← Chapters

အခန်း ၁၈၃၉

Vol. 123 Ch. 1839

အခန်း ၁၈၃၉

Vol. 123 Ch. 1839

အပိုင်း ( 1839 ) အမှတ်အသားအတွက် တိုက်ခိုက်ခြင်း။

မကြာမီ၊ နောက်ထပ် အမှတ်အသားတစ်ခုရှိသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

လုမင်နှင့် အခြားသူများကို မြင်သောအခါ လူငယ်က မတိုက်ခိုက်တော့ဘဲ လှည့်ထွက်ပြေးသွား၏။

ဤလူငယ်၏ လှုပ်ရှားမှုနည်းလမ်းက အလွန်ထူးခြားသည်။ သူက သွေးအရိပ်များအဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့သို့ ထွက်ပြေးသွား၏။ ပုံရိပ်များက စစ်မှန်လွန်းပြီး အစစ်၊အတုကို မခွဲခြားနိုင်ပေ။

"သတ်"

အိုးရန်ဝူရွှမ့်၊ လုံချန်နှင့် ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များက အော်ဟစ်လိုက်ကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ လူငယ်၏ သွေးအရိပ်များစွာတို့ ပြန့်ကျဲသွားတော့သည်။

လူငယ်က ပို၍ ကြောက်ရွံ့လာပြီး အသည်အသန် ပြေးသွားသည်။

သို့ရာတွင်၊ သူ၏ မြန်နှုန်းက လုမင်တို့နှင့် အဘယ်သို့ နှိုင်းယှဉ်နိုင်မည်နည်း။ မကြာမီ သူ အသတ်ခံရတော့မည်။

"ဝုန်း"

ရုတ်တရက်၊ ကြီးမားသော သွေးရောင်လက်ဝါးကြီးတစ်ခုက ကောင်းကင်မှ ကျဆင်းလာကာ သူတို့ဆီသို့ လှမ်းရိုက်လိုက်သည်။

"အစောပိုင်းအဆင့် အန္တိမသူတော်စင်"

မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်တစ်ဦးက ကောင်းကင်သို့ ပျံတက်သွားသည်။ မီးတောက်မီးလျှံများက သူ့ပတ်ဝန်းကျင်တွင် ကခုန်လာ၏။ သူ့လက်ထဲတွင် ဥက္ကာခဲတစ်ခုကို ကိုင်ဆောင်ထားပုံရပြီး သွေးရောင်လက်ဝါးကြီးကို ရိုက်ထုတ်လိုက်တော့သည်။

ကျယ်လောင်သော အသံနှင့်အတူ ဥက္ကာခဲနှင့် သွေးရောင်လက်ဝါးကြီးတို့ တိုက်မိကာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်၊ သွေးနီရောင်ဝတ်စုံဝတ် လူကြီးတစ်ယောက်က ကောင်းကင်တွင် ပေါ်လာသည်။ သူက ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်ကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်၏။

မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက သူနှင့် အမှန်တကယ် ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့သည်။ ဒါက သူ့ကို တုန်လှုပ်သွားစေသည်။

"မင်းတို့ ဘယ်သူတွေလဲ၊ သွေးဝိညာဉ်ဂိုဏ်းကို ဘာကြောင့် တိုက်ခိုက်တာလဲ"

သွေးနီရောင်ဝတ်စုံဝတ် လူကြီးက မေးလိုက်သည်။

"မင်းတို့တွေက ပြစ်မှုမျိုးစုံကို ကျူးလွန်ခဲ့တာကြောင့် အပြစ်ပေးသင့်တယ်။ ဒီနေ့က မင်းရဲ့ သေနေ့ပဲ"

ခရမ်းရောင်မီးလျှံအိမ်တော်၏ အခြား ပါရမီရှင်များကလည်း ရှေ့သို့တက်လာပြီး ထိုလူကြီးကို ဝိုင်းထားလိုက်ကြသည်။ အန္တိမသူတော်စင်ကို တိုက်ခိုက်ရင်း ၎င်းတို့ထံမှ တုန်လှုပ်ချောက်ချားဖွယ် မီးတောက်များ ပျံ့နှံ့သွားတော့သည်။

သွေးနီရောင်ဝတ်စုံဝတ် လူကြီးမှာ လုံးဝ အားနည်းချက်ရှိပြီး အန္တရာယ်ကျရောက်လာခဲ့သည်။

ခရမ်းရောင်မီးလျှံအိမ်တော်၏ ဤပါရမီရှင်အားလုံးတွင်အလယ်အလတ်အဆင့် ဝိညာဉ်ခန္ဓာများ ရှိသည်။ သူတို့က မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသည်နှင့်၊ သာမန် ကနဦးအဆင့် အန္တိမသူတော်စင်ကို တိုက်ခိုက်ရန် ပြဿနာရှိမည် မဟုတ်ပေ။

