အခန်း ၁၈၄၇
Vol. 124 Ch. 1847
အပိုင်း ( 1847 ) လော့ဖိုခုန်းနှင့် တိုက်ပွဲ။
တစ်ခုတည်းသော နတ်နန်းတော်၏ တံခါးစောင့်က သူတို့ကို မစော်ကားဝံ့ဘဲ သတိထားပြီး မေးလိုက်သည်။
"တာ့လော့ကောင်းကင်ဂိုဏ်း၊ လော့ဖိုခုန်း"
ဦးဆောင်လာသူ လူငယ်က လျစ်လျူရှုစွာ ပြောသည်။
"ခင်ဗျားက လော့ဖိုခုန်းလား"
တံခါးစောင့်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွား၏။
တာ့လော့ကောင်းကင်ဂိုဏ်း၏ ဤလူငယ်မျိုးဆက်တွင် ဘုရင်ခန္ဓာနှစ်ပါး ရှိခဲ့သည်။
သူတို့က ဘုရင်နိယာမကို ထိန်းချုပ်ထားသော ပါရမီရှင်နှစ်ဦး ဖြစ်၏။
တစ်ဦးက လော့စန်းချုံးဖြစ်ပြီး နောက်တစ်ဦးက လော့ဖိုခုန်း ဖြစ်သည်။
တာ့လော့ကောင်းကင်ဂိုဏ်းတွင် လော့ဖိုခုန်း၏ အဆင့်အတန်းက လော့စန်းချုံးပြီးလျှင် ဒုတိယ ဖြစ်သည်။ ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေတွင် လူတိုင်းက သူ့ကိုသိပေသည်။
"ဟားဟားဟား၊ ညီနောင်လော့... မင်းရဲ့ တည်ရှိမှုက ငါတို့ကို ဂုဏ်တက်စေတယ်။ မင်းတို့ကို လာကြိုတာ နောက်ကျတဲ့အတွက် စိတ်မရှိပါနဲ့"
ထိုအချိန်တွင် ရယ်မောသံကို ကြားလိုက်ရသည်။ ယုကျစ်နှင့် လူငယ်အများအပြားက လေထဲတွင် လျှောက်လာကြ၏။
"ယုကျစ်၊ တစ်ခုတည်းသော နတ်နန်းတော်မှာ လုမင်ဆိုတဲ့ကောင်လေးရှိလား"
လော့ဖိုခုန်းက မေးသည်။
"ရှိတယ်၊ သူက အခုထိ တစ်ခုတည်းသော နတ်နန်းတော်မှာ ရှိနေသေးတယ်။ ညီနောင်လော့၊ မင်းက သူ့ကို တွေ့ချင်တယ်ဆိုရင် ငါ မင်းကို ခေါ်သွားနိုင်တယ်"
ယုကျစ်က ပြုံးလိုက်လေသည်။
"လမ်းပြပါ"
လော့ဖိုခုန်းက ရှေ့သို့ လျှောက်လာသည်။
"ဒီလမ်းပါ၊ ကျေးဇူးပြုပြီး..."
ယုကျစ်က လော့ဖိုခုန်းနှင့် အခြားသူများကို လုမင်၏ နေအိမ်သို့ ခေါ်ဆောင်သွားတော့သည်။
ထိုအချိန်တွင်၊ လုမင်က သူ့ခြံဝင်းထဲမှာ ချင်ယွဲ့နှင့်အတူ အတိတ်အကြောင်းကို ပြောနေသည်။ ရုတ်တရက်၊ သူ့အမူအရာပြောင်းသွားပြီး ခြံပြင်ကို လှမ်းကြည့်လိုက်၏။
လူတစ်စုက လေထဲမှလျှောက်လာပြီး ခြံဝင်းအထက်တွင် ရပ်ကာ လုမင်နှင့် ချင်ယွဲ့တို့ကို ငုံ့ကြည့်လိုက်ကြသည်။
"လော့ဖိုခုန်း"
ချင်ယွဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
လော့ဖိုခုန်းက ချင်ယွဲ့ကို တစ်ချက်ကြည့်လိုက်လေသည်။ ထို့နောက် လုမင်ကို တစ်ဖန်ကြည့်ပြီး မေးလိုက်သည်။
"ကောင်လေး၊ မင်းက လုမင်လား"
"ဟုတ်တယ်"
လုမင် ပြောသည်။
"အတင့်ရဲလိုက်တဲ့ကောင်၊ ချင်ယွဲ့က ငါ့အစ်ကို လော့စန်းချုံးရဲ့ မိန်းမဆိုတာ မင်း မသိဘူးလား။ သူနဲ့ပတ်သက်ပြီး မကောင်းတဲ့အတွေးတွေထားဝံ့တယ်၊ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီတဲ့တူတယ်"
လော့ဖုန်းက ပြောလိုက်၏။ သူ့ခန္ဓာကိုယ်အတွင်းမှ သူတော်စင်အရှိန်အဝါက ပေါက်ကွဲထွက်လာပြီးနောက် လုမင်ဆီသို့ ဖိနှိပ်လာတော့သည်။
"အပိုတွေမပြောနဲ့၊ ငါက ဘယ်တုန်းက လော့စန်းချုံးရဲ့ မိန်းမဖြစ်သွားတာလဲ။ လော့စန်းချုံးကို သူနဲ့ငါက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြန်ပြောလိုက်ပါ"
ချင်ယွဲ့က အော်လိုက်သည်။
ဒါက လော့ဖိုခုန်း၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေပြီး အေးစက်စက်ဖြင့် စူးရှသော အလင်းရောင်တို့ တောက်ပလာစေခဲ့သည်။
