အခန်း ၁၇၉၂
Vol. 120 Ch. 1792
အပိုင်း ( 1792 ) ပါရမီရှင်များကို သတ်ခြင်း။
ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုပြီးနောက် လုမင်က သူ့လက်ထဲမှဓားဖြင့် အဆက်မပြတ် ခုတ်ထစ်လိုက်သည်။
"ဝုန်း... ဝုန်း"
တခြားလူငယ်များ၏ တိုက်ခိုက်မှုများကို လုမင်က ပိတ်ဆို့ထားလိုက်၏။
"ဒုန်း"
ထို့နောက်၊ လုမင်က ခြေတစ်ချက်ဆောင့်လိုက်ရာ မရေမတွက်နိုင်သော ရွန်းများက ရှထို့နှင့် အခြားသူများဆီသို့ ပျံ့နှံ့သွားတော့သည်။ ရွန်းများက ကြောက်စရာကောင်းသော တံဆိပ်ခတ်ခြင်း စွမ်းအားတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
"သတ်"
လုမင်က နတ်ဘုရားဓားကျင့်စဉ်ဖြင့် ဟိန်းဟောက်လိုက်သည်။ ကျင့်ကြံမှုအခြေခံ အားနည်းသော လူငယ်တချို့မှာ နာကျင်စွာ အော်ဟစ်လိုက်ကြရသည်။
တစ်ချိန်တည်းမှာပင်၊ လုမင်က ဓားကိုကိုင်ဆွဲပြီး ပြေးတက်သွား၏။ ခဏချင်းမှာပင် လူငယ် ငါးဦး၊ ခြောက်ဦးခန့်မှာ လုမင်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားတော့သည်။
"လုမင်... မင်းသေချင်နေတာပဲ"
အဘိုးအိုတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
လုမင်သည် အလွန်ရဲတင်း၏။ သူက အလုံးစုံဝိညာဉ်အလဲအလှယ်ကို ဝင်ရောက်ပြီး သူတို့၏ အင်အားစုကြီးလေးခုမှ ပါရမီရှင်များကို သတ်ဝံ့သည်။
သူက ဥပဒေမဲ့ပြီး အကြောက်အလန့်မရှိသလိုပင်။
ပတ်ဝန်းကျင်ရှိ အခြားသူများလည်း အံ့သြတုန်လှုပ်သွားကြသည်။ ထို့နောက်မှာတော့ ပါဝင်ပတ်သက်မှု မရှိစေရန် အပြင်သို့ ထွက်ပြေးကုန်တော့သည်။
"မင်းတို့ကများ ငါ့မိသားစုနဲ့ သူငယ်ချင်းတွေကို နှိပ်စက်ညှဉ်းပန်းဝံ့တယ်လား။ မင်းတို့အားလုံးကို ငါ သတ်မယ်"
လုမင်က ဟိန်းဟောက်လိုက်သည်။ ယနေ့တွင်၊ ဤလူငယ်အားလုံးကို သတ်ရမည်။
"ရွှစ်"
ဓားအလင်းရောင် လက်ဖြာသွားပြီး အခြားလူငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
မဟာသူတော်စင်နယ်ပယ်အောက်တွင် မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။ သူတို့က လုမင်၏ တိုက်ခိုက်မှုကို တားဆီးရန်ပင် မစွမ်းနိုင်ကြပါ။ သေဆုံးခြင်းက သူတို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည်။
"ဆုတ်၊ ဆုတ်ကြ"
ထိုအချိန်တွင် ရှထို့နှင့် အခြား မဟာသူတော်စင်များပင် ကြောက်ရွံ့လာကြသည်။ သူတို့၏မျက်နှာများက ဖြူဖျော့နေပြီး အသည်းအသန် ဆုတ်သွားကြ၏။
လုမင်က အရူးတစ်ယောက်ပင်။
"မင်းမလွတ်နိုင်ဘူး"
လုမင်က လက်ဝါးရိုက်ချက်ထုတ်ဖော်ရင်း အစီရင်နိယာမကို ထိန်းချုပ်လိုက်သည်။ အဆုံးမဲ့ ရွန်းများက ကြီးမားသော အစီရင်စာလိပ်အဖြစ် ဖွဲ့စည်းသွား၏။ ယင်းက မဟာသူတော်စင်နယ်ပယ် ပါရမီရှင်တစ်ဦးကို တိုက်ရိုက်ဖုံးအုပ်ထားတော့သည်။
ထိုပါရမီရှင်က အရူးအမူး ရုန်းကန်ခဲ့ရသော်လည်း သူ့ကိုစောင့်ကြိုနေသည့်အရာမှာ လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း ဖြစ်သည်။
ကြီးမားသော လက်ချောင်းကြီးတစ်ချောင်းက ဖျက်ဆီးခြင်းစွမ်းအား အတက်အကျများဖြင့် ထိုလူငယ်ကို ညွှန်ပြလိုက်၏။
"မဟုတ်ဘူး..."
