အခန်း ၁၈၃၁
Vol. 123 Ch. 1831
အပိုင်း ( 1831 ) ပြန်လည်ဝင်စားခြင်းခန္ဓာ။
ဆမ်ဆာရာလှံပုဆိန်က အဆက်မပြတ် တုန်ခါနေပြီး အဝေးသို့ ပျံသန်းသွားတော့မည်ကဲ့သို့ အလင်းရောင်များကို ထုတ်လွှတ်လာသည်။
ထို့ပြင်၊ ဆမ်ဆာရာလှံပုဆိန်၏ လှံထိပ်က အိုးရန်မော့လီကို ညွှန်ပြနေ၏။
လုမင် အံ့သြသွားမိသည်။ ဆမ်ဆာရာလှံပုဆိန်က သူ့လက်ထဲတွင် အချိန်အတော်ကြာ တည်ရှိနေခဲ့သော်လည်း ဤကဲ့သို့ တစ်ခါမျှ မတုံ့ပြန်ဖူးပေ။
သို့သော်လည်း၊ မကြာသေးမီကစ၍ ဆမ်ဆာရာလှံပုဆိန်မှာ အဆက်မပြတ် တုန်ခါလာခဲ့သည်။ တောင်နှင့်မြစ်ပန်းချီကားအတွင်း၌ ထည့်သိမ်းထားလျှင်ပင် မထူးခြားပေ။
ဒါက အိုးရန်မော့လီကြောင့် ဖြစ်ပုံရသည်။
လုမင်လည်း ရှည်ရှည်ဝေးဝေး မစဉ်းစားနေတော့ပေ။ လုမင်က သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ပြီး အိုးရန်မော့လီ၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူ့ထံမှ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ ဤအင်အားက ဆယ်ကျော်သက်ငါးယောက်ကို တွန်းထုတ်ပစ်လိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ၊ အိုးရန်တော်ဝင်မိသားစုရဲ့ အရေးကို ဘယ်လိုတောင် ဝင်စွက်ဖက်ဝံ့တာလဲ"
ဝတ်စုံဝါဝဆ်လူငယ်က လုမင်ကိုတွေ့သောအခါ အော်ပြောလိုက်သည်။ သူက လုမင်ကို လုံးဝ မကြောက်ပေ။
"မင်းတို့ ထွက်သွားပါ၊ ငါ မင်းတို့ကို ခက်ခဲအောင်မလုပ်ဘူး"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"အိုးရန်မော့လီကို ကျုပ်တို့ဆီမှာ ထားခဲ့ပါ။ ကျုပ်တို့ ထွက်သွားမယ်"
ဝတ်စုံဝါဝတ် လူငယ်က ပြောလိုက်၏။ လုမင်က သူတို့ကို ကြောက်ရွံ့သောကြောင့် မလှုပ်ရှားခြင်းဖြစ်မည်ဟု သူ ထင်လိုက်ခြင်း ဖြစ်သည်။
"ထွက်သွား"
လုမင်၏ မျက်လုံးများက အေးစက်လာသည်။ လူငယ်ငါးဦးဆီသို့ အေးစက်စက် သတ်ဖြတ်ချင်စိတ်တစ်ခုက တိုးဝင်လာ၏။
လုမင်၏ ဘဝတွင် တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရပြီး သူ၏ သတ်ဖြတ်ချင်စိတ်က အလွန်ပြင်းထန်သည်။ လုမင်၏ သတ်ဖြတ်ချင်စိတ်က ၎င်းတို့ကို ဖုံးအုပ်လိုက်သောအခါ လူငယ်ငါးဦးစလုံး တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာများက ဖြူဖျော့သွားကာ သွေးစမ်းမရတော့ပေ။
"ခင်ဗျား... ခင်ဗျားစောင့်နေ"
ဝတ်စုံဝါဝတ် လူငယ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုတို့ ပေါ်လာသည်။ သူက ကြိမ်းမောင်းပြောဆိုပြီးနောက် အခြားလူငယ်လေးဦးနှင့်အတူ ထွက်ပြေးသွားတော့သည်။
"အကြီးအကဲ၊ ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
အိုးရန်မော့လီက ရှေ့သို့ တိုးလာပြီး လုမင်ကို ဦးညွှတ်လိုက်သည်။
"ကိစ္စမရှိပါဘူး၊ မင်းငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ ဒါထက် သူတို့က မင်းကို ဘာဖြစ်လို့ ပစ်မှတ်ထားနေကြတာလဲ"
လုမင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သူတို့က ကျွန်တော်ရဲ့ ဆေးလုံးကို လုယက်ချင်နေကြတာ၊ ဒီဆေးလုံးက ကျွန်တော်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲလေ။ ကျွန်တော် အဲဒါကို လုံးဝ လက်မလွှတ်နိုင်ဘူး"
