← Chapters

အခန်း ၁၈၄၀

Vol. 123 Ch. 1840

အခန်း ၁၈၄၀

Vol. 123 Ch. 1840

အပိုင်း ( 1840 ) အရေးပါသော အမှတ်အသား။

ဤအပိုသ်းသည် အဓိကအားဖြင့် အမှတ်အသားများကို ရှာဖွေခြင်းနှင့် ရယူခြင်း ဖြစ်သည်။ အိုးရန်ဝူကျိက အမှတ်အသားကို ရရှိထားပြီးသားဖြစ်သောကြောင့် သူ့ကိုသတ်လိုက်လျှင်ပင် ၎င်းတို့ကို ရရှိနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့်၊ အိုးရန်ဝူကျိကို ထိပ်တိုက်ရင်ဆိုင်ရန်မလိုအပ်ပါ။

"အိုးရန်ဝူရွှမ့်နဲ့ လုမင်..."

အိုးရန်ဝူကျိ၏ မျက်နှာက အလွန်အေးစက်နေသည်။ လုမင်၏နောက်သို့ လိုက်ပါနေသော ကလေးမလေးက သူတို့ကို ဟင်းလင်းပြင်နိယာမဖြင့် ပိတ်ဆို့ခဲ့သေးသည်။ သူ့ကြောင့် မဟုတ်ပါက အိုးရန်ဝူရွှမ့်သည် အမှတ်အသားကို ရရှိခဲ့မည် မဟုတ်ပေ။

"အိုးရန်ဝူရွှမ့်မှာ အမှတ်အသား သုံးခုရှိပြီး လုမင်က တစ်ခုရှိနေတာကို တွေ့လိုက်ရတယ်"

ယုကျစ်က အိုးရန်ဝူကျိ၏နံဘေးကို လျှောက်သွားပြီး ပြောလိုက်သည်။

ဤအရာက အိုးရန်ဝူကျိ၏ မျက်နှာကို ပို၍ပင် မည်းမှောင်သွားစေခဲ့ပေသည်။

အိုးရန်ဝူရွှမ့်၏အဖွဲ့က အမှတ်အသားလေးခုကို ရရှိထားပြီး ဖြစ်သည်။ သူက အမှတ်အသား ဆယ့်နှစ်ခုတွင် သုံးပုံတစ်ပုံကို ရယူထားခဲ့ပြီ။ သူကိုယ်တိုင်ကတော့ အမှတ်အသားနှစ်ခုသာ ရှိသည်။

အကယ်၍ သူတို့က ဤအမှတ်အသားကို ရရှိခဲ့လျှင် ဆက်လက်တိုက်ပွဲဝင်နိုင်ဦးမည် ဖြစ်သည်။ ယခုအချိန်မှာတော့ ခက်နေပြီ။

အကယ်၍ သူသည် ဤအကျော့တွင် ရှုံးနိမ့်ခဲ့ပါက အိမ်ရှေ့စံမင်းသား ဖြစ်လာရန် အခွင့်အလမ်း မရှိနိုင်တော့ပေ။

"အိုးရန်ဝူတောက်က အမှတ်အသား ဘယ်နှခု ရရှိထားပြီလဲဆိုတာ ငါသိချင်မိတယ်"

တစ်ယောက်ယောက်က‌ ပြောလိုက်သည်။

"ဆက်ရှာကြရအောင်၊ သွားကြစို့"

အိုးရန်ဝူကျိက သူ့ဒေါသကို မျိုသိပ်ပြီး အဖွဲ့ကို အခြားလမ်းကြောင်းတစ်ခုသို့ ဦးဆောင်ခဲ့သည်။

မကြာမီ၊ အမှတ်အသားရှိသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ ကျင့်ကြံမှုက အဆင့်နိမ့် အန္တိမသူတော်စင်နယ်ပယ်တွင်ရှိ၏။ သို့သော်လည်း ခဏချင်းမှာပင်၊ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေလုမျောပါး ဖြစ်ခဲ့သည်။

