အခန်း ၁၈၂၀
Vol. 122 Ch. 1820
အပိုင်း ( 1820 ) လမ်းပေါ်တွင် ချင်ယွဲ့နှင့် တွေ့ဆုံခြင်း။
ရှန်းယွမ်အင်ပါယာ၏ ထိပ်တန်း မင်းသားများထဲမှ တစ်ဦးအနေဖြင့် အိုးရန်ဝူရွှမ့်တွင် ကိုယ်ပိုင်နန်းတော် ရှိသည်။
သူတို့က နန်းတော်ထဲကို ဝင်လာပြီးနောက် အိုးရန်ဝူရွှမ့်က လုမင်တို့ နေထိုင်ရန်အတွက် နေရာစီစဉ်ပေးရန် လူတစ်ယောက်ကို ပြောခဲ့သည်။
"လုမင်၊ ဟွမ်လင်နဲ့ လုံချန်... မင်းတို့ အရင် အနားယူကြပါ။ နှစ်ရက်ကြာရင် ငါက ညစာစားပွဲတစ်ခု ကျင်းပပြီး ခရမ်းရောင်မီးလျှံအိမ်တော်ရဲ့ ပါရမီရှင်တွေနဲ့ မိတ်ဆက်ပေးမယ်"
အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းလုပ်စရာရှိရင် သွားလုပ်ပါ"
လုမင်က ခေါင်းညိတ်လိုက်လေသည်။
အိုးရန်ဝူရွှမ့်က သူတို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။
လုမင်၊ ဟွမ်လင်နှင့် လုံချန်တို့လည်း နန်းတော်အတွင်း၌ လျှောက်ကြည့်ကြလေသည်။ သူတို့သည် ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေသို့ ပထမဆုံး ရောက်ဖူးခြင်းဖြစ်၍ သဘာဝအတိုင်း စူးစမ်းလိုစိတ် ပြင်းပြနေကြသည်။
'တစ်ခုတည်းသော နတ်နန်းတော်က အခြား မင်းသားတစ်ပါးကို ထောက်ပံ့တာလား။ ဒါဆိုရင် ချင်ယွဲ့နဲ့ ဆုံနိုင်ဦးမလား'
လုမင်က တွေးလိုက်သည်။
သုံးယောက်သား လမ်းလျှောက်ပြီးနောက် ခဏမျှ စကားစမြည်ပြောဆိုကာ လေ့ကျင့်ရန် မိမိတို့၏အခန်းသို့ ပြန်ခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကုန်သွားပြီ။
နှစ်ရက်အကြာတွင် အိုးရန်ဝူရွှမ့်က ပွဲတစ်ခုကျင်းပပြီး ၎င်းတို့သုံးဦးကို ဖိတ်ကြားရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။
သူတို့က ခန်းမအတွင်းသို့ ရောက်သောအခါ လူတချို့က ထိုင်နေကြချေပြီ။
အိုးရန်ဝူရွှမ့်က စားပါး၏ ထိပ်ဆုံးတွင် ထိုင်နေသည်။ ခန်းမ၏ လက်ဝဲဘက်မှာတော့ အမျိုးသားနှင့် အမျိုးသမီး ရှစ်ယောက် ထိုင်နေကြ၏။ သူတို့ ရှစ်ဦးက ခရမ်းရောင်မီးလျှံ အမှတ်အသားဖြင့် ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားကြသည်။
လုမင်တို့ သုံးဦးလည်း လှည့်ကြည့်လိုက်ကြသည်။ ဤလူငယ်များက ခရမ်းရောင်မီးလျှံအိမ်တော်၏ တပည့်များဖြစ်ကြောင်း သူတို့ ခန့်မှန်းမိပေသည်။
"လုမင်၊ ဟွမ်လင်နဲ့ လုံချန်၊ ကျေးဇူးပြုပြီး ထိုင်ပါ"
အိုးရန်ဝူရွှမ့်က ထရပ်ပြီး သူတို့ကို ကြိုဆိုလိုက်သည်။ လုမင်တို့ သုံးဦးလည်း ဝင်ထိုင်လိုက်ကြသည်။
"အခု လူအားလုံး ရောက်လာကြပြီဆိုတော့ မိတ်ဆက်ပေးပါရစေ။ ဒါက ခရမ်းရောင်မီးလျှံအိမ်တော်ရဲ့ ပါရမီရှင်တွေပါ။ သူက ရှောင်းမုချန်၊ သူကတော့..."
