အခန်း ၁၈၃၈
Vol. 123 Ch. 1838
အပိုင်း ( 1838 ) သွေးဝိညာဉ်ဂိုဏ်းကို ထိုးဖောက်ဝင်ခြင်း။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေနှင့် ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေသည် ယွမ်လု၏ နယ်မြေဆယ်ခုအနက် ယွမ်တောင်နယ်မြေကြီး၏ အစွန်းတွင် တည်ရှိသည်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေပြင်က တောင်ဘက်ပိုင်းနှင့် နီးကပ်နေပြီး တောင်ဘက်စွန်းတွင် အဆုံးမဲ့ပင်လယ် ရှိပေသည်။
ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေကတော့ မြောက်ဘက်ပိုင်းနှင့် နီးကပ်ပြီး ၎င်းက ယွမ်လု၏ နယ်မြေကြီးဆယ်ခုအနက် တစ်ခုဖြစ်သော အဆုံးမဲ့နယ်ဆိုးနယ်မြေကြီး ဖြစ်သည်။
(မှတ်ချက် - ယွမ်လုဆိုတာက အောက်ကမ္ဘာ လောက တစ်ခုလုံးကို ဆိုလိုပါတယ်၊ ယွမ်လုမှာ အဓိက နယ်မြေဒေသကြီး ဆယ်ခုရှိပြီး ရှေးဟောင်းနေမင်းမြင့်မြတ်နယ်မြေနဲ့ ရှေးဟောင်းလ မြင့်မြတ်နယ်မြေက ယွမ်တောင်အမည်ရှိ နယ်မြေဒေသကြီးထဲမှာ တည်ရှိကြတာပါ။ အပေါ်ကဟာကို နည်းနည်းရှုပ်နေမှာစိုးလို့ပါ)
အဆုံးမဲ့နယ်ဆိုးနယ်မြေက နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများအတွက် မြင့်မြတ်သော နယ်မြေတစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သော နတ်ဆိုးကျင့်ကြံသူများနှင့် ရှေးဟောင်း နတ်ဆိုးကျင့်ကြံသူများပင် ပြည့်နှက်နေကြသေးသည်။ ၎င်း၏ အလုံးစုံ အင်အားက ယွမ်တောင်ထက် များစွာအားကောင်းသည်။
နေ့တစ်ဝက်ခန့် ပျံသန်းလာပြီးနောက် မိုးနှင့်မြေကြားတွင် နတ်ဆိုးစွမ်းအင်များက စတင် သိပ်သည်းလာကြသည်။
သူတို့က ယွမ်တောင်နှင့် အဆုံးမဲ့နယ်ဆိုးနယ်မြေ၏ နယ်စပ်ကို ရောက်ရှိလာခဲ့ကြပြီ။
ထိုအချိန်တွင် စစ်သင်္ဘောက ရပ်သွားသည်။
လူများစွာက တိတ်တဆိတ် သက်ပြင်းချလိုက်ကြလေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့က အဆုံးမဲ့နတ်ဆိုးမြေကို အပြည့်အဝ မဝင်ရောက်ခဲ့ကြပါ။
