← Chapters

အခန်း ၁၈၀၃

Vol. 121 Ch. 1803

အခန်း ၁၈၀၃

Vol. 121 Ch. 1803

အပိုင်း ( 1803 ) ခန်းမသခင် အသစ်။

ကြက်သွေးရောင် ဆေးမီးဖိုက ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုအငွေ့အသက်က အလွန်ပူပြင်း၏။ လုမင်အနီးသို့ ချဉ်းကပ်လာသည်နှင့် လုမင်မှာ လောင်ကျွမ်းသွားတော့မလို ခံစားလာရတော့သည်။

သို့သော်၊ ထို့နောက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဆေးမီးဖိုက လုမင်အနီးသို့ ရောက်သောအခါ လျင်မြန်စွာ ကျုံ့သွား၏။ ၎င်းက အလင်းတန်းတစ်ခုကဲ့သို့ လုမင်၏ မျက်ခုံးနှစ်ခုကြားကို တိုးဝင်သွားတော့သည်။

နောက်အခိုက်အတန့်တွင်၊ ဆေးမီးဖိုက လုမင်၏ အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာကာ မျက်စိကျိမ်းစပ်မတတ် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် များပြားလှသော သတင်းအချက်အလတ်များက လုမင်၏ အသိစိတ်ထဲသို့ ဝင်လာတော့သည်။

လုမင်လည်း အချက်အလက်များကို လက်ခံပြီး ချေဖျက်ရန် တင်ပျဉ်ခွေထိုင်လိုက်သည်။

မသိနိုင်သော အချိန်တစ်ခုကြာပြီးနောက် လုမင်က မျက်လုံးပြန်ဖွင့်လိုက်လေသည်။

"တာ့ယန်ဒယ်စောက်အိုး၊ တာ့ယန်ဆေးကျမ်း... တာ့ယန်ဆေးခန်းမရဲ့ အမွေကို ဒီလိုနည်းနဲ့ရရှိဖို့ မမျှော်လင့်ထားဘူး"

လုမင်က စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ရေရွတ်လိုက်သည်။

သူ့စိတ်ထဲတွင် ပေါ်လာသော အချက်အလက်များက အဓိကအားဖြင့် နှစ်ပိုင်းရှိ၏။ တစ်ခုက ဆေးဝါးပညာအတွက် မြင့်မြတ်သော ကျမ်းတစ်ခုဖြစ်သည့် တာ့ယန်ဆေးကျမ်း ဖြစ်သည်။

"တာ့ယန်ဆေးကျမ်းက တကယ်ကို လျှို့ဝှက်ဆန်းကျယ်တာပဲ။ ကောလဟာလတွေအတိုင်း၊ ဒါက ဆေးဝါးသန့်စင်ဖို့ မိုးနဲ့မြေရဲ့ နိယာမတွေကို အသုံးပြုနိုင်တယ်"

လုမင်၏ မျက်နှာတွင် အံ့သြခြင်းများ ပြည့်နှက်သွားသည်။

ဟုတ်သည်၊ သူက တာ့ယန်ဆေးကျမ်း၏ အကြောင်းအရာများကို အကြမ်းဖျင်းမျှသာ သိရှိသေးသည်။ အပြည့်အဝ နားလည်လိုပါက အချိန်ပိုယူရမည်။

နောက်တစ်ပိုင်းကတော့ တာ့ယန်ဆေးအစီရင်ဆိုသော အချက်အလက်ပင်။

တာ့ယန်ဆေးခန်းမ၏ ရှေးဘိုးဘေးများက ဤတောင်၏ အနီးတဝိုက်တွင် အားကောင်းသော အစီရင်များကို ရေးထွင်းထားခဲ့သည်။ ယခုအခါ အချက်အလက်အားလုံးက လုမင်၏စိတ်ထဲတွင် ရှိနေသောကြောင့် အလွယ်တကူ ဆုပ်ကိုင်နိုင်ခဲ့ပြီ။

"ဒီနေရာကို အစီရင်ကြီးနဲ့ ကာကွယ်ထားတဲ့အပြင် မူလချီစွမ်းအင်ကလည်း ကြွယ်ဝတယ်။ အနာဂတ်မှာ ဒီနေရာမှာ နေထိုင်တာက မကောင်းတဲ့စိတ်ကူး မဟုတ်ဘူး"