"သူ့ကို မသတ်နဲ့ဦး၊ သူ့ရဲ့ ကျင့်ကြံမှုကို အရင် ဖျက်ဆီးပစ်လိုက်ပါ"

အိုးရန်ဝူကျိက ပြောလိုက်သည်။ ထို့နောက် တစ်ဖက်လူ၏ ကျင့်ကြံမှုကို ဖျက်ဆီးခဲ့၏။

"သူ့ကို ဘာဖြစ်လို့ မသတ်တာလဲ"

လူတစ်ယောက်က မေးသည်။

"သူ့ကို အရင်ထိန်းထားရအောင်၊ နောင်မှ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်မယ်"

အိုးရန်ဝူကျိ၏ မျက်လုံးများက အေးစက်စက်မှုအလင်းတို့ တောက်ပလာသည်။ ထို့နောက်တွင် သူက ထိုလူကို သူ၏ ဂူလှိုဏ်ကောင်းကင်ရတနာထဲတွင် ထည့်ထားလိုက်တော့သည်။

ဂူလှိုဏ်ကောင်းကင်ရတနာများက အဖိုးတန်သည်။ သို့သော်လည်း သူတို့က အင်အားစုကြီးများမှ ဆင်းသက်လာကြခြင်းဖြစ်သောကြောင့် သဘာဝအတိုင်း ချို့တဲ့ခြင်းမရှိပေ။

ထိုလူကို သိမ်းဆည်းပြီးနောက် ဆက်လက်ရှာဖွေခဲ့ကြသည်။

လုမင်နှင့် အခြားသူများကလည်း ဆက်လက်ရှာဖွေခဲ့ကြပေသည်။ သို့သော်လည်း စတုတ္ထအမှတ်အသားကို ရရှိပြီးနောက် အမှတ်အသားရှိသူများကို ရှာမတွေ့တော့ပေ။

စုစု​ပေါင်း အမှတ်အသား ​ဆယ့်​နှစ်​ခုသာ ရှိသည်​။ အချိန်ကြာလာသည်နှင့်အမျှ အမှတ်အသားများ နည်းပါးလာလိမ့်မည်။ တစ်ခုကို ရှာတွေ့ရန်ပင် ခက်လာသည်။

"အမှတ်အသားတွေ မရှိတော့လို့ ဖြစ်နိုင်မလား"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး၊ အမှတ်အသား ဆယ်နှစ်ခုလုံးရခဲ့ရင် အကြီးအကဲတွေက ငါတို့ကို သေချာပေါက် သတိပေးလိမ့်မယ်။ သူတို့က ငါတို့ကို ဒီလိုမျိုး ဆက်ရှာခွင့်မပေးဘူး"

အိုးရန်ဝူရွှမ့်က ပြောသည်။

ထို့နောက် သူတို့၏အဖွဲ့က ဆက်လက်ရှာဖွေခဲ့လေသည်။

ထိုအချိန်တွင်၊ သွေးဝိညာဉ်ဂိုဏ်းက လုံးဝ ဖရိုဖရဲ ဖြစ်နေသည်။ ကျွမ်းကျင်သူများစွာ အသတ်ခံခဲ့ရပြီး အားနည်းသူအချို့ကလည်း ပြေးလွှားပုန်းအောင်းနေကြပြီ။

ဒါက လုမင်ကို သက်ပြင်းချစေသည်။

အကယ်၍ သွေးဝိညာဉ်ဂိုဏ်းကို စန်းပြည်နယ်တွင် ထားရှိပါက၊ ၎င်းတို့သည် စန်းပြည်နယ်ရှိ ထိပ်တန်းအင်အားစုများထက် ပို၍အားကောင်းလိမ့်မည်။

