← Chapters

အခန်း ၁၈၀၆

Vol. 121 Ch. 1806

အခန်း ၁၈၀၆

Vol. 121 Ch. 1806

အပိုင်း ( 1806 ) လုမင်က ဧကရာဇ်များကို သတ်လိုသည်။

လုမင်က ပုန်းအောင်းရန် ဆေးမီးဖိုတောင်ပေါ်သို့ ဝင်ပြေးတော့မည်ဟု လူတိုင်းက ထင်နေချိန်တွင်... လုမင်က ရုတ်တရက် ရပ်သွားသည်။ ပတ်၀န်းကျင်တွင် အကန့်အသတ်မရှိသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဧကရာဇ်အဆင့် အကျော်အမော်သုံးဦးကို ပိတ်ဆို့လိုက်၏။

တစ်ချိန်တည်းမှာပင် မျက်ခုံးနှစ်ခုကြားမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ဒယ်စောက်အိုးတစ်လုံးဖြစ်သည့် တာ့ယန်ဆေးမီးဖို ဖြစ်တော့သည်။

တာ့ယန်ဆေးမီးဖိုက ပေတစ်သောင်းအမြင့်အထိ ကြီးထွားလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်သည်။

"ဝုန်း"

မြေပြင်က ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ လုမင်က ကောင်းကင်မှ ဆင်းသက်လာပြီး တာ့ယန်ဆေးမီးဖိုထိပ်တွင် ရပ်လိုက်သည်။

"ဒါက တာ့ယန်ဆေးမီးဖိုပဲ"

ဝမ်မျိုးနွယ်၏ သိုင်းဧကရာဇ်များ၊ ကောင်းကင်ဝံပုလွေမျိုးနွယ်၏ သိုင်းဧကရာဇ်များနှင့် ရွှေကျီးကန်းမျိုးနွယ်၏ သိုင်းဧကရာဇ်များက တာ့ယန်ဆေးမီးဖိုကို စိုက်ကြည့်ရင်း မျက်လုံးများ အရောင်တောက်ပလာတော့သည်။

တာ့ယန်ဆေးမီးဖိုက တာ့ယန်ဆေးကျမ်းနှင့်အတူ နိယာမများကို အသုံးပြုပြီး ဆေးဝါးသန့်စင်နိုင်သည်။ ၎င်းက မိုးနှင့်မြေ၏ ရတနာများကို သိမ်းပိုက်နိုင်စွမ်း ရှိ၏။ ဤကဲ့သို့သော ရတနာမျိုးက မည်သည့်အင်အားစုအတွက်မဆို ကြီးမားသော သွေးဆောင်မှုတစ်ခု ဖြစ်သည်။

"တာ့ယန်ဆေးမီးဖိုကို လွှဲပေးစမ်း"

ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးက ဧကရာဇ်လက်နက်များဖြင့် လုမင်ကို တိုက်ခိုက်လိုက်သည်။

ကောင်းကင်ဝံပုလွေမျှော်စင်၏ သိုင်းဧကရာဇ်နှင့် ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်ကြီးကလည်း နောက်ကျမနေပေ။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။

ဧကရာဇ်အဆင့် အကျော်အမော်သုံးဦးက လုမင်ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့၏။

ဆေးမီးဖို၏ထိပ်တွင်ရပ်ကာ လုမင်၏ မျက်လုံးများက ရူးသွပ်မှု အလင်းရောင်တို့ တောက်ပလာသည်။

ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်၊ ရွှေကျီးကန်းမျိုးနွယ်၊ ခရမ်းရောင်အစွန်းရောက်ဂိုဏ်းနှင့် ကောင်းကင်ငှက်နန်းတော်... ဤအင်အားစုကြီးငါးခုက တရားလွန်နေပြီ။

မူလက လုမင်နှင့် အင်အားစုကြီးငါးခုသည် မျိုးဆက်သစ်လူငယ်များကြားတွင်သာ တိုက်ခိုက်ခဲ့ကြသည်။

