အခန်း ၁၈၁၂
Vol. 121 Ch. 1812
အပိုင်း ( 1812 ) ကောင်းကင် အဆင့်မြင့် ဝိညာဉ်ခန္ဓာ။
"ဒါက ဖြစ်သင့်ပါတယ်"
လုမင်က ခေါင်းညိတ်လိုက်သည်။ ဦးလေးခုန်းက သူ့အကျိုးအတွက် လုပ်နေတာကိုလည်း သူသိ၏။ စစ်မှန်သော အကျော်အမော်တစ်ဦး ဖြစ်လိုပါက တိုက်ပွဲများ၊ သတ်ဖြတ်ခြင်း၊ အခက်အခဲမျိုးစုံနှင့် အတားအဆီးများကို ကျော်ဖြတ်ရမည် ဖြစ်သည်။
ဖန်လုံအိမ်ထဲရှိ ပန်းတစ်ပွင့်က လေနှင့်မိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
နေရာတိုင်းတွင် ဦးလေးခုန်း၏ အကာကွယ်ကို လိုအပ်ပါက အထွတ်အထိပ်သို့ မည်သို့ရောက်ရှိနိုင်မည်နည်း။
"ခန်းမသခင်၊ မင်းရဲ့ဒဏ်ရာတွေကို အရင်ဆုံး ပြန်ပြီးကုသလိုက်ပါ"
ဦးလေးခုန်းက ခေါင်းညိတ်ပြပြီး ဆေးမီးဖိုတောင်သို့ ပြန်သွားခဲ့သည်။ မကြာမီ၊ လုမင်လည်း ဆေးမီးဖိုတောင်သို့ ပြန်လည်ရောက်ရှိခဲ့၏။ သူက ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး ဒဏ်ရာများကို စတင်ကုသလိုက်တော့သည်။
ဤတစ်ကြိမ်တွင် လုမင်၏ဒဏ်ရာက အလွန်ပြင်းထန်သည်။ သူ၏ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းရန် ခုနစ်ရက် ကြာမြင့်ခဲ့ပေသည်။
ရက်အနည်းငယ်အကြာတွင် ဟွမ်လင်၊ လုံချန်၊ မုချင်ရွယ်နှင့် အခြားသူများက လာရောက်တွေ့ဆုံခဲ့ကြသည်။ လုမင်က ဘာမျှမဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူတို့အားလုံး စိတ်သက်သာရာရသွားကြ၏။ လုမင်ကလည်း သူတို့ကို တာ့ယန်ဆေးခန်းမသို့ ဖိတ်ခေါ်သွားလေသည်။
သို့သော်လည်း ဟွမ်လင်နှင့် အခြားသူများမှာ အကြာကြီးမနေဘဲ သက်ဆိုင်ရာ အင်အားစုများသို့ ပြန်သွားခဲ့ကြသည်။
ယခုအခါ ကောင်းကင်ဧကရာဇ်မြို့တော်ရှိ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ဖွင့်ပွဲနှင့် နီးကပ်လာပြီ။ လူတိုင်းက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ချောမွေ့စွာ ဝင်ရောက်ပြီး မဟာဧကရာဇ်ကြီးများ၏ လမ်းညွှန်မှုကို ရရှိနိုင်ရန် အချိန်တိုင်းကို အသုံးချကာ အကောင်းဆုံး လေ့ကျင့်နေခဲ့ကြသည်။
လုမင်က ဟွမ်လင်နှင့် အခြားသူများကို နတ်အရှိန်အဝါကျင့်စဉ် ပေးအပ်ခဲ့ပေသည်။ ဤသည်မှာ အသက်ကယ် လျှို့ဝှက်နည်းလမ်းဖြစ်ပြီး အရေးကြီးသောအချိန်များတွင် အလွန်အသုံးဝင်သည်။
ဟွမ်လင်နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် လုမင်သည်လည်း တိတ်တဆိတ် လေ့ကျင့်ခဲ့လေသည်။
