အခန်း ၁၈၄၃
Vol. 123 Ch. 1843
အပိုင်း ( 1843 ) ချင်ယွဲ့နှင့် တိုက်ခိုက်ခြင်း။
"ယင်ယန်"
ချင်ယွဲ့က အော်လိုက်သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အအေးဓာတ်က တစ်ဖက်သို့ ရောက်ရှိသွား၏။ သူ့ခန္ဓာကိုယ် ကျန်တစ်ခြမ်းမှာတော့ တောက်လောင်နေသော စွမ်းအင်လှိုင်းများ ဖြာထွက်လာတော့သည်။
တစ်ချိန်တည်းမှာပင် အနီရောင်အလင်းများဖြင့် ဓားမော့တစ်လက်က ဟင်းလင်းပြင်ကို အက်ကွဲသွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းများကို ထုတ်လွှတ်လိုက်သည်။
"ဝှစ်... ဝှစ်"
ဓားနှစ်လက်၊ တစ်လက်က အေးစက်နေသည့် အငွေ့အသက်များရှိပြီး ကျန်တစ်လက်က အပူဓာတ်တို့ ဖြာထွက်နေကာ လုမင်ထံသို့ ခုတ်ပိုင်းလာတော့သည်။
အအေးဓာတ်နှင့် အပူဓာတ်တို့က အချင်းချင်း တိုက်မိသွားပြီးနောက် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤစွမ်းအင်က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ဖျက်ဆီးနိုင်စွမ်းကြီးမားသောကြောင့် လုမင်သည်ပင် ဖိအားကို ခံစားလာရတော့သည်။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်က လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။ ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ဓားနှစ်လက်ကို လုမင်က တွန်းထုတ်လိုက်သော်လည်း သူ့လက်ချောင်းများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ကြီးမားသော အဖျက်စွမ်းအားတစ်ခုက သူ့ကို ချေမှုန်းပစ်တော့မည်ကဲ့သို့ပင်။
လုမင်၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ မချိုးဖျက်နိုင်ခဲ့လျှင် သူ ရှုံးနိမ့်သွားမည်ကို ကြောက်ရသည်။
'အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာနဲ့ ဘုရင်နိယာမတွေထဲက တစ်ခုဖြစ်တဲ့ ယင်ယန် နိယာမ'
လုမင် တုန်လှုပ်သွားမိသည်။
ချင်ယွဲ့က အမှန်တကယ်ပင် တစ်ခုတည်းသောနတ်နန်းတော်၏ အကျော်အမော်ကိုယ်တိုင် ရှမ်းဟွမ်တိုက်ကြီးအထိ လာရောက်ခေါ်ဆောင်ရသူ ဖြစ်ထိုက်သည်။ သူမ၏ အရည်အချင်းနှင့် စွမ်းရည်က အံ့ဖွယ်ကောင်းလွန်းပေသည်။ သူက ဘုရင်နိယာမကို ထိန်းချုပ်ထားသည့်အပြင် သူ၏ဝိညာဉ်ခန္ဓာကလည်း ကောင်းကင် အဆင့်မြင့် ဝိညာဉ်ခန္ဓာ ဖြစ်သည်။ ယခုဆိုလျှင် သူ၏ကျင့်ကြံမှုကလည်း မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီ။
