အခန်း ၁၈၅၀
Vol. 124 Ch. 1850
အပိုင်း ( 1850 ) ဟာမိသားစု။
ပိန်ပိန်ပါးပါး လူလတ်ပိုင်းအမျိုးသားက ခြေလှမ်းအနည်းငယ်လှမ်းသွားပြီးနောက် သူ့နောက်သို့ ချင်ယွဲ့မလိုက်ကြောင်း သိသွားသည်။ သူက ရပ်လိုက်ပြီးနောက် ချင်ယွဲ့ကို လှည့်ကြည့်ပြီး အေးစက်စက် ပြောလိုက်၏။
"ငါပြောတာကို မင်းမကြားဘူးလား"
သို့သော်လည်း ချင်ယွဲ့က သူ့ကို မမြင်ဟန်ပြုနေပြီး သူ့အသံကိုလည်း ကြားပုံမရပေ။ သူက အရက်ကိုသာ ခပ်ဖြေးဖြေး သောက်နေသည်။ လုမင်ကလည်း အလားတူဖြစ်ပြီး အရက်ကို ဆက်သောက်နေ၏။
သူတို့က ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားကို လုံးဝ လျစ်လျူရှုခဲ့သည်။
လူလတ်ပိုင်းအမျိုးသား၏ မျက်နှာက အေးစက်သွားသည်။
"ငါ့နောက်ခံကို မင်းမသိသေးဘူး ထင်တယ်။ ငါက ဟာမိသားစုကပဲ။ ငါ့သခင်လေးက ပျက်စီးခြင်းမြို့တော်နဲ့ ဟာမိသားစုရဲ့ နံပါတ်တစ်ပါရမီရှင် ဟာမော့ထီ...၊ အခု မင်း ငါနဲ့လိုက်ခဲ့တော့"
ဟာမိသားစုအကြောင်းပြောချိန်တွင် ပိန်ပိန်လူလတ်ပိုင်းအမျိုးသားက အရှိန်အဝါကြီးမားစွာ ပြောဆိုသည်။ သူ့လေသံတွင် ဟာမိသားစုက အလွန်စွမ်းအားကြီးနေသကဲ့သို့ပင်။
"ထွက်သွား"
သို့သော်လည်း သူရခဲ့သော တစ်ခုတည်းသော အဖြေမှာ ချင်ယွဲ့၏ အေးစက်သော စကားသံ ဖြစ်သည်။
"မင်း ရိုင်းစိုင်းလှချေလား"
ပိန်ပိန်လူလတ်ပိုင်း အမျိုးသားက အေးစက်သော လူသတ်ချင်စိတ်တို့ဖြင့် အော်ပြောလိုက်သည်။
ဤမိန်းကလေးက သူ့နောက်ခံကို ပြောထားသည့်ကြားမှပင် ထွက်သွားရန် ပြောဝံ့သည်။ သေလမ်းရှာနေခြင်း ဖြစ်မည်။
ပျက်စီးခြင်းမြို့တော်တွင် ဟာမိသားစုကို မသိသောသူ မည်သူရှိသနည်း။
ဟာမိသားစုက ပျက်စီးခြင်းမြို့တော်တွင် အင်အားအကြီးမားဆုံး ဖြစ်သည်။ ဟာမော့ထီက ပျက်စီးခြင်းမြို့တော်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သကဲ့သို့ သူ့ဖခင်ကလည်း ပျက်စီးခြင်းမြို့တော်၏ နံပါတ်တစ် အကျော်အမော်ပင်။ ပျက်စီးခြင်းမြို့တော်တွင် ဟာမိသားစုကို မည်သူမျှ မလေးမစား မပြုဝံ့ကြပါ။
သို့တိုင်၊ ဤမိန်းကလေးက သူ့ကို ထွက်သွားရန် ပြောဆိုခဲ့တာလား။
"မင်းက မသွားချင်မှတော့ ငါကိုယ်တိုင် ခေါ်သွားပေးမယ်"
ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားက ကြီးစိုးစွာ အော်လိုက်သည်။ သူက ရှေ့သို့ထွက်လာပြီး သူ၏စမုတ်တံလက်ဖြင့် ချင်ယွဲ့၏လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ သူက ချင်ယွဲ့ကို ဟာမော့ထီထံသို့ ခေါ်ဆောင်သွားလိုသည်။
သို့သော်လည်း သူ့လက်က ချင်ယွဲ့၏လည်ပင်းကို မဖမ်းဆုပ်မီတွင် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထို့နောက် သူ့လက်ကို ရေခဲအလွှာတစ်ခုက ဖုံးအုပ်ထားပြီး သူ့လက်တစ်ဖက်လုံး လုံးဝ အေးခဲသွား၏။
ထို့ပြင် ရေခဲများက သူ့လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။
ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသား၏ မျက်လုံးများက ကြောက်ရွံ့မှုတို့ ပေါ်လာခဲ့သည်။ သူ သနားစဖွယ် အော်ဟစ်ရင်း ကသောကမျော ဆုတ်သွား၏။ ထို့နောက် သူ့လက်က ရေခဲတုံးကို တူနှင့်ထုလိုက်သကဲ့သို့ အက်ကွဲသွားတော့သည်။
"အား... ငါ့လက်"
ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားက နာကျင်စွာ အော်ဟစ်လိုက်သည်။
စားသောက်ဆိုင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
စားသောက်နေကြသော အခြားလူများက ချင်ယွဲ့ကို အံ့သြစွာ ကြည့်လိုက်ကြလေသည်။
"ဒီပါရမီရှင် လူငယ်လေးက ဘယ်ကလာတာလဲ။ ဟာကုံးက တောက်ပသောသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့် ကျင့်ကြံမှုရှိပေမဲ့ သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ သူ့လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပြီ"
"ကျားကိုမကြောက်တဲ့ မွေးကင်းစ နွားလေးတွေပဲ။ ဟာမော့ထီ ဒေါသအိုးပေါက်ကွဲတော့မယ်"
"ဟုတ်တယ်၊ ဟာမော့ထီက ပျက်စီးခြင်းမြို့တော်ရဲ့ နံပါတ်တစ်ပါရမီရှင်ပဲ။ သူ့မှာ အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိပြီး တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ကို ရောက်နေပြီ။ ဒီမိန်းကလေးတော့ သွားပါပြီ၊ ရုပ်ကလေးက ချစ်စရာလေးနဲ့... ကျွတ်...ကျွတ်"
လူများစွာ ဆွေးနွေးလိုက်ကြသည်။ သို့သော်လည်း ဟာမော့ထီ ကြားမည်ကို ကြောက်နေသကဲ့သို့ အားလုံးက တိတ်ဆိတ်လွန်းပေသည်။
မျှော်လင့်ထားသည့်အတိုင်း၊ ဟာမော့ထီက ဝုန်းခနဲ ထရပ်လိုက်သည်။ သူ့ထံမှ သတ်ဖြတ်ချင်စိတ်တို့ပေါ်လာပြီး လုမင်နှင့် ချင်ယွဲ့ဆီသို့ လျှောက်လာ၏။
