အခန်း ၁၈၅၉
Vol. 124 Ch. 1859
အပိုင်း ( 1859 ) အဆင့် တစ်ဆင့်ကျော်ပြီး တိုက်ပွဲတစ်ရာဆက်တိုက် အောင်မြင်ခြင်း။
လှောင်အိမ်တိုက်ပွဲကွင်း၏ အမြင့်ပိုင်းတွင်၊ ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူများက လုမင်အား အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
"သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အတော်သန်မာတာပဲ၊ အဆင့်တူမှာ သူက ပြိုင်ဘက်မရှိဘူး"
"ငါတို့တွေ သူ့ကို အဆင့်ကျော်တိုက်ခိုက်စေပြီး သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကြည့်သင့်တယ်။ သူက ငါတို့ ဟွမ်မျိုးနွယ်အတွက် အထောက်အကူဖြစ်စေနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ"
"မင်းက ဟိုကိစ္စကို ပြောနေတာလား။ ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့ဟွမ်မျိုးနွယ်ရဲ့ အသန်မာဆုံး ပါရမီရှင်တွေတောင်မှ အဲဒါကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိခဲ့တာ။ အပြင်လူက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"မကြိုးစားရင် ငါတို့ဘယ်လိုသိမလဲ။ ဒီကိစ္စကို အရင်အစီရင်ခံပြီး ဘိုးဘေးတွေက ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ကြရအောင်"
ဟွမ်မျိုးနွယ်၏ အကျော်အမော်တချို့က ဆွေးနွေးလိုက်ကြသည်။ ထို့နောက် လူတစ်ယောက်က တိုက်ပွဲကွင်းသို့ ဆင်းသက်သွား၏။
"အကြီးအကဲ၊ ကျွန်တော်က အခု ပွဲတစ်ရာ ဆက်တိုက် အနိုင်ရခဲ့ပြီမို့ ကျွန်တော်ရဲ့ လွတ်လပ်ခွင့်ကို ပြန်နိုင်ပြီ မဟုတ်လား"
လုမင်က ဟွမ်မျိုးနွယ်၏ အကျော်အမော်ကို ကြည့်လိုက်သည်။
"မဟုတ်သေးဘူး"
ဟွမ်မျိုးနွယ်၏ အကျော်အမော်က ခေါင်းယမ်းလိုက်၏။
လုမင်၏ အမူအရာက ပြောင်းလဲသွားသည်။
"အကြီးအကဲ၊ ဟွမ်မျိုးနွယ်ရဲ့ ပြိုင်ပွဲကွင်းမှာ စည်းမျဉ်းတစ်ခုရှိတယ်လို့ ကျုပ်ကြားတယ်။ ပွဲတစ်ရာဆက်တိုက်အနိုင်ရရင် လွတ်လပ်မှုကို ပြန်ရနိုင်မယ်တဲ့။ အခု ဟွမ်မျိုးနွယ်က ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းမလို့လား"
တခြားသူများလည်း အံ့သြသွားလေသည်။
တကယ်တမ်းတွင်၊ ပွဲတစ်ရာ ဆက်တိုက်အနိုင်ရနေသရွေ့ ကျွန်၊ သားရဲ သို့မဟုတ် တခြားမည်သူပင်ဖြစ်စေ သူတို့၏ လွတ်လပ်ခွင့်ကို သူတို့ ရရှိမည် ဖြစ်သည်။ ဤသည်မှာ ဟွမ်မျိုးနွယ်မှ ချမှတ်ထားသော စည်းမျဉ်းပင်။
ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူက 'မဟုတ်ဘူး'ဟု အဘယ်ကြောင့် ပြောသနည်း။