မျိုးဆက်သစ်လူငယ်များကြားမှ တိုက်ပွဲတွင် သေဆုံးမှုနှင့် ဒဏ်ရာရမှုများက ရှောင်လွှဲ၍မရပေ။ သို့သော်လည်း ထိုအင်အားစုကြီးများ၏ မျိုးဆက်သစ်များက လုမင်ကို မယှဉ်နိုင်သောအခါ၊ ၎င်းတို့က မျိုးဆက်ဟောင်းများကို တိုက်ရိုက်စေလွှတ်ခဲ့သည်။

ဤတစ်ကြိမ်ဆိုလျှင် ပို၍ လွန်သေးသည်။ လုမင်ကိုသတ်ရန် သိုင်းဧကရာဇ်အဆင့် အကျော်အမော်များက ကိုယ်တိုင်ထွက်လာခဲ့သည်။

ထိုသို့ဖြစ်တာကြောင့် လုမင်က ရူးသွပ်ပြရတော့မည် ဖြစ်သည်။ မဟုတ်လျှင်၊ သူ့ကို ပေါ့ပေါ့ပါးပါး အနိုင်ကျင့်နိုင်သည်ဟု ထင်မှတ်ကြလိမ့်မည်။

ဧကရာဇ်အဆင့် အကျော်အမော်သုံးဦး၏ တိုက်ခိုက်မှုများက သူ့ထံ လျင်မြန်စွာ ချဉ်းကပ်လာသော်လည်း လုမင်က တည်ငြိမ်နေဆဲ ဖြစ်သည်။

"တာ့ယန်ဆေးအစီရင်၊ အရာအားလုံးကို အာရုံခံစား၊ ငါ့အတွက် သန့်စင်စမ်း"

လုမင်က ဟိန်းဟောက်လိုက်သည်။ ဤအခိုက်တွင်၊ တာ့ယန်ဆေးမီးဖိုက ကမ္ဘာတစ်ခုလုံးနှင့် ပဲ့တင်ထပ်နေသကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရပ်မှ တောက်ပသော အလင်းများ ဖြာထွက်လာ၏။ နေရာအနှံ့အပြားမှ အဆုံးမဲ့ အလင်းစက်ဝိုင်းများ ပေါ်လာပြီးနောက် ဧကရာဇ်ကြီးသုံးပါးကို ဖိနှိပ်ရန် အနှိုင်းမဲ့ကြီးမားသော အိုးကြီးတစ်လုံးအဖြစ် ဖြစ်ပေါ်လာတော့သည်။

"ချိုးဖောက်"

ဧရာဇ်ကြီးသုံးပါးက ဟိန်းဟောက်ပြီး ကြောက်စကာကောင်းသော တိုက်ခိုက်မှုအမျိုးမျိုးတို့ဖြင့် ဆေးမီးဖိုကို တိုက်ခိုက်လိုက်ကြသည်။

"‌တာာ့ယန်ဆေးမီးဖို၊ ဖွင့်"

လုမင်က အေးစက်စက် ထပ်မံအော်လိုက်သည်။ သူ၏ခြေရင်းအောက်ရှိ တာ့ယန်ဆေးမီးဖိုအဖုံးက ပွင့်သွားပြီး အနက်ရောင်ကွက်လပ်တစ်ခု ပေါ်လာ၏။ ၎င်းက ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုပြီး ဆေးလုံးအဖြစ် ပြန်လည်သန့်စင်လိုသကဲ့သို့ ပြင်းထန်သော ဆွဲငင်အားတစ်ခုကို ထုတ်လွှတ်လာတော့သည်။

ဧကရာဇ်အဆင့် အကျော်အမော်သုံးဦးက ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုစွမ်းအားကြောင့် ဆေးမီးဖိုထဲသို့ မျောပါသွားကြသည်။

"မကောင်းတော့ဘူး"

ဧကရာဇ်ကြီးသုံးပါးစလုံး မျက်နှာပျက်သွား၏။ သူတို့က ကမ္ဘာ့စွမ်းအားကို ထုတ်လွှတ်ပြီး ဝါးမျိုခြင်းမှ လွတ်မြောက်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်ကြတော့သည်။

"တာ့ယန်ဆေးအစီရင်၊ ဖိနှိပ်"

