြသည်။

ယနေ့တွင်၊ ဟွမ်လင်နှင့် လုံချန်တို့က အလုံးစုံဝိညာဉ် ကုန်သွယ်ရေးမြို့တော်သို့ သွားရောက်ရန် လုမင်ထံသို့ ရောက်လာခဲ့ကြသည်။

အလုံးစုံဝိညာဉ် ကုန်သွယ်ရေးမြို့တော်သည် ရှေးဟောင်းလမြင့်မြတ်နယ်မြေတွင် အလွန်ကျော်ကြား၏။ ၎င်းက ဝမ်မျိုးနွယ်အပါအဝင် အင်အားစုအမြောက်အများဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အလုံးစုံဝိညာဉ် ကုန်သွယ်ရေးမြို့တော်တွင် ဈေးဆိုင်များစွာရှိပြီး ရတနာမျိုးစုံနှင့် ရှေးဟောင်းပစ္စည်းများကိုပင် မြင်တွေ့နိုင်ပေသည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာခဲ့ပြီးနောက် ၎င်းက အနှိုင်းမဲ့ သာယာဝပြောလာခဲ့ပြီး ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင် အကြီးဆုံး ကုန်သွယ်မှုနေရာများမှတစ်ခု ဖြစ်လာခဲ့သည်။ နေ့စဉ်နှင့်အမျှ လူပင်လယ်ကြီးကို တွေ့ရနိုင်ပေသည်။

လုမင်လည်း ထိုနေရာကို သဘာဝအတိုင်း သိလိုသောကြောင့် ချက်ချင်း သဘောတူလိုက်သည်။ သူ့အတွက် အသုံးဝင်သော အရာများကို ဝယ်နိုင်မလားဆိုတာ သိချင်မိ၏။

ထို့ပြင်၊ သူ့အတွက် အသုံးမဝင်သော ပစ္စည်းတချို့ကို ရောင်းချကာ ကျောက်ကြမ်းများနှင့် လဲလှယ်လိုသည်။

လုမင်လည်း ပူဖောင်းလေးကို ခေါ်ဆောင်ကာ လိုက်ခဲ့လေသည်။ မကြာမီ၊ သူတို့ရှေ့တွင် မြို့ကြီးတစ်မြို့ ပေါ်လာသည်။

ဤမြို့က အလွန်ကြီးမားပြီး မြို့တွင်းမှ လူများ ဝင်ထွက်သွားလာသည်ကို တွေ့မြင်နိုင်၏။ မြို့ပြင်မှာလည်း လူများ အတောမသတ် သွားလာနေကြသေးသည်။

တချို့ကလည်း မြိုအတွင်းသို့ ဝင်ကြသည်။ မြို့ထဲသို့ ဝင်ရောက်ချင်လျှင် ကျောက်ကြမ်းများကို ပေးရသည်။

သူတို့လေးဦးလည်း ဝင်ကြေးပေးပြီး မြို့ထဲကို ဝင်ခဲ့ကြလေသည်။

မြို့ထဲသို့ဝင်သည်နှင့် တွေ့မြင်ရသည်မှာ အဆုံးမရှိသော စျေးဆိုင်မျိုးစုံ ဖြစ်သည်။

'ကုန်သွယ်ရေးမြို့တော်ကို တည်ဆောက်ထားတဲ့ အင်အားစုတွေက တကယ်ကို ငွေအများကြီးရနေတာပဲ။ မြို့ထဲကိုဝင်ဖို့ အခကြေးငွေပေးရပြီး အဲဒီဆိုင်တွေကို ငှားယမ်းခလည်း ရတယ်။ တစ်နှစ်ဆိုရင် ကျောက်ကြမ်းဘယ်လောက်တောင် ရရှိမလဲ'

လုမင် သက်ပြင်းချလိုက်သည်။

ဝမ်မျိုးနွယ်က ဤမျှ ကြွယ်ဝချမ်းသာနေတာ အံ့ဩစရာမဟုတ်တော့ပေ။ ဝမ်မျိုးနွယ်၏ တပည့်တိုင်းတွင် လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်ရန် သူတော်စင်လက်နက်များစွာ ရှိသည်။