'တာ့ယန်ဆေးခန်းမရဲ့ တာ့ယန်ဆေးမီးဖိုက ဝိညာဉ်ခန္ဓာကို အမှန်တကယ် သန့်စင်စေပြီး ဆင့်ကဲပြောင်းလဲစေနိုင်တာလား'
လုမင်၏ အတွေးတစ်ခုဖြင့် တာ့ယန်ဆေးမီးဖိုက လွင့်ပျံလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ၎င်းက အိမ်တစ်လုံး၏ အရွယ်အစားအထိ ရှိ၏။
ဤကာလအတွင်းတွင်၊ ဦးလေးခုန်းက တာ့ယန်ဆေးမီးဖို၏ အံ့ဖွယ်ကောင်းသော အသုံးပြုပုံအချို့ကို လုမင်အား ပြောပြခဲ့သည်။
တာ့ယန်ဆေးမီးဖိုက မိုးနှင့်မြေ၏ ကံကောင်းခြင်းများကို သိမ်းယူနိုင်သည်။ ၎င်းက မိုးနှင့်မြေ၏ နိယာမများဖြင့် ဆေးဝါးဖော်စပ်နိုင်စွမ်း ရှိ၏။ ၎င်းက ဝိညာဉ်ခန္ဓာကို တိုးတက်ပြောင်းလဲစေနိုင်သော ဆေးများကိုလည်း သန့်စင်ပေးနိုင်သည်။
ဒါက ပြင်ပကမ္ဘာတွင် ထွက်ပေါ်နေသော ကောလဟာလများဖြစ်သော်လည်း၊ တကယ်တမ်းတွင် တာ့ယန်ဆေးမီးဖိုက ကောလဟာလများထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်ပေသည်။ ၎င်းက လူတစ်ဦး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်သန့်စင်ပြီး ဝိညာဉ်ခန္ဓာကို ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။
"စမ်းကြည့်ရအောင်"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သိုလှောင်လက်စွပ်အတွင်းမှ ဆေးပင်အများအပြားက တာ့ယန်ဆေးမီးဖိုသို့ ပျံသန်းသွား၏။ လုမင်သည်လည်း ဆေးမီးဖိုအတွင်းသို့ ဝင်ရောက်သွားပြီး အဖုံးကို ပြန်ပိတ်လိုက်တော့သည်။
"စမယ်"
လုမင်၏ အတွေးတစ်ခုဖြင့် တာ့ယန်ဆေးမီးဖိုမှ မီးလျှံများ ထွက်ပေါ်လာပြီး လုမင်ကို ဖုံးအုပ်လိုက်သည်။
ဤဆေးမီးဖို၏ မီးများက အလွန်ကြောက်စရာကောင်းသည်။ ယခင်က၊ ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧကရာဇ်အဆင့် အကျော်အမော်ကိုပင် ဤဆေးမီးလျှံဖြင့် သန့်စင်ဖူး၏။
ဟုတ်သည်၊ ဆေးမီးလျှံက ဖျက်ဆီးနိုင်စွမ်း ကြီးမားသော်လည်း ပိုင်ရှင်၏ အလိုဆန္ဒအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပေသည်။
ဆေးမီးလျှံက တောက်လောင်လာပြီးနောက် ဆေးပင်များက ချက်ချင်း သန့်စင်ခံရကာ ဆေးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်ဖက်တွင်၊ ဆေးမီးလျှံက လုမင်၏ ခန္ဓာကိုယ်ကိုလည်း ဖုံးအုပ်သွား၏။ ချက်ခြင်းပင် စူးစူးရှရှ နာကျင်မှုလှိုင်းလုံးများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတော့သည်။
"ကြောက်စရာကောင်းလိုက်တာ"