လုမင်က ပြုံးလိုက်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

ထိုစဉ်၊ တိတ်ဆိတ်နေသော ကျောက်အခန်းထဲတွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက သစ်သားတုတ်နှင့် မြေပြင်ကို ထောက်နေသကဲ့သို့ ဖြစ်၏။

'တစ်ယောက်ယောက်ရှိနေတယ်'

လုမင်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။

တာ့ယန်ဆေးခန်းမ၏ မျိုးဆက်ဟောင်းတစ်ဦးဦးက အသက်ရှင်နေသေးခြင်း ဖြစ်မည်လော။

လုမင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

အသံကလည်း ပို၍ နီးကပ်လာပြီ။ ထို့နောက်တွင်၊ လုမင်က ကျောက်အခန်း၏ နက်နဲရာမှ ထွက်လာသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ဤသည်မှာ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။ ဤအဘိုးအိုက အမှန်တကယ်ပင် အသက်ကြီးလှပေပြီ။ သူ၏ အဖြူရောင် ဆံပင်များကလည်း သိပ်မကျန်တော့ပေ။ သူ့ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးဖြစ်ပြီး အရေးအကြောင်းများကလည်း သူ့မျက်နှာပေါ်တွင် ပြည့်နေသည်။

ထို့ပြင်၊ သူ့ခန္ဓာကိုယ်မှ ကျင့်ကြံသူတစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်လာခြင်းမရှိပေ။ သူက မီးစာကုန်ဆီခန်းလုနီးဖြစ်နေသည့် သာမန် အဘိုးအိုတစ်ဦးနှင့်ပင် တူလှသည်။

သို့ရာတွင်၊ လုမင်က အနည်းငယ်မျှ သတိလက်လွတ်မဖြစ်ဝံ့ပေ။ တစ်ဖက်လူက တာ့ယန်ဆေးခန်းမတွင် ပေါ်လာသောကြောင့် သာမန်လူမဟုတ်တာ သေချာသည်။

"နှစ်ပေါင်းဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲ။ နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက် ရောက်လာပြီ"

အဘိုးအိုက ပြောလိုက်သည်။ သို့ရာတွင်၊ သူ့လေသံက အိုမင်းပြီး အားအင်ချိနဲ့နေပုံရ၏။

အဘိုးအိုက ရီဝေနေပုံရသော မျက်လုံးများဖြင့် လုမင်ကိုကြည့်ကာ ရုတ်တရက် ဦးညွတ်လိုက်သည်။

"ဒီအစေခံအိုကြီးက ခန်းမသခင်အသစ်ကို နှုတ်ခွန်းဆက်ပါတယ်"

လုမင်လည်း အဘိုးအိုကို ဖေးမလိုက်လေသည်။ သူက မေးလိုက်သည်။

"အကြီးအကဲ၊ ခင်ဗျား ဘာလို့ဒီလိုလုပ်တာလဲ။ နောက်ပြီးတော့ ခင်ဗျားက တကယ်တမ်း ဘယ်သူလဲ"

"ဒီအစေခံအိုကြီးက တာ့ယန်ဆေးခန်းမရဲ့ အစေခံတစ်ယောက်ပါ။ တာ့ယန်ဆေးခန်းမရဲ့ သခင်ဟောင်းက တာ့ယန်ဆေးခန်းမကို‌‌ စောင့်ရှောက်ရင်း ဆေးခန်းမရဲ့ ဆက်ခံသူအသစ် ရောက်လာမှာကို စောင့်နေဖို့ ညွှန်ကြားထားတယ်။ နောက်ဆုံးတော့ ငါ မသေခင်မှာ တာ့ယန်ဆေးခန်းမရဲ့ ဆက်ခံသူသစ်တစ်ဦး ရောက်လာပြီပေါ့"

အဘိုးအိုက ပြောလိုက်သည်။

"ကျွန်တော်က တာ့ယန်ဆေးခန်းမရဲ့ ဆက်ခံသူလား"

