အခန်း ၁၈၀၂
Vol. 121 Ch. 1802
အပိုင်း ( 1802 ) သိုင်းဧကရာဇ်များကြားမှ အားပြိုင်ခြင်း။
ဖီးနစ်နန်းတော်၏ ဧကရာဇ်က ဟွမ်လင်၏ ရှေ့တွင် ရပ်ကာ ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးကို ခြေလှမ်းရပ်တန့်သွားစေခဲ့ပေသည်။
"ဟွမ်လင်၊ ဘာတွေဖြစ်နေတာလဲ"
ဖီးနစ်နန်းတော်၏ ဧကရာဇ်က ဟွမ်လင်ကို မေးမြန်းလိုက်သည်။
"ဒီလိုပါ၊ လုံချန်နဲ့ ကျွန်မတို့က ဆေးမီးဖိုတောင်ကို သွားတဲ့အခါ ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်၊ ကောင်းကင်ငှက်နန်းတော်နဲ့ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းရဲ့ လူတွေ ခြုံခိုတိုက်ခိုက်တာခံခဲ့ရတာ... ကံကောင်းထောက်မလို့ လုမင်က အချိန်မီရောက်လာပြီး ကျွန်မတို့ကို ကယ်တင်ခဲ့ပါတယ်"
ဟွမ်လင်က ရှင်းပြလိုက်၏။
"ဘာ၊ အင်အားစုကြီးလေးခုက မင်းတို့ကို ခြုံခိုတိုက်ခိုက်ခဲ့တာလား။ အတင့်ရဲလိုက်တာ"
ဖီးနစ်နန်းတော်၏ ဧကရာဇ်ကြီးက ဟွမ်လင်၏စကားကို ကြားသောအခါ ဒေါသထွက်သွားသည်။ ဖီးနစ်မီးတောက်များ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးနောက် ကြီးမားသော ဖီးနစ်ငှက်ကြီးတစ်ကောင်က ပျံထွက်သွား၏။ ဝမ်မျိုးနွယ်မှ ဧကရာဇ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ဧကရာဇ်လက်နက်တစ်ခုက သူ့လက်ထဲတွင် ပေါ်လာပြီး မီးလျှံဖီးနစ်ကို တားဆီးရန် တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လိုက်တော့သည်။
"အင်အားစုကြီးလေးခုက ဟွမ်လင်၊ လုံချန်နဲ့ အခြားသူတွေကို အရင်ဆုံး ခြုံခိုတိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံးမှ သူတို့ပဲ အသတ်ခံခဲ့ရတာ။ အခု ဧကရာဇ်ကြီးကတောင် လှုပ်ရှားချင်နေပြီပေါ့။ ရယ်စရာကောင်းလွန်းတယ်၊ ငါ့ဖီးနစ်နန်းတော်က အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်းထင်နေတာလား"
ဖီးနစ်နန်းတော်၏ ဧကရာဇ်က ပြောလိုက်သည်။ ဖီးနစ်တစ်ကောင်က သူ့ဦးခေါင်းထက်တွင် လှည့်ပတ်နေပြီး သူ့အရှိန်အဝါက ပိုမို အားကောင်းလာတော့သည်။
သူတို့ပတ်ဝန်းကျင်ရှိ အခြားဂိုဏ်းများနှင့် အင်အားစုများမှ လူများလည်း ဖြစ်ပျက်နေသည်ကို နားလည်သွားကြသည်။
အဓိက အင်အားစုကြီးလေးခုက ဟွမ်လင်၊ လုံချန်နှင့် ကျန်သူများကို သတ်ရန် ပါရမီရှင်များကို လျှို့ဝှက်စေလွှတ်ခဲ့ကြသည်။ သို့သော်လည်း လုမင်က ဝင်ရောက်စွတ်ဖက်ပြီး အားလုံးကို သတ်ပစ်ခဲ့ပေသည်။ ယခုတော့ သူတို့က ဝိုင်းရံခံရသူများကို အပြစ်တင်ချင်နေသည်။
သူတို့က ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြား အင်အားစုကြီးများကို လှောင်ပြောင်သရော်မှု အရိပ်အယောင်တို့ဖြင့် ကြည့်လိုက်ကြသည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ပါရမီရှင်တွေ အသတ်ခံခဲ့ရတယ်။ သူတို့ကို သတ်တဲ့သူတွေက အဖိုးအခပေးရမယ်"
ပြင်းထန်သော အရှိန်အဝါနှင့်အတူ နောက်ထပ်ရုပ်ပုံလွှာတစ်ခု ထွက်လာသည်။ ဤလူက ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧကရာဇ်ကြီးပင်။