"ကြည့်ရတာ ငါ့နာမည်ကို မင်း မကြားဖူးဘူးထင်တယ်။ ငါ့ ဟာမိသားစုရဲ့ လူတွေကို ထိခိုက်စေတဲ့ အကျိုးဆက်တွေကို သိလား"
ဟာမော့ထီက အေးစက်စက် ပြောလိုက်သည်။
"ဟာမိသားစုက ဘာလဲ၊ မင်းက လူစားကိုလည်း နားမလည်ဘူးထင်တယ်။ အခုလေးတင် 'ထွက်သွား'လို့ ပြောလိုက်တာကို မင်း မကြားရဘူးလား"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက ဟာမော့ထီကို လှည့်မကြည့်ဘဲ သူကိုယ်တိုင်နှင့် ဟာမော့ထီအတွက် အရက်ငှဲ့ထည့်လိုက်၏။
ထိုစကားကိုကြားတော့ ဟာမော့ထီ၏ မျက်နှာက မည်းမှောင်သွားသည်။ တစ်ချိန်တည်းမှာပင်၊ သူက အေးစက်သော လူသတ်ချင်စိတ်တို့ဖြင့် လုမင်ကို စိုက်ကြည့်လိုက်တော့သည်။
ပျက်စီးခြင်းမြို့တော်တွင် မည်သူမျှ သူ့ကို ဤကဲ့သို့ မပြောဝံ့ပါ။ အခြား အင်အားစုများ၏ အကြီးအကဲများပင်လျှင် သူ့အဖေအတွက် မျက်နှာပေးရမည်။
ယခုမူ၊ မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိရသော ကောင်လေးက ဟာမိသားစုနှင့် သူအား စော်ကားဝံ့သည်။ သူက လုမင်ကို နောင်တရစေပြီး သူ့ကိုတောင်းပန်ရန်အတွက် မြေပြင်ပေါ်တွင် ဒူးထောက်စေချင်သည်။
စားသောက်ဆိုင်ရှိ အခြားသူများလည်း ထိတ်လန့်သွားကြလေသည်။ ထိုလူငယ်လေး ပြီးသွားပြီလို့ အားလုံးက ထင်မှတ်လိုက်ကြသည်။ ဟာမော့ထီကို သူက မည်သို့စော်ကားဝံ့သနည်း။ သူကတော့ ဇာတ်သိမ်းကောင်းတော့မည်ဟု မထင်ပေ။
"ကောင်လေး၊ မင်း သေရဖို့အတွက် တောင်းပန်လာရလိမ့်မယ်"
ဟာမော့ထီက ဆိုးသွမ်းသော အပြုံးမျိုးကို ထုတ်ဖော်ပြီး လှုပ်ရှားလိုက်သည်။ သူက လေပြင်းကဲ့သို့ လုမင်အနားတွင် ပြန်ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။
သို့သော်လည်း လုမင်က ဒါကိုမြင်ပုံမရပေ။ သူက သူ၏တူနှင့် အသားတစ်ဖတ်ကို ကောက်ယူပြီး ပါးစပ်ထဲသို့ထည့်ကာ မြုံ့နေသည်။ ဟာမော့ထီ၏ လက်ဝါးက သူ့မျက်နှာကို ထိခါနီးမှ လက်တစ်ချောင်းဖြင့် လျှပ်စီးလက်သကဲ့သို့ ထောက်ပေးလိုက်၏။
စားသောက်ဆိုင်တစ်ဝိုက်တွင် စူးစူးဝါးဝါး အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဟာမော့ထီ၏ အသံပင်။
သူ့လက်ဖဝါးကို လုမင်၏လက်ချောင်းက စိုက်ဝင်နေသည်။
"ဝှစ်..."
