အခန်း ၁၈၅၂
Vol. 124 Ch. 1852
အပိုင်း ( 1852 ) ဧကရာဇ်တစ်ပိုင်း ထွက်ပေါ်လာခြင်း။
ဟာမော့ထီသည် အင်အားကြီး မိသားစုတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည့်အပြင် သူ့ဖခင်ကလည်း ပျက်စီးခြင်းမြို့တော်၏ နံပါတ်တစ် အကျော်အမော် ဖြစ်သည်။ သူကိုယ်တိုင်ကလည်း အံ့မခန်း ပါရမီ ရှိ၏။ သူက အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာဖြင့် သိုင်းဧကရာဇ်တစ်ပါးဖြစ်လာရန် အလားအလာရှိသူ ဖြစ်သည်။ သူ့ကို ပျက်စီးခြင်းမြို့တော်၏ နှစ်တစ်သိန်းအတွင်း၌ သိုင်းဧကရာဇ်တစ်ပါးဖြစ်ရန် အလားအလာရှိသော တစ်ဦးတည်းသောသူအဖြစ် လူသိများပေသည်။
သူ၏အဆင့်အတန်း ပါရမီတို့ဖြင့် သူ့လမ်းကြောင်းမှာ ချောမွေ့နေခဲ့သည်။
သူငယ်စဉ်ကတည်းက သူ အလိုရှိပြီဆိုလျှင် မရရှိသောအရာဟူ၍ မရှိခဲ့ပေ။
ယခုတစ်ကြိမ်မှာတော့ ချင်ယွဲ့က သူ့ကို ငြင်းဆန်ဝံ့သည့်အပြင် လုမင်ကလည်း သူ့ကို နာကျင်အောင် လုပ်ဝံ့သည်။ သူက ဟာမိသားစုမှ ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်ခဲ့သေးသည်။ ထို့ကြောင့် သူက လုမင်ကို ချေမှုန်းကာ နောင်တရစေချင်သည်။
သို့သော်လည်း နောက်ခိုက်တွင်၊ သူက ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။
"မြန်မြန်... မြန်မြန်အရှိန်မြှင့်လိုက်"
အကြောင်းမူ၊ ဤအခိုက်တွင် လုမင်နှင့် ချင်ယွဲ့၏ အရှိန်က ရုတ်တရက် သိသိသာသာ တိုးတက်လာသောကြောင့်ပင်။ သူတို့က ဟင်းလင်းပြင်ကို ခုန်ကျော်ပြီး သွားနေသကဲ့သို့ ဖြစ်နေသည်။ သူတို့၏အမြန်နှုန်းက အလွန်တရာ မြန်ဆန်ပြီး သူတို့ကိုပင် မီလုမီခင် ဖြစ်လာပြ္။
လုမင်နှင့် ချင်ယွဲ့၏ အမြန်နှုန်းက ရုတ်တရက် သိသိသာသာ တိုးတက်လာခြင်းမှာ ပူဖောင်းလေးကြောင့် ဖြစ်သည်။
ပူဖောင်းလေးက အချိန်ဟင်းလင်းပြင်နိယာဖြင့် သူတို့ကို ထောက်ပံ့လိုက်ခြင်း ဖြစ်၏ ထို့ကြောင့် သူတို့နှစ်ဦးက ဟင်းလင်းပြင်ကို ခုန်ကျော်သကဲ့သို့ မြန်ဆန်နေတော့သည်။
"မြန်မြန်... မြန်မြန်လုပ်ဟ၊ ငါတို့က ဟာမိသားစုအိမ်တော်ကို ပြန်ရောက်ခါနီးနေပြီ။ မြန်မြန်လေး"
ဟာမော့ထီက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း ကြောက်ရွံ့မှုဖြင့် အသားတဆတ်ဆတ်တုန်နေတော့သည်။