သူ၏ တိုက်ခိုက်နိုင်စွမ်းက အိုးရန်ဝူကျိနှင့် အိုးရန်ဝူတောက်ထက်ပင် သာလွန်သည်။
လုံချန်နှင့် ဟွမ်လင်တို့က ထိုကဲ့သို့သော အရည်အချင်းများရှိသော်လည်း သူတို့၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်ကြသေးပေ။
"ယင်ယန် ပေါင်းစည်းခြင်း"
ချင်ယွဲ့က ခပ်တိုးတိုး အော်လိုက်သည်။ အပူနှင့်အအေး လေစီးကြောင်းနှစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာ၏။ ထိုစွမ်းအင်နှစ်ခုက အချင်းချင်း တိုက်မိပြီးနောက် ကြောက်စရာကောင်းသော အဖျက်စွမ်းအားများ ဖြစ်ပေါ်လာတော့သည်။
"ချင်ယွဲ့၊ ငါက လုမင်ပါ... မင်းရဲ့သခင်လေးလေ။ မင်းငါ့ကို တစ်သက်လုံးအစေခံမယ်လို့ပြောခဲ့တာ မင်းမေ့သွားပြီလား"
လုမင်၏ အော်သံက နွေးဦးတွင် မိုးကြိုးထစ်ချုန်းသကဲ့သို့ ချင်ယွဲ့၏နားထဲတွင် မြည်ဟီးသွားသည်။
ချင်ယွဲ့က မျက်မှောင်ကြုတ်ပြီး အော်ပြောလိုက်၏။
"နင် အရှက်မရှိတဲ့ကောင်၊ နင်က ငါ့ကို ထပ်လှည့်စားဖို့ ကြိုးစားချင်ရင်တောင် နည်းလမ်းအသစ်အဆန်းကို မစမ်းကြည့်နိုင်ဘူးလား။ သေစမ်း"
ဓားမော့နှစ်လက်က လေပြင်းတိုက်ခတ်သကဲ့သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် လုမင်၏ လည်ပင်းကို ဖြတ်သန်းလာတော့သည်။
လုမင်၏ မျက်ခုံးနှစ်ခုကြားမှ တောက်ပလာပြီး ထိုက်ကျိအစီရင်ဓာတ်ပြား ပေါ်လာခဲ့သည်။ ထိုက်ကျိယင်ယန်ငါး ကားချပ်တစ်ခု ဖြစ်ပေါ်လာပြီး ချင်ယွဲ့ကို ဖိနှိပ်လိုက်၏။
"ဝုန်း... ဝုန်း"
ထိုက်ကျိပန်းချီကားက ဓားမော့နှစ်လက်နှင့် တိုက်မိပြီး ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ လုမင်က လက်သီးချက်များကို ထုတ်ဖော်လိုက်တော့သည်။
လုမင်နှင့် ချင်ယွဲ့တို့ တိုက်မိချိန်တွင် အိုးရန်ဝူရွှမ့်သည်လည်း သန်မာသောရန်သူနှင့် ရင်ဆိုင်ခဲ့ရသည်။
အိုးရန်ဝူတောက်က အိုးရန်ဝူရွှမ့်ထံသို့ ပြေးလာခဲ့၏။ သူတို့နှစ်ဦးက တိုက်ပွဲတွင် ပိတ်လှောင်ခံထားရတော့သည်။
အိုးရန်ဝူရွှမ့်က ဘုရင်နိယာမကို ထိန်းချုပ်ထားသောကြောင့် သူ၏စွမ်းရည်သည် မြင့်မားသည်။ သို့သော်၊ အိုးရန်ဝူတောက်၏ ကျင့်ကြံမှုက ပိုအားကောင်းသောကြောင့် သူတို့နှစ်ဦးမှာ လက်ရည်ညီနေကြတော့သည်။