အိုးရန်ဝူရွှမ့်က ခရမ်းရောင်မီးလျှံအိမိတော်၏ ပါရမီရှင်များနှင့် လုမင်တို့ကို မိတ်ဆက်ပေးလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်"
လုမင်တို့သုံးဦးက မတ်တပ်ထရပ်ပြီး အရက်ခွက်များကို မြှောက်လိုက်ကြလေသည်။
သို့သော်... ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်ရှစ်ဦးက တစ်ချက်ရယ်လိုက်ကာ မတုံ့ပြန်ပါ။ သူတို့၏ မျက်နှာများကလည်း မောက်မာမှုများနှင့် ပြည့်နှက်နေသည်။
ဤသဘောထားက လုမင်နှင့် ကျန်သူများအပေါ် အနည်းငယ် မလေးစားရာရောက်ပေသည်။
ဤအရာက အိုးရန်ဝူရွှမ့်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေခဲ့သည်။
"မင်းသားဝူရွှမ့်၊ မင်းက ရှေးဟောင်းလမြင့်မြတ်နယ်မြေကို အကူအညီတောင်းဖို့ သွားခဲ့တယ်လို့ ကြားတယ်။ သူတို့က ရှေးဟောင်းလ မြင့်မြတ်နယ်မြေကနေ မင်း ဖိတ်ခေါ်ခဲ့တဲ့ ပါရမီရှင်တွေလား"
မျက်ခုံးနှစ်ခုကြားတွင် ခရမ်းရောင်မီးတောက် အမှတ်အသားနှင့် လူငယ်တစ်ယောက်က ပြောလိုက်သည်။ ၎င်းက ခရမ်းရောင်မီးလျှံအိမ်တော်တွင် အလွန်အစွမ်းထက်သော ပါရမီရှင် ဖြစ်သည်။ သူ့နာမည်ကား ရှောင်းမုချန် ဖြစ်၏။ သူ၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်နေပြီ။
"မှန်ပါတယ်။ သူတို့က ရှေးဟောင်းလမြင့်မြတ်နယ်မြေရဲ့ ပါရမီရှင်တွေ..."
အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။
"ပါရမီရှင်တဲ့လား၊ ငါက သူတို့ကို ကောင်းကင်ဧကရာဇ်မြို့တော်မှာ ဘာဖြစ်လို့ မတွေ့ဖူးတာလဲ"
ခရမ်းရောင်မီးလျှံအိမ်တော်၏ အခြားလူငယ်တစ်ဦးက အိုးရန်ဝူရွှမ့်၏စကားကို ဖြတ်ပြော၏။
"အမှန်ပဲ၊ ငါတို့လည်း ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ အခြား ပါရမီရှင်တွေကို ကောင်းကင်ဧကရာဇ်မြို့တော်မှာ တွေ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ကို ဘာဖြစ်လို့ မတွေ့ရတာလဲ"
ရှောင်းမုချန်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။
ဧကရာဇ်ကြီးသုံးပါးက ယွမ်တောင် မြင့်မြတ်သောအကယ်ဒမီကို တည်ထောင်လိုသော သတင်းသည် ကောင်းကင်ဧကရာဇ်မြို့တော်တွင် ပျံ့နှံ့သွားသောအခါတွင် မရေမတွက်နိုင်သော ပါရမီရှင်များက ချက်ချင်း စုရုံးရောက်ရှိလာခဲ့သည်။ ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များကလည်း ကောင်းကင်ဧကရာဇ်မြို့တော်သို့ သွားရောက်ကြသောကြောင့် ရှေးဟောင်းလမြင့်မြတ်နယ်မြေ၏ ပါရမီရှင်များစွာကို တွေ့ခဲ့ဖူးပေသည်။ သို့ရာတွင်၊ လုမင်တို့ သုံးဦးကိုတော့ သူတို့က လုံးဝ မသိကြပေ။