လုမင်က အစွမ်းကုန် ခုခံသော်လည်း ဆေးမီးလျှံက သူ့ခန္ဓာကိုယ်ကို သန့်စင်လိုသကဲ့သို့ ပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့သည်။
ဤနာကျင်မှုက အရိုးထဲခိုက်အောင် ခံစားရပေသည်။
လုမင်က အံကိုတင်းတင်းကြိတ်ကာ နာကျင်မှုကို အစွမ်းကုန် သည်းခံထားခဲ့သည်။
သူ၏ ဝိညာဉ်ခန္ဓာကို ဆင့်ကဲပြောင်းလဲစေရန် လွယ်ကူသည်မဟုတ်ကြောင်း သူနားလည်ထား၏။ အစစ်အမှန်နဂါးအရိုး၊ အစစ်အမှန်နဂါး သွေးအနှစ်သာရ စသည်တို့ကို ဝယ်လျှင် ကျောက်ကြမ်းမည်မျှ အသုံးပြုရမည်ကိုပင် မသိနိုင်ပေ။
ယခုတော့ ဖြတ်လမ်းနည််းတစ်ခု ရှိနေပြီ ဖြစ်သည်။ သူက အဘယ်ကြောင့် မလုပ်ဆောင်ဘဲနေရမည်နည်း။
လုမင်က အံကြိတ်ပြီး ဆက်လက်သည်းခံနေခဲ့သည်။ ခဏအကြာတွင် ဆေးစွမ်းအင်များက လုမင်ဆီသို့ စတင်စုရုံးလာ၏။ ဆေးမီးလျှံ၏ သန့်စင်မှုနှင့်အတူ ဆေးစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်လာတော့သည်။
လုမင်သည် သူ၏ ဝိညာဉ်ခန္ဓာက တဖြည်းဖြည်း အားကောင်းလာသည်ကို ခံစားလိုက်ရသည်။
ဤနည်းဖြင့် ကျင့်ကြံမှုက ခုနစ်ရက်ကြာပေသည်။ ထိုအချိန်တွင်၊ လုမင်က သူ့ကန့်သတ်ချက်သို့ ရောက်နေပြီဟု ခံစားမိပြီး ဆေးမီးဖိုထဲမှ ပြန်ထွက်ခဲ့သည်။ တစ်နေကုန် အနားယူပြီးနောက် ဆေးမီးဖိုထဲသို့ ဆေးဝါးတချို့ကိုထည့်ပြီး လူကိုယ်တိုင်ဝင်ရောက်၍ ဆက်လက်သန့်စင်ပြန်၏။
ဤနည်းလမ်းက ဆေးဝါးသန့်စင်ခြင်းနှင့် အလွန်ဆင်တူသည်။
လူတစ်ဦး၏ ကိုယ်ခန္ဓာကို ဆေးလုံးအဖြစ်အသုံးပြုကာ ဆေးပင်များကို ဖြည့်စွက်ပစ္စည်းများအဖြစ် အသုံးပြု၍ ဝိညာဉ်ခန္ဓာရှိ အညစ်အကြေးများကို အဆက်မပြတ် သန့်စင်ဖယ်ရှားပေသည်။ ဆေးစွမ်းအင်များက ဝိညာဉ်ခန္ဓာထဲသို့ ပေါင်းစပ်သွားပြီးနောက် ဝိညာဉ်ခန္ဓာ၏ အလားအလာကို အဆက်မပြတ် အားကောင်းလာစေသည်။ ဤသို့ဖြင့် အချိန်ကာလတစ်ခု ရောက်လာသောအခါ၊ ဝိညာဉ်ခန္ဓာ၏ အလားအလာက ပေါက်ကြားလာပြီး အသွင်ကူးပြောင်းမှုကို ရရှိပေလိမ့်မည်။
ဤအကျိုးသက်ရောက်မှုမျိုးက ကောင်းကင်ဘုံကို အံတုနိုင်သည်။
သို့ရာတွင်၊ လုမင်အတွက်တော့ ဒါက အထူးအဆန်းမဟုတ်ပေ။ သူက နဂါးနတ်ဘုရားတိုက်ခိုက်ရေးခန္ဓာကို လေ့ကျင့်ထားခြင်း ဖြစ်သည်။ သူ့တွင် အစစ်အမှန်နဂါးအရိုး သို့မဟုတ် အစစ်အမှန်နဂါးသွေး စသည်တို့ရှိသရွေ့တော့ အနှေးနှင့်အမြန် တိုးတက်နေပေလိမ့်မည်။
သို့သော်လည်း သာမန် ကျင့်ကြံသူများအတွက် ဤအကျိုးသက်ရောက်မှုက ကောင်းကင်ဘုံကို အံတုနိုင်လွန်းသည်။
တစ်နည်းဆိုရသော် သင်၏ ဝိညာဉ်ခန္ဓာအဆင့်က မည်ကဲ့သို့ဖြစ်ပါစေ၊ ဆက်လက်သန့်စင်နေသရွေ့ ဝိညာဉ်ခန္ဓာက တိုးတက်နေနိုင်သည်။