သို့ရာတွင်၊ တာ့လော့ကောင်းကင်ဂိုဏ်းမှ ပါရမီရှင်များက တောင်ပေါ်သို့ ပြေးတက်သွားကြသည်။
'ပူဖောင်းလေး၊ အဲဒီအလံကို သွားယူလိုက်'
လုမင်က ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။
'ညီမအတွက်ထားလိုက်၊ တွိ... တွိ'
လုမင်၏ ပခုံးမှ ပူဖောင်းလေးက ပျံသန်းသွားသည်။ သူမ၏ သေးသွယ်သောရုပ်သွင်က လျင်မြန်သောအဟုန်ဖြင့် တောင်ပေါ်သို့ ပျံသန်းသွား၏။ ထိုအစီရင်များက ပူဖောင်းလေးအတွက်တော့ အသုံးမဝင်သလောက် ဖြစ်ခဲ့သည်။
ခဏအကြာတွင်၊ ပူဖောင်းလေးက တာ့လော့ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်များကို မီလုမီခင်ဖြစ်လာတော့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲဒါ အချိန်နဲ့ဟင်းလင်းပြင် နိယာမပဲလား"
"သူ့ကို တားဆီးကြ"
တာ့လော့ကောင်းကင်ဂိုဏ်းမှ ပါရမီရှင်က အော်လိုက်သည်။
ထို့နောက် ပါရမီရှင် နှစ်ဦး၊ သုံးဦးတို့က ပူဖောင်းလေးဆီသို့ ပြေးသွားကြ၏။ အမျိုးမျိုးသော တိုက်ခိုက်မှုများက ပူဖောင်းလေးဆီသို့ ဦးတည်သွားတော့သည်။
"တွိ... တွိ"
ပူဖောင်းလေး၏ ခန္ဓာကိုယ်က ဝေဝါးလာပြီး ဟင်းလင်းပြင် တုန်ခါသွားခဲ့သည်။ ထိုတိုက်ခိုက်မှုများ ကျဆင်းသွားသောအခါတွင် ပူဖောင်းလေးက ပျောက်ကွယ်သွားခဲ့ပြီ။ နောက်အခိုက်အတန့်တွင် သူက ထိုပါရမီရှင်များကို ကျော်ဖြတ်ကာ တောင်ပေါ်သို့ ပြေးသွားခဲ့သည်။
"မကောင်းတော့ဘူး၊ အချိန်နဲ့ဟင်းလင်းပြင် နိယာမက ထူးဆန်းလွန်းတယ်။ ငါတို့က သူ့ကို လုံးဝ တိုက်ခိုက်လို့မရဘူး"
လူတစ်ယောက်က စိုးရိမ်တကြီး အော်လိုက်သည်။
"အားလုံးပဲ၊ နိယာမနဲ့ ဟင်းလင်းပြင်ကို နှောင့်ယှက်ပြီး သူ့ကို တားဆီးကြ"
ပိုင်မုက အော်ပြောပြီး ချက်ချင်း ဦးတည်ချက်ပြောင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နိယာမစွမ်းအားက ကောင်းကင်ကို ဖုံးအုပ်ပြီး ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်၏။
ပါရမီရှင်တစ်ဒါဇင်ကျော်က တပြိုင်နက်တည်း လှုပ်ရှားခဲ့ကြသည်။ သံကြိုးများကဲ့သို့ နိယာမအမျိုးမျိုးတို့က လေထဲတွင် ပြည့်လာတော့သည်။
