← Chapters

အခန်း ၁၈၅၅

Vol. 124 Ch. 1855

အခန်း ၁၈၅၅

Vol. 124 Ch. 1855

အပိုင်း ( 1855 ) ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲ။

မိုင်တစ်ရာခန့် ပျံသန်းလာပြီးနောက် လုမင်က ဟာမော့ထီကို ပစ်ချလိုက်သည်။ ထို့နောက်တွင် သူနှင့် ချင်ယွဲ့က အရှိန်အဟုန်ဖြင့် ဆက်လက် ပျံသန်းသွား၏။

ဤအကွာအဝေးတွင်၊ ဟာကျန်းက တိုက်ခိုက်လျှင်ပင် ပူဖောင်းလေးကို အချိန်ဟင်းလင်းပြင်လျှောက်လမ်းတစ်ခု ဖွင့်လှစ်စေပြီး လွတ်မြောက်နိုင်သည်။

လုမင်က ဟာမော့ထီကိုလွှတ်ပေးလိုက်ကြောင်း မြင်ရသည်နှင့် ဟာကျန်းက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပေါက်ကွဲပြီး ဟာမော့ထီ၏ဘေးတွင် ပေါ်လာသည်။ သူက ဟာမော့ထီကို ဆွဲခေါ်လိုက်ပြီး ရေဝဲဘက်သို့ အမြန်ပြန်ဆုတ်သွား၏။

ဤမြင်ကွင်းကို လုမင်ကလည်း သဘာဝအတိုင်း သတိပြုမိခဲ့သည်။

'မဟုတ်သေးဘူး၊ ဟာကျန်းက ကြောက်ခန့်တကြားနဲ့ ထွက်သွားချင်နေပုံရတယ်။ ဒီမှာ အန္တရာယ်ရှိနေလို့များလား'

ထိုသို့ တွေးမိသောအခါ လုမင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

"ပြန်ဆုတ်ကြစို့"

လုမင်က အော်လိုက်သည်။ သူက ချင်ယွဲ့၏ လက်ကိုဆွဲကာ ရေဝဲဆီသို့ ပြေးသွားခဲ့၏။

"ဝုန်း"

ထိုအချိန်တွင် ဧရာမ ပုဆိန်ကြီးတစ်လက်က ကောင်းကင်တွင် ပေါ်လာပြီး ဟာကျန်းဆီသို့ ခုတ်ပိုင်းလာတော့သည်။

"သေစမ်း"

ဟာကျန်းက ဟိန်းဟောက်လိုက်သည်။ နိယာမမြစ်ကြီးတစ်စင်း ပေါ်လာသည်။ သူက လက်သီးဖြင့် ထိုးနှက်ပြီး ပုဆိန်ကို ပြန်လွင့်သွားစေခဲ့၏။

သို့သော်လည်း၊ တစ်ချိန်တည်းမှာပင် တောင်ကြီးကဲ့သို့ ကြီးမားပြီး နိယာမမြစ်ဖြင့် ဝန်းရံထားသည့် လက်ကြီးတစ်ဖက်က ဟာကျန်းကို ဖမ်းဆုပ်လာတော့သည်။

ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးက တိုက်ခိုက်လာချေပြီ။

ဟာကျန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ သူတော်စင်လက်နက်များ တစ်ခုပြီးတစ်ခုက ဧရာမလက်ကြီးဆီသို့ ဖြတ်သန်းသွား၏။ သူကိုယ်တိုင်ကမူ ရေဝဲဆီသို့ ဆက်လက်ပျံသန်းသွားတော့သည်။

ဟာကျန်းက ဤအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပုံရသည်။ ခဏချင်းမှာပင် သူက ရေဝဲနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ ထို့နောက်မှာတော့ သူက ရေဝဲထဲကို ပြေးဝင်ပြီး ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လုမင်နှင့် ချင်ယွဲ့တို့လည်း တိုက်ခိုက်ခံခဲ့ရသည်။ ဆူးချွန်တပ် တင်းပုတ်ကြီးတစ်ခုက ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်ရင်း လုမင်တို့နှစ်ဦးကို ထုနှက်လာ၏။

"ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်"

လုမင်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ဤတင်းပုတ်ဖြင့် တိုက်ခိုက်မှုအင်အားက ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုနှင့် ညီမျှမှုရှိ၏။ ဒါက လက်ရှိအချိန်တွင် သူတို့ ရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

ပူဖောင်းလေးက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ အချိန်ဟင်းလင်းပြင် နိယာမက လုမင်နှင့် ချင်ယွဲ့တို့ကို ဖုံးအုပ်သွားသည်။ သူတို့၏ပုံရိပ်က နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် ပျက်စီးခြင်းမြို့တော်၏ အခြား အင်အားစုများမှ လူများကိုလည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ထို့ပြင် တိုက်ခိုက်သူများက အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းလွန်း၏။