သွေးဝိညာဉ်ဂိုဏ်းတွင် အန္တိမသူတော်စင် တစ်ဒါဇင်ခန့်ရှိသည်။ သို့သော်လည်း ရှန်းယွမ်အင်ပါယာ၏ စမ်းသပ်မှုတစ်ခုကြောင့် ထိုကဲ့သို့သော အင်အားစုကြီးက ဖျက်ဆီးခံခဲ့ရပေသည်။

သိုင်းပညာကမ္ဘာကြီးက ဤကဲ့သို့သာ ဖြစ်သည်။ သန်မာသူများ ရှင်သန်ကြပြီး အားနည်းသူများကတော့ သေရလိမ့်မည်။ ခွန်အားကြီးသူများက စကားလုံးတစ်လုံးတည်းဖြင့် အားနည်းသူများ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဆုံးဖြတ်နိုင်သည်။

ထို့ကြောင့် မရေမတွက်နိုင်သောလူများက အစွမ်းကုန်ကြိုးစားပြီး အန္တရာယ်နေရာများအထိ စွန့်စားခန်းထွက်ကာ ၎င်းတို့၏ခွန်အားကို မြှင့်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

ကြီးမားသော အင်အားဖြင့်သာ မိမိကံကြမ္မာနှင့် အခြားသူများ၏ ကံကြမ္မာကိုပင် ထိန်းချုပ်နိုင်ပေမည်။

"ဝုန်း... ဝုန်း"

ရုတ်​တတရက်၊ ရှေ့ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများကလည်း ကောင်းကင်သို့ ထိုးတက်သွား၏။

ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေပြီ။

"သွားကြည့်ရအောင်"

အိုးရန်ဝူရွှမ့်က လူတိုင်းကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ ထို့နောက် သူတို့အားလုံးက သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ပြီး ရှေ့သို့ တိုးသွားကြ၏။

သူတို့ကိုယ်ကို ကျောက်တုံးများဖြင့်ကွယ်ကာ တောင်ပေါ်သို့ တက်သွားကြတော့သည်။

ရှေ့တွင် လူတစ်စုက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ဝိုင်းထားကြသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ ကျင့်ကြံမှုက ကြောက်စရာကောင်းသည်။ ၎င်းက အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ ရောက်နေပြီ။

ဤသည်မှာ သွေးဝိညာဉ်ဂိုဏ်းတွင် ပထမဆုံးတွေ့ရသည့် အဆင့်မြင့်အဆင့် အန္တိမသူတော်စင် ဖြစ်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားကို ဝိုင်းရံထားသူများ‌ကတော့ ပထမမင်းသား အိုးရန်ဝူတောက်နှင့် ပါရမီရှင်များ ဖြစ်သည်။

ယခုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားကို ဝန်းရံထားသော ပါရမီရှင် တစ်ဒါဇင်ကျော် ရှိသည်။ ၎င်းတို့အနက် အိုးရန်ဝူတောက်နှင့် ၀တ်စုံဖြူဝတ်လူငယ်တို့က အသန်မာဆုံး ဖြစ်၏။ ၎င်းတို့နှစ်ဦးက အဓိက တိုက်ခိုက်သူများဖြစ်ပြီး အခြားသူများက ၎င်းတို့ကို ထောက်ပံ့ခဲ့ကြသည်။

'အိုးရန်ဝူတောက်နဲ့ ဝတ်စုံဖြူဝတ်လူငယ် နှစ်ယောက်စလုံးက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာတွေ ရှိတယ်'

လုမင် တွေးလိုက်သည်။

အိုးရန်ဝူတောက်နှင့် ၀တ်စုံဖြူဝတ်လူငယ် ပိုင်မုတို့က အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများ ရှိကြသည်။ သူတို့၏ ကျင့်ကြံမှုကလည်း မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီ။ သူတို့ထိန်းချုပ်ထားသော နိယာမများက ဘုရင်နိယာမများ မဟုတ်သော်လည်း အလွန်အစွမ်းထက်သည်။ ယခုအချိန်တွင် သူတို့နှစ်ဦးက လူလတ်ပိုင်းအမျိုးသားကို ပူးပေါင်းကာ တိုက်ခိုက်နေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင်၊ အခြား ပါရမီရှင်များကလည်း ထောက်ပံ့ထားသေးသဖြင့် လူလတ်ပိုင်း အမျိုးသားမှာ လုံးဝ မယှဉ်နိုင်တော့ပေ။ သူက အရေးနိမ့်နေပြီး သေဆုံးခြင်းနှင့် ဖိနှိပ်ခြင်းမခံရမီ အချိန်တစ်ခုသာ လိုသည်။