"သခင်လေး၊ မင်း အရင်သွားနှင့်ပါ။ ငါ သူတို့ကို တားဆီးထားလိုက်မယ်"
အန္တိမသူတော်စင်က ပြောဆိုပြီး ဟာမော့ထီကို ပစ်လွှတ်လိုက်သည်။ သူက ရုတ်တရက်ရပ်လိုက်ပြီး ဓားမော့တစ်လက်ကို ဆွဲကိုင်လိုက်၏။ သူက လုမင်နှင့် ချင်ယွဲ့ဆီသို့ အကြိမ်ရေဒါဇင်နှင့်ချီကာ ခုတ်ချလိုက်တော့သည်။
ဟာမော့ထီမှာတော့ လျှာထွက်မတတ် အသည်းအသန် ဆက်ပြေးသွားခဲ့သည်။
ဤနေရာက ဟာမိသားစုအိမ်တော်နှင့် မဝေးတော့ပေ။ ဟာမိသားစုသို့ ရောက်ရှိနိုင်သရွေ့ သူ့အသက်အန္တရာယ် စိတ်ချရပြီ ဖြစ်သည်။
"သူ့ကို အတူတူပူးပေါင်းပြီး သတ်လိုက်ကြရအောင်"
လုမင်က ပြောလိုက်သည်။
"တွိ... တွိ"
ပူဖောင်းလေးက သူ့ပါးစပ်ကိုဟပြီး ဖောက်ထွင်းမြင်နိုင်သော ပူဖောင်းတစ်ခုကို ထွေးထုတ်လိုက်သည်။ ပူဖောင်းက ပျောက်ကွယ်သွား၏။ နောက်အခိုက်တွင်၊ အန္တိမသူတော်စင်၏ ခန္ဓာကိုယ်ကိုအနီးတွင် ပြန်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်တော့သည်။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်က လက်ညှိုးတစ်ချက်ညွှန်လိုက်သောအခါ ဧရာမ လက်ချောင်းကြီးတစ်ချောင်းက တစ်ဖက်လူဆီသို့ ထိုးချလိုက်သည်။
ချင်ယွဲ့ကလည်း ဓားမော့နှစ်လက်ကို ပစ်လွှတ်လိုက်၏။ ၎င်းက ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခုကဲ့သို့ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထံ ဖြတ်သန်းသွားတော့သည်။
သည်းထိတ်ရင်ဖို မရှိပါ။
လုမင်၊ ပူဖောင်းလေးနှင့် ချင်ယွဲ့တို့ တစ်ဦးစီက သာမန် အဆင့်မြင့် အန္တိမသူတော်စင်တစ်ပါးကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ တစ်ဖက်လူကို သတ်ဖြတ်နိုင်စွမ်းပင် ရှိ၏။ ယခုကဲ့သို့ သူတို့သုံးဦးက ပူးပေါင်းလိုက်သောအခါ စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းသွားသည်။
တိုက်ခိုက်မှုသုံးခု ကျရောက်လာသောအခါ အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူက အော်ပင်မအော်နိုင်ဘဲ တိုက်ရိုက် သေဆုံးသွားတော့သည်။
လုမင်နှင့် ချင်ယွဲ့တို့က မရပ်တန့်ဘဲ ဆက်ပြေးသွားကြသည်။
“ဒါက..."
