အခန်း ၁၈၁၉
Vol. 122 Ch. 1819
အပိုင်း ( 1819 ) ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ၏ အင်အားစုကြီး လေးခု။
သူတို့နှစ်ယောက်က အသိအကျွမ်းဟောင်းများဖြစ်သောကြောင့် သဘာဝအတိုင်း လျင်မြန်စွာ ရင်းနှီးသွားကြသည်။ ဟွမ်လင်ကလည်း ရှန်းယွမ်အင်ပါယာ၏ ကိစ္စရပ်များကို ပိုရှင်းလင်းစွာ နားလည်ခဲ့ပေသည်။
"ဒီတစ်ခေါက်မှာ အခြား မင်းသားတစ်ပါးကလည်း ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို လာခဲ့တယ်။ သူတို့က ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ်တို့နဲ့ ရင်းနှီးတယ်လေ။သူတို့က ဒီအင်အားစုတွေရဲ့ ကျွမ်းကျင်သူတွေကို အကူအညီပေးဖို့ ဖိတ်ခေါ်သွားမှာ စိုးရတယ်"
နောက်ဆုံးတွင် အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။
"ဒီတစ်ခေါက်မှာ ပါရမီရှင် လူငယ်တွေကို အဓိက ဖိတ်ခေါ်နေတာလား"
ဟွမ်လင်က မေးသည်။
"ဟုတ်တယ်၊ ရှေးဧကရာဇ်တွေက မင်းသားတွေကို စမ်းသပ်မှုပြုလုပ်ရာမှာ အကူအညီရရှိဖို့ ပြင်ပက ပါရမီရှင်တွေကို ဖိတ်ခေါ်ခွင့်ပြုတဲ့ စည်းမျဉ်းတစ်ခု ချမှတ်ထားတယ်။ နောက်ဆုံးမှာတော့ အဆက်အသွယ်ကလည်း အင်အားရဲ့ ပုံစံတစ်မျိုးပဲ မဟုတ်လား။ အထူးသဖြင့် ရှန်းယွမ်အင်ပါယာလို အင်ပါယာတစ်ခုအတွက် အချိတ်အဆက်တွေက အရေးပါတယ်"
အိုးရန်ဝူရွှမ့်က ရှင်းပြလိုက်၏။
"ဖီးနစ်နန်းတော်အပြင် တခြားဘယ်သူတွေကို ဖိတ်ခေါ်ခဲ့သေးလဲ"
အိုးရန်ဝူရွှမ့်က မချိပြုံးပြုံးကာ ပြောလိုက်လေသည်။
"ရှေးဟောင်းလမြင့်မြတ်နယ်မြေမှာ ငါ့ရဲ့ အဆက်အနွယ်တွေနဲ့ ရင်းနှီးတာက ဖီးနစ်နန်းတော်နဲ့ ကောင်းကင်ငှက်နန်းတော်ပဲ ရှိတယ်။ ဒါပေမဲ့ ငါအရင်က ကောင်းကင်ငှက်နန်းတော်ကို သွားတဲ့အခါ ငြင်းပယ်ခံခဲ့ရတယ်"
"အိုး၊ ဒါဆိုရင် ငါ နင့်ကို အကြံပေးနိုင်တဲ့ လူအနည်းငယ်ရှိတယ်။ နင် သူတို့ကို ဆွဲဆောင်နိုင်မလား ကြည့်ရအောင်"
ဟွမ်လင်က ပြောလိုက်သည်။
"ဘယ်သူလဲ"
အိုးရန်ဝူရွှမ့်က မေးသည်။
"ဂိုဏ်းချုပ်ငယ်နဲ့ လုံချန်"
ဟွမ်လင်က ပြုံးလိုက်၏။
"ဘာ၊ ဂိုဏ်းချုပ်ငယ်ကလည်း ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှာ ရှိတာလား"
အိုးရန်ဝူရွှမ့်၏ မျက်လုံးများက အံ့ဩမှုတို့ဖြင့် ပြူးကျယ်သွားသည်။
"ဟုတ်ပါတယ်၊ ငါတို့ ဟွင်းယွမ်ဂိုဏ်းရဲ့ စမ်းသပ်မှုကို ဖြေဆိုတဲ့အခါ ငါ၊ လုံချန်နဲ့ ဂိုဏ်းချုပ်ငယ်က အတူတူလာခဲ့ကြတာ။ သူတို့ကလည်း ရှေးဟောင်းလမြင့်မြတ်နယ်မြေမှာပဲလေ"
ဟွမ်လင်က ပြောလိုက်သည်။
"ဒီလိုဆိုရင် ငါ သေချာပေါက် ဖိတ်ခေါ်မယ်"