"အဲဒီလူရဲ့ခန္ဓာကိုယ်မှာ အမှတ်အသားတစ်ခု ရှိတယ်"

လုမင်နှင့် အခြားသူများ၏ မျက်လုံးများ တောက်ပလာသည်။

"ငါတို့ ဘာလုပ်သင့်လဲ။ အိုးရန်တူတောက်နဲ့ သူခေါ်ဆောင်လာတဲ့ လူတွေက အစွမ်းထက်လွန်းတယ်"

တစ်ယောက်က မေးလိုက်သည်။

အိုးရန်ဝူတောက်နှင့် ပိုင်မုတို့က အံ့မခန်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ သူတို့အထဲတွင် အိုးရန်ဝူတောက်မှတပါး မည်သူမျှ သူတို့ကို ယှဉ်နိုင်မည်မဟုတ်ပေ။ လုမင်က သန်မာသော်လည်း အခြားသူများ၏အမြင်တွင် သူက ၎င်းတို့နှစ်ဦးနှင့် မယှဉ်နိုင်ပါ။

ထို့ပြင် တာ့လော့ကောင်းကင်ဂိုဏ်းမှ အခြားသော ပါရမီရှင်များလည်း ရှိခဲ့သည်။ သူတို့အားလုံးနီးပါးတွင် အလယ်အလတ်တန်းစား ကောင်းကင်ဝိညာဉ်ခန္ဓာများ ရှိကြပြီး သူတို့၏ ကျင့်ကြံမှုကလည်း မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤအင်အားက အလွန်ကြီးမားပေသည်။

သို့သော်လည်း သူတို့က ဤအတိုင်း အလျှော့မပေးချင်ပါ။

ယခုအခါ သူတို့က အမှတ်လေးရနေပြီ ဖြစ်သည်။ နောက်ထပ်တစ်မှတ်ရနိုင်လျှင် သူတို့မှာ အမှတ်ငါးမှတ် ရှိမည်။ ဤနည်းဖြင့် သူတို့က ပထမနေရာကို ရရှိရန် အခွင့်အလမ်း ပိုများလာမည် ဖြစ်သည်။

ဤအဆင့်တွင် ပထမနေရာကို ရရှိခဲ့မည်ဆိုလျှင် တတိယအချီတွင် ယှဉ်ပြိုင်စရာ မလိုတော့ပေ။ အိုးရန်ဝူရွှမ့်က အိမ်ရှေ့မင်းသားရာထူးကို တိုက်ရိုက် ရယူနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဤအမှတ်အသားက အလွန်အရေးကြီးပေသည်။

"မင်းတို့ ဘယ်သူတွေလဲ၊ သွေးဝိညာဉ်ဂိုဏ်းကို ဘာကြောင့် တိုက်ခိုက်ရတာလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ဟိန်းဟောက်လိုက်သည်။ သူက ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ရှုံးနိမ့်ခြင်းနှင့် မဝေးတော့ပေ။

သူ့စိတ်ထဲတွင် တုန်လှုပ်သွားပြီး အလွန်လည်း ဒေါသထွက်မိသည်။ ဤလူငယ်များက ဘယ်ကရောက်လာမှန်း သူ နားမလည်ပေ။

ဤလူများက ငယ်ရွယ်သော်လည်း သူတို့၏ ကျင့်ကြံမှုအခြေခံက အံ့သြဖွယ်ကောင်းသည်။ သူတို့အားလုံးနီးပါးက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်နှင့် မဟာသူ‌တော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းတို့ ဖြစ်၏။ ထို့ပြင် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းပင်။