အိုးရန်မော့လီ၏ မျက်လုံးများက ခိုင်မာမှုအပြည့် ရှိသည်။
"မင်းရဲ့သွေးမျိုးဆက်ကို မနိုးထသေးဘူး မဟုတ်လား"
လုမင်က အိုးရန်မော့လီကို အကဲခတ်ပြီး စူးစမ်းလိုစိတ်တို့ ပေါ်လာသည်။
ယွမ်လုတွင်... အထူးသဖြင့် ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ၌ သွေးမျိုးဆက်ကို မနိုးထနိုင်သော ဆယ်ကျော်သက်တစ်ဦးကို အလွန်တွေ့ရခဲပေသည်။ ဝတ်စုံဝါဝတ် လူငယ်က အိုးရန်မော့လီကို အမှိုက်ဟုခေါ်တာ အံ့ဩစရာမရှိပေ။
အိုးရန်မော့လီ၏ မျက်လုံးများက စိတ်ပျက်လက်ပျက် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ သို့သော်လည်း တခဏချင်းတွင် သူ့မျက်လုံးများ တင်းမာလာပြန်၏။ သူက လက်သီးကို တင်းတင်းဆုပ်ပြီး ပြောလိုက်သည်။
"အကြီးအကဲ၊ ခင်ဗျားက ကျုပ်ကို နှိမ့်ချနေတာလား။ ကျုပ်ရဲ့သွေးမျိုးဆက်ကို အခု မနိုးထနိုင်ပေမဲ့ အနာဂတ်မှာ သွေးမျိုးဆက်ကိုနိုးထပြီး သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်။ အခု ကျုပ်ကို နှိမ့်ချခဲ့သူတွေကို ကကျုပ်ခြေဖဝါးအောက်မှာ နင်းချေမယ်"
အိုးရန်မော့လီကို စိုက်ကြည့်ရင်း လုမင်၏ မျက်လုံးများက အလင်းရောင်များ တောက်ပလာခဲ့သည်။ သူက လျှို့ဝှက်နည်းလမ်းဖြင့် အိုးရန်မော့လီကို စစ်ဆေးနေခြင်း ဖြစ်၏။ သူက ပို၍ စစ်ဆေးမိလေလေ၊ ပို၍ အံ့ဩလာလေပင်။
"တင်းယွမ်ဆေးလုံးကို သုံးခဲ့ရင်တောင် မင်းရဲ့သွေးမျိုးဆက်ကို မနိုးထနိုင်မှာကို ငါကြောက်တယ်"
လုမင်က ပြောလိုက်သည်။
"ဘာ"
အိုးရန်မော့လီ၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ့မျက်လုံးများတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ပေါ်လာခဲ့၏။ ထို့နောက် အံကိုတင်းတင်းကြိတ်ပြီး လက်သီးဆုပ်လိုက်ရာ လက်သည်းများက လက်ဖဝါးကိုပြန်စိုက်ဝင်၍ သွေးများပင် စီးကျလာတော့သည်။
"ဘာလို့လဲ၊ ဘာဖြစ်လို့ ငါ့ရဲ့သွေးမျိုးဆက်ကို မနိုးထနိုင်ရတာလဲ"
အိုးရန်မော့လီက ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။
"ဒါပေမဲ့ ငါ မင်းကို ကူညီနိုင်တယ်"
ထိုအချိန်တွင်၊ လုမင်က ပြောလိုက်သည်။
ဤစကားများက အိုးရန်မော့လီ၏ ခန္ဓာကိုယ်ကို တုန်လှုပ်စေပြန်သည်။ သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာခဲ့၏။ ထိုအရာက မျှော်လင့်ချက်၏အလင်းရောင် ဖြစ်သည်။ ထို့နောက်တွင်၊ အိုးရန်မော့လီက လုမင်ရှေ့တွင် ဒူးထောက်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်တော့သည်။
"ဆရာ၊ ဒီတပည့်ရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါ"
"ဆရာလား၊ မင်းကို ငါ့တပည့်အဖြစ် လက်ခံမယ်လို့ ငါမပြောမိပါဘူး"
လုမင်က ဆွံ့အသွားပြီး သူ့နှာခေါင်းကို ပွတ်လိုက်သည်။
"ကျွန်တော်ရဲ့ သွေးမျိုးဆက်ကို နိုးထအောင် ကူညီပေးနိုင်သရွေ့ ခင်ဗျားက ကျွန်တော်ရဲ့ ဆရာ ဖြစ်လိမ့်မယ်"
အိုးရန်မော့လီက ပြတ်ပြတ်သားသား ပြောသည်။
