အခန်း ၁၈၃၆
Vol. 123 Ch. 1836
အပိုင်း ( 1836 ) အောင်ပွဲ။
နှစ်ဖက်စလုံးက နာရီဝက်ကြာအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြသည်။ ထိုအချိန်တွင်၊ အိုးရန်ဝူကျိက တဖြည်းဖြည်း ပုံစံပျောက်သွား၏။ အိုးရန်ဝူတောက်က သူတို့ကို စတင်ဖိနှိပ်လာသည်။
အဆုံးတွင် နှစ်ဖက်စလုံး၏ တိုက်ပွဲအစီရင်များ ပြိုကျပြီး ဖရိုဖရဲ တိုက်ပွဲတစ်ခု ဖြစ်လာတော့သည်။
သို့သော်လည်း အိုးရန်ဝူတောက်က အရေအတွက် အားသာချက်ရှိသည်။
"သတ်"
ရုတ်တရက်၊ အနောက်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ငွေဖြူရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော စစ်သည်များ ထွက်ပေါ်လာကြ၏။
၎င်းတို့က စစ်စခန်းကို စောင့်ကြပ်ရန် အိုးရန်ဝူကျိ ချန်ထားခဲ့သော စစ်သည်များပင်။ အိုးရန်ဝူကျိက စစ်သည်အားလုံးကို စုစည်းလိုက်ပြီ ဖြစ်သည်။
ထောင်နှင့်ချီသော စစ်သည်သစ်များ ထပ်တိုးလာသဖြင့် အိုးရန်ဝူကျိက သူ၏အခြေအနေကို တစ်ဖန် ထိန်းချုပ်နိုင်ခဲ့ပေသည်။ ထို့နောက်တွင် နှစ်ဖက်စလုံးက နောက်ထပ်ပြင်းထန်သော တိုက်ပွဲတစ်ခုသို့ ဝင်ရောက်ခဲ့ကြသည်။
စစ်မြေပြင်တွင် အလင်းတန်းများက ကောင်းကင်သို့ အဆက်မပြတ် ထိုးတက်သွားသည်။
နှစ်ဘက်စလုံး၏ လူအရေအတွက်က လျော့လျော့သွား၏။
တဖြည်းဖြည်းနှင့် နှစ်ဖက်စလုံးမှ လူအရေအတွက်က တစ်သောင်း၊ ရှစ်ထောင်၊ ထို့နောက် ခုနစ်ထောင်အထိ လျော့ကျသွားတော့သည်။
လူငါးထောင်ခန့်အထိ လျော့သွားသောအခါတွင် နှစ်ဖက်စလုံးက တိုက်ပွဲကို ရပ်တန့်ပြီး ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားကြသည်။
"ဆဌမမြောက်ညီလေး၊ ငါက ပထမအချီကို အနိုင်ရပြီ"
အိုးရန်ဝူတောက်က ပြောလိုက်သည်။
သူက ပထမအချီတွင် သူ၏ ကိုယ်ပိုင်အရည်အချင်းဖြင့် အနိုင်ယူနိုင်ပြီ။
အိုးရန်ဝူကျိက အနည်းငယ် မလိုလားသော်လည်း ဤအချီတွင် အိုးရန်ဝူတောက်ကို အနိုင်ယူ၍ မရနိုင်ကြောင်း သူသိလိုက်သည်။ သို့ပေသော်ငြား၊ အနည်းဆုံးတော့ သူသည် ဒုတိယနေရာကို ရယူနိုင်ခဲ့သေးသည်။
သူ့တွင် လူငါးထောင်သာ ကျန်တော့သော်လည်း အိုးရန်ဝူတောက်၏ စစ်သည်အများအပြားကို သတ်ပစ်ခဲ့သည်။ သူ၏ တိုက်ပွဲစွမ်းရည်များက အိုးရန်ဝူရွှမ့်ထက် သာလွန်ပေသည်။
ဒုတိယနေရာကို ရနိုင်ပါက နောက်နှစ်ကျော့တွင် အနိုင်ရရှိရန် အခွင့်အရေးရှိသည်။
"ဂါး"
ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံက ကောင်းကင်ယံကို လှုပ်ခါသွားစေသည်။ ထိုအသံက အိုးရန်ဝူကျိ၏စစ်တပ် အနောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။
အိုးရန်ဝူကျိက လှည့်ကြည့်လိုက်ပြီးနောက် သူ့အမူအရာ ပြောင်းလဲသွားတော့သည်။ အနက်ရောင်မြစ်ရေက သူ့ဆီသို့ စီးဆင်းလာသည်ကို မြင်လိုက်ရသည်။
"အိုးရန်ဝူရွှမ့်ပဲ၊ ဟမ့်... သူက အခြေအနေတွေကို အခွင့်ကောင်းယူချင်နေတယ်။ အကိုကြီး၊ ငါတို့တွေ ဘာဖြစ်လို့ သူ့မျှော်လင့်ချက်တွေကို ဖျက်ဆီးမပစ်ရမှာလဲ"
အိုးရန်ဝူကျိက လှောင်ပြောင်လိုက်သည်။
"ကောင်းတယ်၊ သူက ပျော်ပွဲမှာ ပါဝင်ချင်တာကြောင့် သူ့ကို အရင်ဖယ်ရှားပစ်ရအောင်"
အိုးရန်ဝူတောက်ကလည်း အေးစက်စက် ပြောလိုက်၏။
သူနှင့် အိုးရန်ဝူကျိတွင် တစ်ယောက်လျှင် လူငါးထောင်မှ ခြောက်ထောင် ရှိသည်။ နှစ်ဦးပေါင်းလျှင် လူတစ်သောင်းကျော် ရှိ၏။ ထိုအင်အားဖြင့် သူတို့က အိုးရန်ဝူကျိ၏ စစ်တပ်ကို အလွယ်တကူ ချေမှုန်းနိုင်သည်။
"ဝုန်း... ဝုန်း"
အိုးရန်ဝူတောက်နှင့် အိုးရန်ဝူကျိ၏ စစ်တပ်များက မတူညီသောလမ်းကြောင်းနှစ်ခုမှ အိုးရန်ဝူရွှမ့်ကို ဦးတည်တိုက်ခိုက်ခဲ့ကြသည်။
မတူညီသောအရောင်ဖြင့် ရေစီးကြောင်းသုံးခုက ထိပ်တိုက်တွေ့ဆုံတော့မည်။
"အစီရင်ကို ဖွဲ့စည်းကြ"
အနက်ရောင် စစ်တပ်ထဲမှ အိုးရန်ဝူရွှမ့်က အမိန့်ပေးလိုက်သည်။
"ဂါး"
ရုတ်တရက်၊ ကောင်းကင်တစ်ခွင်တွင် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်သွားသည်။ အိုးရန်ဝူရွှမ့်၏ စစ်သည်များအလယ်တွင် ဧရာမနဂါးကြီးတစ်ကောင် ပေါ်ပေါက်လာ၏။ ဤအစစ်အမှန်နဂါးက သွေးနီရောင်ဖြစ်ပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖြာထွက်နေသည်။
အစစ်အမှန်နဂါးကြီးက အိုးရန်ဝူကျိ၏ စစ်တပ်ဆီသို့ ဦးတည်သွားသည်။
"မင်းက ငါ့ကိုတိုက်ခိုက်ချင်နေတာလား။ ငါက မင်းကို ထိန်းထားနိုင်သရွေ့ အိုးရန်ဝူတောက်ရဲ့ စစ်သည်တွေ ရောက်လာနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်း သေပြီပဲ"
အိုးရန်ဝူကျိက ရယ်မောလိုက်သည်။ သူ၏စစ်တပ်သည်လည်း တိုက်ပွဲအစီရင်ကို ဖွဲ့စည်းလိုက်ပြီး ဓားခုတ်ကောင်တစ်ကောင် ပေါ်လာခဲ့၏။
သွေးနီရောင် အစစ်အမှန်နဂါးကြီးနှင့် ဓားခုတ်ကောင်တို့ တိုက်မိသွားကြသည်။
သို့သော်၊ ရလဒ်က အိုးရန်ဝူကျိကို တုန်လှုပ်သွားစေသည်။
