အခန်း ၁၇၉၆
Vol. 120 Ch. 1796
အပိုင်း ( 1796 ) သိုင်းဧကရာဇ်များ စုဝေးခြင်း။
နေ့ဝက်ကြာပြီးနောက် တောင်ကုန်းက နှစ်ဆတိုးလာသည်။ ယခင်က မီတာ တစ်ဒါဇင်ခန့်သာ မြင့်သော်လည်း အခု မီတာတစ်ရာခန့် မြင့်နေပြီ။ ထိုအချိန်တွင် အလင်းရောင်များ ပျောက်ကွယ်သွားခဲ့သည်။
အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် ဆေးရနံ့သည်လည်း တဖြည်းဖြည်း မှိန်ဖျော့သွား၏။
"တာ့ယန်ဆေးခန်းမက မြေအောက်မှာ ဖြစ်နိုင်ချေများတယ်။ ကျုပ် တူးဖော်ကြည့်မယ်"
ခန္ဓာကိုယ် ထွားကျိုင်းသော လူတစ်ယောက် ထွက်လာသည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ အန္တိမသူတော်စင်တစ်ပါး ဖြစ်သည်။
"ဝမ်"
ထိုလူက သူ့လက်ဝါးကို ဓားတစ်လက်ကဲ့သို့ အသုံးပြုပြီး ခုတ်လိုက်သည်။ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး တောင်ကုန်းဆီသို့ ကျရောက်သွား၏။
သို့သော်လည်း ဓားအလင်းက တောင်ကုန်းပေါ်သို့ ကျရောက်သောအခါ တောင်ကုန်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင်အောက်တွင် ဓါးအလင်းက ချက်ချင်းပြိုကျသွားသည်။ တစ်ချိန်တည်းမှာပင် တန်ပြန်အားတစ်ခုက လူထွားကြီးကို ထိမှန်သွားတော့သည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါပြီး သွေးများအန်ထွက်ကာ နောက်သို့ ဆုတ်သွားရသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ကြောက်ရွံ့မှုတို့ ပြည့်နေတော့သည်။
"ခင်ဗျားက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ"
တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
ဤနေရာတွင် လူများစွာရှိပြီး အများစုမှာ သူတော်စင်များဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းများပင် ရှိ၏။ သူတို့ထဲတွင် မည်သူက မကြိုးစားခဲ့ဘဲ နေမည်နည်း။ သို့သော်လည်း သူတို့အားလုံး ဒဏ်ရာရပြီး ပြန်ဆုတ်သွားကြရသည်။
ထို့ကြောင့် ဤနေရာတွင် လူအများကြီးက စိတ်ရှည်ရှည်ဖြင့် စောင့်နေခဲ့ကြခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ လူတိုင်းက နက်နက်နဲနဲ အတွေးဝင်ကုန်သည်။ တာ့ယန်ဆေးခန်းမသည် အလွန်ထူးခြား၏။ သူ့ဘာသာသူပေါ်လာခြင်းကို စောင့်ရုံသာရှိပြီး ပြင်ပအင်အားဖြင့် ၎င်းကိုဖွင့်ရန် မဖြစ်နိုင်သလောက်ပင်။
"လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေး"
လုမင်က မျက်နှာဝါဖြင့်လူကြီးကို ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် တစ်ဦးတည်းထွက်သွားပြီး တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။
အချိန်ကြာလာသည်နှင့်အမျှ လူများ ပိုများလာသည်။ တစ်ချက်ကြည့်လိုက်ပါက ကောင်းကင်မှာ လူများနှင့် ပြည့်လုနီးပါးပင်။
တခါတရံ တောင်ကုန်းက အလင်းရောင်များ ထုတ်လွှတ်ပြီး အနည်းငယ်ပိုကြီးလာတတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ၊ တောင်ကုန်းက ပို၍ ကြီးမားလာလေသည်။
လဝက်ကြာသောအခါ ထိုတောင်ကုန်းလေးက မီတာတစ်သောင်းခန့်အထိ မြင့်လာသည်။ ကောင်းကင်ယံသို့ ထိုးဖောက်ပြီး တိမ်မျာက ဝန်းရံထား၏။ ၎င်းက ကောင်းကင်တောင်တစ်ခုကဲ့သို့ပင်။