ထို့နောက်၊ လုမင်က သူ့ပါးစပ်ကိုဖွင့်ကာ သူမြုံ့ထားသော အသားဖတ်ကို ထွေးထုတ်လိုက်သည်။ အသားစများက ကြောက်စရာအကောင်းဆုံး လျှို့ဝှက်လက်နက်အဖြစ်သို့ ပြောင်းလဲသွားပြီး ဟာမော့ထီ၏ မျက်နှာဆီသို့ ပြေးထွက်သွား၏။
ဟာမော့ထီက သူ့ခန္ဓာကိုယ်ကို နိယာမ၊ စွမ်းအင်တို့ဖြင့် ကာကွယ်ထားသော်လည်း အသုံးမဝင်ပေ။ မြုံ့ထားသော အသားများက ဟာမော့ထီ၏ အကာအကွယ်များကို ထိုးဖောက်ပြီး သူ့မျက်နှာတွင် သွေးစီးကျနေသော အပေါက်ငယ်များစွာကို ဖြစ်ပေါ်လာစေခဲ့သည်။
ဟာမော့ထီက အသည်းအသန် နောက်ပြန်ဆုတ်သွားပြီး အော်ဟစ်လိုက်သည်။ သူ့မျက်နှာတပြင်လုံးက သွေးများဖြင့် နီရဲနေပြီး အလွန်ဆိုးရွားသည့်အသွင် ပေါက်နေတော့သည်။
စားသောက်ဆိုင်တွင် အခြားသူများအားလုံး ပင့်သက်ရှူသွင်းလိုက်မိသည်။
လုမင်၏ ခွန်အားကြောင့် အားလုံး တုန်လှုပ်သွားကြ၏။
ဟာမော့ထီက ပျက်စီးခြင်းမြို့တော်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။ သူ့တွင် အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိသည့်အပြင် တောက်ပသော သူတော်စင်နယ်ပယ်၏ အဆင့်မြင့်အဆင့်သို့ ရောက်နေပြီ။ ပျက်စီးခြင်းမြို့တော်၏ လူငယ်မျိုးဆက်တွင် မည်သူမျှ သူ့ကို မယှဉ်နိုင်ကြပေ။
ယခုမူ၊ လုမင်၏ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ ရက်စက်စွာ ဖိနှိပ်ခံလိုက်ရသည်။
ထို့ပြင် ထိုလူငယ်က အသက်ကြီးပုံမရသေးဘဲ လူငယ်မျိုးဆက်မှ ဖြစ်လိမ့်မည်။
သူက ပျက်စီးခြင်းမြို့တော် အပြင်ဘက်မှ ပါရမီရှင်တစ်ဦးများလား။
"သေစမ်း၊ ငါမင်းကိုသေစေချင်တယ်"
ဟာမော့ထီက ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။
"ဆူညံလိုက်တာ"
လုမင်က အေးစက်စက်ပြောဆိုပြီး လေထဲကို ရိုက်ထုတ်လိုက်၏။
သူတော်စင်စွမ်းအင်မှ ဖန်တီးထားသည့် လက်ဝါးကြီးက ဟာမော့ထီ၏ မျက်နှာကို ရိုက်ထုတ်လိုက်ရာ စားသောက်ဆိုင်အပြင်ဘက်သို့ လွင့်စဉ်သွားတော့သည်။
စားသောက်ဆိုင်ထဲတွင် ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားနှင့် ဟာမော့ထီ၏ နောက်လိုက်နောက်ပါများက ကြက်သေသေပြီး မျက်နှာများ သွေးဆုတ်ဖြူရော်ကုန်ကြသည်။
"မင်းတို့အားလုံး ထွက်သွားကြစမ်း၊ နောက်တစ်ခါရှိလာခဲ့ရင် အကုန်လုံးကို သတ်ပစ်မယ်"
လုမင်က ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားနှင့် အခြားသူများကိုကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများလည်း အသက်ဘေးမှ ကပ်သီလေး လွတ်မြောက်သွားသကဲ့သို့ စားသောက်ဆိုင်မှ အမြန်ပြေးထွက်သွားတော့သည်။
