အခန်း ၁၈၅၁
Vol. 124 Ch. 1851
အပိုင်း ( 1851 ) အန္တိမသူတော်စင်များကို သတ်ခြင်း။
ဟာမိသားစုက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကို အလွယ်တကူ စေလွှတ်မည်ဟု သူ မထင်ပေ။ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကို စေလွှတ်လျှင်လည်း သူတို့က အလွယ်တကူ လွတ်မြောက်နိုင်သည်။
လုမင်နှင့် ချင်ယွဲ့တို့က ထွက်ခွာရန် မရည်ရွယ်ကြောင်းကို တွေ့လိုက်ရသဖြင့် အဘိုးအိုလည်း သက်ပြင်းချကာ လှည့်ထွက်သွားလေသည်။
စားသောက်ဆိုင်ရှိ အခြားသူများလည်း ထိုနည်းလည်းကောင်းပင်။ ဟာမိသားစု ရောက်ရှိလာသောအခါ သူတို့လည်း ပတ်သက်မိမည်ကို စိုးရိမ်ကြသည်။
ခဏကြာတော့ စားသောက်ဆိုင်ထဲတွင် လုမင်နှင့် ချင်ယွဲ့တို့သာ ကျန်တော့သည်။
သူတို့နှစ်ဦးသာ အေးအေးလူလူ စားသောက်ရင်း ကျန်ရစ်ခဲ့ကြသည်။
"ဝုန်း... ဝုန်း"
မကြာမီ၊ အပြင်ဘက်မှ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထို့နောက် စားသောက်ဆိုင်တစ်ခုလုံးကို နိယာမဖြင့် ဝန်းရံထားပြီး ပိတ်ဆို့လိုက်၏။
"ကောင်စုတ်လေး၊ အခု ထွက်လာခဲ့စမ်း"
ဟာမော့ထီ၏ ဟိန်းဟောက်သံက အပြင်ဘက်မှ ထွက်ပေါ်လာချေပြီ။
"ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင် နှစ်ယောက်၊ အဆင့်နိမ့် အန္တိမသူတော်စင် နှစ်ယောက်၊ အဆင့်မြင့် အန္တိမသူတော်စင်တစ်ဦး"
လုမင်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။
တစ်ဖက်လူများက တကယ်ကို သတိကြီးပေသည်။ သူတို့က အန္တိမသူတော်စင်သုံးဦးကို ချက်ချင်း စေလွှတ်လိုက်သည်။
သို့သော်လည်း လုမင်က သာမန် အဆင့်နိမ့် အန္တိမသူတော်စင်များကို ဂရုမစိုက်ပါ။ အဆင့်မြင့် အန္တိမသူတော်စင်ဖြစ်လျှင်ပင် လုမင်ကို အနည်းငယ်သာ အခက်ကြုံစေနိုင်သည်။
"ချင်ယွဲ့၊ ငါတို့ အပြင်ထွက်ပြီး နည်းနည်းပါးပါး သတ်ကြရအောင်... ဘယ်လိုထင်လဲ"
လုမင် ပြုံးလိုက်သည်။
"ကောင်းပြီ"
ချင်ယွဲ့က ပိုပြတ်သားသည်။ သူက ချက်ချင်း ထရပ်ပြီး ထွက်သွား၏။
လုမင်လည်း သူ့နှာခေါင်းကို ပွတ်လိုက်မိသည်။ မှတ်ဉာဏ်များ ပျောက်ဆုံးသွားပြီးနောက် ချင်ယွဲ့၏စရိုက်က တော်တော်လေး ပြောင်းလဲသွားပုံရသည်။ သူသည် ယခင်ကလောက် တုံ့ဆိုင်းမှုမျိုး မရှိတော့ပေ။
သူတို့နှစ်ယောက်က စားသောက်ဆိုင်ထဲမှ ထွက်လာပြီးနောက် ကျွမ်းကျင်သူငါးဦးကို ဦးဆောင်ကာ လေထဲတွင်ရပ်နေသော ဟာမော့ထီကို တွေ့လိုက်ရသည်။
"သိပ်ကောင်းတယ်၊ မင်း ဒီမှာရှိနေသေးတာပဲ"