ဟုတ်သည်၊ ကန့်သတ်ချက်တချို့တော့ ရှိ၏။ လူတစ်ယောက်၏ စွမ်းရည်အရ ရလဒ်မှာလည်း ကွာခြားမှုရှိနိုင်သည်။
လူအချို့က ဆက်လက်တိုးတက်နေနိုင်သော်လည်း အချို့သောလူများတွင် အလားအလာက အကန့်အသတ် ရှိပေသည်။ သူတို့တွင် တာ့ယန်ဆေးမီးဖိုရှိလျှင်ပင် အများကြီး တိုးတက်ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
သို့ရာတွင်၊ ဤသည်ကပင် ကောင်းကင်ဘုံကို အံတုနေပြီ ဖြစ်သည်။ ထို့ကြောင့်၊ ဦးလေးခုန်းက သူ့အား ဤလုပ်ဆောင်ချက်ကို မဖော်ထုတ်မိရန် သတိပေးခဲ့သည်။ နောက်ဆုံးတွင်၊ ပြင်ပကမ္ဘာက တာ့ယန်ဆေးမီးဖိုသည် ဝိညာဉ်ခန္ဓာကို တိုးတက်ပြောင်းလဲစေနိုင်သော ဆေးများကို သန့်စင်ပေးနိုင်သည်ဟုသာ သိထားသောကြောင့်ဖြစ်သည်။ ဤလုပ်ဆောင်ချက်အကြောင်းကို မည်သူမျှမသိပေ။
ဆေးဝါးဖော်စပ်ခြင်းက ဆေးတစ်မျိုးစီအတွက် သတိမှတ်ထားသော ဆေးပင်များ လိုသည်။ ဆေးပင်မရှိလျှင် ဆေးဖော်စပ်နိုင်မည် မဟုတ်ပေ။
သို့ရာတွင်၊ ဤလုပ်ဆောင်ချက်က သီးခြားပစ္စည်းများကို လုံးဝ မလိုအပ်ပါ။ မည်သည့် ဆေးပင်ကိုမဆို ထည့်နိုင်သည်။
ဒါကို အင်အားစုကြီးတစ်ခုက ရရှိခဲ့မယ်ဆိုလျှင်၊ ပါရမီရှင်များ မည်မျှမွေးထုတ်နိုင်မည်နည်း။
ထိုအချိန်တွင်၊ ဦးလေးခုန်း၏ စောင့်ကြပ်မှုဖြင့်ပင် အချို့သော အင်အားစုများ၏ ပစ်မှတ်ထားခြင်း အန္တရာယ်ကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
ခုနစ်ရက်ပြီးနောက် နောက်ထပ်ခုနစ်ရက်... မျက်စိတစ်မှိတ်အတွင်း တစ်လကုန်လွန်သွားသည်။
လုမင်က ဆေးမီးဖိုထဲတွင် လေ့ကျင့်နေခဲ့သည်။ ပူဖောင်းလေးကတော့ ပျင်းရိသောကြောင့် နေတိုင်း လျှောက်သွားနေ၏။ လုမင်ကလည်း သူ့ကို ဂရုမစိုက်တော့ပေ။
ပူဖောင်းလေး၏ လက်ရှိကျင့်ကြံမှုနှင့် အချိန်ဟင်းလင်းပြင်နိယာမအရ ဧကရာဇ်အဆင့် အကျော်အမော်ကို မကြုံတွေ့ရသရွေ့ အဆင်ပြေနေသင့်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ပူဖောင်းလေးက ရက်အနည်းငယ်တိုင်း ပြန်လာသည်။ ထိုအချိန်မျိုးတွင် သူ့တစ်ကိုယ်လုံးမှ ဆေးမွှေးရနံ့များ ထွက်နေတတ်၏။ လုမင်ကိုပင် သူတော်စင် ဆေးပင်များစွာကို ပေးခဲ့သေးသည်။
ဤသူတော်စင်ဆေးပင်များက အလွန်သက်တမ်းရင့်ပြီး ကောင်းမွန်သည်။
လုမင်လည်း ခါးသက်သက်ဖြင့် ပြုံးမိသည်။ ပူဖောင်းလေးက အင်အားစုတချို့၏ ဆေးဝါးများကို အလစ်သုတ်လာခြင်း ဖြစ်မည်။
"ဂါး"