အိုးရန်ဝူရွှမ့်က တက်ကြွစွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါ လုံချန်ကို အရင်ဆုံး စာပို့လိုက်မယ်"
ထို့နောက်တွင် ဟွမ်လင်က လုံချန်ထံသို့ မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။
လုံချန်က ဟွမ်လင်ထံမှ သတင်းရရှိခဲ့ချိန်တွင် နတ်ဆင်ဂိုဏ်းသို့ ပြန်ရောက်တာတောင် မကြာသေးပေ။ သူက ဖီးနစ်နန်းတော်သို့ ရောက်လာပြီး အိုးရန်ဝူရွှမ့်ကို မြင်လိုက်ရပြီးနောက် အံ့ဩသွား၏။
အိုးရန်ဝူရွှမ့်က သူလာရောက်ရသည့် အကြောင်းရင်းကို ရှင်းပြသောအခါ လုံချန်က မဆိုင်းမတွ သဘောတူခဲ့ပေသည်။
ချက်ချင်းဆိုသလိုပင် သူတို့သုံးယောက်က တာ့ယန်ဆေးခန်းမဆီသို့ ဦးတည်သွားကြသည်။
"ဂိုဏ်းချုပ်ငယ်က တာ့ယန်ဆေးခန်းမရဲ့ ခန်းမသခင်အသစ် ဖြစ်လာဖို့ မမျှော်လင့်ထားဘူး"
တာ့ယန်ဆေးခန်းမ၏ အပြင်ဘက်တွင်ရပ်ရင်း အိုးရန်ဝူရွှမ့်က သက်ပြင်းချလိုက်သည်။
ရှေးခေတ်က တာ့ယန်ဆေးခန်းမ၏ နာမည်သည် ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ အိုးရန်ဝူရွှမ့်ကလည်း သဘာဝအတိုင်း ကြားဖူးပေသည်။
မကြာမီ၊ လုမင် ထွက်လာသည်။
"အိုးရန်ဝူရွှမ့်"
လုမင်လည်း အိုးရန်ဝူရွှမ့်ကို တွေ့သောအခါ အံ့ဩသွား၏။
အိုးရန်ဝူရွှမ့်က သူလာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း ရှင်းပြလိုက်လေသည်။
"ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေလား။ ကောင်းပြီ၊ ငါသဘောတူတယ်။ ငါတို့ ဘယ်အချိန် ထွက်ခွာကြမှာလဲ"
လုမင်က ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။
စင်စစ်တွင်၊ အိုးရန်ဝူရွှမ့်ကြောင့် မဟုတ်လျှင်ပင် လုမင်က ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေသို့သွားရန် စီစဉ်ထားပြီးပြီ ဖြစ်သည်။
အကြောင်းမူ၊ တစ်ခုတည်းသော နတ်နန်းတော်က ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေတွင် ရှိနေသောကြောင့်ပင်။
ချင်ယွဲ့ကို တစ်ခုတည်းသော နတ်နန်းတော်၏ အကျော်အမော်က ခေါ်ဆောင်သွားခဲ့သည်။ သူက တစ်ခုတည်းသော နတ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်လာနိုင်ဖွယ် ရှိ၏။
ထို့ပြင်၊ လုမင်တွင် အခြား စိတ်ကူးတစ်ခုလည်း ရှိသေးသည်။
အိုးရန်ဝူရွှမ့်က ဟွင်းယွမ်ဂိုဏ်း၏ ငွေရောင် အမွေဆက်ခံသူဖြစ်ပြီး အနည်းဆုံး လုမင်၏အမိန့်ကို အနှစ်နှစ်ဆယ်ကြာ နာခံရမည် ဖြစ်သည်။ သူသာ အိုးရန်ဝူရွှမ့်ကို ရှန်းယွမ်အင်ပါယာကိုထိန်းချုပ်ရန် ကူညီပေးနိုင်ပါက ဤအင်အားစုကြီးဟာ လုမင်၏လက်တွင် သေချာပေါက် ရှိလိမ့်မည်။ လုမင်က ထိုအင်အားကို ဆွဲယူအသုံးပြုရန်ပင် ဖြစ်နိုင်သည်။