"မင်းကြားလား၊ ချင်ယွဲ့ကိုယ်တိုင်က ငြင်းနေပေမဲ့ လော့စန်းချုံးက အတင်းကပ်နေတာ ရှက်စရာမကောင်းဘူးလား။ သူ့မှာ အရှက်မရှိဘူးလား"
လုမင်ကလည်း လှောင်ပြောင်လိုက်သည်။
"သယ်၊ ငါ့အစ်ကို ကို စော်ကားရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ။ မင်း သေချင်နေပြီ"
လော့ဖိုခုန်း၏ မျက်လုံးများက သတ်ဖြတ်ချင်တို့ တောက်ပလာပြီး အော်ဟစ်လိုက်သည်။
"မင်းမှာ အဲဒီအရည်အချင်းမျိုးမရှိမှာပဲ စိုးရတယ်"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်၏။
"မောက်မာလိုက်တာ၊ ငါ မင်းကို အခု ဖျက်ဆီးပစ်မယ်"
လော့ဖိုခုန်း၏ မျက်လုံးများက အေးစက်နေပြီး လုမင်အပေါ်သို့ ဖိနှိပ်ထားသည့် သူ၏အငွေ့အသက်များက ပိုမိုအားကောင်းလာတော့သည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်သန်မာကြောင်း သူကြားသည်။ သူက တာ့လော့ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်များကိုပင် အနိုင်ယူခဲ့၏။
သို့သော်လည်း၊ သူ၏ တိုက်ခိုက်နိုင်စွမ်းက ထိုပါရမီရှင်များ နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ပါ။
သူ၏ဝိညာဉ်ကိုယ်ခန္ဓာက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာဖြစ်ပြီး၊ ဘုရင်နိယာမကိုလည်း ထိန်းချုပ်ထားသည်။ သူ၏ ကျင့်ကြံမှုအခြေခံက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ပြီး အဆင့်တူတွင် ပြိုင်ဘက်မရှိသလောက်ပင်။
သူက လုမင်ကို အဘယ်ကြောင့် ဂရုစိုက်မှာလဲ။
"လော့ဖိုခုန်း၊ နင်က တိုက်ခိုက်ချင်ရင် ငါ နင်နဲ့ အဖော်ပြုပေးမယ်"
ချင်ယွဲ့က အေးစက်စက် အော်ပြောလိုက်သည်။ ဓားမော့နှစ်လက်က ပြေးထွက်လာပြီး ယင်နှင့်ယန် နိယာမစွမ်းအင်များကလည်း သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ပျံ့နှံ့သွား၏။
လော့ဖိုခုန်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ချင်ယွဲ့၏ အရည်အချင်းက သူ့ထက် မနိမ့်ကျပေ။
သူက ချင်ယွဲ့ကို တိုက်ခိုက်ရန် ယုံကြည်မှုမရှိပါ။
"လုမင်၊ မင်းက မိန်းမတစ်ယောက်ရဲ့နောက်မှာပဲ ပုန်းနေတတ်ပုံရတယ်"
လော့ဖိုခုန်းက ပျက်ရယ်ပြုသော အမူအရာကို ထုတ်ဖော်ပြရင်း လှောင်ပြောင်လိုက်သည်။
"မင်း ငါ့ကိုစိတ်ဆွဖို့ ဒီလို အပေါစားလှည့်ကွက်တွေကို သုံးနေစရာ မလိုပါဘူး။ ဒါပေမဲ့ တကယ်လည်း မင်းကို ဖြေရှင်းဖို့ တခြားသူတွေရဲ့ အကူအညီကို ငါ မလိုဘူး"
လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးပြီး ရှေ့သို့လှမ်းကာ ကောင်းကင်အမြင့်တွင် ပေါ်လာသည်။
"လာ၊ တိုက်ခိုက်စမ်း"
"ဒီလိုဆိုရင် မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
လော့ဖိုခုန်း၏ မျက်လုံးများက ပျော်ရွှင်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ သူ့ပုံရိပ်က ကောင်းကင်သို့ ချက်ချင်း ထိုးတက်သွား၏။ လှံရှည်တစ်ချောင်းက သူ့လက်ထဲတွင် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းအောင် စူးရှသော လှံအလင်းကလည်း ကောင်းကင်ကို ထိုးတက်သွားတော့သည်။