ထိုလူငယ်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။ သူက ခုခံလိုသော်လည်း အစီရင်နိယာမဖြင့် တံဆိပ်ခတ်ခံခဲ့ရသောကြောင့် သူ၏ခွန်အားကို များစွာ အသုံးမပြုနိုင်ပေ။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ကျရောက်လာသည်နှင့် သူ့ခန္ဓာကိုယ် အက်ကွဲသွားသည်။
မဟာသူတော်စင်အဆင့် ပါရမီရှင်တစ်ဦးက ထိုကဲ့သို့ပင် သေဆုံးသွားတော့သည်။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ မျိုးဆက်သစ်လူငယ်များကြားတွင်ပင် ထိုအဆင့် ပါရမီရှင်က ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်သည်။ သူသည် အရှိန်အဝါကြီးမားပြီး ပါရမီရှင်များစွာ အထက်စီးမှ ကြည့်ရှုနိုင်စွမ်းရှိ၏။ သူတို့ မသေပါက၊ အနာဂတ်တွင် ဧကရာဇ်များဖြစ်လာနိုင်သည်။ ယခုတော့ သူ့ကို လုမင်က ဤကဲ့သို့ သတ်ပစ်လိုက်ပြီ။
"ချီးပဲ"
လူကြီးတချို့က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ထိုပါရမီရှင်က သူတို့၏ အင်အားစုမှ လူငယ်တစ်ဦး ဖြစ်၏။
လုမင်၏ မျက်လုံးများကတော့ အေးစက်နေကာ ဘာမျှမပြောပေ။ သူက ရှထို့ကို စိုက်ကြည့်လိုက်သည်။ ထိုက်ကျိအစီရင်ဓာတ်ပြားက ပျံ့ထွက်လာပြီးနောက် ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသော ထိုက်ကျိပန်းချီကားတစ်ခု ထွက်ပေါ်လာ၏။
သို့သော်လည်း ရှထို့က လွတ်မြောက်သွားတော့မည် ဖြစ်သည်။ သို့ရာတွင်၊ သူက ခန်းမထဲမှ လွတ်မြောက်ခါနီးမှာ ကြည်လင်သော ပူဖောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး သူ့ကို ဖုံးအုပ်လိုက်ဝော့သည်။
"ငါ့ကိုမသတ်ပါနဲ့"
ရှထို့က သူ၏ မူလပုံစံဖြစ်သော ခရမ်းရောင်ဝံပုလွေ နတ်သားရဲအဖြစ် ပြန်ပြောင်းလိုက်သည်။ သူက စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်၏။
"မင်း အရင်က ငါ့အစ်မကို စော်ကားခဲ့ချိန်မှာ အရမ်းမောက်မာနေတယ် မဟုတ်လား။ အခု မင်းရဲ့ မာန်မာနတွေ ဘယ်ကိုရောက်သွားတာလဲ။ သတ်"
လုမင်က ပြောဆိုပြီးသည်နှင့် ထိုက်ကျိပန်းချီကားက ယင်ယန်ငါး ဓားနှစ်လက်အဖြစ် ပြောင်းလဲသွားကာ ရှထို့ကို အသက်နှုတ်ယူသွားတော့သည်။
ဒုတိယမြောက် မဟာသူတော်စင်နယ်ပယ် ပါရမီရှင်တစ်ဦး အသတ်ခံရသည်။
"အလုံးစုံဝိညာဉ် အလဲအလှယ်မှ ဘယ်သူက ပြဿနာရှာဝံ့တာလဲ"
ထိုအချိန်တွင်၊ အဝေးမှ ဒေါသတကြီး ကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။ အသံက ကျယ်လောင်လွန်းပြီး တိမ်များပင် လွင့်မျောသွား၏။
"အဲဒါက အန္တိမသူတော်စင်ပဲ"
"အန္တိမသူတော်စင် ရောက်လာပြီ။ ကောင်လေး၊ မင်းကတော့ သေပြီပဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။
ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သော ဝမ်ဖျင်ယန်း၏ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များ ရှိပေါ်လာ၏။ ဟုတ်သည်၊ ရူးသွပ်သော သတ်ဖြတ်လိုစိတ်တို့လည်း ရှိသေးသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ ထိတ်လန့်တုန်လှုပ်သွားရသည်။