နောက်မှ လိုက်လာကြသော လူအုပ်ကြီးမှ ကြက်သေသေသွားသည်။ သူတို့၏ နှလုံးက တုန်လှုပ်မှုကြောင့် အခုန်မြန်လွန်းသဖြင့် ပေါက်ကွဲထွက်တော့မည်။
အန္တိမသူတော်စင်တစ်ပါးကို ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်များက ချက်ချင်း သတ်လိုက်သည်။
လုမင်နှင့် ချင်ယွဲ့တို့၏ ကျင့်ကြံမှုအခြေခံက မဟာသူတော်စင်နယ်ပယ်ဆိုတာ အသိသာကြီးပင်။
ထို့ပြင် သူတို့က ပျက်စီးခြင်းမြို့တော်၏ အပြင်မှ ရောက်ရှိလာကြခြင်း ဖြစ်သည်။
စိတ်ဝင်စားစရာတော့ကောင်းပြီ။
"သူတို့တွေ ဟာမိသားစုအိမ်တော်ကို ရောက်တော့မယ်။ ရှေ့ဆက် ဘာတွေဖြစ်လာလိမ့်မလဲ"
လူအုပ်က သိလိုစိတ်ဖြင့် နောက်မှ ဆက်လိုက်သွားကြလေသည်။
ရှေ့တွင်၊ ဟာမော့ထီသည် အန္တိမသူတော်စင်က ချက်ချင်း အသတ်ခံလိုက်ရပြီဖြစ်ကြောင်း တွေ့သွားသည်။ သူက ကြောက်လွန်းသဖြင့် သေးထွက်ကျလုနီးနီး ဖြစ်သွား၏။ သူက အသက်ပင်မရှူနိုင်တော့ဘဲ အသည်းအသန် ပြေးတော့သည်။
ကျယ်ဝန်းပြီး ကြီးကျယ်ခမ်းနားသော အိမ်တော်တစ်ခုကို သူ မြင်လိုက်ရသည်။
ဟာမော့ထီ အလွန်ဝမ်းသာသွား၏။ သူက ဟာမိသားစု၏အိမ်တော်ကို ရောက်တော့မည်။ ဟာမိသားစုအိမ်တော်ကို ရောက်ရှိသည်နှင့် အသက်ချမ်းသာရာရမည် ဖြစ်သည်။ ထို့နောက် ရူးသွပ်စွာ လက်စားချေရလိမ့်မည်။
သို့သော်လည်း သူ့နောက်တွင်၊ လုမင်နှင့် ချင်ယွဲ့က ရပ်တန့်ရန် စိတ်ကူးမရှိပါ။ သူတို့က မလျှော့သော အမြန်နှုန်းဖြင့် ဆက်လိုက်လာနေသည်။
ဟာမော့ထီလည်း လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားပြီး အော်ဟစ်တော့သည်။
"ကယ်ကြပါ... ကယ်ကြပါဦး။ အဖေရေ ကယ်ပါဦး"
ထိုအခိုက်တွင် လုမင်နှင့် ချင်ယွဲ့တို့က ဟာမော့ထီအနီးသို့ ပို၍ ချဉ်းကပ်သွားကြသည်။
"ဝှစ်"
လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ အန္တိမသူတော်စင်လက်နက်တစ်ခုက ဟာမော့ထီထံသို့ ဖြတ်သန်းသွား၏။
ဟာမော့ထီက သွေးပျက်ချောက်ချားစွာဖြင့် ရှောင်တိမ်းလိုသော်လည်း မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူ့ခွန်အားက လုမင်ကို ခုခံရန် လုံးဝ မဖြစ်နိုင်ပေ။
"အတင့်ရဲလိုက်တာ၊ မင်း သေချင်နေတာလား"
ထိုအခိုက်တွင်၊ ဟာမိသားစု၏ အိမ်တော်အတွင်းမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခုက လျင်မြန်စွာပြေးထွက်လာပြီး လုမင်၏ အန္တိမသူတော်စင်လက်နက်ကို လွင့်စဉ်သွားစေခဲ့၏။
ထို့နောက် ပုံရိပ်တစ်ခုပေါ်လာပြီး ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုမှာလည်း ပေါက်ကွဲထွက်လာတော့သည်။
"အဖေ"
ဟာမော့ထီက ဝမ်းသာအားရ ဖြစ်သွားသည်။