ကောင်းကင်ဧကရာဇ်မြို့တော်ကိုပင် မသွားဝံ့ပါက သူတို့က အဘယ်မျှ သန်မာနိုင်မည်နည်း။ ထို့ကြောင့် 'ပါရမီရှင်' ဆိုသောစကားကို မယုံကြည်ကြကြောင်း ထင်ရှားသည်။
"အဲဒီတုန်းက ငါတို့ရဲ့ ကျင့်ကြံမှုက အားနည်းနေသေးတဲ့အတွက် ကောင်းကင်ဧကရာဇ်မြို့တော်ကို မသွားဖြစ်ခဲ့ဘူး"
လုံချန်က ပြောလိုက်သည်။
"ဟားဟားဟား၊ မင်းရဲ့ ကျင့်ကြံမှုအခြေခံက အားနည်းနေသေးတာလား။ အနည်းဆုံး မင်းက ကိုယ့်အကြောင်းကို သိသေးတယ်"
"မင်းရဲ့ ကျင့်ကြံမှုက အားနည်းခဲ့တယ်ပေါ့၊ ဒါဆိုရင် အခု မင်းက သန်မာနေပြီလို့ ပြောချင်တာလား"
"အိုးရန်ဝူကျိက ရှေးဟောင်းလမြင့်မြတ်နယ်မြေကနေ ကောင်းကင်ဝံပုလွေမျှော်စင်ရဲ့ နံပါတ်တစ် ပါရမီရှင်နဲ့ ရွှေကျီးကန်းမျိုးနွယ်စုရဲ့ ဒုတိယမင်းသားကို ဖိတ်ခေါ်ခဲ့တယ်လို့ ကြားတယ်။ သူတို့ရဲ့ ကျင့်ကြံမှုကလည်း တကယ်ကို သန်မာကြပါတယ်"
ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များက လှောင်ပြောင်လိုက်ကြသည်။
ဒါက လုမင်၊ ဟွမ်လင်နှင့် လုံချန်တို့၏ မျက်နှာများကို အေးစက်သွားစေသည်။
အိုးရန်ဝူရွှမ့်လည်း မျက်နှာပျက်လာသည်။ သူက သူ့လက်ကိုဝှေ့ယမ်းပြီး ဝင်ထိန်းလိုက်၏။
"ကောင်းပြီ၊ အားလုံးက ငါ့ကို ကူညီဖို့ ရောက်လာကြတာဖြစ်လို့ အချင်းချင်း ပြဿနာမဖြစ်သင့်ဘူး"
"မင်းသားဝူရွှမ့်၊ ငါတို့က ဒါကို မင်းရဲ့အကျိုးအတွက် လုပ်နေတာပါ။ ဒီလူတွေက အချိန်တန်ရင် အကျိုးရှိမယ်လို့ပဲ ငါမျှော်လင့်တယ်"
ရှောင်းမုချန်က အထင်မြင်သေးကြည့်ရင်း ပြောလိုက်သည်။
ထို့နောက်တွင် လေထုက အနည်းငယ် တင်းမာလာခဲ့သည်။ ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များက ခွက်အနည်းငယ်သောက်ပြီးနောက် ထွက်သွားကြတော့သည်။
"လုမင်၊ ငါ တောင်းပန်ပါတယ်"
ခရမ်းရောင်မီးလျှံအိမ်တော်မှ လူများ ထွက်သွားပြီးနောက် အိုးရန်ဝူရွှမ့် အနည်းငယ် အပြစ်ရှိဟန်ဖြင့် တောင်းပန်စကားဆိုလာသည်။
"အင်အားစုကြီးရဲ့ လူတွေက မာနကြီးတာ သာမာန်ပါပဲ။ သူတို့က မာနကြီးသလောက် အစွမ်းထက်ပါ့မလားဆိုတာကိုတော့ သိချင်မိတယ်"
လုမင်က ပြုံးလိုက်သည်။
"ခရမ်းရောင်မီးလျှံအိမ်တော်ရဲ့ ပါရမီရှင်တွေက တကယ်လည်း သန်မာကြပါတယ်။ နောက်ပြီးတော့ မင်းတို့ကို အရင်က မတွေ့ဖူးဘူးဆိုတော့ နည်းနည်း ပိုပြီး မာနကြီးသွားတယ်"
အိုးရန်ဝူရွှမ့်က ရှင်းပြ၏။
"မျှော်လင့်ပါတယ်"
လုမင်က ပြုံးလိုက်ပြီး အိုးရန်ဝူရွှမ့်ကိုနှုတ်ဆက်၍ ဟွမ်လင်၊ လုံချန်တို့နှင့်အတူ နေအိမ်သို့ ပြန်ခဲ့သည်။
"ဟင်း..."