အကြောင်းမူ၊ ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် သူ့ဘက်ခြမ်းရှိ ဓားခုတ်ကောင် အစီရင်က ပြိုကျသွားခဲ့သောကြောင့်ပင်။ ကြောက်စရာကောင်းသော စွမ်းအားကြောင့် လူများစွာ သေဆုံးခဲ့ပြီး အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
အိုးရန်ဝူကျိက မယုံကြည်နိုင်စွာ ဟိန်းဟောက်လိုက်သည်။ ပြိုင်ဘက်၏ တိုက်ပွဲအစီရင်က အဘယ်ကြောင့် ဤမျှအားကောင်းနိုင်သနည်း။
"အစစ်အမှန်နဂါး တိုက်ပွဲဝင်အစီရင်က အခုမှ စတင်တာဖြစ်ပြီး ရန်သူတွေကတော့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ထားရတာကြောင့် မောပန်းပြီး စွမ်းအင်လည်း လျော့ကျနေပြီ။ သူတို့က ခြေကျနေတဲ့ တပ်ဖြစ်တာကြောင့် သူတို့ရဲ့ အထွတ်အထိပ်အင်အား တစ်ဝက်တောင် ရှိချင်မှရှိတော့မှာလေ။ ဒီအခြေအနေနဲ့ အစစ်အမှန်နဂါး တိုက်ပွဲဝင်အစီရင်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
စစ်တပ်ထဲတွင် လုမင်က လှောင်ပြောင်လိုက်သည်။
အကယ်၍ ရန်သူက ၎င်းတို့၏ အထွတ်အထိပ်တွင်ရှိပြီး လူအရေအတွက် တူညီပါက၊ အစစ်အမှန်နဂါး တိုက်ပွဲဝင်အစီရင်သည် မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းတို့ကို အကြွင်းမဲ့ ချေမှုန်းနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါ ရန်သူသည် မောပန်းနွမ်းနယ်နေသောကြောင့် ၎င်းတို့ကို အပြတ်အသတ် ချေမှုန်းနိုင်ပြီ ဖြစ်သည်။
သွေးနီရောင် နဂါး၏ ခြေသည်းများက လေထဲကို ဖြတ်သန်းသွားသည်။ နဂါးဟိန်းဟောက်သံများ ပဲ့တင်ထပ်သွား၏။ အိုးရန်ဝူကျိ၏ စစ်သည်များက အများအပြား သေဆုံးခဲ့ပြီး အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် အိုးရန်ဝူတောက်၏ စစ်တပ်က ရောက်ရှိလာပြီး တိုက်ခိုက်လိုက်သည်။
"ဂါး"
သွေးနီရောင်နဂါးကြီးက ဦးတည်ချက်ပြောင်းပြီး အိုးရန်ဝူတောက်၏ စစ်တပ်ဆီသို့ ဦးတည်သွား၏။
အိုးရန်ဝူတောက်၏ စစ်တပ်သည်လည်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ အိုးရန်ဝူကျိ၏ စစ်တပ်ကဲ့သို့ပင် သွေးနီရောင်နဂါး၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ၎င်းတို့၏ တိုက်ပွဲအစီရင်သည်လည်း ချက်ချင်း ပြိုကျသွားတော့သည်။
"မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ"
အိုးရန်ဝူတောက်က ဟိန်းဟောက်လိုက်သည်။
"သတ်"
အိုးရန်ဝူရွှမ့်က ဤအခွင့်အရေးကို လက်လွတ်မခံပေ။ သူက အစီအရင်ကြီးကို ဦးဆောင်ပြီး အိုးရန်ဝူတောက်၏ စစ်တပ်ကို တိုက်ခိုက်လိုက်သည်။