ဝမ်မျိုးနွယ်သည် နှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိပြီး တပည့်များက အလွန်တရာ ပေါများသည်။ လူတိုင်းကလည်း လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်သောကြောင့် လိုအပ်သော သူတော်စင်လက်နက်အရေအတွက်က ကြောက်စရာကောင်းသော နံပါတ်တစ်ခု ဖြစ်လိမ့်မည်။

အထူးသဖြင့်၊ ဧကရာဇ်အဆင့် အကျော်အမော်များ ဖြစ်သည်။ သူတို့လေ့ကျင့်ရန် ဧကရာဇ်လက်နက်များကို လိုအပ်၏။ ထိုအတွက် ဈေးက ပို၍ ကြောက်စရာကောင်းလိမ့်မည်။ ဝင်ငွေကောင်းကောင်းမရှိလျှင် လေ့ကျင့်နိုင်မည် မဟုတ်ပါ။

သူတို့လူစုက လမ်းတစ်လျှောက် သွားလာရင်း လိုအပ်သောအရာများကို ဝယ်ယူနေခဲ့ကြသည်။

လုမင်လည်း စျေးဆိုင်အနည်းငယ်သို့ဝင်ကာ သူ့အတွက် အသုံးမဝင်သော ပစ္စည်းအားလုံးကို အဆင့်မြင့် ကျောက်ကြမ်းများဖြင့် လဲလှယ်ခဲ့လေသည်။

အများအားဖြင့်၊ သူတော်စင်နယ်ပယ်သို့ ရောက်သောအခါ လေ့ကျင့်ရန်အတွက် အဆင့်မြင့် ကျောက်ကြမ်းများကိုသာ အသုံးပြုကြသည်။

ယခုအခါ၊ လုမင်တွင် သူတော်စင်လက်နက် အနည်းငယ်သာ ကျန်တော့သည်။ သူက ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ကို ရေလောင်းရန်အတွက် ဝိညာဉ်အရည်အမြောက်အမြား ဝယ်ယူခဲ့ရသည်။ ပူဖောင်းလေးအတွက်လည်း ဝိဉာဉ်ဆေးပင်အချို့ကို ဝယ်ခဲ့သေးသည်။

ရုတ်တရက်၊ ဦးတည်ရာတစ်ခုဆီသို့ လူများစွာတို့ စုဝေးနေသည်ကို တွေ့လိုက်ရသည်။ သူတို့လည်း စူးစမ်းလိုစိတ်ဖြင့် နောက်မှ လိုက်သွားကြ၏။ ထိုအခါ လူများစွာ ခန်းမကြီးတစ်ခုထဲသို့ ပြေးဝင်သွားကြသည်ကို တွေ့လိုက်ရလေသည်။

"ဒီကညီအစ်ကို၊ လူတွေ ဘာဖြစ်လို့ ဒီလောက်စိတ်အားထက်သန်နေရတာလဲ‌ဗျ"

လုမင်က လူငယ်တစ်ယောက်ကို ‌မေးကြည့်လိုက်သည်။

"ဒီခန်းမက ကျွန်တွေကိုရောင်းတဲ့နေရာလေ။ လူသားကော နတ်ဆိုးသားရဲကော ကျွန်မျိုးစုံရှိတယ်။ ဒီတစ်ခေါက်မှာတော့ အစစ်အမှန်နဂါးမျိုးနွယ်ဝင် ရှားရှားပါးပါး အလှလေးတစ်ဦးကို ရောင်းဖို့ရှိနေတယ်တဲ့။ ဒါက ကြုံတောင့်ကြုံခဲပဲလေ။ ကျုပ်သွားတော့မယ်၊ နောက်ကျနေဦးမယ်"

ထိုလူငယ်က ပြောဆိုပြီး ရှေ့ကို ပြေးသွားသည်။

"အစစ်အမှန်နဂါး... မိန်းမလှလား"

လုမင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"သွားကြည့်ရအောင်"

လုမင်က လုံချန်နှင့် ဟွမ်လင်တို့ကို ပြောလိုက်၏။ ထို့နောက် သုံးယောက်သား ခန်းမဆီသို့ လျှောက်သွားကြသည်။