ရောက်လာသူမှာ အဖိုးတန် အဝတ်အစားများကို သားသားနားနား ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ရုပ်သွင်မှာတော့ ဟာမော့ထီနှင့် အနည်းငယ်ဆင်တူ၏။ သူက ဟာမော့ထီ၏ ဖခင် ဟာကျန်းပင်။ သူသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ် ကျင့်ကြံမှုအခြေခံရှိပြီး ပျက်စီးခြင်းမြို့တော်၏ နံပါတ်တစ် ကျွမ်းကျင်သူလည်း ဖြစ်သည်။
"ဟာကျန်း ပေါ်လာပြီဟေ့၊ ဟိုကောင်လေးနဲ့ မိန်းကလေးကတော့ အန္တရာယ်ရှိနေပြီ"
နောက်မှလိုက်လာသော လူအုပ်ကြီးက အဝေးတွင် ရပ်တန့်လိုက်ကြသည်။
လုမင်နှင့် ချင်ယွဲ့လည်း ရပ်လိုက်ကြပေသည်။
"အဖေ၊ သူတို့နှစ်ယောက်က အရမ်းရဲတင်းတယ်။ သူတို့က အကြီးအကဲတွေကို သတ်လိုက်တဲ့အပြင် ကျွန်တော်ကိုလည်း သတ်ချင်နေတာဗျ။ သူတို့ကို မြန်မြန်သတ်လိုက်ပါ။ မဟုတ်သေးဘူး၊ ဟိုမိန်းမကိုတော့ ချန်ထားရမယ်။ ကျွန်တော် သူ့ကို သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားစေချင်တယ်"
ဟာမော့ထီက အော်ဟစ်လိုက်သည်။
ဟာကျန်းကို မြင်လိုက်ရသည်နှင့် ဟာမော့ထီက ယုံကြည်မှုတို့ ပြန်လည်ရရှိလာသည်။ သူက သူအဆင်ပြေသွားပြီဖြစ်ကြောင်း သိရှိလိုက်၏။ ထို့ကြောင့် လက်စားချေရန် ချက်ချင်း ကြိုးစားလာတော့သည်။
လုမင်နှင့် အခြားသူများက သူ့ကို ဤမျှသနားစရာကောင်းသော အခြေအနေသို့ တွန်းပို့ခဲ့သည်။ သူတို့ကို တစ်တုံးတစ်ဖဲ့စီ ပိုင်းဖြတ်သင့်ပေသည်။
"မင်းတို့ သေသင့်တယ်"
ဟာကျန်း၏ အကြည့်များက အလွန်အေးစက်သွားသည်။
'သွားစို့'
လုမင်က ချင်ယွဲ့ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။ သူတို့နှစ်ဦးက အလင်းတန်းနှစ်ခုကဲ့သို့ ဆုတ်သွား၏။
"မင်းက ထွက်သွားချင်တာလား။ သေစမ်း"
ဟာကျန်းက ငေါက်ငမ်းပြီး လက်သီးဖြင့်တစ်ချက်ထိုးလိုက်သည်။ ကြီးမားသော လက်သီးအင်အားက လေကိုဖြတ်သန်းပြီး လုမင်နှင့် အခြားသူများ၏ ဦးခေါင်းထက်မှ ကျဆင်းလာတော့သည်။
"ငါတို့ မရင်ဆိုင်နိုင်ဘူး။ သွားကြစို့"
လုမင်ကလည်း ပူဖောင်းလေးကို အချိန်ဟင်းလင်းပြင်လျှောက်လမ်းဖွင့်ရန် ပြောဆိုပြီး ထွက်ခွာသွားတော့မည် ဖြစ်သည်။
သို့သော်၊ ထိုအခိုက်တွင် မီတာတစ်ထောင်ရှည်လျားသော ဓားအလင်းတစ်ခုက ဟာကျန်း၏ လက်သီးအင်အားကို ထိုးခုတ်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားအလင်းနှင့် လက်သီးအင်အား နှစ်ခုစလုံးက တပြိုင်နက်တည်း ပျောက်ကွယ်သွား၏။
လုမင် အံ့ဩသွားခဲ့သည်။ သူက ထွက်မသွားတော့ဘဲ ခပ်လှမ်းလှမ်းတွင် ရပ်တန့်လိုက်လေသည်။
ဟာကျန်းလည်း ရပ်တန့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အဖြူရောင်ဆံပင်များနှင့် အဘိုးအိုတစ်ဦး ပေါ်လာတာကို မြင်လိုက်ရ၏။
ထိုအဘိုးအိုက သူတော်စင်တစ်ပါးကဲ့သို့ ဓားရှည်တစ်လက်ကို ကျောထက်မှာလွယ်ကာ ရပ်နေခြင်း ဖြစ်သည်။