အိုးရန်ဝူရွှမ့်လည်း ခေါင်းကိုက်စွာဖြင့် သက်ပြင်းချလိုက်လေသည်။
သို့ရာတွင်၊ သူက ခရမ်းရောင်မီးလျှံအိမ်တော်ကို အလေးသာနေဆဲ ဖြစ်သည်။ လုမင်၊ ဟွမ်လင်တို့က သဘာဝအားဖြင့် အလားအလာကောင်းများ ရှိသော်လည်း ၎င်းတို့၏ ကျင့်ကြံမှုက အားနည်းနေသေးသည်။
ဤစမ်းသပ်မှုတွင် လုမင်တို့၏ အကူအညီနှင့် ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များကို အဓိက အားကိုးရသည်။
လုမင်တို့သုံးယောက်က ၎င်းတို့၏နေအိမ်သို့ ပြန်ခဲ့ကြပြီး နောက်တစ်နေ့တွင် ရှန်းယွမ်တော်ဝင်မြို့သို့သွားရန် သဘောတူခဲ့ကြသည်။
နောက်နေ့မနက်စောစောတွင် သူတို့သုံးယောက် ထွက်ခဲ့ကြလေသည်။
သူတို့ သုံးယောက်တွင် အိုးရန်ဝူရွှမ့်၏ သင်္ကေတများ ပါရှိသောကြောင့် သဘာဝအတိုင်း အတားအဆီးမရှိဘဲ လွတ်လွတ်လပ်လပ် ရှိခဲ့သည်။
ရှန်းယွမ်တော်ဝင်မြို့တော်က မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ အမွေဆက်ခံခဲ့ပြီး အဆုံးမဲ့ ကျယ်ပြောကာ ကြီးမားပေသည်။ ရှေးဟောင်း အဆောက်အဦ အမျိုးမျိုးတို့ကလည်း လေထဲတွင် ဆိုင်းငံ့နေကာ အဝေးမှ ကြည့်ရသည်မှာ အလွန် ကြီးကျယ်ခမ်းနားသည်။
အင်ပါယာတွင် ပြည်တွင်းစစ်များ ရှိခဲ့သော်လည်း၊ လမ်းနှစ်ဘက်စလုံးတွင် ဈေးဆိုင်များရှိကာ ကျွမ်းကျင်သူများစွာလည်း ပျားပန်းခပ်မျှ သွားလာနေကြသေးသည်။
သူတို့ သုံးယောက်က ဘာရည်ရွယ်ချက်မျှမရှိဘဲ ဤအတိုင်း ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့နှစ်သက်သောအရာကို တွေ့ရှိမှသာ ဝယ်ယူကြလိမ့်မည်။
"လုမင်၊ နင်ဘာဖြစ်နေတာလဲ"
လမ်းလျှောက်လာရင်း၊ ဟွမ်လင်နှင့် လုံချန်တို့က လုမင်ကို မူမမှန်ကြောင်း သတိပြုမိသွားသည်။ လုမင်က ရုတ်တရက် ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း ရှေ့ကို လှမ်းကြည့်နေ၏။