ခန်းမသည် အလွန်ကျယ်ဝန်းသော်လည်း လူများဖြင့် စည်ကားနေပြီ။ သုံးယောက်သား လူအုပ်ကြားထဲ တိုးဝင်ကာ ရှေ့ကို မျှော်ကြည့်လိုက်ကြသည်။

ခန်းမရှေ့တွင် စင်မြင့်တစ်ခု ရှိသည်။ ဤနေရာက ကျွန်များ ရောင်းချရာနေရာ ဖြစ်၏။ ထိုအချိန်တွင် စင်မြင့်ပေါ်မှာ လှပသော မိန်းကလေးတစ်ဦး ထိုင်နေသည်။ သူ၏ လည်ပင်း၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တို့တွင် ‌လက်ပတ်ကဲ့သို့ တစ်စုံတစ်ခုကို ဝတ်ဆင်ထား၏။ ထိုလက်ပတ်များပေါ်မှာလည်း လှုပ်ရှားနေသော ရွန်းများ ရှိနေကြသေးသည်။ ၎င်းက ကျင့်ကြံမှုအခြေခံကို တံဆိပ်ခတ်နိုင်ကြောင်း ထင်ရှားသည်။

ထိုမိန်းကလေး၏ မျက်နှာက ဖြူဖပ်ဖြူရော်နှင့် အားနည်းနေပုံရသည်။ သူမ၏ နှင်းဖြူဝတ်စုံ နေရာများစွာက စုတ်ပြဲနေပြီး ကြာပွတ်ကြောင့်ဖြစ်ပုံရသည့် ဒဏ်ရာများလည်း ပေါ်လွင်နေ၏။ ဖြူနုသော အသားအရေက သွေးစတို့ဖြင့် အညိုကွက်ကြီးများ ဖြစ်ပေါ်နေသေးသည်။

သူမကို ညှဉ်းပန်းနှိပ်စက်ထားကြောင်း ထင်ရှားသည်။

သို့ရာတွင်... သူမက ဒဏ်ရာရရှိပြီး အရှိန်အဝါများ အားနည်းနေသည့်တိုင်၊ သူမ၏ လှပသော အသွင်ပြင်ကိုတော့ ဖုံးကွယ်ထားလို့မရပေ။

"ဝုန်း"

ထိုအမျိုးသမီးကို မြင်လိုက်ရပြီးနောက် လုမင်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူ့ထံမှ အေးစက်ပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်ပေါ်လာ၏။

'ဆရာတူအစ်မ'

လုမင်၏ သတ်ဖြတ်ချင်စိတ်က ဒီရေလှိုင်းလုံးကြီးကဲ့သို့ လိမ့်တက်လာပြီး ကြောက်စရာကောင်းလွန်းသည်။

စင်မြင့်ပေါ်ရှိ မိန်းကလေးက အမှန်တကယ်ပင် လုမင်၏ ဆရာတူအစ်မ ရွယ်နင်ရှင်း ဖြစ်တော့သည်။

သူ၏ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်က ဘေးပတ်ဝန်းကျင်မှ လူများကို အေးစက်သွားစေပြီး အလိုအလျောက် နောက်ကိုဆုတ်သွားစေခဲ့သည်။

"လုမင်၊ ဘာဖြစ်လို့လဲ"

တစ်ဖက်မှ ဟွမ်လင် အံ့သြသွားသည်။ လုမင်ထံမှ ဤမျှ ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်က အဘယ်ကြောင့် ရုတ်တရက် ပေါက်ကွဲထွက်လာသနည်း။

"စင်မြင့်ပေါ်က မိန်းကလေးက ငါ့ရဲ့ ဆရာတူအစ်မပဲ"

လုမင်က ပြောလိုက်သည်။ သူ့မျက်လုံးမှာတော့ ကြောက်စရာကောင်းသော လူသတ် အလင်းရောင်တို့ လက်နေတော့သည်။

"ဆရာတူအစ်မလား"