လုမင်က မေးလိုက်၏။

"ဟုတ်ပါတယ်၊ အရင်တုန်းက ခန်းမသခင်ဟာ ဒီနေရာကို ဝင်လာနိုင်သူက ‌တာ့ယန်ဆေးခန်းမရဲ့ ဆက်ခံသူလို့ ပြောခဲ့တယ်။ မဟုတ်ရင် တာ့ယန်ဆေးမီးဖိုက မင်းရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်လာပြီး မင်းကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုပါ့မလား"

အဘိုးအိုက ရှင်းပြလိုက်သည်။

"အကြီးအကဲ၊ ဘာတွေဖြစ်နေတာလဲ။ ဟွင်းယွမ်ဂိုဏ်းနဲ့ ဆက်ခံသူက ဘယ်လိုပတ်သက်မှုရှိတာလဲ။ ကျွန်တော်ကို ရှင်းပြပေးနိုင်မလား"

လုမင်က သူ့စိတ်ထဲမှ သံသယများကို မေးလိုက်သည်။

"ဒါက ရိုးရှင်းပါတယ်။ အရင်ခန်းမသခင်က ဟွင်းယွမ်ဂိုဏ်းရဲ့ ဆက်ခံသူပဲ‌လေ။ သူက ငွေရောင် အမွေဆက်ခံသူပဲ"

ထိုသို့ ပြောဆိုပြီးနောက် အဘိုးအို၏ လက်ထဲတွင် တံဆိပ်ပြားတစ်ခု ပေါ်လာသည်။ ၎င်းက ငွေရောင်အလင်းများ တောက်ပနေ၏။ ၎င်းမှာ ဟွင်းယွမ်ဂိုဏ်း၏ ငွေအဆင့် အမွေဆက်ခံသူ တံဆိပ်ပြား ဖြစ်တော့သည်။

"ဟွင်းယွမ်ဂိုဏ်းရဲ့ ရွှေအဆင့် အမွေဆက်ခံသူ မွေးဖွားလာမှပဲ တာ့ယန်ဆေးခန်းမ ပြန်ပေါ်လာနိုင်မယ်လို့ အရင်ခန်းမသခင်က ပြောခဲ့တယ်။ အဲဒီသူက တာ့ယန်ဆေးခန်းမရဲ့ ဆက်ခံသူဖြစ်သလို တာ့ယန်ဆေးခန်းမရဲ့ ခန်းမသခင်အသစ်ပဲ"

"အရင်တုန်းက ငါဟာ ငွေရောင် အမွေဆက်ခံသူ တံဆိပ်ပြားကနေ ဟွင်းယွမ်ဂိုဏ်းရဲ့ ရွှေရောင်အမွေဆက်ခံသူ မွေးဖွားလာတာကို ခံစားမိခဲ့တယ်။ ဒါကြောင့် ရွှေရောင် အမွေဆက်ခံသူကို စောင့်ကြိုဖို့ တာ့ယန်ဆေးခန်းမကို ဖွင့်လိုက်တာ...။ ဒါပေမဲ့ ခန်းမသခင်က ဒီလောက်မြန်မြန် ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး"

အဘိုးအိုက အသေးစိတ် ရှင်းပြလိုက်သည်။

"ဪ"

လုမင် နားလည်သွားခဲ့သည်။ ကျောက်တံခါးပေါ်တွင် ဟွင်းယွမ်ဂိုဏ်း၏ အမွေခံအမှတ်အသားကဲ့သို့ အမှတ်အသားတစ်ခု ရှိနေသည်မှာ အံ့သြစရာ မဟုတ်ပေ။ ဟွမ်လင်နှင့် လုံချန်တို့ပင်လျှင် မဝင်ရောက်နိုင်တာကလည်း အံ့ဩစရာ မဟုတ်တော့ပါ။ ဝင်ရောက်နိုင်သော တစ်ဦးတည်းသောလူက သူ ဖြစ်သည်။

အကြောင်းမူ၊ တာ့ယန်ဆေးခန်းမက သူ့အတွက် မွေးဖွားလာသောကြောင့်ပင်။ သူ မရောက်လာလျှင် အမွေကို အခြား မည်သူမျှ ရရှိနိုင်မည် မဟုတ်ပါ။