ထို့နောက်တွင်၊ နောက်ထပ် လူရိပ်နှစ်ခု ထွက်လာပြန်သည်။ ၎င်းတို့က ကောင်းကင်ငှက်နန်းတော်နှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်း၏ ဧကရာဇ်ကြီးများ ဖြစ်၏။ သူတို့က ဟွမ်လင်နှင့် တခြားသူများကို ဖိအားပေးလာတော့သည်။
"ရယ်စရာပဲ၊ မင်းရဲ့လူတွေက အသုံးမကျလို့ အခြားသူတွေကို သတ်ချင်ပေမဲ့ သူတို့ပဲ အသတ်ခံလိုက်ရတာ။ အခု မင်းတို့လို သိုင်းဧကရာဇ်တွေက ဝင်ပါချင်နေတာလား"
အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာသည်။ လုံချန်၏အနားမှ အရပ်မြင့်မြင့် လူရိပ်တစ်ခုက ထွက်လာ၏။ သူက ဧရာမဆင်ကြီးတစ်ကောင်နှင့်တူပြီး သူ့အရှိန်အဝါက သန်မာလွန်းလှသည်။
၎င်းက နတ်ဆင်ဂိုဏ်း၏ ဧကရာဇ်ကြီးပင်။
ဧကရာဇ်ခြောက်ပါး၏ အရှိန်အဝါများက ကောင်းကင်တွင် ပေါက်ကွဲထွက်ကာ ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။ ပတ်ဝန်းကျင်ကလူမှလူများ မရပ်တည်နိုင်ဘဲ ဆုတ်သွားရ၏။ ဧကရာဇ်ကြီးများသာ ပုံမှန်အတိုင်း ဆက်နေနိုင်ခဲ့သည်။
"မင်းတို့ လေးယောက်က စည်းမျဉ်းကို ဖောက်ဖျက်လိုက်တာပဲ။ အခုချိန်ကစပြီး မင်းတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ အပြင်ကိုမထွက်သင့်ဘူး။ မဟုတ်ရင် ထွက်လာဝံ့တဲ့သူတိုင်း သေလိမ့်မယ်"
မိုးကြိုးလျှပ်စီး တဖျပ်ဖျပ်လက်နေသော လူတစ်ယောက်က ပြောလိုက်သည်။ ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြား အင်အားစုများ၏ ဧကရာဇ်များပေါ်သို့ ကြောက်စရာကောင်းသော ဖိအားက ဆင်းသက်လာ၏။
ဤသည်မှာ မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ဧကရာဇ်ကြီး ဖြစ်သည်။
မိုးကြိုးနတ်ဘုရားဂိုဏ်းနှင့် ဖီးနစ်နန်းတော်က အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့ပေသည်။ သဘာဝအတိုင်း၊ သူတို့က ဖီးနစ်နန်းတော်ဘက်မှ ရပ်တည်မည် ဖြစ်သည်။
မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ဧကရာဇ်ကြီး၏စကားက ပတ်ဝန်းကျင်ရှိ ဧကရာဇ်အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
မမှားပေ၊ ထိုမျိုးဆက်သစ်လူငယ်များက အခြားသူများကို သတ်လိုခြင်းကြောင့် ပြန်လည်အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခုတော့ ဧကရာဇ်ကြီးတစ်ပါးက လက်စားချေချင်နေပြီ။ ထိုအခြေအနေမျိုးတွင် အခြားဧကရာဇ်ကြီးများကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေတော့မည် မဟုတ်ပေ။ ရန်သူအင်အားစုများ၏ မျိုးဆက်သစ်များ သို့မဟုတ် ဧကရာဇ်နယ်ပယ်အောက်ရှိ ကျွမ်းကျင်သူများကို မြင်တွေ့ပါက တိုက်ရိုက်တိုက်ခိုက်ပြီး ဖျက်ဆီးပစ်မည် ဖြစ်သည်။
ဤနည်းအားဖြင့်၊ ဧကရာဇ်ကြီးများမှလွဲ၍ ကျွမ်းကျင်သူများအားလုံး သေကြရလိမ့်မည်။ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြား အင်အားစုများမှ ဧကရာဇ်ကြီးများ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