"မကောင်းတော့ဘူး၊ ငါတို့ ထောင်ချောက်ထဲ ကျသွားပြီ"

"ချီးပဲ၊ ငါတို့ ဟာကျန်းရဲ့ ထောင်ချောက်မိသွားတာပဲ။ ဆုတ်ဆုတ်... မြန်မြန် ပြန်ဆုတ်ကြ"

အင်အားစုကြီးခြောက်ခုမှ ကျွမ်းကျင်သူများက ဟိန်းဟောက်ပြီး ရေဝဲဘက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်ကြသည်။

သို့သော်၊ ပုံရိပ်များက တစ်ခုပြီးတစ်ခု ကောင်းကင်တွင် ပေါ်လာသည်။

ဤပုံရိပ်များက အရပ်အမောင်းမြင့်မားပြီး အနည်းဆုံး နှစ်မီတာ မြင့်၏။ သူတို့အားလုံးက တိရိစ္ဆာန်သားရေများဖြင့် အရှက်လုံအောင် ရစ်ပတ်ထားကာ တောင့်တင်းသန်မာသော ကြွက်သားများကို ထင်ရှားစေသည်။ တချို့က ပုဆိန်များကို ကျောထက်တွင် ထမ်းထားသည်။ တချို့ကလည်း ရှေးဟောင်းလူမျိုးစုများကဲ့သို့ပဲ ဆူးချွန်တပ် တင်းပုတ်များကို ထမ်းထားကြပေသည်။

သို့သော်လည်း သူတို့တစ်ဦးစီမှ ထုတ်လွှတ်သော ရောင်ဝါများက အလွန်ကြောက်စရာကောင်းသည်။ ၎င်းတို့က ကမ္ဘာဦးပျက်စီးခြင်းခေတ်မှ ဧရာမသားရဲကြီးများကဲ့သို့ပင်။

သူတို့ထဲတွင်၊ အများစုမှာ အန္တိမသူတော်စင်များဖြစ်ကြောင်း လုမင် ခံစားနိုင်သည်။ သူတို့ထဲမှ တချို့ကို နိယာမမြစ်များက ဝန်းရံထား၏။ သူတို့က ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ ဖြစ်သည်။

လုမင်၏ နှလုံးသားက လေးလံသွားသည်။

နောက်ဆုံးတွင်၊ ဟာကျန်းက ဟာမိသားစု၏ ကျွမ်းကျင်သူများကို တစ်ယောက်မျှမခေါ်ဘဲ တစ်ယောက်တည်း ဝင်လာရခြင်း၏ အကြောင်းရင်းကို သူ နားလည်သွားပြီ ဖြစ်သည်။ အကြောင်းမူ၊ ဟာကျန်းက ဤနေရာမှ အခြေအနေအကြောင်း သိရှိထားပြီးဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ဟာမော့ထီကို ကယ်တင်ပြီးနောက် ရေဝဲဆီသို့ အမြန်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

လုမင်၊ ချင်ယွဲ့နှင့် အခြားသူများမှာတော့ ရေဝဲသို့ အပြေးအလွှား သွားချင်ကြသည့်တိုင် အချိန်နှောင်းသွားပြီ။

"ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ကျုပ်တို့က ခင်ဗျားတို့ကို နှောင့်ယှက်ဖို့ စိတ်ကူးမရှိပါဘူး"

မော့ချင်းရှန်၏ ထိတ်လန့်တုန်လှုပ်နေသော အသံ ထွက်ပေါ်လာသည်။

ဤရှေးခေတ် လူရိုင်းများက သန်မာလွန်းကြသည်။ သူတို့က ၎င်းတို့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

"သူတို့ကို ဖမ်းဆီးလိုက်"

အသံတစ်ခု ထွက်ပေါ်လာသည်။ လူရိုင်းကြီးများက စတင် လှုပ်ရှားလာကြ၏။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက သူတို့အပေါ် ကျရောက်လာတော့သည်။

အထူးသဖြင့် ဧကရာဇ်တစ်ပိုင်းများ၏ နိယာမမြစ်များက ဧရာမလက်ကြီးများအဖြစ် ‌ဖွဲ့စည်းသွားကြသည်။ လက်ကြီးဖြင့် တစ်ချက်ဖမ်းဆုပ်လိုက်သည်နှင့် လူများစွာမှာ မခုခံနိုင်ဘဲ ဖမ်းဆီးခံလိုက်ရတော့သည်။

"ဝုန်း"

ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင်ကို လွှမ်းခြုံပြီး လုမင်နှင့် ချင်ယွဲ့ဆီသို့ ဆုပ်ကိုင်လာသည်။