"မင်း ငါ့ဆီမှာ တပည့်ခံစရာ မလိုပါဘူး။ မင်းရဲ့သွေးမျိုးဆက်ကို နိုးထအောင် ငါကူညီပေးပြီးမှ မင်းဆုံးဖြတ်နိုင်တယ်။ မင်းက လိုအပ်ချက်တွေ ပြည့်မီမယ်ဆိုရင်တော့ မင်းကို တခြား အကြီးအကဲတွေကိုယ်စား ငါ့တပည့်အဖြစ် လက်ခံနိုင်တယ်"
လုမင်က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်... အကြီးအကဲ"
အိုးရန်မော့လီက ပြောလိုက်လေသည်။
"ငါ့နဲ့အတူ လိုက်ခဲ့ပါ"
လုမင်က သူ့အခန်းဆီသို့ လျှောက်သွားပြီး အိုးရန်မော့လီကလည်း နောက်မှလိုက်ခဲ့သည်။ မကြာမီ၊ လုမင်၏ အခန်းထဲကို ရောက်လာလေသည်။ ထို့နောက်၊ လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ အိုးရန်မော့လီကို တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ခေါ်ဆောင်လိုက်သည်။ ထို့နောက်တွင် တောင်ထိပ်တစ်ခုသို့ ရောက်သွားကြ၏။
အိုးရန်မော့လီက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေသည်။
"ဒါက လေ့ကျင့်ရမဲ့နေရာပဲ။ မင်း တင်ပျဉ်ခွေထိုင်လိုက်ပါ၊ မင်းရဲ့ သွေးမျိုးဆက်ကို နိုးထလာအောင် ငါကူညီပေးမယ်"
လုမင်က ပြောလိုက်သည်။
"ကောင်းပြီ"
အိုးရန်မော့လီက ခေါင်းညိတ်ပြီး တင်ပျဉ်ခွေထိုင်လိုက်လေသည်။
လုမင်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အိုးရန်မော့လီ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပုတ်လိုက်သည်။ သူတော်စင်စွမ်းအင် လှိုင်းလုံးများက အိုးရန်မော့လီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၏။ ထို့နောက်၊ အိုးရန်မော့လီ၏ ပတ်ပတ်လည်တွင် ရစ်ပတ်ထားသော သူတော်စင်စွမ်းအင် အလွှာများက သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများကို နှိုးဆွပေးပြီး သူ၏သွေးမျိုးဆက်စွမ်းအားကို နိုးကြားစေရန် ကူညီပေးလိုက်တော့သည်။
"ဝမ်"
မကြာမီ၊ အိုးရန်မော့လီ၏ ကျောရိုးမှ သွေးနီရောင်အလင်းများ ဖြာထွက်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သွေးနီရောင် အလင်းတန်းများက ပိုမိုထူထပ်လာ၏။ နောက်ဆုံးတွင် အိုးရန်မော့လီ၏ ဦးခေါင်းထက်တွင် အနက်ရောင် ရေဝဲတစ်ခု ပေါ်လာတော့သည်။
ဤအခိုက်အတန့်တွင် လုမင်၏ မျက်လုံးများက တောက်ပနေပြီး ရေဝဲကို စေ့စေ့ကြည့်လိုက်သည်။
"ပြန်လည်ဝင်စားခြင်း... ဒါက ပြန်လည်ဝင်စားခြင်းသွေးမျိုးဆက်နဲ့ ပြန်လည်ဝင်စားခြင်းခန္ဓာပဲ"
လုမင်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
အိုးရန်မော့လီက ပြန်လည်ဝင်စားခြင်းသွေးမျိုးဆက်ကို အမှန်တကယ် နိုးထခဲ့၏။ သူ လေ့ကျင့်သောအခါ သူ၏ခန္ဓာကိုယ်က ပြန်လည်ဝင်စားခြင်းခန္ဓာ ဖြစ်လာပေလိမ့်မည်။ သူက သူတော်စင်နယ်ပယ်သို့ ရောက်ရှိသည်နှင့် ပြန်လည်ဝင်စားခြင်းနိယာမကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
သူက ရှားရှားပါးပါး ပါရမီရှင်... ကောင်းကင်သားတော်... ပြန်လည်ဝင်စားခြင်း၏သားတော်ပင်။
ရှန်းရှန်းဆိုလျှင်လည်း ရှင်သန်ခြင်းခန္ဓာဖြင့် မွေးဖွားလာခဲ့ပြီး အနာဂတ်တွင် ရှင်သန်ခြင်းနိယာမကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ရှင်သန်ခြင်း နိယာမနှင့် ပြန်လည်ဝင်စားခြင်း နိယာမက အန္တိမ နိယာမဆယ်ပါးတွင် နှစ်ခု ဖြစ်ပေသည်။