"ဒါက မော့မိသားစုက မိသားစုစုခေါင်းဆောင်ပဲ"
ပတ်ဝန်းကျင်မှ လူများအနက် တစ်ယောက်က အော်ပြောလိုက်သည်။
မော့မိသားစုက ပျက်စီးခြင်းမြို့တော်၏ ထိပ်သီးအင်အားစုကြီး ခုနစ်ခုအနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။ မော့မိသားစုခေါင်းဆောင်က အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့ရာတွင်၊ သူက အဘယ်ကြောင့် လုမင်ကိုကူညီပြီး ဟာကျန်း၏ တိုက်ခိုက်မှုကို တားဆီးခဲ့သနည်း။
အခြားသူများ မဆိုထားဘိ၊ လုမင်ကိုယ်တိုင်ပင် စိတ်ရှုပ်ထွေးသွားမိသည်။
သူက ပျက်စီးခြင်းမြို့တော်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး အသိမိတ်ဆွေ မရှိသေးပေ။
"မော့ချင်ရှန်း၊ မင်းက သူတို့နှစ်ယောက်နဲ့ သိလို့လား"
ဟာကျန်းက လေးနက်သောလေသံဖြင့် မေးသည်။
"မသိပါဘူး"
မော့ချင်းရှန်က ခေါင်းယမ်းပြလိုက်သည်။
"မင်းက သူတို့ကိုမသိဘဲ ဘာကြောင့် ငါ့ကိုတားဆီးရတာလဲ။ မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီတဲ့တူတယ်"
ဟာကျန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ လင်းလက်သွား၏။
"ဟာကျန်း၊ မင်းက လေသံကတော့ အတော်မြင့်တာပဲ"
ထိုအခိုက်တွင် အခြား အရပ်မျက်နှာတစ်ခုမှ စကားသံတစ်ခုနှင့်အတူ ထွားကျိုင်းသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ အခြား ပုံရိပ်များက မတူညီသော အရပ်မျက်နှာများမှ ထွက်လာကြတော့သည်။
မော့ချင်းရှန်အပါအဝင် စုစုပေါင်း ခြောက်ဦး ဖြစ်သည်။
"ဒါက အခြား အင်အားစုကြီးခြောက်ခုရဲ့ ခေါင်းဆောင်ကြီးတွေ မဟုတ်လား၊ ဘာတွေဖြစ်နေတာလဲ။ အင်အားစုကြီးခြောက်ခုရဲ့ ခေါင်းဆောင်တွေက အတူတူ ထွက်လာကြတယ်"
ဒါက ထိုလူငယ်လေးများကြောင့်လား။ ဒါကလည်း မဖြစ်နိုင်ပေ။
"ဘာတွေဖြစ်နေတာလဲ"
လူရိပ်ခြောက်ခုကိုကြည့်ရင်း အမျိုးမျိုး ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာသည်။
ထိုလူခြောက်ဦးက ပျက်စီးခြင်းမြိုတော်ရှိ အင်အားစုကြီးခြောက်ခု၏ ခေါင်းဆောင်များ ဖြစ်သည်။ တစ်ဦးစီက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံမှုရှိ၏။ သူတို့အားလုံးက တစ်ချိန်တည်းတွင် အဘယ်ကြောင့် ထွက်ပေါ်လာသနည်း။
လူတိုင်းက သို့လောသို့လော ဖြစ်ကုန်သည်။
"မင်းတို့ခြောက်ဦးက ငါ့ဟာမိသားစုကို ဘာကိစ္စရောက်လာကြတာလဲ။ သူတို့နှစ်ယောက်ကြောင့်လား"
ဟာကျန်း၏ မျက်နှာက မှုန်ကုပ်သွားသည်။
ထို့နောက် သူက လုမင်နှင့် ချင်ယွဲ့ကို လှည့်ကြည့်လိုက်၏။
"ငါက သူတို့နှစ်ယောက်ကိုမသိဘူးလို့ ပြောခဲ့ပြီးပြီပဲ။ ငါတို့က ဒီကို မင်းအတွက် ရောက်လာကြတာ"
မော့ချင်းရှန်က မျက်လုံးကိုမှေးစင်း၍ကြည့်ကာ ပြောလိုက်သည်။