အကြောင်းမူ၊ လုမင်က သူ့ကို စိုက်ကြည့်နေသောကြောင့်ပင်။ လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးက သူ့ရှေ့တွင် ပေါ်လာသည်။
"မင်း... ဘာလုပ်မလို့လဲ။ အန္တိမသူတော်စင် လာနေပြီနော်၊ မင်း ဘာဖြစ်လို့ အညံ့မခံသေးတာလဲ"
ဝမ်ဖျင်ယန်းက အော်ဟစ်လိုက်သည်။
"မင်းကိုသတ်ပြီးမှ ထွက်သွားရင်လည်း သိပ်နောက်ကျမှာမဟုတ်ဘူး"
လုမင်က အေးစက်စက် ပြောဆိုပြီး ဓားဖြင့်ခုတ်လိုက်သည်။
ဓားချက်က ဝမ်ဖျင်ယန်း၏ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲချလိုက်၏။ သူ၏ ဝိညာဉ်သည်ပင် ဖျက်ဆီးခံလိုက်ရတော့သည်။
သူ့မျက်လုံးများမှာတော့ မကျေနပ်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
အန္တိမသူတော်စင်က ဤနေရာကို ရောက်လာပြီဖြစ်သော်လည်း လုမင်က သူ့ကို သတ်ချင်နေသေးသည်။ မျှော်လင့်ချက်ကို သူမြင်ခဲ့ရသော်လည်း ခဏချင်းမှာပင် ပျောက်ကွယ်သွားရသည်။
"အား"
အကြီးအကဲများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ယနေ့တွင်၊ ဆုံးရှုံးမှု ကြီးမားခဲ့၏။ အင်အားစုကြီးလေးခုမှ ပါရမီရှင် အားလုံးနီးပါးကို လုမင်က သတ်ဖြတ်ခဲ့သည်။
"မင်း သေချင်နေတာပဲ"
အန္တိမသူတော်စင်က အလွန်လျင်မြန်သည်။ ခဏအတွင်း သူ ရောက်ရှိလာ၏။ သူ၏ ဝိညာဉ်အသိဖြင့် ခန်းမကို ကြည့်နေသောကြောင့် ဖြစ်ပျက်သမျှကို မြင်လိုက်သည်။ သူ ဒေါသပေါက်ကွဲသွားတော့သည်။
"ဟွမ်လင်... လုံချန်၊ သွားကြရအောင်"
လုမင်က အော်လိုက်သည်။ ထို့နောက်တွင် သူက ကောင်းကင်သို့ ပြေးတက်သွား၏။ သူက ဓားဖြင့်ခုတ်လိုက်ရာ ခန်းမအမိုးက ပွင့်ထွက်သွားတော့သည်။
ဟွမ်လင်၊ လုံချန်နှင့် ပူဖောင်းလေးတို့လည်း လုမင်၏နောက်သို့လိုက်ကာ ပြေးထွက်ခဲ့ကြသည်။
"ဘယ်ကိုသွားမှာလဲ"
ခန်းမထဲမှ အကြီးအကဲများက အော်ဟစ်ပြီး လုမင်တို့နောက်ကို ပြေးလိုက်လာသည်။
"ဒီမှာနေစမ်း"
အန္တိမသူတော်စင်ကလည်း အဝေးမှ သူတို့ကို လက်ဝါးဖြင့် လှမ်းရိုက်လိုက်၏။ ကြောက်စရာကောင်းသော လက်ဝါးပုံရိပ်က ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး လုမင်တို့မှာ ပေါက်ကွဲထွက်လုနီး ဖြစ်လာတော့သည်။
"ဖွင့်"
ဤအခိုက်အတန့်တွင် ပူဖောင်းလေးက အော်ဟစ်ပြီး အချိန်ဟင်းလင်းပြင် လမ်းကြောင်းကို ဖွင့်လိုက်သည်။ သူတို့လေးယောက်က အချိန်ဟင်းလင်းပြင် လမ်းကြောင်းထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွား၏။
နောက်အခိုက်အတန့်တွင် လက်ဝါးပုံရိပ်ကြီးက ကျဆင်းလာကာ အချိန်ဟင်းလင်းပြင်လမ်းကြောင်း ပြိုကျသွားတော့သည်။ သို့ရာတွင်၊ လုမင်တို့လေးဦးက မိုင်သောင်းချီဝေးသော အရပ်သို့ ရောက်နေပြီ။ ထို့နောက် ပူဖောင်းလေးက နောက်ထပ် အချိန်ဟင်းလင်းပြင်လမ်းကြောင်းကို ဖွင့်လိုက်သည်။ သူတို့လေးယောက်က ပြေးဝင်ပြီး ပျောက်ကွယ်သွားကြတော့သည်။
"ချီးပဲ၊ အဲဒါက အချိန်ဟင်းလင်းပြင်နိယာမပဲ"
အကြီးအကဲတစ်ဦးက အလင်းတန်းများနှင့်အတူ ကောင်းကင်တွင် ပေါ်လာသည်။ သူ့မျက်လုံးများက အလွန်အေးစက်နေ၏။