သို့ရာတွင်၊ နောက်ထပ် အချက်တစ်ခုကို တွေးလိုက်မိသည်။

ငွေရောင် အမွေခံတံဆိပ်ပြားက ရွှေရောင် အမွေဆက်ခံသူ မွေးဖွားခြင်းကို ခံစားနိုင်သည်။

သို့ဆိုလျှင်၊ ယခင် ဟွင်းယွမ်ဂိုဏ်း၏ အမွေဆက်ခံသူအားလုံးက ဒါကို ခံစားနိုင်မည်ဟူသော အဓိပ္ပာယ်ပင် မဟုတ်လော။ အချို့သော အကျော်အမော်များပင်လျှင် ရွှေရောင် အမွေဆက်ခံသူ ပေါ်ထွန်းလာခြင်းကို သိရှိနိုင်သည် မဟုတ်တုံလော။

သူ့အနေဖြင့် အနာဂတ်တွင် ပို၍ သတိထားရမည့်ပုံရသည်။ မလိုအပ်ပါက၊ ဟွင်းယွမ်ဂိုဏ်း၏ ရွှေရောင် အမွေဆက်ခံသူ အထောက်အထားကို မဖော်ပြနိုင်ပေ။

လုမင်က သူ့စိတ်ထဲမှ တွေးနေမိသည်။ တချို့သော အကျော်အမော်များက မကောင်းသော ရည်ရွယ်ချက်များရှိနိုင်ပြီး သူက ဟွင်းယွမ်ဂိုဏ်း၏ ရွှေအဆင့် အမွေဆက်ခံသူဖြစ်ကြောင်းသိရှိလျှင် ချက်ချင်း သတ်ပစ်နိုင်သည်။

"ဒါနဲ့ စကားမစပ် အကြီးအကဲ၊ တာ့ယန်ဆေးခန်းမရဲ့ အခြားသူတွေက ဘယ်မှာလဲ"

လုမင်က ခဏစဉ်းစားနေပြီးနောက် ထပ်မံမေးလိုက်သည်။

"ဘယ်သူမှ မရှိတော့ပါဘူး၊ ငါပဲရှိတယ်။ ငါကလည်း နောက်ထပ် ရက်အနည်းငယ်ကြာရင် ပျောက်ကွယ်သွားမှာကို ကြောက်ရပါတယ်။ ကံကောင်းထောက်မလို့ ကောင်းကင်က အမြင်ရှိတယ်။ ငါ မသေခင်မှာ ခန်းမသခင်က ရောက်လာပြီး တာ့ယန်ဆေးခန်းမကို အမွေဆက်ခံနိုင်ခဲ့ပါတယ်။ ဒါကြောင့် ငါသေရမယ်ဆိုတောင် အေးအေးချမ်းချမ်း အနားယူနိုင်ပြီ"

အဘိုးအိုက ဝမ်းနည်းမှုအပြည့်ဖြင့် ပြောလိုက်လေသည်။

လုမင် အံ့အားသင့်သွားသည်။

"တာ့ယန်ဆေးခန်းမမှာ ဘာဖြစ်လို့ အကြီးအကဲတစ်ယောက်တည်း ကျန်ရှိတော့တာလဲ။ ဒဏ္ဍာရီအရ လူတစ်ယောက်ဟာ ဧကရာဇ်နယ်ပယ်ကို ရောက်ရှိပြီဆိုရင် သက်တမ်းက အဆုံးမရှိဘဲ အင်မော်တယ်တစ်ပါး ဖြစ်လုနီးပါးတဲ့"

လုမင်က အမှန်တကယ် အံ့ဩမိ၏။ တာ့ယန်ဆေးခန်းမတွင် သိုင်းဧကရာဇ်အဆင့် အကျော်အမော် တစ်ဦးမျှပင်မရှိဘူးဟု သူ မယုံပေ။

ရှေးခေတ်က တာ့ယန်ဆေးခန်းမသည် ယွမ်တောင်တစ်ခုလုံးမှာပင် နာမည်ကြီးခဲ့သည်။ သူတို့၏ ဆေးပညာက တုနှိုင်းမယှဉ်နိုင်ဘဲ ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင် ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။