ဟာမော့ထီက လုမင်ကို စားတော့ဝါးတော့မလို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ချင်ယွဲ့ကိုကြည့်ပြီး ပြောလိုက်၏။
"ခွေးမ၊ မင်းကိုလည်း ငါ့ကျွန်အဖြစ် ခေါ်သွားရမယ်။ ငါ မင်းနဲ့ကစားလို့ဝရင် မင်းကို ငါ့လက်အောက်ငယ်သားတွေအတွက် ပေးလိုက်မယ်။ ဟားဟားဟား"
ထို့နောက် ဟာမော့ထီက ရူးသွပ်နေသူတစ်ဦးပမာ ရယ်မောလိုက်သည်။
"နောက်တစ်ခါရှိရင် မင်းကိုသတ်ပစ်မယ်လို့ ငါပြောဖူးတယ်။ ကြည့်ရတာ မင်းက တကယ်ကို သေချင်နေပုံပဲ"
လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"လေလုံးထွားလိုက်တာ၊ ငါ မင်းကို အရင် ဖျက်ဆီးပစ်မယ်"
ထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှေ့သို့ထွက်လာသည်။ တောင်တစ်လုံးကို ထိုးခွဲနိုင်ကဲ့သို့ အင်အားမျိုးဖြင့် လုမင်ကို ထိုးနှက်လိုက်၏။
ထိုသူက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံမှုအခြေခံ ရှိသည်။ သူက လက်သီးချက်ထုတ်ဖော်လိုက်သည်နှင့် ကျယ်လောင်သော မြည်ဟီးသံ ထွက်ပေါ်လာ၏။ ထိုလက်သီးအင်အားက အလွန်ကြောက်စရာကောင်းပြီး လုမင်ကို အမှုန့်ခြေပစ်တော့မည်ကဲ့သို့ပင်။
အဝေးမှ လူတော်တော်များများက ခေါင်းခါလိုက်ကြသည်။ လုမင် သေပြီဟုလည်း သူတို့အားလုံး သတ်မှတ်လိုက်၏
"မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
လုမင်က အေးစက်စက်ပြောပြီး ရှေ့ကိုလှမ်းလိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။ အစစ်အမှန်နဂါး၏ ဟိန်းဟောက်သံက ကောင်းကင်ကို တုန်လှုပ်စေသည်။ နဂါးကြီးက လက်သည်းဖြင့်ကုပ်ဆွဲပြီး တစ်ဖက်လူ၏ လက်သီးချက်များကို ဖြိုခွဲပစ်လိုက်၏။ ထိုမျှနှင့်မရပ်ဘဲ နဂါးလက်သည်းက လူလတ်ပိုင်းအမျိုးသားထံ ဆက်လက်တိုးဝင်သွားတော့သည်။
နဂါးကြီး၏ လက်သည်းအောက်တွင် လူထွားကြီးက တစ်ချက်သာ အော်နိုင်လိုက်သည်။
ဤသည်မှာ နဝမနဂါးခြေလှမ်းပင်။ ဒါကို လုမင် မသုံးဖြစ်တာ ကြာခဲ့ပြီ ဖြစ်သည်။ သူ၏ လက်ရှိနယ်ပယ်တွင်၊ နဂါးခြေလှမ်းက အင်အားမလုံလောက်တော့ပေ။ သို့သော်လည်း သာမန် ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်တစ်ပါးကို ကိုင်တွယ်ဖြေရှင်းရန်တော့ လုံလောက်သည်ထက် ပိုသည်။
တနေရာလုံး တိတ်ဆိတ်သွားပေသည်။
သူက ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်တစ်ပါးကို တစ်ချက်တည်းဖြင့် သတ်လိုက်သည်။ ဒါက မည်သို့သောအင်အားမျိုး ဖြစ်သနည်း။