ဟွမ်လင်နှင့် လုံချန်တို့ အံ့သြသွားကြသည်။ လုမင်က အဘယ်ကြောင့် ဤမျှပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာတာကို သူတို့ နားလည်သွားပြီ။

ထိုအချိန်တွင် စင်မြင့်ပေါ်မှ ရွယ်နင်ရှင်း၏ အနားရှိ လူကြီးနှစ်ဦးကလည်း လုမင်၏ မူမမှန်မှုကို သတိပြုမိခဲ့သည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။ ယင်းက မဟာသူတော်စင်၏ အရှိန်အဝါပင်။

"အလုံးစုံဝိညာဉ်အလဲအလှယ်မှာ အနှောက်အယှက်ဖြစ်စေတဲ့သူ ဘယ်သူမဆို အသတ်ခံရမယ်"

လူကြီးတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။

ထို့ပြင် ခန်းမ၏ ပတ်ဝန်းကျင်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ လူတို့၏နှလုံးသားကို တုန်လှုပ်စေအောင် အားကောင်းသော အရှိန်အဝါများစွာ ရှိ၏။

ဤနေရာကို ဝမ်မျိုးနွယ်၊ ကောင်းကင်ငှက်နန်းတော်၊ ကောင်းကင်ဝံပုလွေမျှော်စင်တို့က ပူးပေါင်းတည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ သဘာဝအတိုင်း၊ သူတို့က ဤနေရာကိုကာကွယ်ရန် အကျော်အမော်များစွာကို စေလွှတ်ထားပေသည်။

'လုမင်၊ အလျင်စလိုမလုပ်ပါနဲ့။ အင်အားစုကြီးလေးခုက ဒီနေရာကို ကျွမ်းကျင်သူတွေအများကြီး စေလွှတ်ထားတယ်'

ဟွမ်လင်က လုမင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

လုမင် ခေါင်းညိတ်လိုက်၏။ သူက သူ့စိတ်ထဲမှ သတ်ဖြတ်ချင်စိတ်ကို မျိုသိပ်ကာ သတ်ဖြတ်ခြင်းအငွေ့အသက်တို့အား ရုတ်သိမ်းထားလိုက်သည်။

စင်မြင့်ပေါ်တွင်၊ ရွယ်နင်ရှင်းကလည်း လုမင်၏ လူသတ်ချင်စိတ်ကို ခံစားလိုက်ရသည်။ သူက ခေါင်းကိုမော့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ လုမင်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများက အံ့သြမှုနှင့် မျှော်လင့်ချက်များဖြင့် တောက်ပသွားသည်။ သို့သော်လည်း အရောင်အဝါက ချက်ချင်း ပြန်ဖျော့သွားကာ လုမင်ကို ခေါင်းခါပြလိုက်လေသည်။

လုမင်က သူမကို မကယ်တင်ဘဲ ထွက်သွားစေချင်သည်။

'အစ်မ စိတ်မပူပါနဲ့၊ ကျွန်တော် အစ်မကို ကယ်မယ်"

လုမင်က ရွယ်နင်ရှင်းကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ သူ့လေသံက ပြတ်သားပြီး မေးခွန်းမထုတ်နိုင်ပေ။

ရွယ်နင်ရှင်းက ခေါင်းကိုသာ ခါယမ်းလိုက်သည်။ ဤနေရာမှ အင်အားစုများသည် အလွန်အစွမ်းထက်သည်။ ၎င်းတို့က စန်းပြည်နယ်မှ ထိပ်သီးအင်အားစုကြီးများထက် အဆများစွာ အားကောင်း၏။ သူမကို ကယ်တင်ရန်အတွက် ဤကဲ့သို့ အင်အားကြီးမားသော အင်အားစုများကို မစော်ကားစေချင်ပေ။

သို့သော်လည်း လုမင်၏ မျက်လုံးအကြည့်တို့က ခိုင်မာပြတ်သားသည်။ ရွယ်နင်ရှင်းကို သူ ကယ်တင်ရမည်။ မည်သူပဲ တားဆီးနေပါစေ၊ ဖြစ်အောင် ကယ်ထုတ်မည် ဖြစ်သည်။

All Chapters