"အဲဒါက ရှေးဟောင်းပျက်စီးခြင်းနယ်မြေရဲ့ သက်ရှိေတွေအတွက်ပဲ။ မင်းက အပြင်လူဆိုတော့ အခြေအနေတွေက ပိုမြင့်မားလာပြီ။ မင်းက အဆင့်တစ်ဆင့်ကျော်ပြီး အောင်ပွဲ တစ်ရာကို ဆက်တိုက် အောင်နိုင်မှပဲ မင်းရဲ့ လွတ်လပ်ခွင့်ကို မင်း ရရှိနိုင်လိမ့်မယ်"
ဟွမ်မျိုးနွယ်၏ အကျော်အမော်က ပြောလိုက်သည်။
"အဆင့်တစ်ဆင့်ကျော်ပြီး တိုက်ပွဲတစ်ရာ ဆက်တိုက် အနိုင်ရရှိဖို့လား။ ကောင်းပြီ၊ ကျုပ် သဘောတူတယ်"
လုမင်လည်း လက်ယှက်ပြပြီး သူ့အခန်းထဲကို ပြန်သွားတော့သည်။
"အဆင့်တစ်ဆင့်ကျော်ပြီး တိုက်ပွဲတစ်ရာ ဆက်တိုက်အနိုင်ရဖို့လား"
ပွဲကြည့်စင်ရှိလူတိုင်း ထိတ်လန့်သွားကြသည်။ ထို့နောက်မှာတော့ သူတို့က မျှော်လင့်ချက်တို့ကို လှစ်ဟလာတော့သည်။
ရှေးခေတ်ကတည်းက အဆင့်တစ်ဆင့်ကျော်ပြီး တိုက်ပွဲတစ်ရာကို ဆက်တိုက် အောင်မြင်နိုင်သူ မများပေ။ ထိုသို့ ဆောင်ရွက်နိုင်သူတိုင်းကလည်း အဆင့်မြင့် ပါရမီရှင်များဖြစ်ပြီး နောက်ပိုင်းတွင် မဟာပုဂ္ဂိုလ်များဖြစ်လာမည် ဖြစ်သည်။
၎င်းကို ဤအပြင်လူက ပြီးမြောက်နိုင်မည်လော။
လုမင် ပြန်လာပြီးနောက် ပူဖောင်းလေးနှင့် ချင်ယွဲ့၏အလှည့် ဖြစ်သည်။
ခြွင်းချက်မရှိဘဲ ပူဖောင်းလေးနှင့် ချင်ယွဲ့တို့ နှစ်ဦးစလုံးက တိုက်ပွဲတစ်ရာဆက်တိုက် အနိုင်ရရှိခဲ့ပေသည်။
သို့သော်လည်း သူတို့၏ လွတ်လပ်ခွင့်ကို မရရှိဘဲ အခန်းထဲသို့ ပြန်လာခဲ့ရသည်။
ဟွမ်မျိုးနွယ်၏ ရှေးဟောင်းရဲတိုက်တစ်ခုတွင်၊ စွမ်းအားကြီးသော အကျော်အမော်တစ်စုက ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
"အပြင်လူတွေကြားမှာ ကြောက်စရာကောင်းတဲ့ ပါရမီရှင် သုံးဦးရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး။ အဲဒီထဲက တစ်ယောက်က ကစဉ့်ကလျားနိယာမကို ကျွမ်းကျင်တယ်၊ တစ်ယောက်က အချိန်နဲ့ဟင်းလင်းပြင် နိယာမကို ကျွမ်းကျင်ပြီး နောက်ဆုံးတစ်ယောက်ကတော့ ဘုရင်ခန္ဓာရှိပြီး အရမ်းသန်မာတယ်"
"ဒီကိစ္စက အပြင်လူတွေရဲ့အကူအညီနဲ့ ပြီးသွားနိုင်တယ်"
"ဘုရင်ခန္ဓာကတော့ မဖြစ်မှာကို ငါကြောက်တယ်။ ငါတို့ရဲ့ မျိုးဆက်တစ်လျှောက်လုံးမှာ ဘုရင်ခန္ဓာတွေ အများကြီးရှိခဲ့ပေမဲ့ တစ်ဦးမှ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးလေ။ ကျန်တဲ့ နှစ်ယောက်ကတော့ ကောင်းကင်သားတော်တွေဖြစ်လို့ သူတို့မှာ အခွင့်အရေးတွေ ရှိနိုင်တယ်"
"သူတို့နှစ်ဦးမှာ ဟိုကလေးမလေးက ငယ်လွန်းတယ်၊ အချိန်ဟင်းလင်းပြင် နိယာမတရားက အံ့ဩစရာကောင်းပေမဲ့ သူ့အင်အားက မလုံလောက်သေးဘူး။ သူမအောင်မြင်မှာကို ငါကြောက်တယ်။ ဒါပေမဲ့ လုမင်လို့ခေါ်တဲ့ အဲဒီလူငယ်က ကစဉ့်ကလျားနိယာမကို ဆုပ်ကိုင်ထားတယ်။ သူ့မှာ အခွင့်ရေးရှိတယ်"