အဆုံးမဲ့နတ်ဆိုးနယ်မြေ၏ မရေမတွက်နိုင်သော နတ်ဆိုးကျင့်ကြံသူများနှင့် ရှေးခေတ်နတ်ဆိုးမျိုးနွယ်များရှိသည်။ ၎င်းတို့က အလွန်စွမ်းအားကြီးသလောက် ရက်စက်ကြမ်းကြုတ်ကြပေသည်။ အကယ်၍ ၎င်းတို့က အတွင်းပိုင်းသို့ဝင်ရောက်မိပြီး ၎င်းတို့နှင့် တွေ့ဆုံပါက အန္တရာယ်များသည်။
"ရှေ့မှာ သွေးဝိညာဉ်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုရှိတယ်။ ဒီဂိုဏ်းရဲ့ ကျင့်ကြံပုံက ရက်စက်တယ်။ သာမန်လူတွေရဲ့ သွေးနဲ့ စိတ်ဝိညာဉ်ကို တိတ်တဆိတ် ပြုစုပျိုးထောင်ကြတယ်လေ။ သာမန်လူ တော်တော်များများက သူတို့ရဲ့ လက်ထဲမှာ သေကုန်ကြပြီ"
"ဒါပေမဲ့ ဒီဂိုဏ်းက သိပ်ပြီး အင်အားမကြီးသေးပါဘူး။ အသန်မာဆုံးသူက အဆင့်နိမ့် အန္တိမသူတော်စင်နယ်ပယ်မှာပဲရှိတာ...၊ ငါတို့ရဲ့ ဧကရာဇ်အဆင့် အကျော်အမော်တချို့က ဒီဂိုဏ်းကို တိတ်တဆိတ် စိမ့်ဝင်ပြီး သူတို့ထဲက လူဆယ့်နှစ်ယောက်မှာ အမှတ်အသားတွေ ချန်ထားခဲ့ပြီးပြီ။ အခု မင်းတို့ရဲ့တာဝန်က ဘယ်လိုနည်းနဲ့မဆို အဲဒီအမှတ်တွေကို ရယူဖို့ပဲ"
အဘိုးအိုတစ်ဦးက ရှင်းပြလိုက်သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ကြည်လင်သော စက်လုံးများက လေထဲတွင် ပေါ်လာ၏။ ထို့နောက် ဤစက်လုံးများက လူအားလုံးဆီသို့ ပျံသန်းသွားတော့သည်။ တစ်ဦးစီအတွက် တစ်ခုစီ ဖြစ်သည်။
"ဒီသလင်းကျောက်လုံးတွေကို ယူထားပါ။ ဒီသလင်းကျောက်စက်လုံးနဲ့ဆိုရင် မီတာတစ်ထောင်အတွင်းမှာရှိနေသရွေ့ အမှတ်အသားရဲ့ တည်ရှိမှုကို ခံစားနိုင်လိမ့်မယ်။ နောက်ပြီးတော့ အမှတ်အသားရှိသူတစ်ဦးကို သတ်လိုက်တိုင်းမှာ သလင်းကျောက်စက်လုံးက အလိုအလျောက် စုပ်ယူသွားလိမ့်မယ်။ ဒါထက် မင်းတို့သိထားရမှာက ဒါကို အပြီးသတ် သတ်လိုက်တဲ့သူကပဲ တံဆိပ်ခတ်နိုင်တယ်။ အမှတ်အသားကို တကယ် သတ်လိုက်တဲ့သူကပဲ ရရှိနိုင်မှာ၊ ဒီနည်းနဲ့ နောက်ဆုံး အမှတ်အသား အများဆုံး ရရှိသူက အနိုင်မယ်"
အဘိုးအိုက ဆက်လက်ရှင်းပြလိုက်၏။
"စုစုပေါင်း အမှတ် ဆယ့်နှစ်မှတ်ပဲ ရှိတာလား"
လူတိုင်း အံ့ဩသွားကြသည်။
စုစုပေါင်း အမှတ် ဆယ့်နှစ်ခုသာ ရှိသောကြောင့် အမှတ်အသားတစ်ခုစီက အလွန်တန်ဖိုးရှိကာ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ပေလိမ့်မည်။
"ကိုင်း၊ အခု မင်းတို့တွေ သွားလို့ရပြီ"