သူတို့က ဘယ်ကလာတာလဲ။ ဒီလိုလူတွေကို ဘယ်တုန်းက စော်ကားခဲ့တာလဲ။

"ငါတို့က ဘယ်သူလဲဆိုတာ မင်းသိဖို့ အရည်အချင်းမရှိဘူး၊ သတ်"

အိုးရန်ဝူတောက်က အလွန်ကြီးစိုးသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်ကြောက်စရာကောင်း၏။ သူ၏ တိုက်ခိုက်မှုများက ပြင်းထန်သော မုန်တိုင်းတစ်ခုလိုပင်။

အခြားလူများ၏ တိုက်ခိုက်မှုများကလည်း လူလတ်ပိုင်း အမျိုးသားကို များစွာ ဒုက္ခရောက်စေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက အစွမ်းကုန် ခုခံရန် ကြိုးစားခဲ့သော်လည်း၊ တိုက်ခိုက်မှုများက သူ့အပေါ်သို့ ကျရောက်နေဆဲပင်။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲလုနီးပါးဖြစ်ပြီး သွေးများ အန်ထွက်လာသည်။

"မကောင်းတော့ဘူး၊ သူအသတ်ခံရတော့မယ်"

ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်များ၏ အမူအရာများက ပြောင်းလဲသွားကြသည်။

'အားလုံး ဒီမှာပဲနေ၊ မလှုပ်ရှားကြနဲ့။ အဲဒီလူကို ငါ့အတွက်ထားလိုက်ပါ'

လုမင်က အိုးရန်ဝူရွှမ့်နှင့် အခြားသူများထံ အသံပို့လွှတ်ပြီး ပြောလိုက်သည်။ ထို့နောက် သူ့အရှိန်အဝါကိုထိန်းချုပ်လိုက်၏။ သူ့ခန္ဓာကိုယ်က မြေကြီးထဲသို့ နစ်မြုပ်သွားကာ တိုက်ပွဲမြေပြင်ကို တိတ်တဆိတ် ထွက်သွားတော့သည်။ ခဏအကြာတွင် လုမင်က တိုက်ပွဲမြေပြင်အောက်တွင် ပေါ်လာသည်။

ယခုအချိန်တွင် လူလတ်ပိုင်းအမျိုးသား၏ ဒဏ်ရာက ပို၍ပြင်းထန်လာပြီ။ သူက အချိန်မရွေး အသတ်ခံရနိုင်သည်။

'ပူဖောင်းလေး၊ လုပ်တော့'

လုမင်က ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

"ဝမ်"

ပူဖောင်းလေးက အချိန်ဟင်းလင်းပြင်နိယာမကို အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က လှိုင်းလုံးများကဲ့သို့ လှုပ်ရှားလာပြီး ပျောက်ကွယ်သွား၏။ နောက်အခိုက်အတန့်တွင်၊ လူလတ်ပိုင်းအရွယ် အမျိုးသား၏ဘေးမှာ လုမင်၏ပုံရိပ် ပေါ်လာတော့သည်။

"ဘယ်သူလဲကွ"

ရုတ်တရက်ပေါ်လာသော လုမင်ကိုကြည့်ရင်း အိုးရန်ဝူတောက်က အော်လိုက်သည်။

"ဝှစ်"

လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူတော်စင်လက်နက်တစ်ခုက လူလတ်ပိုင်းအရွယ် အမျိုးသားထံသို့ လွင့်သွား၏။ လူလတ်ပိုင်းအရွယ် အမျိုးသားက တုန်လှုပ်သွားပြီး ခုခံရန် ဟန်ပြင်လိုက်စဉ်မှာပင် လုမင်၏ ခပ်တိုးတိုး စကားသံကို ကြားလိုက်ရတော့သည်။

"ပေါက်ကွဲလော့"

All Chapters