လုမင်က သူ့လက်ကိုဝှေ့ယမ်းကာ တာ့ယန်ဆေးအစီရင်ကို အစွမ်းကုန်ထိန်းချုပ်ထားခဲ့သည်။

ဤအခိုက်တွင်... လုမင်၊ ‌တာ့ယန်ဆေးမီးဖိုနှင့် တာ့ယန်ဆေးအစီရင်တို့က အံ့မခန်း စွမ်းအင်များဖြင့် ပေါက်ကွဲထွက်လာပြီး တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားပုံရသည်။

တာ့ယန်ဆေးမီးဖိုကို တာ့ယန်ဆေးအစီရင်၏ အကူအညီမပါဘဲ အပြင်မှာထားမည်ဆိုလျှင်၊ လုမင်၏ လက်ရှိကျင့်ကြံမှုဖြင့် ဧကရာဇ်အဆင့် အကျော်အမော်ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

သို့သော်လည်း တာ့ယန်ဆေးအစီရင်၏ အကူအညီဖြင့် ရလဒ်က တစ်မျိုးဖြစ်ခဲ့သည်။ ၎င်း၏စွမ်းအားက အံ့ဖွယ်ကောင်းပြီး အံ့မခန်း စုပ်ယူမှုစွမ်းအားတို့ကို ထုတ်လွှတ်လာတော့သည်။

တစ်ချိန်တည်းမှာပင်၊ အဆုံးမဲ့အလင်းစက်ဝိုင်းများက မီးတောက်များ တောက်လောင်နေသော အိုးကြီးတစ်လုံးအဖြစ် ဖွဲ့စည်းကာ ဧကရာဇ်အဆင့် အကျော်အမော်သုံးဦးကို ဖိချလိုက်သည်။

ဧကရာဇ်အဆင့် အကျော်အမော်သုံးဦးက ကျယ်လောင်စွာ အော်ဟစ်ပြီး အစွမ်းကုန် ခုခံရန် ကြိုးစားကြ၏။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များက တဖြည်းဖြည်း ကျဆင်းလာဆဲဖြစ်ပြီး ဆေးမီးဖိုအတွင်းသို့ စုပ်ယူခံရတော့မည်။

"ဒါက..."

အဝေးမှ ကြည့်ရှုသူများ အံသြသွားကြသည်။

အားလုံး၏ မျက်လုံးများက ပြူးကျယ်ကာ မှင်တက်စွာ ရပ်နေကြ၏။ 'တုန်လှုပ်မှု' သူတို့၏ ခံစားချက်များကို ဖော်ပြဖို့ မလုံလောက်တော့ပေ။

လုမင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူက ဧကရာဇ်ကြီးတွေကို သတ်ချင်နေတာလား။ သူက ဧကရာဇ်ကြီးသုံးပါးကို ဆေးမီးဖိုအထဲထည့်ပြီး ဧကရာဇ်အဆင့် ဆေးသုံးလုံးကို သန့်စင်ဖို့ ကြိုးစားနေတာလား။

ဤသည်မှာ ရဲရင့်သည်ဟု ရိုးရိုးရှင်းရှင်း မဖော်ပြနိုင်တော့ပေ။ သူ၏ သတ္တိက ကောင်းကင်ထက်ပင် ကြီးမားနေပြီ ဖြစ်သည်။

မဟာသူတော်စင်နယ်ပယ် အငယ်လေးတစ်ဦးက ဧကရာဇ်ကြီးသုံးပါးကို အမှန်တကယ် သတ်ချင်နေသည်။ သူ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ... ထိုကဲ့သို့သော အတွေးများနှင့် လုပ်ရပ်များက လုံးဝ ရူးသွပ်ဖွယ်ကောင်းပေသည်။

သိုင်းဧကရာဇ်များ... အနိမ့်ဆုံး ဧကရာဇ်ငယ်များပင်လျှင် ဧကရာဇ်များဖြစ်နေဆဲ ဖြစ်သည်။ သူတို့တွင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးပစ်နိုင်သော စွမ်းအား ရှိ၏။ သူတို့၏ သက်တမ်းက အဆုံးမဲ့လုနီးဖြစ်ပြီး ကမ္ဘာငယ်များကိုပင် တည်ဆောက်ထားနိုင်သည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးက မည်သည့်နေရာတွင်ဖြစ်စေ၊ သက်ရှိသတ္တဝါအပေါင်းတို့၏ ရိုသေလေးစားမှုကို ခံရပေလိမ့်မည်။