ဧရာမနဂါးကြီးက တိုက်ခိုက်လိုက်တိုင်း စစ်သည်အများအပြား သေဆုံးရလိမ့်မည်။
"အိုးရန်ဝူကျိ၊ ငါ့ကို လာပြီးကူညီပါဦး"
အိုးရန်ဝူတောက်က အော်ဟစ်လိုက်သည်။
"ဆုတ်၊ ဆုတ်ကြ"
သို့သော်လည်း ယခုအချိန်တွင် အိုးရန်ဝူကျိက အိုးရန်ဝူတောက်ကို ဂရုမစိုက်နိုင်တော့ပေ။ သူက သူ၏စစ်သည်အကြွင်းအကျန်များကို စုဆောင်းကာ ဆုတ်ခွာသွားခဲ့သည်။
"ချီးပဲ၊ ထောင်ချောက်ထဲကို ကျသွားပြီ"
အိုးရန်ဝူတောက်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ဤအခိုက်အတန့်တွင် သူက ထောင်ချောက်ထဲသို့ ကျသွားခြင်းဖြစ်ကြောင်း မည်ကဲ့သို့ နားမလည်နိုင်ဘဲ ရှိမည်နည်း။
အိုးရန်ဝူရွှမ့်က အမှန်တကယ်ပင် ထိုကဲ့သို့သော ပြင်းထန်သော တိုက်ပွဲအစီရင်ရှိသော်လည်း သူ့စစ်တပ်ကို မလေ့ကျင့်စေခဲ့ပေ။ ယင်းအစား၊ သူတို့က ကောင်းကင်ကျား၏ဟိန်းဟောက်သံ အစီရင်ကိုသာ လေ့ကျင့်ခဲ့ကြသည်။ ယင်းက ထောင်ချောက်၏ အစပိုင်းပင်။
အိုးရန်ဝူရွှမ့်၏ ရည်ရွယ်ချက်မှာ သူနှင့် အိုးရန်ဝူကျိကို အချင်းချင်း တိုက်ခိုက်စေရန် ဖြစ်သည်။ ယင်းက မည်မျှကြောက်စရာကောင်းသော အစီရင် ဖြစ်သနည်း။
သို့သော်လည်း ဤအချိန်တွင် သူက အခြေအနေကို နောက်ပြန်လှည့်ရန် ခွန်အားမရှိတော့ပါ။
ဤအခြေအနေက အိုးရန်ဝူရွှမ့်၏တပ်များကို နောက်ဆုံးအကြိမ်က သူချေမှုန်းခဲ့ခြင်းနှင့် တူသည်။ သို့ရာတွင်၊ စိတ်မကောင်းစရာက ဤတစ်ကြိမ်တွင် ချေမှုန်းခံရသူမှာ သူကိုယ်တိုင်ပင်။
"အိုးရန်ဝူရွှမ့်၊ ငါမင်းကို နောက်နှစ်ချီမှာ စောင့်နေမယ်။ အိမ်ရှေ့မင်းသားရာထူးက ငါ့အတွက်ပဲ"
အိုးရန်ဝူတောက်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးနီရောင်နဂါးလက်သည်းအောက်တွင် ပေါက်ကွဲထွက်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည်။
အိုးရန်ဝူတောက် သေဆုံးပြီးနောက် အိုးရန်ဝူတောက်၏ စစ်တပ်သည်လည်း လုံးဝ ပျက်သုဉ်းသွားခဲ့သည်။
"သွား၊ အိုးရန်ဝူကျိကို ချေမှုန်းကြ"
အိုးရန်ဝူရွှမ့်က ဟိန်းဟောက်ပြီး သူ၏စစ်တပ်ကို ဦးဆောင်ကာ အိုးရန်ဝူကျိ၏စစ်တပ်နောက်သို့ လိုက်သွားသည်။
အိုးရန်ဝူကျိက သူ့စစ်တပ်ကို ဦးဆောင်ပြီး ထွက်ပြေးရန် ကြိုးစားနေသေးသည်။ ကံမကောင်းစွာဖြင့် သူတို့က မောပန်းပြီး မလွတ်မြောက်နိုင်တော့ပေ။ လုမင်တို့က သူတို့ကို ဖမ်းမိပြီး သုတ်သင်ပစ်ခဲ့သည်။