ထို့ပြင် သူက ငယ်ရွယ်လွန်းလှသည်။ ဒါက အလွန်ကြောက်စရာကောင်းပေသည်။
ဟာမော့ထီကို ပျက်စီးခြင်းမြို့တော်တွင် နံပါတ်တစ်ပါရမီရှင်ဟု လူသိများသည်။ သို့သော်လည်း လုမင်နှင့် နှိုင်းယှဉ်လျှင်တော့ ဘာမျှမဟုတ်ပေ။
ဟာမော့ထီကိုယ်တိုင်ပင် တုန်လှုပ်သွားမိသည်။ သူ အလွန်ကြောက်သွား၏။ လုမင်၏စွမ်းရည်ဖြင့် သူ့ကို သတ်မည်ဆိုလျှင် ယခင်ကတည်းက သေပြီးပြီ။
သို့သော်လည်း မကြာမီ၊ အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့် မနာလိုမှုတို့က သူ့နှလုံးသားတွင် ပြည့်လာခဲ့သည်။
အတိတ်တွင် သူက ပျက်စီးခြင်းမြို့တော်၏ လူငယ်မျိုးဆက်ကို လွှမ်းမိုးခဲ့ပြီး အလွန်ဂုဏ်ယူခဲ့ရသည်။ ဤကမ္ဘာကြီးတွင် သူ့ကိုယှဉ်နိုင်သော ပါရမီရှင်က များများမရှိဟုပင် ထင်မှတ်ခဲ့သေးသည်။ ယခုမူ၊ လုမင်၏စွမ်းရည်တို့ကို မြင်လိုက်ရပြီးနောက် လွန်စွာ မနာလိုသွားမိသည်။
"သတ်... သူ့ကိုသတ်"
ဟာမော့ထီက ဟိန်းဟောက်လိုက်သည်။
"ဝုန်း"
ဟာမော့ထီ၏နောက်မှ လူရိပ်တစ်ခုက ရှေ့သို့ ထွက်လာသည်။ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာပြီးနောက် တောင်တစ်လုံးကဲ့သို့ လုမင်အပေါ်ကို ဖိချလိုက်၏။
သူက အန္တိမသူတော်စင်တစ်ပါးပင်။
အန္တိမသူတော်စင်တစ်ပါးက အလွန်စွမ်းအားကြီးသည်။ သူတို့က မဟာသူတော်စင်များ နှိုင်းယှဉ်နိုင်တာ မဟုတ်ပေ။ သူတို့အတွက် မဟာသူတော်စင်တစ်ပါးကိုသတ်ရန်မှာ လက်ဖျစ်တစ်ချက်တီးလိုက်ရုံ ဖြစ်သည်။
စန်းပြည်နယ်မှာဆိုလျှင် အန္တိမသူတော်စင်တစ်ပါးက ဒေသတစ်ခု၏ အုပ်စိုးရှင်ပင်။ ထိုပြည်နယ်တွင် အန္တိမသူတော်စင်များက ထိပ်တန်း တည်ရှိမှုများဖြစ်ပြီး များများစားစား မရှိပါချေ။
လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များ တောက်ပလာပြီး သူတော်စင်လက်နက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
“သတ်"
လုမင်က မာန်သွင်းအော်ဟစ်လိုက်သည်။ နတ်ဘုရားဓားကျင့်စဉ် ပေါက်ကွဲထွက်လာပြီး တစ်ဖက်လူကို ထိမှန်သွား၏။ ထိုလူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားတော့သည်။
လုမင်က လေထဲသို့ ခြေတစ်ချက်လှမ်းလိုက်သည်။ အန္တိမသူတော်စင်လက်နက် ဓားတစ်လက်ကို သူ့လက်ထဲတွင်ကိုင်ပြီး ခုတ်လိုက်၏။
ကောင်းကင်နှင့် မြေပြင်ကို ခွဲထွက်တော့မည့်အလား ဓားအလင်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်းပြီး ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော ဓားစွမ်းအားကြောင့် လူတိုင်း၏ အမူအရာက ပြောင်းလဲသွားတော့သည်။