သာမန်လူများက ဧကရာဇ်အဆင့် တန်ခိုးရှင်များနှင့် ရင်ဆိုင်ရသောအခါ၊ နတ်ဘုရားနှင့် ရင်ဆိုင်ရသည့် သေမျိုးကဲ့သို့ ဖြစ်သည်။ သူတို့က အနည်းငယ်မျှပင် မရိုမသေ ပြုဝံ့မည် မဟုတ်ပေ။ သို့ရာတွင်၊ လုမင်ကတော့ သတ်ပစ်လိုခဲ့သည်။

ပတ်ဝန်းကျင်ရှိလူများ မည်မျှထိတ်လန့်သွားသည်ကို တွေးကြည့်နိုင်ပေသည်။

အရေးကြီးဆုံးအချက်မှာ၊ ဧကရာဇ်ကြီးသုံးပါးက တာ့ယန်ဆေးမီးဖိုအတွင်းသို့ အမှန်တကယ် ကျဆင်းသွားခြင်း ဖြစ်သည်။

"လုမင်၊ ငါမင်းရဲ့ အရိုးတွေကို အမှုန့်ကြိတ်ပြီး မင်းရဲ့ပြာမှုန်ကို ပင်လယ်ထဲမှ ကြဲပစ်မယ်"

ဝမ်မျိုးနွယ်၏ ဧကရာဇ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

သူ အမှန်တကယ် ရူးသွပ်သွား၏။ သူသည် သိုင်းဧကရာဇ်တစ်ပါးဖြစ်သော်လည်း လုမင်ကို မဖယ်ရှားနိုင်ပါ။ သူက အခြားသူများ၏ အကူအညီကိုပင် ရယူခဲ့ရသည်။ သို့တိုင်၊ ယခုအခါ သူတို့က အမှန်တကယ် ရှုံးနိမ့်ခဲ့ရပြီ။

နောင်တွင်၊ သိုင်းဧကရာဇ်တစ်ပါးအဖြစ် သူ၏ဂုဏ်သတင်းက ပျက်သုဉ်းသွားမည် ဖြစ်သည်။

ထို့ကြောင့် လုမင်ကို အရိုးထဲအထိ မုန်းတီးသွားတော့သည်။

လုမင်ကို ခုခံသည့်အတွက် မုန်းတီးသည်။ သူက နာခံမှုရှိရှိဖြင့် ဝမ်မျိုးနွယ်သို့ လိုက်ပါရန် အဘယ်ကြောင့် ငြင်းဆန်ရသနည်း။

သူသည် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သော်လည်း သူ့ကို ငြင်းဆန်ပြီး အရှက်ခွဲဝံ့သည်။

"ပေါက်ကွဲစေ"

ဝမ်မျိုးနွယ်မှ ဧကရာဇ်ကြီး၏ မျက်လုံးများတွင် နာကျင်မှုများ ပေါ်လာပြီးနောက် ဟိန်းဟောက်လိုက်သည်။ ထို့နောက်၊ ဧကရာဇ်လက်နက်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားပြီး တောက်ပသော အလင်းများဖြင့် ပေါက်ကွဲသွား၏။

ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးက သူ၏ ဧကရာဇ်လက်နက်ကို ဖောက်ခွဲလိုက်ပြီ။

ဧကရာဇ်လက်နက်တစ်ခု၏ ပေါက်ကွဲမှုက ကြောက်ခမန်းလိလိ ပြင်းထန်သည်။ တာ့ယန်ဆေးအစီရင်ဖြင့် ဖွဲ့စည်းထားသော မီးဖိုကြီးတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက်တွင်၊ ဝမ်မျိုးနွယ်၏ ဧကရာဇ်ကြီးက ဧကရာဇ်လက်နက်နှစ်ခုဖြင့် သူ့ကိုယ်သူ ကာကွယ်ကာ အပေါက်မှ ပြေးထွက်သွားတော့သည်။

"ဂီး..."