အဘိုးအိုက အမိန့်ပေးလိုက်သည်။
"အသန်မာဆုံးက အန္တိမသူတော်စင်နယ်ပယ်ပဲ။ ဒီလိုဆိုမှတော့ တိုက်ရိုက်သတ်သွားကြရအောင်။ သွားကြစို့"
အိုးရန်ဝူတောက်၏ မျက်လုံးများက ရဲရင့်မှုတို့ဖြင့် တောက်ပလာသည်။ သူက တာ့လော့ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်များနှင့်အတူ သွေးဝိညာဉ်ဂိုဏ်းကို ပထမဆုံး ပျံသန်းသွားတော့သည်။
"ဘယ်သူလဲ"
အိုးရန်ဝူတောက်နှင့် အခြားသူများက ပေါ်တင် ပြေးသွားကြခြင်းကြောင့် သဘာဝအတိုင်း တစ်စုံတစ်ယောက်က သတိပြုမိကာ အော်ဟစ်လိုက်သည်။
"မင်းကိုသတ်မဲ့သူ၊ သတ်ကြ"
အိုးရန်ဝူတောက်က ဟိန်းဟောက်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။ သူ့ရှေ့မှလူက ချက်ချင်း သေဆုံးသွားတော့သည်။
အိုးရန်ဝူတောက်နှင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ ပါရမီရှင်များက ထက်သော ဓားများကဲ့သို့ သွေးဝိညာဉ်ဂိုဏ်းထဲသို့ ပြေးဝင်သွားကြသည်။
"သူတို့က တိုက်ရိုက်ထိုးဖောက်သွားတာပဲ"
အိုးရန်ဝူရွှမ့်က မျက်မှောင်ကြုတ်လိုက်သည်။
မူလက သူတို့ဟာ တိတ်တဆိတ် ခိုးဝင်ကြသည်။ ထို့နောက် အမှတ်အသားကို ခံစားပြီး အမှတ်အသားလေးခုကို လျှို့ဝှက်စွာ သိမ်းယူလိမ့်မည်။ သို့သော်လည်း အိုးရန်ဝူတောက်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် လျှို့ဝှက်စွာ ခိုးဝင်ရန် မဖြစ်နိုင်တော့ပေ။
"ငါတို့က နောက်ဘက်ကနေ တက်ကြမယ်"
လုမင်က ပြောလိုက်သည်။
ထို့နောက် သွေးဝိညာဉ်ဂိုဏ်း၏ ညာဘက်သို့ ပြေးသွားကြ၏။
အိုးရန်ဝူကျိကလည်း သူ့လူများကို ဦးဆောင်ပြီး ဘယ်ဘက်ကို ပြေးထွက်သွားတော့သည်။
ယခုအချိန်တွင် မည်သူမည်ဝါဖြစ်သည်ကို မသိသောကြောင့် သူတို့၏ကံကို စမ်းကြည့်နိုင်သည်။
သွေးဝိညာဉ်ဂိုဏ်းတွင် တောင်ပေါင်း တစ်ဒါဇင်ကျော်ရှိသည်။ ၎င်းတို့က ကျယ်ပြောလှသော ဧရိယာကို လွှမ်းခြုံထားပြီး တပည့်ထောင်ပေါင်းများစွာ ရှိ၏။
သို့သော်လည်း ယခုအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ တစ်စုံတစ်ယောက်က သွေးဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်နေပြီ။
"ဝှစ်... ဝှစ်..."