ထို့ပြင် ၎င်းတို့က အတူတကွ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

လုမင်၊ အိုးရန်ဝူရွှမ့်နှင့် အခြားသူများကမူ ထိုလူငယ်ကို တိုက်ခိုက်လိုက်၏။ သံသယဖြစ်စရာမလိုအောင်၊ ထိုလူငယ်ကို အိုးရန်ဝူရွှမ့်က သတ်ဖြတ်ခဲ့ပြီး အမှတ်သုံးမှတ် ရရှိခဲ့သည်။

အန္တိမသူတော်စင်နယ်ပယ် သွေးနီရောင်ဝတ်စုံဝတ် လူကြီးကိုလည်း ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များက သတ်ဖြတ်ခဲ့ကြပေသည်။

ထို့နောက် ဆက်လက်ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့်၊ သူတို့၏ ကံကောင်းခြင်းက ကုန်သွားပုံရသည်။ တောင်အချို့ကို ကျော်ဖြတ်ပြီး လမ်းတစ်လျှောက်တွင် အဆင့်နိမ့် အန္တိမသူတော်စင်အချို့ကို သတ်ဖြတ်ခဲ့ကြသော်လည်း စတုတ္ထအမှတ်အသားကို မတွေ့ကြသေးပေ။

"ကိုကိုလုမင်... ဟိုမှာ တစ်ယောက်ယောက်ရှိနေတယ်၊ တွိ... တွိ"

ထိုအချိန်တွင် ပူဖောင်းလေးက တောင်ကုန်းငယ်တစ်ခုသို့ ညွှန်ပြပြီး ခပ်တိုးတိုးလေး ပြောလိုက်သည်။

လုမင်က တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုတောင်ကုန်းငယ်လေးက အလွန်ရိုးရှင်းသည်။ ၎င်းနှင့်ပတ်သက်ပြီး အထူးအဆန်း တစ်စုံတစ်ရာမရှိခဲ့ဘဲ အသက်ဓာတ်၏ အငွေ့အသက်ကိုလည်း မခံစားရပေ။

သို့သော်လည်း ပူဖောင်းလေးက အချိန်နှင့်ဟင်းလင်းပြင် နိယာမကို ထိန်းချုပ်ထားသည်။ သူက ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ခံစားနိုင်စွမ်းရှိ၏။ သူ၏ခံစားချက်က အမှားမရှိသင့်ပေ။

"ဝုန်း"

လုမင်လည်း အချိန်မဆိုင်းတော့ဘဲ တောင်ကုန်းငယ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။‌ တောင်ကုန်းငယ်လေးက တိုက်ရိုက်ပေါက်ကွဲသွား၏။ အခိုးအငွေ့များနှင့် ဖုန်မှုန့်များက လေထုထဲတွင် ပြည့်နှက်သွားသည်။ ထို့နောက်မှာတော့ ထိတ်လန့်တကြားဖြင့် အဝေးကို ပျံသန်းသွားသော အဖိုးအိုတစ်ဦးကို တွေ့လိုက်ရတော့သည်။

"အန္တိမသူတော်စင်တစ်ယောက်ပဲ၊ သူ့မှာ အမှတ်အသားရှိတယ်"

တစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"သူ့ကို မလွတ်စေနဲ့"

လုမင်က ရှေ့မှဦးဆောင်ပြီး ပြေးလိုက်သွားသည်။ တခြားသူများကလည်း အဘိုးအိုနောက်သို့ ပြေးလိုက်ကြ၏။

လိုက်ဖမ်းနေစဉ်တွင် အဘိုးအိုအပေါ်သို့ အမျိုးမျိုးသော တိုက်ခိုက်မှုများလည်း ကျရောက်လာသည်။

အဘိုးအိုက အန္တိမသူတော်စင်တစ်ဦးဖြစ်သော်လည်း၊ ဤမျှများပြားသော ပါရမီရှင်များကို မယှဉ်ပါ။ ချောင်းဆိုးရင်း သွေးများအန်ထွက်လာခဲ့သည်။

"ဝှစ်... ဝှစ်"

ထိုအချိန်တွင် အရှေ့မှ လေပြင်းတိုးသံများ ထွက်ပေါ်လာသည်။ အားလုံးက ကြည့်လိုက်ပြီးနောက် သူတို့၏ အမူအရာများ ပြောင်းသွားကြပေသည်။