မမှားပေ၊ သူတို့က အတင်းလုပ်ချင်လျှင် ဖီးနစ်နန်းတော်၏ ဧကရာဇ်များနှင့် နတ်ဆင်ဂိုဏ်းကလည်း ပါဝင်နိုင်သည်။ ထိုအခါ သိုင်းဧကရာဇ်အောက်မှ လူတိုင်း အသတ်ခံရလိမ့်မည်။
သူတို့၏ မျက်နှာများက မည်းမှောင်ပြီး အကျပ်ရိုက်သွားကြသည်။
"စတုတ္ထ၊ ပဉ္စမနဲ့ နဝမ ဘယ်မှာလဲ"
ထိုအချိန်တွင် ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်ကြီးက ရွှေကျီးကန်း စတုတ္ထမင်းသားကို ကြည့်ကာ မေးလိုက်သည်။
"သေပြီ၊ သူတို့အားလုံး သေသွားပြီ။ သူတို့ကို လုမင်က သတ်လိုက်တာ။ ဘိုးဘေး၊ လုမင်ကိုသတ်ပြီး ပဉ္စမနဲ့ အခြားသူတွေအတွက် လက်စားချေပေးပါ"
ရွှေကျီးကန်း စတုတ္ထမင်းသားက အော်ပြောလိုက်၏။
"ဘာ၊ ဒီလုမင်ပဲ ဖြစ်ပြန်ပြီလား"
ပတ်ဝန်းကျင်မှ လူတိုင်း အံသြသွားကြသည်။
ရွှေကျီးကန်းမျိုးနွယ်စုမှ မင်းသားများကိုလည်း လုမင်မှ သတ်ဖြတ်ခဲ့၏။
လုမင်က တကယ်ကို ရဲတင်းသည်။ ပထမဦးစွာ သူသည် အင်အားစုကြီးလေးခုမှ ပါရမီရှင်များကို သတ်ခဲ့သည်။ ယခုလည်း၊ သူသည် ရွှေကျီးကန်းမျိုးရိုး၏ မင်းသားများကို သတ်ပစ်လိုက်ပြီ။
လွန်ကဲစွာ ရဲတင်းပြီး၊ အကြောက်အရွံ့မရှိသလို တားဆီးမရနိုင်ပေ။
လုမင်က ကျွမ်းကျင်သူများစွာ၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။
"ချီးပဲ၊ ငါ့ရွှေကျီးကန်းမျိုးနွယ်ရဲ့ မင်းသားကို ဘယ်လိုတောင် သတ်ဝံ့တာလဲ။ သေစမ်း"
ရွှေကျီးကန်းဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အသံက စူးရှလွန်းသဖြင့် လူများ၏နားထဲတွင် အူထွက်သွားကာ သွေးအန်လုနီး ဖြစ်ခဲ့ရပေသည်။
"ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်၊ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းနဲ့ ကောင်းကင်ငှက်နန်းတော်က လူတွေကိုလည်း လုမင်က သတ်ခဲ့သေးတယ်။ ဒီကောင်က အလစ်အငိုက် တိုက်ခိုက်ပြီးတော့ သတ်ခဲ့တာ၊ ရွံ့စရာကောင်းတယ်"
ရွှေကျီးကန်း စတုတ္ထမင်းသားက ထပ်မံအော်ဟစ်လိုက်သည်။
ဟွမ်လင်၊ လုံချန်တို့နှင့်ယှဉ်လျှင် လုမင်ကို ပိုမုန်းတီးပေသည်။ ထို့ပြင်၊ ယခုအခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသဖြင့် သူ၏ အမုန်းအားလုံးကို လုမင်ထံ လွှဲပြောင်းပေးခဲ့သည်။ လုမင်ကို သူ သတ်ရမည်။
အမှန်လည်း သူ ထွက်မပြေးခင်မှာ သူတွေ့သမျှ လူအားလုံးကို လုမင်က သတ်ခဲ့သည်။
"လုမင်"
"လုမင်"
ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြား အင်အားစုများ၏ ဧကရာဇ်များက ဤအမည်ကို ထပ်တလဲလဲ ရေရွတ်လိုက်ကြသည်။ သူတို့၏အသံက လေးလံခြင်းမရှိသော်လည်း အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေတော့သည်။
"လုမင် သေရမယ်။ အခု သူက ဆေးမီးဖိုတောင်ထဲကို ဝင်သွားတာကြောင့် ငါတို့က သူ့ကို ဒီမှာပဲစောင့်နေမယ်။ သူထွက်လာတာနဲ့ သူ့ကို ချက်ချင်း သတ်ပစ်လိုက်ကြ"
ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးက အေးစက်စက် ပြောလိုက်သည်။
ထို့နောက် အမျိုးမျိုးသော အင်အားစုကြီးများကလည်း ဤနေရာကို ဝိုင်းထားကာ လုမင် ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။
..........