အဝေးမှကြည့်လျှင် ကောင်းကင်နှင့်မြေပြင်ကြားတွင် အနှိုင်းမဲ့ကြီးမားသော ဆေးမီးဖိုကြီးတစ်ခုကဲ့သို့ ဖြစ်သည်။
သို့သော်၊ ဒါက အဆုံးသတ်မဟုတ်သေးပေ။ ဆေးမီးဖိုတောင်က ကြီးထွားနေဆဲ ဖြစ်သည်။ နေ့စဉ်နှင့်အမျှ ပိုကြီးလာမည် ဖြစ်၏။
နောက်ထပ် လဝက်ကြာသွားပြီ။ လုမင်က ဤနေရာတွင် တစ်လကြာနေပြီ ဖြစ်သည်။ ဆေးမီးဖိုတောင်ကလည်း မီတာတစ်သိန်းကျော် မြင့်နေပြီ။ ၎င်းက မြင့်မြတ်သော ကောင်းကင်တောင်ကြီးကဲ့သို့ အနီးပတ်ဝန်းကျင်ရှိ မြေကွက်ကျယ်ကြီးကို သိမ်းပိုက်သွားခဲ့သည်။
"ဆေးမီးဖိုတောင်က မကြီးထွားတော့ဘူးကွ"
ထိုအချိန်တွင်၊ တစ်ယောက်ယောက်က ပြောလိုက်သည်။ ဆေးမီးဖိုတောင်က အရွယ်အစား မပြောင်းလဲတာ သုံးရက်ကြာသွားပြီ။
ဆေးမီးဖိုတောင်က အပြည့်အဝ ပေါ်ထွန်းခဲ့ခြင်း ဖြစ်မည်လော။
လူအများက စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ရှေ့ကို စိုက်ကြည့်လိုက်ကြသည်။
ထိုအခိုက်တွင် ကောင်းကင်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤပုံရိပ်ကို ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်ဖြင့် ဖုံးလွှမ်းထား၏။ သူ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ခံစားနိုင်သေးသည်။
၎င်းက ကောင်းကင်အမြင့်တွင် မတ်တတ်ရပ်နေသော်လည်း ကမ္ဘာတစ်ခုလုံး ထိုနေရာတွင် ရပ်နေသည်ကဲ့သို့ လူတို့အား ထင်ယောင်ထင်မှား ခံစားရစေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ဖိအားကြောင့် လူတိုင်း၏အမူအရာ ပြောင်းလဲသွားပြီး အသက်ရှုပင်အနည်းငယ်ခက်ခဲလာတော့သည်။
"သိုင်း...သိုင်းဧကရာဇ်"
တစ်ယောက်က တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
ဧကရာဇ်အဆင့် အကျော်အမော် ပေါ်လာပြီ။
ဧကရာဇ်တစ်ပါးနှင့် သူတို့က မည်သို့ယှဉ်ပြိုင်ရမည်နည်း။
သို့သော် ဤသည်မှာ အစသာ ဖြစ်သည်။ ထို့နောက်တွင် ကောင်းကင်ယံ၌ လူရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ဤလူရိပ်များအားလုံးက နတ်ဘုရားများကဲ့သို့ နတ်အလင်းများ ဖြာထွက်နေ၏။
ဧကရာဇ်... အားလုံးက ဧကရာဇ်အဆင့် အကျော်အမော်များ ဖြစ်ကြသည်။
ဧကရာဇ်အဆင့် အကျော်အမော်တိုင်းက ၎င်းတို့၏ သူတော်စင်နှလုံးသားကို ကမ္ဘာငယ်အဖြစ်သို့ ပြောင်းလဲလိုက်၍ ကမ္ဘာတစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်နိုင်သည်။ နေရာတွင်၊ ရပ်နေရုံမျှဖြင့် ကမ္ဘာကြီးတစ်ခုကို ရင်ဆိုင်ရသကဲ့သို့ လူတိုင်းက ခံစားရလိမ့်မည်။
ကောင်းကင်တွင် ဧကရာဇ်တစ်ဒါဇင်ကျော် ရပ်နေခြင်းက လူများအား ကြောက်မက်ဖွယ်ကောင်းသော ဖိအားများခံစားရစေသည်။
သို့သော်လည်း ဤအရာသည် အဆုံးမဟုတ်ပေ။ ဧကရာဇ်အဆင့် အကျော်အမော် အရေအတွက်က တိုးများလာနေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် ဧကရာဇ်အဆင့် အကျော်အမော် နှစ်ဆယ်ဦးကျော် ပေါ်လာတော့သည်။