"ဝှစ်... ဝှစ်"
ထို့နောက်၊ အခြားလမ်းကြောင်းများမှ ပုံရိပ်တချို့က အလုံးစုံဝိညာဉ် အလဲအလှယ်သို့ ထပ်မံပြေးလာကြသည်။ သူတို့အားလုံးက အားကောင်းသော အရှိန်အဝါဖြင့် အန္တိမသူတော်စင်များပင်။
ယခုအချိန်တွင်၊ သူတို့၏ မျက်နှာများက မှုန်ကုပ်နေပြီး ခန်းမထဲသို့ ပြေးဝင်သွားကြသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူတို့မျက်နှာများက မည်းမှောင်ပြီး နှလုံးသွေးပင် ယိုစီးလုနီး ဖြစ်သွားတော့သည်။
ခန်းမတစ်ခုလုံးက ရှုပ်ပွနေသည်။ မဟာသူတော်စင် တစ်ဒါဇင်ကျော် သေဆုံးခဲ့၏။
အရေးကြီးဆုံးအချက်က၊ လူငယ် ပါရမီရှင် တစ်ဒါဇင်ကျော်ခန့်က ဤနေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းက ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင်။
အန္တိမသူတော်စင်တစ်ယောက်က ဝမ်ထျန်းပမ်းကို သွားကြည့်သည်။ သို့ရာတွင်၊ ဝမ်ထျန်းပမ်းက အသက်မသေးသေးသော်လည်း အသိစိတ်ပျောက်နေပြီး အရူးတစ်ယောက် ဖြစ်နေပြီ။
"မျိုးနွယ်စုကို သတင်းပို့လိုက်၊ ကျွမ်းကျင်သူတွေကို လွှတ်လိုက်ပါ။ ငါတို့ ရှေးဟောင်းလမြင့်မြတ်နယ်မြေကို မြေလှန်ပစ်ရရင်တောင် လုမင်ကို ရှာရမယ်"
ဒေါသတကြီး ဟိန်းဟောက်သံက အလုံးစုံဝိညာဉ်ခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
ထိုအချိန်တွင် လုမင်၊ ဟွမ်လင်၊ လုံချန်နှင့် ပူဖောင်းလေးတို့က မိုင်သိန်းချီ အကွာအဝေးသို့ ရောက်နေပြီ ဖြစ်သည်။
ထိုအခါမှ သူတို့လူစုက ရပ်သွားကြလေသည်။
"လုမင်၊ ဒီတစ်ကြိမ်မှာ နင်က အင်အားစုကြီးလေးခုရဲ့ ပါရမီရှင်အများကြီးကို သတ်ခဲ့တာကြောင့် အလုံးစုံဝိညာဉ်အလဲအလှယ်မှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်။ အင်အားစုကြီးလေးခုက ဒါကို ခွင့်မလွှတ်မှာ ကြောက်ရတယ်"
ဟွမ်လင်က စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။
"လုမင်၊ ငါနဲ့အတူ နတ်ဆင်ဂိုဏ်းကို လိုက်ခဲ့ပါ"
လုံချန်က ပြောသည်။
"ဖီးနစ်နန်းတော်လည်း အဆင်ပြေတယ်"
ဟွမ်လင်ကလည်း ပြောလိုက်၏။
လုမင်က ခေါင်းကိုသာ ခါယမ်းလိုက်သည်။
"လမ်းခွဲရအောင်၊ ငါတစ်ယောက်တည်း သွားလိုက်မယ်"
"မဖြစ်ဘူး၊ အင်အားစုကြီးလေးခုက နင့်ကိုလိုက်ရှာဖို့ ကျွမ်းကျင်သူများစွာကို စေလွှတ်မှာ သေချာတယ်။ သူတို့က ဧကရာဇ်တွေကိုတောင် စေလွှတ်လိုက်နိုင်တယ်။ နင်တစ်ယောက်တည်း သွားဖို့က အန္တရာယ်များလွန်းတယ်"
ဟွမ်လင်၏ အမူအရာ ပြောင်းသွားသည်။ သူက လွန်စွာ စိုးရိမ်နေပုံရ၏။
"ငါမင်းတို့နဲ့အတူ ဖီးနစ်နန်းတော် ဒါမှမဟုတ် နတ်ဆင်ဂိုဏ်းကိုသွားလို့ သူတို့က ရောက်လာမယ်ဆိုရင်... ဖီးနစ်နန်းတော် ဒါမှမဟုတ် နတ်ဆင်ဂိုဏ်းက ငါ့ကိုကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားပြီး အင်အားစုကြီးလေးခုကို ရင်ဆိုင်တိုက်ခိုက်မှာလား"
လုမင်က မေးလိုက်သည်။
လုံချန်နှင့် ဟွမ်လင်တို့လည်း နှုတ်ဆိတ်သွားကာ ဘာမျှမပြောနိုင်ကြတော့ပေ။