ရှေ့ကလူများမှာ အိုးရန်ဝူကျိနှင့် သူ၏ အပေါင်းပါ ပါရမီရှင်များ ဖြစ်သည်။

"သူ့မှာ အမှတ်အသားရှိတယ်။ သူ့ကိုသတ်"

အိုးရန်ဝူကျိက အဘိုးအို၏ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားကို သတိပြုမိသွားသည်။ သူက ဟိန်းဟောက်ပြီး အဘိုးအိုကို တိုက်ခိုက်လိုက်၏။

အဘိုးအို၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်သွားသည်။

"မကောင်းတော့ဘူး၊ အိုးရန်ဝူကျိက ငါတို့ဆီကနေ လုယူချင်နေတယ်"

ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်များထဲမှ တစ်ဦးက အော်ပြောလိုက်သည်။

'ပူဖောင်းလေး၊ သူတို့ကို တားဆီးထား'

လုမင်က ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်၏။

"ညီမအတွက် ထားလိုက်"

ပူဖောင်းလေးက ပျံထွက်သွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ လှိုင်းလုံးများက လေထဲတွင် ပေါ်လာတော့သည်။

အိုးရန်ဝူကျိနှင့် အခြားသူများ ပျံသန်းနေကြသော်လည်း နံရံတစ်ခုကို ထိမိသွားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားကြသည်။

"မကောင်းတော့ဘူး၊ ဟင်းလင်းပြင် နိယာမပဲ။ ချိုးဖျက်ကြ"

အိုးရန်ဝူကျိက ဟိန်းဟောက်ပြီး သူ့ရှေ့မှ ဟင်းလင်းပြင်ကို ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ ထုတ်ဖော်လိုက်သည်။

သို့ရာတွင်၊ ဟင်းလင်းပြင်မှာ အချိန်နိယာမများ ပါဝင်သည်။ သူတို့၏ တိုက်ခိုက်မှုများက ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေနိုင်သော်လည်း ခဏချင်း မချိုးဖောက်နိုင်ခဲ့ကြပေ။

လုမင်၊ အိုးရန်ဝူရွှမ့်နှင့် အခြားလူများက အဘိုးအိုအား ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

လုမင်က လက်ညှိုးတစ်ချက်ထိုးလိုက်သည်။ ကြောက်စရာကောင်းသော လက်ချောင်းတစ်ချောင်းက အဘိုးအိုဆီသို့ တိုးဝင်သွား၏။

အဘိုးအို၏ ခန္ဓာကိုယ်က ဆိုးရွားသော အနက်ရောင် အငွေ့အသက်တို့ဖြင့် သရဲဝိညာဉ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဧရာမ လက်ချောင်းကြီးကို တိုက်ခိုက်လိုက်သည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ပြိုကျသွားသော်လည်း အဘိုးအို၏ ခန္ဓာကိုယ်က တုန်ခါပြီး နောက်ကိုဆုတ်သွားရတော့သည်။

"ဖရိုဖရဲ မိုးနဲ့မြေ"

အိုးရန်ဝူရွှမ့်က လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။ အရာအားလုံးက ဖရိုဖရဲ ဖြစ်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးအင်အားက အဘိုးအိုဆီသို့ ကျရောက်လာတော့သည်။

သူတို့က သက်ညှာခြင်းမပြုဘဲ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ သွေးဝိညာဉ်ဂိုဏ်းက သာမန်လူများ၏ သွေး၊ဝိညာဉ်များဖြင့် လေ့ကျင့်ကြသည် မဟုတ်လော။ သူတို့၏လက်ချက်ကြောင့် သေဆုံးသူ ဘယ်လောက်ရှိပြီဆိုတာကိုပင် မသိနိုင်ပေ။

အိုးရန်ဝူရွှမ့်၏ လက်ဝါးအင်အားက အဘိုးအို၏ ခန္ဓာကိုယ်ကို ပေါက်ကွဲလုနီး ဖြစ်စေခဲ့သည်။ သူက သွေးအန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပေသည်။

'သန်မာလိုက်တဲ့ တိုက်ခိုက်နိုင်စွမ်း...၊ သူက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိတဲ့အပြင် ဘုရင်နိယာမဖြစ်တဲ့ ဖရိုဖရဲနိယာမကို ထိန်းချုပ်ထားတယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

အိုးရန်ဝူရွှမ့်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သာဖြစ်သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းသည်။ သူ၏ ဝိညာဉ်ခန္ဓာက အဆင့်မြင့် ဝိညာဉ်ခန္ဓာဖြစ်ပြီး ဘုရင်နိယာမကိုလည်း ထိန်းချုပ်ထားသေးသည်။ သူက ဟွင်းယွမ်ဂိုဏ်း၏ ငွေရောင် အမွေဆက်ခံသူ ဖြစ်လာနိုင်သည်မှာ အံ့ဩစရာမရှိပါ။