"ဒါဆိုရင် ဒီလူငယ်ကို ပိုပြီး ဖိအားပေးလိုက်ရအောင်၊ သူ ဘယ်လောက်ထိ သန်မာတယ်ဆိုတာ ဆုံးဖြတ်ချက်မချခင် အရင်စောင့်ကြည့်ကြမယ်"
ဟွမ်မျိုးနွယ်မှ အကျော်အမော်များက ထိုကိစ္စကို ဆွေးနွေးနေကြသော်လည်း လုမင်က လုံးဝ သတိမထားမိပါ။
ထိုအချိန်တွင် လုမင်က အနည်းငယ် စိတ်ပူနေသည်။
သူနှင့် ပူဖောင်းလေးတို့က သူတို့၏ပြိုင်ဘက်များတွင် ကောင်းကင်သားတော် မရှိပါက တိုက်ပွဲတစ်ရာကို ဆက်တိုက် အနိုင်ရသင့်သည်။ မဟုတ်လျှင်၊ သူတို့က ပြဿနာရှိမှာ မဟုတ်ပေ။
သူစိုးရိမ်တာက ချင်ယွဲ့အတွက် ဖြစ်သည်။
ချင်ယွဲ့၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသော်လည်း ဟွမ်မျိုးနွယ်သည် တိုက်ခိုက်ရေးမျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့က တူညီသော ကျင့်ကြံမှုအဆင့်တွင် အပြင်လူများထက် အားကောင်းကြ၏။ ဟွမ်မျိုးနွယ်၏ ဘုရင်ခန္ဓာကို ရင်ဆိုင်ရလျှင် ချင်ယွဲ့မှာ အန္တရာယ်ဖြစ်နိုင်သည်။
ထို့ပြင်၊ ချင်ယွဲ့၏ ကျင့်ကြံမှုအဆင့်က မဟာသူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံမှုအဆင့်သို့ ရောက်နေပြီ။ တစ်ဆင့်ကျော်ရမည်ဆိုလျှင်၊ သူက အန္တိမသူတော်စင်နယ်ပယ်ကို တိုက်ခိုက်ရမည် ဖြစ်သည်။
အန္တိမသူတော်စင်နယ်ပယ်နှင့် မဟာသူတော်စင်ကြားမှ ခြားနားချက်က သာမန် မဟုတ်ပေ။ ၎င်းက နယ်ပယ်တစ်ခု၏ ခြားနားချက်ဖြစ်ပြီး အဆင့်ငယ်တစ်ခုနှင့် နှိုင်းယှဉ်၍ မရနိုင်ပါ။
အချိန်အတော်ကြာပြီးနောက် လုမင် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
စိုးရိမ်နေခြင်းက အသုံးမဝင်တော့ပါ။ သူက တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်သည်။
ဒုတိယနေ့တွင်၊ လုမင်က အဆင့်ကျော်ပြီး တိုက်ခိုက်ခြင်းကို စတင်သည်။
လှောင်အိမ်တိုက်ပွဲကွင်းကလည်း ပို၍ပင် စည်ကားခဲ့၏။
အပြင်လူတစ်ဦးက အဆင့်ကျော်ပြီး တိုက်ခိုက်ရန် ကြိုးပမ်းနေသည်။ ယင်းကြောင့် အကြီးအကျယ် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော လူများကို ကြည့်ရှုရန် ဆွဲဆောင်ခဲ့ပေသည်။
"ဒုန်း... ဒုန်း... ဒုန်း"
မြေပြင်က တုန်ခါနေသည်။ လုမင်၏ ပထမဆုံးတိုက်ပွဲက ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရခြင်းပင်။
၎င်းက ဆယ်မီတာမြင့်သော ဧရာမဝက်ဝံကြီး ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကိုလည်း အကြေးခွံများဖြင့် ဖုံးအုပ်ထား၏။ သူ၏ ကျင့်ကြံမှုအဆင့်က မဟာသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်ကို ရောက်နေပြီ။