ရွှေကျီးကန်းကလည်း သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည်။ ရွှေကျီးကန်း သားရဲဧကရာဇ်က အတောင်ပံခတ်ပြီး ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ အပေါက်ထဲမှ ပြေးထွက်သွား၏။

"‌အူဝူး"

ကောင်းကင်ဝံပုလွေမျှော်စင်၏ သားရဲဧကရာဇ်ကလည်း ပြေးထွက်သွားရန် ကြိုးစားလိုက်သည်။

"ဒီမှာနေစမ်း"

လုမင်က တာ့ယန်ဆေးအစီရင်ကို ထိန်းချုပ်ရင်း အေးစက်စက် အော်ဟစ်လိုက်သည်။ မီးဖိုက အမြန်ပြန်ကောင်းလာပြီး အပေါက်ကြီးက လျင်မြန်စွာကျုံ့သွား၏။

"မဟုတ်ဘူး"

ကောင်းကင်ဝံပုလွေမျှော်စင်၏ သားရဲဧကရာဇ်က ဟိန်းဟောက်ပြီး အပေါက်ကို ချဲ့ထုတ်ရန် တိုက်ခိုက်လိုက်သည်။ ကံမကောင်းစွာဖြင့်၊ အပေါက်က ပျောက်ကွယ်သွားပြီ။ ဧရာမ မီးဖိုကြီးမှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ဝံပုလွေမျှော်စင်၏ သားရဲဧကရာဇ်ကို ဖိချလိုက်သည်။

ယခုအချိန်တွင်၊ ကောင်းကင်ဝံပုလွေမျှော်စင်၏ သားရဲဧကရာဇ်က တစ်ဦးတည်းကျန်ရှိတော့သဖြင့် ခုခံရန် ပို၍ ခက်ချေပြီ။ ဧရာမ အိုးကြီးက သူ့ကို တာ့ယန်ဆေးမီးဖိုအတွင်းသို့ တွန်းပို့လိုက်သည်။

"ဂရား"

ကောင်းကင်ဝံပုလွေမျှော်စင်၏ သားရဲဧကရာဇ်က အသည်းအသန် ရုန်းကန်လိုက်သည်။ ကမ္ဘာ့စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးမားလာ၏။ သို့သော်လည်း အသုံးမဝင်ခဲ့ပါ။

သူ့ခန္ဓာကိုယ်က ဆေးမီးဖိုအတွင်းသို့ လျင်မြန်စွာ ကျဆင်းသွားသည်။ နောက်ဆုံးတွင်၊ သူ၏ ကြီးမားသော ခန္ဓာကိုယ်က ဆေးမီးဖိုအတွင်းသို့ ကျရောက်သွားတော့သည်။

"ပိတ်"

လုမင်က တာ့ယန်ဆေးမီးဖို၏ အဖုံးကို ထိန်းချုပ်ပြီး အဖုံးပြန်အုပ်လိုက်သည်။

"သန့်စင်"

လုမင်က ဆေးမီးဖိုအဖုံးပေါ်တွင်ရပ်နေပြီး အော်ဟစ်လိုက်သည်။ သူ၏ ဆံပင်ရှည်များက တဖျပ်ဖျပ်လှုပ်ရှားနေ၏။

"ဝုန်း"

ဆေးမီးဖို၏ အောက်ခြေမှ ပြင်းထန်သော ဆေးမီးတောက်များ ထွက်ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင်၊ တာ့ယန်ဆေးအစီရင်က မရေမတွက်နိုင်သော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး တာ့ယန်ဆေးမီးဖို‌ကို ဝိုင်းရံကာ ဖိနှိပ်လိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

တာ့ယန်ဆေးမီးဖိုမှ ကြောက်စရာကောင်းသော အသံများ ထွက်ပေါ်လာ၏။ ကောင်းကင်ဝံပုလွေမျှော်စင်၏ သားရဲဧကရာဇ်က ရုန်းကန်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်၊ အသုံးမဝင်ပေ။ တာ့ယန်ဆေးမီးဖိုက တာ့ယန်ဆေးခန်းမ၏ အဖိုးတန်ဆုံး ရတနာတစ်ပါး ဖြစ်သည်။ ၎င်းက မိုးနှင့်မြေကို သန့်စင်နိုင်စွမ်း ရှိ၏။ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း ချိုးဖောက်မရနိုင်ပေ။

All Chapters