နောက်ဆုံးတွင်၊ အိုးရန်ဝူရွှမ့်၏ စစ်တပ်က လူသုံးထောင်သာ ကျန်တော့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူတို့အနိုင်ရပြီး အခြားအင်အားစုနှစ်ခုကို ချေမှုန်းပစ်ခဲ့သည်။ သံသယဖြစ်စရာမလိုအောင် ဤပြိုင်ပွဲတွင် အနိုင်ရသူက အိုးရန်ဝူရွှမ့်ပင် ဖြစ်တော့သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များ၏ မျက်နှာများက သွေးမရှိတော့သကဲ့သို့ ဖြူရော်သွားကြသည်။
အိုးရန်ဝူရွှမ့်က အောင်နိုင်ခဲ့သော်လည်း သူတို့၏ နှလုံးသားများမှာ အောက်ဆုံးထိ နစ်မြုပ်သွား၏။
သူတို့က အလောင်းအစား ရှုံးနိမ့်သွားသောကြောင့် လုမင်၏အမိန့်ကို နောင်အနှစ်ငါးဆယ်ကြာအောင် နားထောင်ရပေတော့မည်။
သူတို့က သွေးသစ္စာ ကျိန်ဆိုခဲ့ကြပြီး ဖြစ်သည်။ မနာခံဘူးဆိုလျှင် သူတို့ရဲ့နှလုံးသားတွင် အတွင်းစိတ်နတ်ဆိုးများ ဝိုင်းရံနေလိမ့်မည်။ သူတို့ရဲ့ ကျင့်ကြံမှုက တိုးတက်ရန် ခက်ခဲပြီး ရူးသွပ်သွားရန်ပင် အခြေအနေများသည်။
"မင်းတို့ ရှုံးသွားပြီ။ အခု ဘာလုပ်ရမယ်ဆိုတာ သိလား"
လုမင်က ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များကို ကြည့်လိုက်သည်။
ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များမှာ အမူအရာမကောင်းပေ။ သို့သော်လည်း နောက်ဆုံးမှာတော့ သွေးသစ္စာကို မလွန်ဆန်ရဲသဖြင့် ခေါင်းငုံ့ပြီး လုမင်ကို ဦးညွတ်လိုက်ကြရသည်။
လုမင်၏ လှည့်စားခံခဲ့ရကြောင်း သူတို့နားလည်သွားပြီ။ လုမင်နှင့် အိုးရန်ဝူရွှမ့်တို့က အခြားသော တိုက်ပွဲအစီရင်ကို အသုံးပြု၍ အခြားတပ်တစ်ခုကို တိတ်တဆိတ် လေ့ကျင့်ပေးခဲ့ကြသည်။ အိုးရန်ဝူရွှမ့်က လုမင်၏အစီအစဉ်ကို အမြဲနာခံခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
သူတို့ကသာ ကိုယ့်သေတွင်းကို တူးမိခဲ့ကြကြောင်း ထင်ရှားသည်။
'မျက်စိတစ်မှိတ်အတွင်းမှာ အနှစ်ငါးဆယ် ကုန်သွားမှာပါ။ အခုလောလောဆယ် ငါဒါကို သည်းခံထားရမယ်။ အနှစ်ငါးဆယ်ကြာရင် ငါ့ဒေါသကို ဖြေဖျောက်ဖို့ လုမင်ကို သတ်ပစ်မယ်'
ရှောင်းမုချန်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
ခရမ်းရောင်မီးလျှံအိမ်တော်၏ အခြပါရမီရှင်များမှာလည်း တူညီသော အတွေးများ ရှိပေသည်။
ထို့နောက် သူတို့က အစီရင်ကမ္ဘာမှ ထွက်ခွာသွားကြသည်။ မျှော်လင့်ထားသည့်အတိုင်း မကြာမီတွင်၊ ရှန်းယွမ်အင်ပါယာ၏ အထက်ပိုင်းခေါင်းဆောင်များက ဤစမ်းသပ်မှုရလဒ်ကို ကြေညာခဲ့သည်။
အိုးရန်ဝူရွှမ့် ပထမ...
အိုးရန်ဝူတောက် ဒုတိယ...
အိုးရန်ဝူကျိ တတိယ...။