လုမင်အတွက် ၎င်းက လုံးဝ အကျိုးရှိပြီး အရှုံးမရှိပေ။
အိုးရန်ဝူရွှမ့်ကို အောင်ပွဲရရန်နှင့် ရှန်းယွမ်အင်ပါယာ၏ အိမ်ရှေ့မင်းသားဖြစ်လာစေရန် ကူညီပေးမည်ဟု သူဆုံးဖြတ်ထားပြီး ဖြစ်သည်။
"ဂိုဏ်းချုပ်ငယ်ရဲ့ အကူအညီနဲ့ဆိုရင် ဒီခရီးစဉ်က အချည်းနှီးမဖြစ်တော့ပါဘူး။ အချိန်မရွေး ထွက်ခွာလို့ရတယ်"
အိုးရန်ဝူရွှမ့်က အလွန်ဝမ်းသာသွားသည်။
လုမင်က ဟွင်းယွမ်ဂိုဏ်း၏ ရွှေရောင် အမွေဆက်ခံသူ ဖြစ်လာနိုင်သောကြောင့် သူ၏ အလားအလာက အံ့မခန်းဖြစ်မည်မှာ အသေအချာပင်။ သူ၏ ကျင့်ကြံမှုအခြေခံက အားနည်းနေသေးလျှင်ပင် တိုက်ခိုက်နိုင်စွမ်းကတော့ အလွန်အားကောင်းမည်မှာ သေချာသည်။ သူက ဤကိစ္စတွင် ကြီးမားသော အထောက်အကူ ဖြစ်လိမ့်မည်။
ထို့ပြင် ဟွမ်လင်နှင့် လုံချန်တို့ကလည်း သူကဲ့သို့ ငွေရောင်အမွေဆက်ခံသူများ ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အားမနည်းနိုင်ပေ။
"အိုးရန်၊ နောင်ကျရင် အပြင်လူတွေရှေ့မှာ ငါ့ကို ဂိုဏ်းချုပ်ငယ်လို့ မခေါ်နဲ့။ လုမင်လို့ပဲ ခေါ်လိုက်ပါ"
လုမင်က ပြောလိုက်သည်။
"ကောင်းပြီ"
အိုးရန်ဝူရွှမ့်က ခေါင်းညိတ်လိုက်၏။
နောက်ပိုင်းတွင် သူတို့လေးဦးက ဖီးနစ်နန်းတော်သို့ ပြန်ရောက်ခဲ့ကြသည်။ လုမင်နှင့် လုံချန်တို့လည်း ရှန်းယွမ်အင်ပါယာသို့ သွားမည်ဖြစ်ကြောင်း ဖီးနစ်နန်းတော်ရှင်အား သတင်းပို့သောအခါ ဖီးနစ်နန်းတော်ရှင်က အလွန်ဝမ်းသာသွားလေသည်။
လွန်ခဲ့သည့်နှစ်လက လုမင်သည် ဝမ်ကျန်းရန်ကို သတ်ဖြတ်ခဲ့သည့် သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်အားကောင်း၏။ လုမင်၏ ပါဝင်မှုနှင့်အတူ၊ အိုးရန်ဝူရွှမ့် အနိုင်ရရန် အခွင့်အလမ်းများ အလွန်တိုးလာလိမ့်မည်။
မူလက ဖီးနစ်နန်းတော်ရှင်သည် အခြား ပါရမီရှင်များကို စေလွှတ်ပေးရန် စီစဉ်ထားသော်လည်း ထိုအစီအစဉ်ကို ပယ်ဖျက်လိုက်သည်။
ဤနေရာမျိုးတွင် အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးသည်။ ဖီးနစ်နန်းတော်၏ အသန်မာဆုံးသော ပါရမီရှင်များက ကျင့်ကြံရာတွင် အရေးကြီးသောအခိုက်အတန့်သို့ ရောက်ရှိနေပြီး ထွက်မလာနိုင်ပေ။ အခြား ပါရမီရှင်များအတွက်တော့၊ သူတို့က ဟွမ်လင်ကိုပင် မမီသောကြောင့် သူတို့သွားလျှင်ပင် အသုံးမဝင်ပါ။
တစ်ရက်အကြာတွင် လုမင်၊ ဟွမ်လင်၊ လုံချန်နှင့် ပူဖောင်းလေးတို့က အိုးရန်ဝူရွှမ့်နှင့်အတူ ဖီးနစ်နန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့က ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ ထွက်ခွာပြီး ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေသို့ ဦးတည်သွားကြ၏။