"လုမင်က လော့ဖိုခုန်းရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ သူက ဒီတိုက်ပွဲမှာ ကျဆုံးသွားလိမ့်မယ်"
ယုကျစ်က လှောင်ပြောင်လိုက်သည်။
လော့ဖိုခုန်း၏ အရည်အချင်းက မျိုးဆက်သစ်လူငယ်များ၏ အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်နေပြီ။ သူ၏ ဝိညာဉ်ခန္ဓာနှင့် နိယာမကလည်း ထိပ်တန်းအဆင့် ဖြစ်သည်။ တူညီသောအဆင့် တိုက်ပွဲတစ်ခုတွင်၊ သူက ပြိုင်ဘက်ကင်းသလောက်ပင်။ လုမင်က ကစဉ့်ကလျားနိယာမကို ကျွမ်းကျင်သော်လည်း သူ၏ ကျင့်ကြံမှုအခြေခံက လော့ဖိုခုန်းထက် များစွာ နိမ့်ကျနေဆဲ ဖြစ်သည်။
လော့စန်းချုံးက မလာသော်လည်း လော့ဖိုခုန်း ရောက်ရှိလာခြင်းကြောင့် ရလဒ်က ပြောင်းလဲမည် မဟုတ်ပေ။
"သေစမ်း"
လော့ဖိုခုန်းက အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့လက်ထဲမှ လှံရှည်က တုန်ခါသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းတစ်ခုက လုမင်ဆီသို့ ထိုးဖောက်ဝင်ရောက်သွား၏။
လုမင်၏ ခန္ဓာကိုယ်မှ အလင်းစက်များ တစ်ခုပြီးတစ်ခု တောက်ပပြီး သူတော်စင်လက်နက်ပေါင်း တစ်ရာကျော် ပေါ်လာသည်။ သူက အန္တိမသူတော်စင်လက်နက် ဓားတစ်လက်ကို ဆုပ်ကိုင်ကာ ခုတ်ပိုင်းလိုက်တော့သည်။
"ဝုန်း"
ဓားက လှံအလင်းကို ထိမှန်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ လှံအလင်းက ဓားချက်အောက်တွင် ကွဲကြေသွား၏။ သို့ရာတွင်၊ လုမင်၏ ဓားမှာလည်း ပြင်းထန်စွာ တုန်ခါသွားသည်။
'အားကောင်းလိုက်တဲ့ ထိုးဖောက်မှုစွမ်းအား၊ ဒါက ထိုးဖောက်ခြင်း နိယာမပဲ'
လုမင် အံ့ဩသွားခဲ့သည်။
ယခင်တိုက်ခိုက်မှုမှ လှံအလင်းတွင် ပြင်းထန်သော ထိုးဖောက်ဝင်ခြင်း စွမ်းအားရှိကြောင်း သူခံစားခဲ့ရသည်။ ၎င်းက အလွန်ကြောက်စရာကောင်းပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ပင်။
၎င်းမှာ ဘုရင်နိယာမများထဲမှ တစ်မျိုးဖြစ်သည့် ထိုးဖောက်ခြင်း နိယာမ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး မည်သည့်အရာကမှ တားဆီးနိုင်စွမ်းမရှိဟု ဆိုကြပေသည်။
"မင်း ငါ့ရဲ့လှံဘယ်နှချက် တားနိုင်မလဲ ကြည့်ရအောင်"
လော့ဖိုခုန်း၏ လှံရှည်က တုန်ခါသွားသည်။ လှံအလင်းများ ရာနှင့်ချီပြီး ထွက်ပေါ်လာ၏။ စူးရှသော လေတိုးသံနှင့်အတူ လုမင်ဆီသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။
"သွား"
လုမင်၏ အတွေးတစ်ချက်ဖြင့် သူတော်စင်လက်နက်တစ်ရာကျော်က ပျံသန်းသွားသည်။ သူတော်စင်လက်နက် တစ်ခုစီကို ကစဉ့်ကလျားနိယာမက ဖုံးအုပ်ထား၏။
"ဝုန်း... ဝုန်း... ဝုန်း"
လှံအလင်းများနှင့် သူတော်စင်လက်နက်များ တိုက်မိခြင်းကြောင့် ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် လုမင်၏ သူတော်စင်လက်နက် တစ်ရာကျော်က ပြန်လည်လွင့်စဉ်လာခဲ့သည်။ သို့သော်လည်း သူတော်စင်လက်နက်များကို ကစဉ့်ကလျားနိယာမဖြင့် ဖုံးအုပ်ထားသောကြောင့် ပြိုင်ဘက်၏တိုက်ခိုက်မှုများကို ပိတ်ဆို့ထားခဲ့ပေသည်။
ထို့နောက်တွင် လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျှပ်စီးလက်သကဲ့သို့ လော့ဖိုခုန်းထံသို့ ပြေးသွားခဲ့သည်။