တစ်ဖက်လူ၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သူက အစွမ်းကုန်သုံးပြီး နတ်အလင်းတစ်ခုကို လုမင်ဆီသို့ ပစ်လွှတ်လိုက်၏။
သို့သော်လည်း ဓားအလင်းက နတ်အလင်းကို အလွယ်တကူ ခွဲထွက်သွားသည်။ ထိုမျှနှင့်မရပ်ဘဲ ဓားက ဆက်လက် ခုတ်ချလာတော့သည်။
အော်သံတစ်ချက် ထွက်ပေါ်လာပြီး အန္တိမသူတော်စင်၏ ခန္ဓာကိုယ်က ထက်ခြမ်းပြတ်ကျသွားတော့သည်။
ထိုလူက ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားပြီး အသည်းအသန် ဆုတ်ခွာပြေးရန် ကြိုးစားလိုက်သည်။
"မင်း လွတ်မယ်ထင်လား"
လုမင်က အေးစက်စက် ပြောလိုက်သည်။ သူ့လက်ထဲမှဓားက လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားပြီး ထိုလူ၏ဦးခေါင်းကို ထိုးဖောက်သွား၏။ သူ၏ နတ်ဘုရားဝိညာဉ်လည်း ပျက်သုဉ်းသွားတော့သည်။
အန္တိမသူတော်စင်တစ်ပါး သေပြီ။
လူတိုင်းက အသက်ပြင်းပြင်းရှူရင်း တံတွေးတစ်လုပ်ကို မြိုချလိုက်မိသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းသည် လွန်စွာ ကြောက်စရာကောင်း၏။ အန္တိမသူတော်စင်တစ်ပါးကိုပင် အလွယ်တကူ သတ်ဖြတ်လိုက်ခြင်းက... သူဟာ လူသားတစ်ယောက်မှ ဟုတ်ပါလေစ။
ဟာမော့ထီဆိုလျှင် ဖင်ထိုင်လဲကျမတတ် တုန်လှုပ်သွားမိသည်။ အဖြစ်အပျက်များကို မယုံကြည်နိုင်သကဲ့သို့ သူ့မျက်လုံးများက ပြူးကျယ်နေ၏။ အရာအားလုံးက အိပ်မက်တစ်ခုလိုပင်။
“သတ်"
လုမင်က အော်ဟစ်ပြီး ဆက်လက်လှုပ်ရှားလိုက်သည်။ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုပြီး လက်ညှိုးညွှန်လိုက်၏။
ဧကရာမ လက်ချောင်းကြီးတစ်ချောင်းက အခြား အန္တိမသူတော်စင်တစ်ပါးကို ရွယ်သည်။
လုမင်သည် မဟာသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်တွင် ရှိစဉ်ကတည်းက သာမန် အဆင့်နိမ့် အန္တိမသူတော်စင်တစ်ပါးကို အနိုင်ယူနိုင်သည်။ ယခု မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ကို ချိုးဖြတ်ပြီးနောက် သာမန် အဆင့်နိမ့်သူတော်စင်တစ်ပါးကိုသတ်ရန် များစွာ မခက်ခဲတော့ပေ။
"မကောင်းတော့ဘူး"
လုမင်က အန္တိမသူတော်စင်တစ်ပါးကို တိုက်ခိုက်မှု အနည်းငယ်ဖြင့် သတ်နိုင်သည်။ ထို့ကြောင့် သူဟာ လုံးဝ ထိပ်တိုက် ရင်မဆိုင်ဝံ့ပေ။ သူက လုမင်၏ တိုက်ခိုက်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားရင်း အလောတကြီး ဆုတ်သွားသည်။