"မကောင်းတော့ဘူး၊ မြန်မြန်တိုက်ခိုက်ကြ"

တစ်ဖက်တွင်၊ အိုးရန်ဝူရွှမ့်က ဟိန်းဟောက်လိုက်သည်။ အကယ်၍ အဘိုးအိုကို အိုးရန်ဝူရွှမ့် သို့မဟုတ် လုမင်မှ သတ်ခဲ့ပါက သူတို့တွင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

"ရေခဲ တံဆိပ်တော်"

သိမ်မွေ့သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က အရာအားလုံးကို အေးခဲသွားစေနိုင်သကဲ့သို့ လေထဲတွင် ပြည့်နှက်သွား၏။

ချင်ယွဲ့ ဖြစ်သည်။ ထိုအချိန်တွင် ချင်ယွဲ့က ရေခဲနှင့်နှင်းနတ်သမီးအဖြစ်သို့ ပြောင်းလဲသွားပုံရပေသည်။

သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲမှာလည်း ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို ထုတ်လွှတ်နေသော လခြမ်းကွေး ဓားတစ်ချောင်း ရှိ၏။ လခြမ်းကွေးဓားဖြင့် ခုတ်လိုက်သည်နှင့် ဟင်းလင်းပြင်က အေးခဲသွားပြီး ကွဲအက်တော့မည့် ရေခဲပုံဆောင်ခဲများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ကိုကိုလုမင်... ရှင်တို့ မြန်မြန်လုပ်ကြပါ။ ကျွန်မ ဆက်မထိန်းနိုင်တော့ဘူး။ တွိ... တွိ"

ပူဖောင်းလေးက အော်လိုက်သည်။ ကျွမ်းကျင်သူများစွာကို တစ်ယောက်တည်း ဟန့်တားခြင်းက သူ့အတွက် ဖိအားများလွန်းသည်။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

လုမင်က နောက်ထပ် လက်ချောင်းတစ်ချောင်းကို ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် လုမင်က သူ၏ ခွန်အားအပြည့်နီးပါး အသုံးပြုခဲ့၏။

အဘိုးအိုက အစွမ်းကုန် တွန်းလှန်ရန် ကြိုးစားသော်လည်း လက်ချောင်းအင်အားက သူ့ကို ဖိနှိပ်နေဆဲပင်။ အရိုးကျိုးသံနှင့်အတူ သွေးများအန်ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အရိုးမည်မျှကျိုးသွားသည်ကိုပင် မသိရပေ။

ထို့နောက် အိုးရန်ဝူရွှမ့်၊ လုံချန်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများက ရောက်ရှိလာသည်။

ပါရမီရှင်များစွာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ အဘိုးအိုက လုံးဝ မခုခံနိုင်တော့ပေ။ အမျိုးမျိုးသော တိုက်ခိုက်မှုများအောက်တွင် အော်ဟစ်ပြီး ပြာဖြစ်သွားသည်။

ထို့နောက် အမှတ်အသားတစ်ခုက ပျံထွက်သွားပြီး အိုးရန်ဝူကျိ၏ သလင်းကျောက်ထဲသို့ ပေါင်းစပ်သွားတော့သည်။

စတုတ္ထမြောက် အမှတ်အသားကို ရရှိပြီ ဖြစ်သည်။

'ပူဖောင်းလေး၊ နောက်ပြန်ဆုတ်တော့'

လုမင်က ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ ထို့နောက် ပူဖောင်းလေး၏ ပုံရိပ်က လှုပ်ရှားလာပြီး လုမင်၏ ပခုံးပေါ်သို့ ပြန်ရောက်လာလေသည်။

"အိုးရန်ဝူရွှမ့်၊ မင်း သေချင်နေတာပဲ"

အိုးရန်ဝူကျိ၏ မျက်လုံးများက နီရဲနေပြီး ဟိန်းဟောက်လိုက်သည်။

စုစုပေါင်း အမှတ်ဆယ့်နှစ်မှတ်သာရှိ၍ တစ်ခုစီက အလွန်တန်ဖိုးရှိပေသည်။ ယခုအခါ အိုးရန်ဝူရွှမ့်က တစ်ခုရသွားပြီ။ သူ ဒေါသပေါက်ကွဲသွားသည်။

"သွားကြရအောင်"

သို့သော်လည်း၊ အိုးရန်ဝူရွှမ့်က အိုးရန်ဝူကျိကို မတုံ့ပြန်ဘဲ သူ့လူများနှင့်အတူ ပြေးထွက်သွားတော့သည်။

All Chapters