အနီးကပ်တိုက်ခိုက်ခြင်းက ထိုးဖောက်ခြင်းနိယာမကို ဆုပ်ကိုင်ထားသူတစ်ဦးအား တိုက်ခိုက်ရာတွင် ကောင်းမွန်သော ရွေးချယ်တစ်ခုပင်။
လုမင်၏ ပုံရိပ်က လော့ဖိုခုန်းထံသို့ ချဉ်းကပ်လာပြီးနောက် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ အဆက်မပြတ် ထိုးနှက်လိုက်သည်။
ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်များ ပေါ်လာပြီး လော့ဖိုခုန်းကို ဖိနှိပ်လိုက်၏။
"ဝုန်း... ဝုန်း... ဝုန်း"
လော့ဖိုခုန်းကလည်း လက်ထဲမှ လှံရှည်ဖြင့် အဆက်မပြတ် ထိုးသွင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ထိုးဖောက်ခြင်းစွမ်းအားဖြင့် လှံအလင်းများက ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်များကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်များက လေထဲတွင် အပေါက်များစွာဖြင့် ပေါက်ကွဲသွားကြသည်။
သို့သော်လည်း၊ လုမင်က လက်သီးချက်များ ဆက်လက်ထုတ်ဖော်နေပြီး ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်များက ဆက်လက် ထွက်ပေါ်လာပြန်သည်။
နှစ်ယောက်သား ပြင်းထန်စွာ တိုက်ခိုက်ကြပြီး ကောင်းကင်ယံမှာ ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်က တိုက်ခိုက်မှု ဒါဇင်ချီကာ ဖလှယ်ခဲ့ကြသည်။
"ထိုးဖောက်ဖျက်ဆီးခြင်း"
လော့ဖိုခုန်းက စိတ်ရှည်မှု ကုန်ခမ်းသွားပုံရသည်။ သူက သံရှည်ဆွဲကာ ဟိန်းဟောက်ပြီး သူတော်စင်စွမ်းအင်များ ပေါက်ကွဲထုတ်လိုက်၏။ သူက လှံရှည်နှင့် တစ်သားတည်းဖြစ်လာပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းအဖြစ်သို့ ပြောင်းလဲကာ လုမင်ဆီသို့ ထိုးသွင်းလိုက်တော့သည်။
၎င်းက အရာခပ်သိမ်းကို ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။
လုမင် ထုတ်ဖော်ထားသော ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်များက ချက်ချင်း ပေါက်ကွဲသွားပေသည်။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်ကလည်း သူ၏ နတ်ဘုရားစွမ်းရည်ကို အင်အားအပြည့်ဖြင့် အသုံးပြုလိုက်သည်။
"ဝုန်း"
ကစဉ့်ကလျားကပ်ဘေးလက်ချောင်းနှင့် လှံအလင်းတို့ တိုက်မိပြီးနောက် မုန်တိုင်းတစ်ခုကဲ့သို့ ကြောက်မက်ဖွယ် င်အားလှိုင်းများ ထွက်ပေါ်လာကာ အရပ်ရပ်သို့ ပျံ့နှံ့သွား၏။
အဆုံးတွင် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ပြိုကျသွားသော်လည်း လှံအလင်းသည်လည်း ပေါက်ကွဲသွားရသည်။ လော့ဖိုခုန်း၏ပုံရိပ်က ပြန်ပေါ်လာပြီးနောက် ဒယီးဒယိုင်ဖြင့် ဆုတ်သွားရတော့သည်။
"သတ်"
လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှ ဓားအလင်းနှစ်ခု ထွက်ပေါ်လာပြီး လော့ဖိုခုန်း၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာ၏။ လော့ဖိုခုန်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။
ထို့နောက် လုမင်၏ ပတ်ဝန်းကျင်ရှိ သူတော်စင်လက်နက်များက လော့ဖိုခုန်းထံသို့ ထပ်မံ ပျံသန်းသွားတော့သည်။
လော့ဖိုခုန်းလည်း သူ၏ဝိညာဉ်မှ နာကျင်မှုကို အံကြိတ်ခံကာ လှံရှည်ဖြင့် သူတော်စင်လက်နက်များကို တားဆီးလိုက်ရသည်။