သို့သော်၊ ချင်ယွဲ့၏ ခန္ဓာကိုယ်မှ ယင်နှင့်ယန်နိယာမက ပေါက်ကွဲထွက်လာသည်။ ဓားမော့နှစ်လက်က ပျံသန်းလာပြီး ကြောက်စရာကောင်းသော ဖျက်ဆီးခြင်းစွမ်းအားဖြင့် အန္တိမသူတော်စင်ကို လှည့်ပတ်ဖြတ်တောက်လိုက်၏။
အနွတိမသူတော်စင်မှာ အော်ဟစ်ရန်ပင် အချိန်မရှိဘဲ ဖျက်ဆီးခြင်းစွမ်းအားအောက်တွင် ပြာကျသွားတော့သည်။
နောက်ထပ် အန္တိမသူတော်စင်တစ်ပါး သေသွားပြီ ဖြစ်သည်။ ဤတစ်ကြိမ်ကတော့ ချင်ယွဲ့၏လက်ချက်ပင်။
"ပြေး၊ မြန်မြန်ပြေးတော့"
တစ်ဦးတည်းသော အဆင့်မြင့် အန္တိမသူတော်စင်က အော်ဟစ်လိုက်သည်။ သူက ဆက်မနေဝံ့တော့ဘဲ သူတော်စင်စွမ်းအားကို အစွမ်းကုန်ပေါက်ကွဲ၍ ထွက်ပြေးလိုက်၏။
"လာချင်တိုင်းလာပြီး လွယ်လွယ်နဲ့ ထွက်သွားချင်ရင် ဘယ်ရပါ့မလဲ"
လုမင်က အေးစက်စင် ပြောလိုက်သည်။ သူက အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ဟာမော့ထီကို လိုက်ဖမ်း၏။
ဟာမော့ထီ၏စရိုက်ဖြင့် သူ့ကို အလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။ သူ့ကို လွှတ်ပေးလိုက်ပါက အဆုံးမဲ့ပြဿနာများကို သယ်ဆောင်လာမည်မှာ သေချာသည်။
ချင်ယွဲ့ကလည်း နောက်မှ အနီးကပ်လိုက်လာသည်။
လူအများမှာတော့ အိပ်မက်မက်နေသကဲ့သို့ ခံစားရကာ ကြက်သေသေနေကြဆဲပင်။
အစပိုင်းတွင် ဟာမော့ထီက အရှိန်အဝါကြီးသည်။ သူက လုမင်နှင့် ချင်ယွဲ့ကိုသတ်ရန် အန္တိမသူတော်စင်သုံးပါးကို ဦးဆောင်ပြီး ရောက်ရှိလာ၏။
သို့သော်လည်း ယခုအခါမှာတော့ အန္တိမသူတော်စင်သုံးဦးအနက် နှစ်ဦးသေသွားပြီ။ ကျန်တစ်ဦးမှာလည်း ဟာမော့ထီကို ခေါ်ဆောင်ပြီး အသည်းအသန် ထွက်ပြေးနေရပြီ ဖြစ်သည်။
ဤရလဒ်က လူတိုင်း၏ မျှော်လင့်ချက်များထက် ကျော်လွန်ခဲ့ပေသည်။
"သွားကြရအောင်ဟေ့၊ လိုက်ကြည့်ကြစို့"
လူများက သတိပြန်ဝင်လာပြီးနောက် ချက်ချင်း ပြေးလိုက်သွားကြသည်။ သူတို့က နောက်ဆုံးရလဒ်ကို မြင်လိုကြ၏။ ပျက်စီးခြင်းမြို့တော်၏ ဥပဒေမဲ့ပြီး ရမ်းကားသူက ယနေ့တွင် မည်သို့ဖြစ်မည်နည်း။
ရှေ့တွင်၊ အန္တိမသူတော်စင်က ဟာမော့ထီကိုခေါ်ဆောင်ပြီး ဖုန်ထနေအောင် ပြေးနေသည်။ သူ့အမြန်နှုန်းက အံ့မခန်းဖြစ်ပြီး ပျက်စီးခြင်းမြို့တော်အထက်တွင် အလင်းတန်းတစ်ခုလိုပင် ဖြစ်နေတော့သည်။
"သေစမ်း၊ သေလိုက်စမ်း၊ ငါ့အဖေကိုပြောပြီး သူတို့ကို သတ်ခိုင်းရမယ်။ မဟုတ်ဘူး၊ သူတို့ကို ဆိုးဆိုးရွားရွား သေရစေမယ်"
ဟာမော့ထီက သူ့နှလုံးသားထဲမှ ဟိန်းဟောက်လိုက်သည်။ သူ့မျက်နှာမှာလည်း မည်းမှောင်နေတော့သည်။