လူများစွာတို့ တုန်ယင်သွားကြသည်။ ဧကရာဇ်အဆင့် အကျော်အမော်များ နောက်ဆုံး စုရုံးလာခဲ့သည်မှာ နှစ်ပေါင်း မည်မျှကြာသွားခဲ့ပြီနည်း။ ဤတစ်ကြိမ်တွင် တာ့ယန်ဆေးခန်း၏ တည်ရှိမှုကြောင့် ဧကရာဇ်အဆင့် အကျော်အမော်များပင် မနေနိုင်ဘဲ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့ရကြောင်း ထင်ရှားသည်။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ အဓိက အင်အားစုများအားလုံးက ဧကရာဇ်အဆင့် အကျော်အမော်များကို စေလွှတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
လုမင်လည်း တိတ်တဆိတ် အံ့သြသွားသည်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေက မျှော်လင့်ထားသည့်အတိုင်းပင်။ ခဏချင်းမှာပင် ဧကရာဇ်အဆင့် အကျော်အမော် နှစ်ဆယ်ကျော် စုဝေးခဲ့ကြသည်။ ကြီးကျယ်ခမ်းနားလွန်းပေသည်။
"ခင်ဗျားတို့ အားလုံး ရောက်လာကြပြီပေါ့"
ကောင်းကင်ယံမှ အရှိန်အဝါကြီးမားသော အသံတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြားတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ဧကရာဇ်အဆင့် အကျော်အမော်တိုင်းက ကမ္ဘာငယ်လေးကို ဖွဲ့စည်းခဲ့ကြသည်။ သူတို့၏ လုပ်ရပ်တိုင်းက ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်နိုင်သော ကမ္ဘာတစ်ခု၏ စွမ်းအားရှိ၏။ သူတို့၏ စွမ်းအားကလည်း စိတ်ကူးမယဉ်နိုင်ပေ။ ရိုးရိုးရှင်းရှင်း စကားပြောလျှင်ပင် ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ရှိနေဆဲ ဖြစ်သည်။
"တာ့ယန်ဆေးခန်းမ ပေါ်လာချိန်မှာ ဘယ်သူက ထိုင်နေနိုင်မှာလဲ"
"အမှန်ပဲလေ"
ကောင်းကင်တွင် အသံပေါင်းများစွာ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။
အောက်ဘက်မှာတော့ မည်သူမျှ စကားမပြောဝံ့တော့ပေ။ ဧကရာဇ်အဆင့် အကျော်အမော်များ ပေါ်လာပြီ ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်ယောက်ကို စော်ကားမိလျှင် ချက်ချင်း ရိုက်သတ်ခံရလိမ့်မည်။
"ခင်ဗျားတို့ ဒီကိုရောက်လာကတည်းက ဘာဖြစ်လို့ မလှုပ်ရှားတာလဲ"
အရင်ရောက်လာသည့် ထွားကျိုင်းသော အကျော်အမော်က ပြောလိုက်သည်။
"အလျင်မလိုပါဘူး"
တစ်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ခင်ဗျားတို့တွေက တကယ် ပါးနပ်ပြီး တခြားသူတွေ ဦးဆောင်ဖို့ကို စောင့်နေကြတာပဲ။ ခင်ဗျားတို့က မလှုပ်ဘူးဆိုရင် ကျုပ်အရင်သွားလိုက်မယ်"
ထွားကျိုင်းသော အကျော်အမော်က အထင်မြင်သေးသော လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဆေးမီးဖိုတောင်ပေါ်သို့ ဦးတည်လိုက်၏။ ချက်ခြင်းပင်၊ သူက တိမ်များ ဖုံးလွှမ်းနေသော တောင်ပေါ်သို့ ပြေးတက်သွားတော့သည်။
"ဝမ်"
ထိုအချိန်တွင် တောင်ကြီးက တုန်ခါပြီး အလင်းစက်ဝိုင်းတစ်ခုက ထွားကျိုင်းသော အကျော်အမော်ဆီသို့ ပြေးလာခဲ့သည်။
"ဖွင့်စမ်း"
တောင်ပေါ်မှ ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။ ထို့နောက်တွင် ကောင်းကင်နှင့်မြေကြီးကို ခွဲသွားသကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးခွဲသွား၏။
ကြီးမားလှသော ဓားစွမ်းအင်ကြောင့် ဧကရာဇ်အဆင့်အောက်ရှိ အားလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားတော့သည်။
ထိုသို့သော အကျော်အမော်မျိုးကို ရင်ဆိုင်ရသောအခါ၊ ဧကရာဇ်အဆင့်အောက်ရှိသူများက ပုရွက်ဆိတ်များကဲ့သို့ဖြစ်ပြီး အလွယ်တကူ ဖျက်ဆီးခံရနိုင်သည်။