ထို့ပြင်၊ မရေမတွက်နိုင်သောနှစ်များ ကြာမြင့်ခဲ့ပြီးသည့်တိုင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ အဓိက အင်အားစုကြီး အားလုံးနီးပါးက လှုပ်ရှားသွားလာနေကြဆဲ ဖြစ်သည်။ သိုင်းဧကရာဇ်များပင် ပေါ်လာကြ၏။ တာ့ယန်ဆေးခန်းမတွင် အဘယ်သို့ သိုင်းဧကရာဇ်မရှိဘဲ ဖြစ်သနည်း။ လုမင် မယုံပေ။

"သိုင်းဧကရာဇ်တွေက အဆုံးမရှိတဲ့ သက်တမ်းရှိနေတာတော့ အမှန်ပါပ။ ဒါပေမယ့် သူတို့က အင်မော်တယ်တွေ မဟုတ်ဘူး"

အဘိုးအိုက သက်ပြင်းချလိုက်သည်။

လုမင် စိတ်ရှုပ်ထွေးသွား၏။ ဒဏ္ဍာရီများက မှားယွင်းနေသလော။

"ခန်းမသခင်၊ ဒီအကြောင်းကို မင်း မသိသေးတာ ဖြစ်ရမယ်။ သိုင်းဧကရာဇ် နယ်ပယ်မှာ အဆုံးမဲ့ သက်တမ်းရှိပါတယ်၊ ဒါပေမဲ့ နှစ်ပေါင်း သုံးသိန်း သုံးသောင်း သုံးထောင် သုံးရာ သုံးဆယ့်သုံးနှစ်( ၃၃၃၃၃၃ )တိုင်းမှာ ကပ်ဘေးကြီးတွေကို ရင်ဆိုင်ရလိမ့်မယ်။ ကပ်ဘေးကို ကျော်ဖြတ်နိုင်သူက ပိုအားကောင်းလာနိုင်တယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ကပ်ဘေးက ပိုပြီးတော့ အားကောင်းလာမှာပဲလေ။ နောက်တစ်ဆင့်ကို မထိုးဖောက်နိုင်ဘူးဆိုရင် ကပ်ဘေးအောက်မှာ ပျောက်ကွယ်သွားရလိမ့်မယ်"

အဘိုးအိုက ရှင်းပြချက်က လုမင်ကို တုန်လှုပ်သွားစေခဲ့သည်။

သိုင်းဧကရာဇ်များက နှစ်ပေါင်း သုံးသိန်း သုံးသောင်း သုံးထောင်‌ သုံးရာ သုံးဆယ့်သုံးနှစ်တိုင်းမှာ ကပ်ဘေးကြီးများကို ကြုံတွေ့ရလိမ့်မည်။ ကပ်ဘေးကို မကျော်ဖြတ်နိုင်သူက ပြာအဖြစ်သို့ ပြောင်းလဲသွားရမည် ဖြစ်သည်။

သိုင်းဧကရာဇ်နယ်ပယ်မှာပင် မ‌သေဆုံးဘဲ ထာဝရရှင်သန်မည်ဟု အာမ မခံနိုင်ပေ။ ၎င်းတို့က ကြီးမားသော ကပ်ဘေးများကို ရင်ဆိုင်ကြရမည် ဖြစ်သည်။

တစ်နည်းဆိုရသော်၊ သိုင်းဧကရာဇ်များက အချိန်တိုင်းတွင် တိုးတက်နေရမည်ဖြစ်ပြီး လုံလောက်စွာ မသန်မာပါက သေဆုံးသွားလိမ့်မည်။

"ကပ်ဘေးတစ်ခုစီက အကြိမ်တိုင်းမှာ ပိုပြီး ကြောက်စရာကောင်းလာတယ်။ ဧကရာဇ်နယ်ပယ်မှာ တိုးတက်မှုမရှိဘူးဆိုရင် ကပ်ဘေးအောက်မှာ အနှေးနဲ့အမြန် သေသွားရမှာပဲလေ။ သိုင်းဧကရာဇ်ဆိုရင်တောင် ဘာဖြစ်သေးသလဲ၊ နောက်ဆုံးမှာတော့ ကောင်းကင်ကပ်ဘေးကို ရှောင်လွှဲလို့မရသေးဘူး"

အဘိုးအိုက အဆုံးမဲ့ခံစားချက်တို့ဖြင့် သက်ပြင်းချလိုက်သည်။

All Chapters