ပူဖောင်းလေး၏ ခန္ဓာကိုယ်က တုန်ခါသွားသော်လည်း လေဟာနယ်က ပိတ်ဆို့ခံလိုက်ရသည်။ သူက ခဏချင်း မထွက်သွားနိုင်တော့ပေ။
"ဟမ့်၊ ငါက တခြားဘက်ကနေ သွားမှာပေါ့"
ပူဖောင်းလေး၏ ကလေးဆန်သောအသံ ထွက်ပေါ်လာသည်။ သူက လှုပ်ရှားလာပြီး အခြားလမ်းကြောင်းတစ်ခုသို့ ပြေးထွက်ရန် ကြိုးစားလိုက်၏။
သို့သော်လည်း ပါရမီရှင်များက အလွန်များသည်။ အများစုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီ။ ၎င်းတို့ထဲမှ တစ်ဒါဇင်ကျော်က ပူးပေါင်းပြီး လမ်းကြောင်းအားလုံးကို ပိတ်ဆို့ကာ ပူဖောင်းလေးကို တားဆီးခဲ့ကြသည်။
"အတူတူပူးပေါင်းပြီး သူ့ကို ဖယ်ရှားပစ်ရအောင်"
ပိုင်မုက အမိန့်ပေးလိုက်သည်။ နိယာမစွမ်းအားများက ပေါက်ကွဲထွက်လာပြီး ပူဖောင်းလေးထံသို့ လှိုင်းလုံးများပမာ လှိမ့်ဝင်သွား၏။
သို့သော်လည်း ပူဖောင်းလေး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့ပတ်ဝန်းကျင် ဟင်းလင်းပြင်က လှိုင်းထလာသည်။ ပြိုင်ဘက်က များပြားသော်လည်း သူ့ကို ဖယ်ရှားလိုပါက လွယ်ကူမည် မဟုတ်ပေ။
အချိန်အတော်ကြာအောင် နှစ်ဖက်စလုံးက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင်၊ လုမင်နှင့် ချင်ယွဲ့တို့ကြားမှ တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။
"ချင်ယွဲ့၊ ငါ့မိဘတွေဖြစ်တဲ့ လီပင်းနဲ့ လုယွမ်ထျန်းတို့ကို မေ့သွားပြီလား။ လုမိသားစုကိုကော သတိမရတော့ဘူးလား"
လုမင်က ချင်ယွဲ့၏ အမှတ်တရများကို ပြန်လည် နိုးထစေရန် မျှော်လင့်ကာ တိုက်ခိုက်ရင်း အော်ဟစ်ခဲ့သည်။
"ပါးစပ်ပိတ်ထားစမ်း"
ချင်ယွဲ့က အော်ငေါက်သည်။ သူက ပိုပိုပြီး မျက်မှောင်ကြုတ်သွား၏။ ယင်နှင့်ယန် နိယာမက ကောင်းကင်နှင့်မြေပြင်၏ အခြေခံအုတ်မြစ်ကို ကိုယ်စားပြုသည်။ ဘုရင်နိယာမများထဲမှာပင် ဒါက အလွန်ကြောက်စရာကောင်းနေသေးသည်။
အအေးစီးကြောင်းနှင့် အပူဓာတ်တို့ တိုက်မိခြင်းမှ ဖြစ်ပေါ်လာသော အဖျက်စွမ်းအားတို့က လုမင်ဆီသို့ အဆက်မပြတ် တိုးဝင်သွားကြသည်။
လုမင်ကလည်း ချင်ယွဲ့၏ တိုက်ခိုက်မှုကို ဟန့်တားရန် လက်သီးချက်သုံးချက်ကို ဆက်တိုက် ထုတ်ဖော်လိုက်လေသည်။
"ချင်ယွဲ့၊ မင်း ရွှမ်ယွမ်ဓားဂိုဏ်းကို မေ့သွားပြီလား။ လောင်ကျွမ်းနေသော နေအင်ပါယာကိုကော မေ့နေခဲ့ပြီလား"
"..."