တကယ်တမ်းတွင် ဖီးနစ်နန်းတော်က ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေသို့ တိုက်ရိုက်မပို့နိုင်ပါ။ သူတို့က ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ အပြင်ဘက်ရှိ မြို့တစ်မြို့သို့ ဦးစွာပို့ဆောင်ပြီးမှ ရှန်းယွမ်အင်ပါယာကို ပျံသန်းသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် အိုးရန်ဝူရွှမ့်က ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ၏ ဖွဲ့စည်းပုံ အခြေအနေကို အကြမ်းဖျင်း ရှင်းပြခဲ့သည်။
ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေက ရှေးဟောင်းလမြင့်မြတ်နယ်မြေကဲ့သို့ ကျော်ကြားသော်လည်း ၎င်း၏ တည်ဆောက်ပုံက ရှေးဟောင်းလ မြင့်မြတ်နယ်မြေနှင့် လုံးဝ မတူပေ။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင် အင်အားစုများစွာက ထိပ်တိုက်ရင်ဆိုင်ပြီး ယှဉ်ပြိုင်နေကြသည်။
စုစုပေါင်း အင်အားစု နှစ်ဆယ်ခန့် ရှိ၏။
သို့သော်လည်း ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေက ခြားနားသည်။ ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေတွင် အင်အားစုကြီးလေးခုသာ ရှိပေသည်။
ကြီးမားကျယ်ပြန့်သော ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေတွင် အင်အားစုကြီး လေးခုသာရှိပြိး တစ်ခုစီက ကျယ်ပြောလှသော နယ်မြေတစ်ခုစီကို သိမ်းပိုက်ကာ နှစ်ပေါင်းများစွာ အမွေဆက်ခံလာခဲ့သည်။
ဤအင်အားစုလေးခုမှာ ရှန်းယွမ်အင်ပါယာ၊ တစ်ခုတည်းသော နတ်နန်းတော်၊ ခရမ်းရောင်မီးလျှံအိမ်တော်နှင့် တာ့လော့ကောင်းကင်ဂိုဏ်းတို့ ဖြစ်ကြသည်။
အင်အားစုကြီးလေးခုသာ ရှိသော်လည်း ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေ၏ အလုံးစုံအင်အားက ရှေးဟောင်းလ မြင့်မြတ်နယ်မြေထက် အားမနည်းကြောင်း သိထားကြရမည်။ တကယ်တမ်းတွင်၊ တို့က ရှေးဟောင်းလ မြင့်မြတ်နယ်မြေထက် ပိုမိုအားကောင်းသည်ဟုပင် ဆိုနိုင်သည်။ ၎င်းတို့ကို အုပ်စိုးထားသော ဤအင်အားစုကြီးလေးခုက မည်မျှအားကောင်းသည်ကို တွေးကြည့်နိုင်ပေသည်။ ၎င်းတို့ အသီးသီးက ဖီးနစ်နန်းတော်နှင့် ဝမ်မိသားစု စသည်တို့ထက် အဆပေါင်းများစွာ အားကောင်းသည်။
၎င်းတို့အနက် တာ့လော့ကောင်းကင်ဂိုဏ်းက အသန်မာဆုံးဖြစ်ပြီး အခြားအင်အားစုသုံးခုကို လွှမ်းမိုးထား၏။