သွေးဝိညာဉ်ဂိုဏ်း၏ ဒါဇင်နှင့်ချီသော တောင်များမှ လူရိပ်များ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပျံတက်ကာ အရပ်ရပ်သို့ ပျံသန်းသွားကြသည်။
"ရန်သူ... ရန်သူ"
တစ်စုံတစ်ယောက်က လုမင်နှင့် အခြားသူများကို ရှာဖွေတွေ့ရှိခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် လူရိပ်များစွာက လုမင်တို့ဆီသို့ ပြေးလာကြ၏။ လုမင်နှင့် အခြားလူများဆီသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအမျိုးမျိုးက ကျရောက်လာတော့သည်။
သို့သော်လည်း သူတို့တွင် အန္တိမသူတော်စင်များ မရှိပါ။ အသန်မာဆုံးက မဟာသူတော်စင်သာ ဖြစ်သည်။ သူတို့က လုမင်တို့ကို မည်ကဲ့သို့ယှဉ်နိုင်မည်နည်း။
လုမင်နှင့် အခြားသူများ ဖြတ်သန်းသွားချိန်တွင် အလောင်းအများအပြားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ တခဏချင်းမှာပင် လူရာပေါင်းများစွာ အသတ်ခံလိုက်ရတော့သည်။
သူတို့က မရပ်တန့်ဘဲ သွေးဝိညာဉ်ဂိုဏ်း၏ နက်နဲရာသို့ ဆက်လက် ပြေးသွားကြသည်။ သူတို့၏လမ်းကို မည်သူမျှ တားဆီး၍မရပေ။
ထိုအချိန်တွင် သူတို့၏ သလင်းကျောက်များက လင်းလက်နေသည်ကို တွေ့လိုက်ရသည်။
"မီတာတစ်ထောင်အတွင်းမှာ အမှတ်အသားတစ်ခု ရှိတယ်"
လူတိုင်း ဝမ်းသာခဲ့ကြသည်။
"ဟိုမှာပဲ"
တစ်စုံတစ်ယောက်က ရှေ့ကို ညွှန်ပြလိုက်သည်။ မနီးမဝေးတွင် လူတစ်စု ရှိနေကြ၏။ ၎င်းတို့အနက် ထွားကျိုင်းသော အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားကို ရိုက်နှိပ်ထားသည်။ ဤအမှတ်အသားက သလင်းကျောက်စက်လုံးနှင့် ချိတ်ဆက်သည့်အခါမှသာ ပေါ်လာမည်ဖြစ်ပြီး သာမာန်အားဖြင့် မမြင်နိုင်ပေ။
"သူတို့ကိုသတ်"
လူထွားကြီးက ဟိန်းဟောက်လိုက်သည်။ ၎င်းတို့လူစုက လုမင်နှင့် အခြားလူများဆီသို့ ပြေးလာကြ၏။ သူတို့ထဲတွင် အများစုက မဟာသူတော်စင်များ ဖြစ်သည်။ လူထွားကြီးကလည်း ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်တစ်ဦးပင်။
လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များ ပေါ်လာသည်။ အလင်းစက်များမှ သူတော်စင်လက်နက်တစ်ရာကျော် ပျံထွက်လာ၏။ ၎င်းက တောက်ပသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ လူထွားကြီးကို တိုက်ခိုက်လိုက်တော့သည်။
"ရွှစ်... ရွှစ်..."
သူ့ကို မည်သူမျှ မယှဉ်နိုင်ဘဲ သူတော်စင်လက်နက်များ ဖြတ်သန်းသွားတိုင်း သွေးဝိညာဉ်ဂိုဏ်းသားများ အသတ်ခံခဲ့ရသည်။
"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ၊ မြန်မြန် ပြန်ဆုတ်ကြ"
လူထွားကြီး၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားသည်။ သူ နောက်ဆုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် လူထွားကြီး၏အနောက်တွင် ပေါ်လာသည်။ သူက သူတော်စင်လက်နက်ဖြင့် ခုတ်ချလိုက်သောအခါ လူထွားကြီး၏ ပါးစပ်ထဲမှ သွေးများအန်ထွက်လာတော့သည်။