ရုတ်တရက်၊ ဆေးမီးဖိုအတွင်းမှ ထိတ်လန့်တုန်လှုပ်ဖွယ် နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ ဆေးမီးဖို၏အထက်တွင် နဝမနဂါးတစ်ကောင် လှည့်ပတ်နေ၏။ ထိုနဂါးက အလွန်အသက်ဝင်ပြီး နဝမနဂါး ပြန်လည်ရှင်သန်လာသကဲ့သို့ ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်နေတော့သည်။
"ဝုန်း"
ဆေးမီးဖိုအဖုံးက ပွင့်သွားပြီးနောက် လုမင်၏ပုံရိပ် ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကို နဝမနဂါးက ဝန်းရံထား၏။ သူ့အသားအရည်က တောက်ပြောင်နေပြီး အဆုံးမဲ့စွမ်းအားများ ပါဝင်နေပုံရပေသည်။
"အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ"
လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့မျက်လုံးများက အရောင်တလက်လက် တောက်ပနေ၏။
တစ်လတိတိ အဆက်မပြတ် လေ့ကျင့်ပြီးနောက် သူ၏ဝိညာဉ်ခန္ဓာက နောက်ဆုံးတွင် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားချေပြီ။
ဤသည်မှာ ဝိညာဥ်ခန္ဓာ၏ အမြင့်ဆုံးအဆင့် ဖြစ်နေပြီဖြစ်သည်။ သူ၏ ခွန်အားကလည်း အံ့မခန်းအဆင့်သို့ ရောက်ရှိသွားတော့သည်။
ဤတစ်လတာကာလအတွင်း သူ၏ ကျင့်ကြံမှုအဆင့်က ပြောင်းလဲဘဲ မဟာသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်က တဟုန်ထိုး တိုးတက်လာခဲ့ပြီ။
"ငါ့ရဲ့ လက်ရှိတိုက်ခိုက်ရေးအင်အားနဲ့ အဆင့်တူမှာ ဘယ်သူက ငါ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်ဦးမလဲ။ ကောင်းကင်သားတော်တွေက အဆင့်တူမှာ ပြိုင်ဘက်ကင်းလို့ ပြောကြတယ်။ အခွင့်အရေးရရင် ငါ မြင်ချင်တယ်"
လုမင်၏ မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ တောက်ပလာခဲ့သည်။
ထို့နောက်တွင် သူက ဆေးမီးဖိုတောင်ပေါ်မှ ထွက်လာပြီး ကောင်းသို့ ပျံတက်သွားသည်။
"ဝုန်း"
လုမင်က လေထဲတွင် လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ လက်သီးအင်အားက တိမ်တိုက်များကို ဖောက်ထွင်းဝင်ရောက်ကာ မိုင်တစ်ထောင် လမ်းကြောင်းတစ်ခု ပေါ်လာတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ထို့နောက်တွင်၊ လုမင်က လက်သီးချက်များကို ဆက်လက် ထုတ်ဖော်လိုက်သည်။ လက်သီးအင်အားများက ဟင်းလင်းပြင်ကို တုန်ခါပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအားများဖြင့် ထွက်ပေါ်လာစေခဲ့၏။
လုမင်၏ ခန္ဓာကိုယ်တွင် အဆုံးမဲ့စွမ်းအားများ ရှိနေပုံရသည်။ နာရီဝက်ခန့် ထိုးကြိတ်နေပြီးမှ ရပ်တန့်လိုက်လေသည်။