ယခုတစ်ကြိမ်၊ ရှန်းယွမ်အင်ပါယာတွင် အိမ်ရှေ့မင်းသားရာထူးအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသော မင်းသားသုံးဦး ရှိသည်။
ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ၏ အခြား အင်အားစုကြီးသုံးခုက မင်းသားတစ်ပါးစီကို ထောက်ပံ့ထား၏။
အသန်မာဆုံး တာ့လော့ကောင်းကင်ဂိုဏ်းက မင်းသား အိုးရန်ဝူတောက်ကို ပံ့ပိုးသည်။
တစ်ခုတည်းသော နတ်နန်းတော်က မင်းသား အိုးရန်ဝူကျိကို ထောက်ပံ့၏။
ခရမ်းရောင်မီးလျှံအိမ်တော်က အိုးရန်ဝူရွှမ့်၏ဘက်တွင် ရှိသည်။
မင်းသားတစ်ပါးက အိမ်ရှေ့စံမင်းသား ဖြစ်လာပါက၊ သူ့ကို ပံ့ပိုးပေးသော အင်အားစုသည် ရှန်းယွှမ်အင်ပါယာနှင့် ရင်းနှီးမှုရရှိမည်မှာ သေချာသည်။ ၎င်းက ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ၏ ဖွဲ့စည်းပုံအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်။
အထူးသဖြင့်၊ တာ့လော့ကောင်းကင်ဂိုဏ်းက အလွန်အစွမ်းထက်သည်။ အကယ်၍ သူတို့ ထောက်ပံ့ထားသော ပထမမင်းသား အိုးရန်ဝူတောက်က အနိုင်ရရှိပြီး အနာဂတ်တွင် တာ့လော့ကောင်းကင်ဂိုဏ်းနှင့် ရှန်းယွမ်အင်ပါယာတို့ ပူးပေါင်းသွားက အခြားအင်အားစုနှစ်ခုသည် အလွန်ခက်ခဲသော အခြေအနေကို ကျရောက်သွားမည် ဖြစ်သည်။
ထို့ကြောင့် တာ့လော့ကောင်းကင်ဂိုဏ်း၏ ထောက်ပံ့မှုကို ရရှိထားသော အိုးရန်ဝူတောက်ကို တိုက်ခိုက်ရန်အတွက် အိုးရန်ဝူရွှမ့်နှင့် အိုးရန်ဝူကျိတို့က အခြား ပါရမီရှင်များထံမှ အကူအညီရယူရန် ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ ရောက်ရှိခဲ့ကြခြင်းပင်။
သူတို့က ပျံသန်းရင်း ကျယ်ပြောလှသော နယ်မြေကြီးကို ဖြတ်ကျော်သွားကြသည်။ နောက်ပိုင်းတွင်၊ အကန့်အသတ်မဲ့ ကြီးမားသော မြို့ကြီးတစ်ခုကို တွေ့လိုက်ရ၏။ ၎င်းက ရှန်းယွမ်အင်ပါယာ၏ တော်ဝင်မြို့တော်ပင်။ ၎င်းကို ရှန်းယွမ်အင်ပါယာ၏ ရှန်းယွမ်တော်ဝင်မြို့တော်ဟု လူသိများသည်။
ရှန်းယွမ်တော်ဝင်မြို့တော်သို့ လျှောက်သွားသောအခါ အဆောက်အဦအချို့က ပြိုကျပျက်စီးနေကြောင်း သိလိုက်ရသည်။ ရှန်းယွမ်အင်ပါယာက ပြင်းထန်သော ပြည်တွင်းစစ်ကို ကြုံခဲ့ရ၏။ ဧကရာဇ်အဆင့် အကျော်အမော်များပင် စစ်ပွဲမှာ ကျဆုံးခဲ့ကြသည်ဟု ဆိုသည်။ ရှန်းယွမ်တော်ဝင်မြို့တော်သည်လည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရပြီး ယခုအချိန်အထိ မပြုပြင်ရသေးပေ။
အိုးရန်ဝူရွှမ့်၏ ဦးဆောင်မှုဖြင့် သူတို့က နန်းတော်ထဲသို့ အတားအဆီးမရှိ ဝင်ရောက်နိုင်ခဲ့သည်။ ဒါက တော်ဝင်နန်းတော်ပင်....