လုမင်ကတော့ အပြင်ဘက်မှ အခြေအနေများကို မသိရှိတာ သဘာဝ ဖြစ်သည်။ သူက အလင်းတံခါးသို့ ဝင်ရောက်ပြီးနောက် ကျောက်အခန်းတစ်ခုကို ရောက်ရှိသွား၏။
ကျောက်တုံးအခန်းက အလွန်ကျယ်ဝန်းသော်လည်း လွတ်နေသည်။ ဆေးမီးဖိုမှတပါး၊ တခြားဘာမှ မရှိသလောက်ပင်။
ကျောက်အခန်းအလယ်တွင် ရှိနေသည်က ကြီးမားသော ဆေးမီးဖိုကြီးတစ်ခု ဖြစ်သည်။ ၎င်းက အနည်းဆုံး မီတာတစ်ရာ မြင့်မားပေသည်။
သို့ရာတွင်၊ ဤဆေးမီးဖိုက ဟောင်းနွမ်းလွန်းလှသည်။ ၎င်းက သံချေးများ ဖုံးလွှမ်းနေပြီး သတ္တုအပိုင်းအစတစ်ခုကဲ့သို့ ဝိညာဉ်အသိ လုံးဝ မရှိပေ။
ထို့နောက်မှာတော့ လုမင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည့်တိုင် ဘာမျှ မတွေ့ရတော့ပါ။
"ဒါက တာ့ယန်ဆေးခန်းမလား။ ဒါပေမဲ့ အမွေအနှစ်မပြောနဲ့ ဘာမှတောင် မတွေ့ရဘူး"
လုမင်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်ကာ ရေရွတ်လိုက်သည်။
"ဝမ်"
ရုတ်တရက်၊ တုန်ခါသံတစ်ခု ထွက်ပေါ်လာသောကြောင့် လုမင် တုန်လှုပ်သွားသည်။ သူက နောက်ပြန်ဆုတ်ကာ ပတ်ပတ်လည်ကို သတိထားပြီး ကြည့်လိုက်၏။
"ဝမ်"
နောက်ထပ် အသံတစ်ခုက ထပ်မံထွက်ပေါ်လာပြန်သည်။ လုမင်က သံချေးတက်နေသော ဆေးမီးဖိုကို သူကြည့်လိုက်သည်။ အသံက ဆေးမီးဖိုထဲမှ ထွက်လာခြင်းပင်။
ထို့နောက်တွင် ဆေးမီးဖို၏ တုန်ခါသံက ပို၍ကျယ်လောင်လာခဲ့သည်။
"ခလွပ်"
လုမင်က ဆေးမီးဖိုရှိ သံချေးများ အက်ကွဲပြီး အဆက်မပြတ် ကွာကျလာသည်ကို မြင်လိုက်ရ၏။ ထို့နောက် နီမြန်းသော အလင်းတန်းတစ်ခုက ပျံ့နှံ့သွားတော့သည်။
ထို့ပြင်၊ ဆေးမီးဖိုပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံများစွာကို တွေ့လိုက်ရသည်။
"မွှေးလိုက်တာအ
လုမင်၏ မျက်နှာအမူအရာ ပြောင်းသွားသည်။ သူက ဆေးမီးဖိုမှ ထွက်လာသော ပြင်းထန်သော ဆေးမွှေးရနံ့ကို ခံစားလိုက်ရ၏။
ဆေးမီးဖိုက ပို၍ပြင်းထန်စွာ တုန်ခါလာသည်။ သံချေးများက အလွှားလိုက် အလွှားလိုက် ပြုတ်ကျသွား၏။ နောက်ဆုံးတွင် ဆေးမီးဖိုက လုမင်၏ရှေ့တွင် ပေါ်လာတော့သည်။ ၎င်းက တောက်ပသော အလင်းများလည်း ဖြာထွက်နေခဲ့သည်။
"ဝမ်"
အဆုံးတွင်၊ ဆေးမီးဖိုက တုန်ခါသွားပြီး လုမင်ကို ဖိချလိုက်သည်။
"မကောင်းတော့ဘူး"
လုမင်၏ အမူအရာ ပြောင်းသွားသည်။ ရှောင်တိမ်းရန်ကြိုးစားရင်း သူ့ခန္ဓာကိုယ်က လျင်မြန်စွာ တောက်ပလာ၏။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ဆေးမီးဖိုမှ ပေါက်ကွဲထွက်လာသည်။ လုမင်၏ ပတ်ဝန်းကျင် လေဟာနယ်က တင်းမာလာပုံရပြီး သူ့ခွန်အားကို အပြည့်အဝ အသုံးပြုလျှင်ပင် မလှုပ်နိုင်တော့ပေ။
'မဟုတ်ဘူးလေ၊ ဒီဆေးမီးဖိုနဲ့ သေအောင် ရိုက်ခံရမှာတော့ မဟုတ်ဘူး မဟုတ်လား။ ဒါဆိုရင်တော့ ဘယ်လိုမှ မတရားနိုင်တော့ဘူး'
လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက်မှာတော့ ဆေးမီးဖိုက သူ့ဦးခေါင်းပေါ်မှ ဖိချလိုက်တော့သည်။