လုမင်သည် ဤနေရာ၌ ကောင်းကင်သားတော်တစ်ပါးနှင့် တွေ့ဆုံရန် မမျှော်လင့်ခဲ့ပေ။
ဆမ်ဆာရာလှံပုဆိန်က အဆက်မပြတ် တုန်ခါနေသည်မှာ အံ့သြစရာမရှိပါ။ ဆမ်ဆာရာလှံပုဆိန်က အိုးရန်မော့လီ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ခံစားမိခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
"ငါ့ကံက တကယ်ကောင်းတာပဲ"
လုမင်၏ မျက်နှာက ပြုံးရွှင်သွားသည်။
ယခင်က သူသည် ဆမ်ဆာရာဧကရာဇ်ကို အမွေဆက်ခံသူ ရှာတွေ့အောင် ကူညီမည်ဟု ကတိပြုခဲ့သည်။ ပြန်လည်ဝင်စားခြင်း၏သားတော် အကောင်းဆုံး အမွေခံဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"သွေးမျိုးဆက်၊ ငါ့သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့ပြီ။ နောက်ဆုံးတော့ ငါ့ရဲ့ သွေးမျိုးဆက်ကို နိုးထစေနိုင်ခဲ့ပြီ"
အိုးရန်မော့လီက သူ့သွေးမျိုးဆက်၏ နိုးကြားမှုကို ခံစားလိုက်ရသောအခါ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ယခင်က သူသည် နှစ်ပေါင်းများစွာ မည်မျှပင် ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ပါစေ သူ့သွေးမျိုးဆက်ကို မနိုးထနိုင်ခဲ့ပေ။ ထို့ကြောင့် လူအများက သူ့ကို အမှိုက်ဟု ခေါ်သည်။
သူကိုယ်တိုင်ပင် သူ့ကိုယ်သူ အမှိုက်ဟု ထင်ခဲ့ဖူးပေသည်။ သူ၏ ပြင်းပြသော စိတ်ဆန္ဒကြောင့်သာ မဟုတ်လျှင် သိုင်းပညာကို စွန့်လွှတ်လိုက်ပြီးပြီ ဖြစ်သည်။
ယခုတော့ သူ့သွေးမျိုးဆက်က နိုးထလာပြီမို့ စိတ်မလှုပ်ရှားဘဲမနေတော့ပေ။
ခဏအကြာတွင်၊ အိုးရန်မော့လီက ငြိမ်သက်သွားပြီး လုမင်၏ရှေ့တွင် ဒူးထောက်လိုက်သည်။
"တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်"
"မင်းရဲ့ဆရာက ငါမဟုတ်ပါဘူး။ တခြားသူရဲ့ အမွေအနှစ်ကို မင်းဆီ ပေးအပ်မယ်၊ အဲဒီလူကမှ မင်းရဲ့ဆရာအစစ်ပဲ"
လုမင်က ပြောလိုက်သည်။
"မဟုတ်ဘူး၊ ကျွန်တော်ရဲ့ နှလုံးသားထဲမှာတော့ ခင်ဗျားကိုပဲ ကျွန်တော်ရဲ့ ဆရာအဖြစ် အသိအမှတ်ပြုတယ်။ ခင်ဗျားက ကျွန်တောိကို ဘဝသစ်တစ်ခု ပေးအပ်ခဲ့သူပါပဲ။ ဒါကြောင့် ခင်ဗျားနဲ့ ဘယ်သူကမှ နှိုင်းယှဉ်လို့ မရဘူး"
အိုးရန်မော့လီက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"သေချာလို့လား၊ အဲဒီလူက မဟာဧကရာဇ်တစ်ပါးနော်"
လုမင်က ပြောလိုက်၏။
"မဟာဧကရာဇ်လား"
အိုးရန်မော့လီ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ပေါ်လာသည်။
ဤကမ္ဘာလောကတွင် မဟာဧကရာဇ်က အထွတ်အထိပ် ဖြစ်သည်။ ကောင်းကင်ဧကရာဇ်များက ဒဏ္ဍာရီတစ်ခုထက် မပိုပေ။ မဟာဧကရာဇ်ကမှ ဤလောက၏ အထွတ်အထိပ် တည်ရှိမှု ဖြစ်သည်။
လုမင်က မဟာဧကရာဇ်တစ်ပါး၏ အမွေကို သူ့ထံသို့ အမှန်တကယ် လွှဲပြောင်းပေးလိုပါသလား။
သို့သော်လည်း သူ့မျက်လုံးများက ချက်ချင်း ပြန်လည်ကြည်လင်လာကာ ခိုင်မာပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်နှလုံးသားထဲမှာ ခင်ဗျားကမှ ကျွန်တော်ရဲ့ဆရာပဲ"