ဒါက ဧကရာဇ်အဆင့် အကျော်အမော်တစ်ယောက်၏ ခွန်အားပင်။
"ဒါက ကန္တာရဓားဂိုဏ်းရဲ့ ဧကရာဇ်ကြီးပဲ"
တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။
သို့သော်လည်း ရလဒ်က လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားပေသည်။ ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော ဓားအလင်းက အလင်းစက်ဝိုင်းကို မဖျက်ဆီးနိုင်ခဲ့ပါ။
ဓားအလင်းက ပြိုကျသွားသည်။ ဓားအသံက ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွား၏။ ထို့နောက် ထွားကျိုင်းသော လူရိပ်က တောင်ပေါ်မှ လျင်မြန်စွာ ဆုတ်ခွာသွားရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်အလင်းက အနည်းငယ် တုန်လှုပ်သွားပြီး သူ၏ ရုပ်သွင်အမှန်ပင် ပေါ်လာရတော့သည်။
၎င်းက ဓားတစ်လက်ကို ကျောထက်မှာလွယ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ယခုအချိန်တွင် သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေပေသည်။
"တောင်ပေါ်မှာ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုရှိတယ်"
လူလတ်ပိုင်းအရွယ်က ဧကရာဇ်က မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။
"ခင်ဗျား မလုပ်နိုင်ဘူးထင်တယ်၊ ကျုပ်သွားပါရစေ"
အေးစက်ပြီး မာနကြီးသောအသံကို ကြားလိုက်ရသည်။ ထို့နောက် ရွှေရောင်မီးတောက်များ ဖုံးလွှမ်းနေသော ရုပ်ပုံလွှာတစ်ခု ထွက်ပေါ်လာ၏။
ကျီးကန်း အော်သံနှင့်အတူ ထိုရုပ်သွင်က ခြေသုံးချောင်း ရွှေကျီးကန်းအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းက အလွန်ကြီးမားပြီး ကောင်းကင်ယံ၌ နေတစ်စင်းကဲ့သို့ ဖြစ်သည်။
၎င်းမှာ ခြေသုံးချောင်း ရွှေကျီးကန်းမျိုးနွယ်မှ ဧကရာဇ်အဆင့် အကျော်အမော် ဖြစ်သည်။ ၎င်းက အလွန်စွမ်းအားပြီး ကြောက်စရာကောင်း၏။
ခြေသုံးချောင်း ရွှေကျီးကန်းက ၎င်း၏အတောင်ပံများကို ခတ်လိုက်ရာ ၎င်း၏ကြီးမားသောရုပ်သွင်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး တောင်ပေါ်သို့ ထိုးတက်သွားတော့သည်။
သို့သော်လည်း ရလဒ်မှာ ကန္တာရဓားဂိုဏ်း၏ ဧကရာဇ်နှင့် အတူတူပင် ဖြစ်သည်။ အလင်းစက်ဝိုင်း၏ ဖယ်ထုတ်ခြင်း ခံလိုက်ရ၏။ သူ့အမူအရာက သုန်မှုန်ပြီး အလွန်မကျေမနပ်ဖြစ်နေတော့သည်။
ထို့နောက်တွင် အခြားသော ဧကရာဇ်အဆင့် အကျော်အမော်များက ကြိုးစားကြည့်သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်သည်။ အားလုံးကို ဖယ်ထုတ်ခဲ့ပေသည်။
"ကျုပ် ပူးပေါင်းကြဖို့ အကြံပေးချင်တယ်။ တစ်ယောက်ချင်းလုပ်နေမယ်ဆိုရင် မလွယ်ဘူး"
အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုလူရိပ်က အလွန်ကြောက်စရာကောင်းပြီး စူးရှထက်မြက်သော အရှိန်အဝါတို့ ဖြန့်ကျက်ထား၏။ မရေမတွက်နိုင်သော လက်နက်များ သူ့ခန္ဓာကိုယ်အနှံ့ ပျံဝဲနေပုံရသည်။ လက်နက်တစ်ခုစီက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေပေသည်။
ဤပုဂ္ဂိုလ်က ဝမ်မျိုးနွယ်မှ ဧကရာဇ်အဆင့် အကျော်အမော် ဖြစ်သည်။
"ဟုတ်တယ်၊ အတူလက်တွဲပြီး ဒီအစီရင်ကို ဖြိုခွင်းကြရအောင်"
နောက်ထပ် ဧကရာဇ်တစ်ပါးကလည်း ပြောလိုက်သည်။