ဒါက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ပင်။ ယခုလေးတင်၊ လုမင်တို့က ထူးခြားသော နည်းလမ်းများကို ထုတ်ဖော်ခဲ့ပြီး ယင်းက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်၏အာရုံကို ဆွဲဆောင်ခဲ့သည်။

"ပူဖောင်းလေး၊ သွားစို့"

လုမင်က အော်လိုက်သည်။

"ကျွန်မအတွက် ထားလိုက်၊ တွိ...တွိ"

ပူဖောင်းလေးက သူ့လက်ကိုဝှေ့ယမ်းကာ ရေဝဲဘက်သို့ ဦးတည်သွားသော အချိန်ဟင်းလင်းပြင်လမ်းကြောင်းကို ဖွဲ့စည်းလိုက်သည်။ လုမင်တို့သုံးဦးလည်း အချိန်ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ ပြေးဝင်သွားပြီး ဧရာမလက်ကြီး၏ တိုက်ခိုက်မှုကို ရှောင်ရှားခဲ့ကြပေသည်။

သူတို့က ဟင်းလင်းပြင်ထဲသို့ ပြေးဝင်သွားစဉ်တွင် အရပ်ရှည်ပြီး သန်မာသော လူရိပ်တစ်ခုက ရေဝဲ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ဧရာမလက်ကြီးဖြင့် ဆုပ်ကိုင်လိုက်ခြင်းဖြင့် အချိန်ဟင်းလင်းပြင်လမ်းကြောင်းသည် ပြိုကျသွား၏။ လုမင်နှင့် အခြားလူများကိုလည်း ဧရာမလက်ကြီးဖြင့် တိုက်ရိုက် ဆုပ်ကိုင်လိုက်တော့သည်။

လုမင်လည်း သူ့ထံသို့ အားကောင်းသော စွမ်းအင်များက စီးဝင်လာတာကို ခံစားရပြီး သူ၏ ကျင့်ကြံမှုတစ်ခုလုံး ချိတ်ပိတ်ခံလိုက်ရသည်။

'သိုင်းဧကရာဇ်နယ်ပယ် အကျော်အမော်၊ ငါ ဒီမှာပဲ သေရမှာတော့ မဟုတ်ဘူး မဟုတ်လား...'

လုမင်က လုံးဝ လက်မခံလိုပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ထုံကျဉ်သွားသည်။ သူ၏ အမြင်အာရုံများလည်း မှောင်အတိကျသွားတော့သည်။

.........

မသိနိုင်သော အချိန်တစ်ခုကြာမြင့်ပြီးနောက်၊ လုမင်က တဖြည်းဖြည်း နိုးလာသည်။

"ငါ ဘယ်နေရာကို‌ ရောက်နေတာလဲ"

လုမင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သောအခါ လျှို့ဝှက်ခန်းတစ်ခုထဲမှာ ရှိနေတာကို တွေ့လိုက်ရသည်။ လျှို့ဝှက်ခန်း၏ နံရံများက ကြေးမုံပြင်ကဲ့သို့ ချောမွေ့သော အနက်ရောင်သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထား၏။

ချင်ယွဲ့နှင့် ပူဖောင်းလေးတို့ကလည်း သူနှင့် မလှမ်းမကမ်းတွင် ရှိနေကြသည်။

လုမင်က သူ၏ သူတော်စင်စွမ်းအင်ကို လှည့်ပတ်ပြီးနောက် ချင်ယွဲ့နှင့် ပူဖောင်းလေး၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်ပို့လွှတ်လိုက်သည်။ ခဏအကြာတွင် ချင်ယွဲ့နှင့် ပူဖောင်းလေးတို့လည်း တစ်ဦးပြီးတစ်ဦး နိုးလာခဲ့ကြသည်။

"ကိုကိုကြီးလုမင်၊ ဒါက ဘယ်နေရာမှာလဲ"

ပူဖောင်းလေးက မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။

"ငါလည်းမသိဘူး"

လုမင်က ခေါင်းယမ်းပြီး အခြေအနေကို ပြန်စဉ်းစားလိုက်သည်။ ယခင်က လူရိုင်းနှင့်တူသောလူများမှာ မည်သူနည်း။ ဤသည်က အမှန်တကယ်ပင် ရှေးဟောင်း ပျက်စီးခြင်းနယ်မြေ ဖြစ်သလော။

"ကျွန်မ ကိုကိုကြီးတို့ကို ခေါ်သွားပေးမယ်"

ပူဖောင်းလေးက အချိန်ဟင်းလင်းပြင်နိယာမကို သုံးလိုက်သည်။ ဟင်းလင်းပြင်ကိုဖြတ်ကျော်ကာ ထွက်ခွာသွားလိုသကဲ့သို့ လေဟာနယ်က တုန်ခါသွား၏။ သို့သော်လည်း အနီးနားရှိ နံရံများက ရုတ်တရက် တောက်ပလာပြီး ပူဖောင်းလေးမှာ နံရံကို ဝင်တိုက်မိတော့မလို ဖြစ်သွားတော့သည်။