"နဝမမြောက် မင်းသား၊ ဒီလူကို အတွက်ထားခဲ့မယ်"
လုမင်က ပြောလိုက်သည်။
အမှတ်အသားကို မည်သူကရရှိပါစေ အရေးမကြီးသော်လည်း၊ အိုးရန်ဝူရွှမ့် ရရှိနိုင်ပါက အကြီးအကဲများ၏အမြင်တွင် သူ့ပုံရိပ်က ပိုမိုကောင်းမွန်လာလိမ့်မည်။
ထို့ကြောင့်၊ ဖြစ်နိုင်လျှင် အိုးရန်ဝူရွှမ့်မှ သတ်သင့်သည်။
"ဝုန်း"
အိုးရန်ဝူရွှမ့်က ရှေ့သို့တိုးလာပြီး လက်ဝါးဖြင့် ရိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးစွမ်းအားက လူထွားကြီး၏ တိုက်ခိုက်မှုနှင့် ခုခံမှုအားလုံးကို ဖြတ်ကျော်သွား၏။ လူထွားကြီးမှာ သူ့ခန္ဓာကိုယ် ပေါက်ကွဲမသွားမီ အော်ဟစ်ရန် အချိန်ပင် မရှိခဲ့ပေ။
အိုးရန်ဝူရွှမ့်၏ အရည်အချင်းက လုံးဝကြောက်စရာကောင်းသည်။ မဟုတ်ပါက၊ သူသည် ဟွင်းယွမ်ဂိုဏ်း၏ ငွေရောင် အမွေဆက်ခံသူ ဖြစ်လာနိုင်မည် မဟုတ်ပေ။
လူထွားကြီး သေဆုံးသည်နှင့် တပြိုင်နက်၊ တံဆိပ်တစ်ခုက ပျံထွက်သွားပြီး အိုးရန်ဝူရွှမ့်၏ သလင်းကျောက်ထဲကို ပျံသန်းသွားသည်။
ပထမဆုံး အမှတ်အသားတစ်ခု ရရှိနိုင်ခြင်းက ကောင်းမွန်သော စတင်ခြင်းပင်။
ထို့နောက် သူတို့၏လူစုက သွေးဝိညာဉ်ဂိုဏ်း၏ နက်နဲရာသို့ ဆက်လက်ပြေးသွားခဲ့ကြသည်။
သွေးဝိညာဉ်ဂိုဏ်းက ဖရိုဖရဲ ဖြစ်နေပြီ။ နေရာတိုင်းတွင် သတ်ဖြတ်သံများ ထွက်ပေါ်လာခဲ့သည်။
လုမင်နှင့် အခြားသူများက တောင်ပေါ်ကို ပြေးလာသောအခါတွင် သလင်းကျောက်စက်လုံးက တုံ့ပြန်မှုတစ်ခု ရှိလာပြန်သည်။
"နောက်တစ်ခုပေါ်လာပြီ၊ ဒါက အဲဒီအဘိုးကြီးပဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားပြုထားသည်ကို တွေ့လိုက်ရ၏။
အဘိုးအိုက သူတို့အဖွဲ့ကိုမြင်သောအခါ သူ့မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ၎င်းက မြေကြီးထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
"မကောင်းတော့ဘူး၊ သူက မြေပြင်ကနေ လွတ်မြောက်ချင်နေတယ်"
လူတစ်ယောက်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
"ငါလုပ်လိုက်မယ်"
လုမင်က ရှေ့သို့ ခုန်ဝင်သွားသည်။ ကစဉ့်ကလျားနိယာမက မြေနိယာမအဖြစ်သို့ ပြောင်းလဲသွား၏။ မြေပြင်က ရေပြင်အလား ဖြစ်ပေါ်လာပြီး လုမင်၏ပုံရိပ်က ပြေးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
မကြာမီ၊ လုမင်က မြေကြီးထဲမှ ပြန်ထွက်လာခဲ့သည်။ သူ့လက်ထဲမှ သလင်းကျောက်စက်လုံးမှာတော့ နောက်ထပ် အမှတ်အသားတစ်ခု ရှိနေပြီ။
ထို့နောက် သူတို့လူစုက ဆက်လက်ထွက်ခွာသွားခဲ့သည်။
အမှတ်အသားက မည်သူ့ထံတွင်ရှိမှန်း မသိရပေ။ ဤအမှတ်အသားများကို သိုင်းဧကရာဇ်များက ကျပန်းလူများတွင် ချမှတ်ထားခြင်း ဖြစ်သည်။ ၎င်းက သန်မာသူတစ်ဦးတွင် ရှိနိုင်သကဲ့သို့ အားနည်းသူတွင် မရှိဘူးဟုလည်း မပြောနိုင်ပေ။ ထို့ကြောင့် ၎င်းတို့ကို ကိုယ့်ဘာသာ ရှာဖွေရသည်။