လုမင်က ဆက်တိုက်အော်နေသည်။ သူက ချင်ယွဲ့ကို သူမ အရင်းနှီးဆုံးနှင့် အနက်ရှိုင်းဆုံး ခံစားရစေခဲ့သည့် အကြောင်းရာများအကြောင်း ပြောပြလေသည်။
ချင်ယွဲ့၏ မျက်လုံးများမှ အလင်းရောင်များကလည်း အမျိုးမျိုး ပြောင်းလဲလာခဲ့သည်။ သူက တစ်ခုခုကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားနေသော်လည်း ဖမ်းမိပုံမရပေ။
"အပိုတွေမပြောနဲ့၊ ငါနင့်ကိုသတ်မယ်"
ချင်ယွဲ့က အော်လိုက်သည်။ ဓားမော့နှစ်လက်က လုမင်ဆီသို့ ထိုးခုတ်လိုက်၏။
"မင်းငါ့ကိုသတ်ချင်ရင် ငါ ခွင့်ပြုပေးပါမယ်"
ဤအခိုက်အတန့်တွင် လုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားနှင့် ကစဉ့်ကလျားနိယာမတို့ကို ရုတ်သိမ်းကာ ဓားမော့နှစ်လက်ကို ထိုးခုတ်ခွင့်ပြုလိုက်သည်။
ဓားမော့နှစ်လက်က နီးကပ်လာပြီဖြစ်သော်လည်း လုမင်က မလှုပ်ရှားသေးပေ။ သူက နူးညံ့သော မျက်လုံးများဖြင့် ချင်ယွဲ့ကို ကြည့်နေသည်။ ဒါက ရှေးယခင် ချင်ယွဲ့ကို ကြည့်ခဲ့သလိုပင်။
ထိုအချိန်တွင် ချင်ယွဲ့၏ စိတ်ထဲမှာ တုန်လှုပ်သွားသည်။
သူမ၏ မသိစိတ်မှ တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းလိုက်၏။ သို့သော်လည်း ဓားမော့နှစ်လက်က အလွန်မြန်သည်။ သူက သူမ၏အင်အားအများစုကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း မရပ်တန့်ဘဲ လုမင်၏ပခုံးကို ခုတ်ထစ်လိုက်ကြတော့သည်။
"ရွှပ်... ရွှပ်"
အသံနှစ်ခုနှင့်အတူ သွေးများစီးကျလာခဲ့သည်။ ဓားမော့နှစ်လက်က လုမင်၏ ပခုံးမှ အရိုးများကိုပင် လှီးဖြတ်သွား၏။ လုမင်၏ အဝတ်အစားများက သွေးဖြင့် နီရဲသွားတော့သည်။
ချင်ယွဲ့မှာ အံ့အားသင့်သွားသည်။ သူက လုမင်ကိုကြည့်ကာ တအံ့တဩ မေးလိုက်၏။
"နင်... နင် ဘာဖြစ်လို့ မရှောင်တာလဲ"
"ဘာဖြစ်လို့ရှောင်ရမှာလဲ၊ မင်းနဲ့ငါက ဆယ်နှစ်ကျော် အတူနေလာခဲ့ကြတာ... မင်းငါ့ကိုသတ်ချင်ရင် ငါသတ်ခွင့်ပေးနိုင်ပါတယ်။ ငါက မင်းရဲ့အမှတ်တရတွေကို ပြန်မှတ်မိစေနိုင်ရင် ကျေနပ်ပါပြီ"
လုမင်က ညင်သာစွာ ပြောလိုက်လေသည်။
"နင်... နင်ပြောသမျှ အမှန်ပဲလား"
ချင်ယွဲ့၏ မျက်လုံးများက သံသယနှင့် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့သည်။
"ဟုတ်ပါတယ်... ငါက မင်းရဲ့သခင်လေး လုမင်၊ မင်းနဲ့ငါက ဆယ်နှစ်ကျော်ကြာအောင် အတူတူနေခဲ့တာလေ။ မင်းဝတ်ထားတဲ့ ကျောက်စိမ်းဆွဲသီးကိုလည်း အမေက မင်းကိုပေးခဲ့တာ၊ မင်းမှတ်မိသေးလား"
လုမင်က ညင်သာစွာ ပြော၏။
"ဝှစ်... ဝှစ်"
ဓားမော့နှစ်လက်က လုမင်၏ပခုံးမှ ပျံထွက်သွားပြီး ချင်ယွဲ့၏လက်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
ချင်ယွဲ့က သူ့လည်ပင်းမှာဆွဲထားသည့် ကျောက်စိမ်းဆွဲသီးကို အလိုအလျောက် လက်ဖြင့်စမ်းလိုက်မိသည်။ ဒါက သူ အမြဲလိုလို ဆွဲထားခဲ့သည့် ဆွဲကြိုးတစ်ခုပင်။