လုမင်၏အကြည့်နောက်သို့ လိုက်သောအခါ သူတို့ရှေ့တွင် လှပသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ဤအမျိုးသမီး၏ ကိုယ်ခန္ဓာက သွယ်လျပြီး ချောမောလှပရှိသည်။ သူက ရှည်လျားသော၀တ်စုံကို ၀တ်ဆင်ထားပြီး သေမျိုးလောကနှင့် မသက်ဆိုင်သကဲ့သို့ပင်။ သူမသည် ဒဏ္ဍာရီထဲမှ နတ်ဘုရားမတစ်ပါး၊ ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ မြောက်များစွာသော လူအုပ်ကြီးထဲမှာပင် သူမက လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ပြီး အာရုံစူးစိုက်မှုဗဟိုချက် ဖြစ်လာနိုင်သေးသည်။
ဤအမျိုးသမီး၏ အလှအပက ဟွမ်လင်ထက် လုံးဝ မနိမ့်ကျပေ။
"ကိုကိုကြီးလုမင်က နှာဘူးပဲ၊ မိန်းမလှလေးကိုမြင်တာနဲ့ ရှောင်သွားလို့မရဘူး"
ပူဖောင်းလေးက လုမင်၏ ပခုံးပေါ်တွင်ပေါ်လာကာ ရေရွတ်လိုက်သည်။
ဟွမ်လင်နှင့် လုံချန်ကတော့ အနည်းငယ် အံ့သြသွားသည်။ ထိုအမျိုးသမီးက လှပသော်လည်း လုမင်အပေါ် သူတို့၏နားလည်မှုအရ ထိုသို့သောသူ မဖြစ်သင့်ပေ။
ထိုအချိန်တွင် လုမင်က ပူဖောင်းလေးနှင့် ဟွမ်လင်တို့၏ စကားများကို လုံးဝ ကြားရပုံမပေါ်တော့ပါ။ ယခုအချိန်တွင် သူ့မျက်လုံးထဲမှာ မျက်စိရှေ့မှ မိန်းကလေးတစ်ယောက်သာ ရှိသည်။
ချင်ယွဲ့။
လုမင်သည် နှစ်များစွာကြာပြီးနောက် ရှန်းယွမ်တော်ဝင်မြို့တော်၏ လမ်းမပေါ်တွင် ချင်ယွဲ့ကို ပြန်မြင်ရမည်ဟု မမျှော်လင့်ခဲ့ပေ။
ချင်ယွဲ့ကို တစ်ခုတည်းသောနတ်နန်းတော်၏ အကျော်အမော်က ခေါ်ဆောင်သွားခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။ ဆယ်နှစ်ကျော်ကြာပြီးနောက် ချင်ယွဲ့က ယခင်ကကဲ့သို့ လှပနေဆဲပင်။ သို့သော်လည်း သူမက ရင့်ကျက်လာခဲ့ပြီး သူမ၏ စိတ်နေစိတ်ထားမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။
ဤနှစ်များအတွင်း၌ လုမင်သည် ကြီးမားကျယ်ပြန့်သော ယွမ်လုတွင် ချင်ယွဲ့ကို ဘယ်မှာရှာရမည်မှန်း မသိခဲ့ပါ။
လုမင်၏ မိဘများကလည်း ချင်ယွဲ့ကို သတိရနေခဲ့ကြသည်။
ချင်ယွဲ့က လုမင်နှင့်အတူ ကြီးပြင်းလာသည်ဟုပင် ဆိုနိုင်သည်။ လုယွမ်ထျန်းနှင့် လီပင်းတို့က ချင်ယွဲ့ကို သမီးတစ်ဦးအဖြစ် ဆက်ဆံလုနီးပင်။
ဤတစ်ကြိမ်တွင်၊ ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေသို့ လိုက်လာပြီးနောက် လုမင်၏ အဓိကရည်ရွယ်ချက်က ချင်ယွဲ့ကို ရှာဖွေရန် ဖြစ်သည်။
သို့သော်လည်း ဤပန်းတိုင်ကို အလွယ်တကူတွေ့ရန် မမျှော်လင့်ထားပေ။