"မင်းတို့ နှစ်ယောက် မြန်မြန်ထွက်သွားကြရင် ပိုကောင်းမယ်။ ဟာမိသားစုက ဟာမော့ထီကို ဒီလို ဆက်ဆံတဲ့အတွက် မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး"
ထိုအချိန်တွင် ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က လမ်းလျှောက်လာပြီး သူတို့ကို ကြင်နာစွာ သတိပေးသည်။
"အကြီးအကဲ၊ ဟာမိသားစုက ဘယ်လောက် အားကောင်းလဲ"
လုမင်က လက်ယှက်ပြပြီး မေးလိုက်၏။
"ပျက်စီးခြင်းမြို့တော်မှာ အင်အားကြီး အင်အားစုခုနစ်စုရှိတယ်။ ဒီအထဲမှာ ဟာမိသားစုက အင်အားအကြီးဆုံးပဲ။ ဟာမော့ထီရဲ့ဖခင်က ဧကရာဇ်တစ်ပိုင်းနယ်ပယ်ကို ရောက်နေပြီလေ။ သူက ပျက်စီးခြင်းမြို့တော်မှာ အသန်မာဆုံးပဲ"
အဘိုးအိုက ပြောလိုက်သည်။
"ဧကရာဇ်တစ်ပိုင်းနယ်ပယ်လား"
လုမင်က ရေရွတ်လိုက်၏။ သို့သော်လည်း သူ့အမူအရာက မပြောင်းလဲပေ။
ပူဖောင်းလေး၏ လက်ရှိအင်အားနှင့် အချိန်ဟင်းလင်းပြင်နိယာမ၏ လျှို့ဝှက်ဆန်းကြယ်မှုများကြောင့် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်၏လက်မှ လွတ်အောင်ထွက်ပြေးနိုင်သည်။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူများမရှိသရွေ့ လုမင်က အလွန်စိုးရိမ်နေမည် မဟုတ်ပေ။
"အကြီးအကဲ၊ ကျွန်တော် တစ်ခုလောက် မေးစရာရှိတယ်။ ရှေးဟောင်း ပျက်စီးခြင်းနယ်မြေအကြောင်း ခင်ဗျားသိလား"
လုမင်က မေးလိုက်သည်။
သူက ရှေးဟောင်းပျက်စီးခြင်းနယ်မြေအကြောင်းကို စုံစမ်းရန် ဤနေရာကို လာခဲ့ခြင်း ဖြစ်သည်။ ယခုက ထိုအကြောင်းကို မေးမြန်းရန် အချိန်ကောင်းပင်။
"ရှေးဟောင်းပျက်စီးခြင်းနယ်မြေလား၊ မင်းတို့တွေက တကယ်ပဲ ပျက်စီးခြင်းမြို့တော်ရဲ့ အပြင်လူတွေ ဖြစ်ပုံရတယ်။ ပျက်စီးခြင်းမြို့တော်မှာ ရှေးဟောင်းပျက်စီးခြင်းနယ်မြေက ဒဏ္ဍာရီတစ်ခုပါပဲ။ အတွင်းမှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိတယ်လို့ ဆိုကြတယ်။ ဒါကြောင့် ပျက်စီးခြင်းမြို့တော်ရဲ့ အမျိုးမျိုးသော အင်အားစုတွေက ရှာဖွေနေကြပေမဲ့ နှစ်ပေါင်းများစွာကြာပြီးတဲ့အထိ ဘယ်သူမှ ရှာမတွေ့ခဲ့သေးဘူး"
အဘိုးအိုက ရှင်းပြလိုက်သည်။
"ဘယ်သူမှ မတွေ့သေးဘူးလား"
လုမင်၏ မျက်လုံးများက စိတ်ပျက်မှုတို့ ပေါ်လာခဲ့သည်။
ပျက်စီးခြင်းမြို့တော်ရှိ အမျိုးမျိုးသော အင်အားစုများက နှစ်ပေါင်းများစွာ ရှာဖွေခဲ့သည့်တိုင် ၎င်းကို ရှာမတွေ့ခဲ့ပေ။ သူတို့က ၎င်းကို ရှာချင်လျှင်ပင် အခွင့်အလမ်းက နည်းလွန်းသည်။
"မင်းတို့နှစ်ယောက် မြန်မြန်ထွက်သွားသင့်တယ်။ ဟာမိသားစုက ဒီနေရာနဲ့ မဝေးဘူး။ ဟာမိသားစုရဲ့ ကျွမ်းကျင်သူတွေက မကြာခင် ရောက်လာကြလိမ့်မယ်"
အဘိုးအိုက သူတို့ကို ထပ်မံသတိပေးလိုက်သည်။
"ကိစ္စမရှိပါဘူး"
လုမင်က ခပ်ဖျော့ဖျော့ပြုံးလိုက်လေသည်။