ပူဖောင်းလေးက ဟင်းလင်းပြင်အတွင်း ဖြတ်သန်းသွားလာနိုင်သော်လည်း နံရံများကို မဖြတ်ကျော်နိုင်တော့ပါ။

"ငါစမ်းကြည့်မယ်"

လုမင်က ရှေ့သို့ထွက်လာပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

"ဝုန်း"

လက်သီးက နံရံကို ထိုးနှက်မိသောအခါ ကျယ်လောင်သော အသံ ထွက်ပေါ်လာ၏။ သို့သော်၊ နံရံက အနည်းငယ်မျှင် မလှုပ်ပေ။

"မာလှချေလား"

လုမင် အံ့သြသွားသည်။

သူ၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းဖြင့် အင်အားအပြည့်ထည့်ထားသော လက်သီးတစ်လုံးက မဟာသူတော်စင်အဆင့် လက်နက်ကိုပင် ပေါက်ကွဲသွားစေမည် ဖြစ်သည်။ သို့သော်၊ ဤနံရံက လုံးဝ ပျက်စီးခြင်း မရှိပေ။

"ထိပ်တန်းနိယာမတွေဖြစ်တဲ့ ကစဉ့်ကလျားနိယာမနဲ့ အချိန်ဟင်းလင်းပြင်နိယာမ"

ထိုအချိန်တွင် အံ့အားသင့်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။ အလွန် တုန်လှုပ်သွားသော အသံမျိုး ဖြစ်၏။

လုမင်က အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ လျှို့ဝှက်ခန်း၏ ထောင့်တွင် အလွန်ထွားကျိုင်းသော လူတစ်ယောက် ရှိသည်။ ၎င်းကလည်း သူတို့ကို ဖမ်းဆီးလာသူများနှင့် တူညီစွာ ဝတ်ဆင်ထားပေသည်။

လုမင်သည် ဤလူကို ယခင်က မြင်ဖူးသည်။ သို့သော်လည်း ထိုအချိန်က သူသည် လုမင်တို့ကို အာရုံမစိုက်မိခဲ့ပေ။

လူထွားကြီးက လုမင်နှင့် ပူဖောင်းလေးတို့ကို အံ့အားသင့်နေသောအကြည့်ဖြင့် အကဲခတ်နေသည်။ ခဏအကြာတွင်၊ သူက ပြောလိုက်၏။

"မင်းတို့တွေ စွမ်းအင်ဖြုန်းတီးမနေစမ်းပါနဲ့။ ဒီနံရံကို အနက်ရောင် ပျက်စီးခြင်းရွှေနဲ့ ပြုလုပ်ထားပြီး ဖျက်ဆီးလို့မရဘူး။ လူတစ်ယောက်က သိုင်းဧကရာဇ်နယ်ပယ် ကျင့်ကြံမှုမရှိရင် ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူးလေ"

"အနက်ရောင် ပျက်စီးခြင်းရွှေလား"

လုမင်က ရေရွတ်လိုက်သည်။ ဤသတ္တုမျိုးကို သူ တစ်ခါမှ မကြားဖူးပေ။ ထို့ပြင် ၎င်းကိုဖြတ်ကျော်ရန် သိုင်းဧကရာဇ်နယ်ပယ် ကျင့်ကြံမှုကို လိုအပ်သည်။ သူ့လက်သီးက မတုန်လှုပ်စေတာ အံ့ဩစရာမရှိတော့ပါ။

"အကြီးအကဲ၊ ဒါက ဘယ်နေရာလဲ။ သူတို့က ကျွန်တော်တို့ကို ဘာဖြစ်လို့ ဖမ်းထားတာလဲ"

လုမင်က မေးလိုက်သည်။

"ဒါက ရှေးဟောင်း ပျက်စီးခြင်းနယ်မြေပဲလေ။ မင်းကိုယ်တိုင် ဒီနေရာကို လာခဲ့ကြပြီးမှ ဒါက ဘယ်နေရာဆိုတာ မသိဘူးလား။ မင်းတို့ကို ဖမ်းဆီးခဲ့သူတွေကတော့ သဘာဝအတိုင်း‌ ရှေးဟောင်း ပျက်စီးခြင်းနယ်မြေမှာ နေထိုင်ကြတဲ့ ဟွမ်(ပျက်စီးခြင်း)မျိုးနွယ်ဝင်တွေပဲ"

လူထွားကြီးက ရှင်းပြလိုက်၏။

"ဟွမ်မျိုးနွယ်လား၊ ရှင်က ဟွမ်မျိုးနွယ်ကပဲလား"

ချင်ယွဲ့က တအံ့တဩဖြင့် မေးလိုက်သည်။

All Chapters