သို့သော်လည်း လုမင်က တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဝက်ဝံကြီးကို မီတာထောင်ပေါင်းများစွာအထိ လွင့်စဉ်သွားစေခဲ့ဆဲ ဖြစ်သည်။
"မျှော်လင့်ထားတဲ့အတိုင်း သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အံ့မခန်းပါပဲ။ ကျင့်ကြံမှုအဆင့်က ပိုမြင့်နေရင်တောင်မှ သူ့ရဲ့ တိုက်ခိုက်မှုတစ်ခုကို မခံနိုင်ဘူး"
"အစောပိုင်းလူတွေက လုံးဝ သူ့ရဲ့ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး။ မင်းကြည့်ချင်ရင် နောက်မှကြည့်... မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်က ပါရမီရှင်တွေက နောက်ပိုင်းမှာ ပေါ်လာလိမ့်မယ်။ အဲဒီအချိန်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ စတင်လိမ့်မယ်"
လုမင်က တူညီသော ကျင့်ကြံမှုအဆင့်တွင် တိုက်ပွဲတစ်ရာ ဆက်တိုက် အောင်မြင်နိုင်သောကြောင့်၊ သဘာဝအတိုင်း အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သာမာန် အထွတ်အထိပ် မဟာသူတော်စင်တစ်ဦးက လုမင်ကို သဘာဝအတိုင်း မယှဉ်နိုင်ပေ။
စိတ်လှုပ်ရှားမှုကို ခံစားလိုလျှင် အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ်မှ ပါရမီရှင်များနှင့် လုမင်၏တိုက်ပွဲကိုသာ ကြည့်သင့်သည်။ ဒါကမှ ကြည့်ရကျိုးနပ်လိမ့်မည်။
အကြွင်းမဲ့ ချေမှုန်းခြင်းများက ဆက်လက်ဖြစ်ပွားခဲ့သည်။
ဆယ်ပွဲ ဆက်တိုက်အောင်ပွဲ၊ ပွဲနှစ်ဆယ် ဆက်တိုက်အောင်ပွဲ...
မကြာမီတွင် လုမင်က ပွဲစဉ်ရှစ်ဆယ်အထိ ဆက်တိုက် အောင်မြင်ခဲ့ပေသည်။
ပွဲစဉ်ရှစ်ဆယ်ပြီးနောက် ပါရမီရှင်တချို့ စတင်ပေါ်လာခဲ့ကြသည်။ ကောင်းကင်ဝိညာဉ်ခန္ဓာများ၊ အစွမ်းထက် နတ်ဘုရားစွမ်းရည်များနှင့် အထူး သွေးမျိုးဆက်ရှိသော သားရဲတချို့ပင် ပေါ်လာခဲ့တော့သည်။
သို့သော်လည်း ခြွင်းချက်မရှိဘဲ ၎င်းတို့အားလုံးကို လုမင်က ချေမှုန်းခဲ့သည်။
ကိုးဆယ်ပွဲ ဆက်တိုက် အောင်ပွဲ၊ ကိုးဆယ့်ငါးပွဲ ဆက်တိုက်အောင်ပွဲ၊ ကိုးဆယ့်ကိုးပွဲ ဆက်တိုက်အောင်ပွဲ...
သူက လုံးဝ မရပ်တန့်ပေ။
ပွဲစဉ်တစ်ရာပြည့်တွင် ဟွမ်မျိုးနွယ်က ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်ကို စေလွှတ်ခဲ့သည်။ ဤသားရဲ၏ ခန္ဓာကိုယ်က ကြောက်စရာကောင်းလောက်အောင် သန်မာမှုရှိ၏။ သို့သော်လည်း လုမင်က အလွယ်တကူ အနိုင်ယူနေဆဲပင်။
အဆင့်ကျော် တိုက်ပွဲများတွင် ပွဲစဉ်တစ်ရာ ဆက်တိုက်အောင်နိုင်ခြင်း...
မြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
အဆင့်ကျော်တိုက်ပွဲတွင် ပွဲစဉ်တစ်ရာကို ဆက်တိုက် အနိုင်ယူခဲ့၏။ ထို့ပြင်၊ လုမင်ကို ကြည့်ရသည်မှာ အလွန်အားစိုက်ထုတ်ခြင်းမရှိသကဲ့သို့ လွယ်ကူစွာ ပြုလုပ်ခဲ့သည်။
သူ ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာနိုင်တာလဲ။
ကြည့်ရှုသူများ အံ့သြသွားကြသည်။
ဟွမ်မျိုးနွယ်၏ ရှည်လျားသောသမိုင်းမှာပင် ထိုသို့သောကျွမ်းကျင်သူများစွာ မရှိခဲ့ပါ။
အပြင်လူတစ်ဦးတွင် ထိုသို့သော အရှိန်အဝါမျိုးရှိခြင်းက အံ့သြစရာကောင်းသည်။
"အကြီးအကဲ၊ ကျုပ်ရဲ့ လွတ်လပ်ခွင့်ကို ပြန်ရနိုင်ပြီလား"
လုမင်က ကောင်းကင်မှ ဟွမ်မျိုးနွယ်၏ အကျော်အမော်ကို မော့ကြည့်လိုက်သည်။
"မှန်တယ်"
ဟွမ်မျိုးနွယ်၏ ကျွမ်းကျင်သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင်၊ သူက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်၏။
"ဒါပေမဲ့ ငါ မင်းကို ရွေးချယ်ခွင့်ပေးမယ်။ မင်းလက်ခံချင်သလား"
"ဘာရွေးချယ်မှုလဲ"
လုမင်က မေးသည်။
"ချင်ယွဲ့လို့ခေါ်တဲ့ မိန်းကလေးနဲ့ ပူဖောင်းလေးဆိုတဲ့ မိန်းကလေးက မင်းရဲ့သူငယ်ချင်းတွေဆိုတာ ငါသိတယ်။ ရွေးချယ်မှုကတော့ မင်း သူတို့ကို ဒီအခွင့်အရေးကို ပေးလိုက်ဖို့ပဲ။ အဲဒီအခါမှာ သူတို့ရဲ့ လွတ်လပ်မှုကို ပြန်ရဖို့ ထပ်ပြီး တိုက်ပွဲဝင်နေစရာ မလိုတော့ဘူး။ ဒါပေမဲ့ မင်းကတော့ စိန်ခေါ်မှုကို ဆက်လုပ်ရမယ်"
ဟွမ်မျိုးနွယ်၏ အကျော်အမော်က ပြောလိုက်သည်။
"စိန်ခေါ်မှုကို ဆက်လုပ်ရမှာလား"
လုမင်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားသည်။
"အမှန်ပဲ၊ အဆင့်နှစ်ဆင့်ကိုဖြတ်ကျော်ပြီး ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်ကို တိုက်ခိုက်ရမယ်။ အဆင့်နှစ်ဆင့်ကျော်ပြီး တိုက်ပွဲတစ်ရာကို ဆက်တိုက် အနိုင်ရမယ်ဆိုရင် မင်းရဲ့ လွတ်လပ်မှုကိုလည်း ပြန်ပြီးရရှိနိုင်လိမ့်မယ်"
ဟွမ်မျိုးနွယ်၏ အကျော်အမော်က ပြောလိုက်၏။
ထိုစကားများက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
"အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ပြီး တိုက်ပွဲတစ်ရာကို ဆက်တိုက်ရယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြီးက လုံးဝ မဖြစ်နိုင်တာပဲ"
"အေးလေ၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ။ သူရင်ဆိုင်ရမှာက သာမာန်ပါရမီရှင်တွေ မဟုတ်ဘူးဆိုရင် ဘယ်သူမှ မလုပ်နိုင်ဘူး"
"ဟွမ်မျိုးနွယ်ရဲ့ သမိုင်းမှာတောင် ဘယ်သူမှ မလုပ်ဖူးဘူး။ ဒီတစ်ခါတော့ ပိုလို့တောင် မဖြစ်နိုင်တော့ဘူး။ အားလုံးသိကြတဲ့အတိုင်း ငါတို့ ဟွမ်မျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင်ကလည်း လက်ရှိ ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်မှာ ရှိနေသေးတယ်"
"ဒီကောင်လေးက သဘောတူမှာ မဟုတ်ဘူးမို့လား"
အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်တိုက်ခိုက်ရာတွင် ပါရမီရှင်တစ်ဦးနှင့် ကြုံတွေ့ရပါက ပွဲစဉ်တစ်ရာဆက်တိုက် အနိုင်ရရှိရန် မဖြစ်နိုင်ပေ။
သို့သော်လည်း လုမင်၏ လှုပ်ရှားမှုက လူတိုင်းကို အံ့ဩစေခဲ့သည်။ သူ့အသံက ကွင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
"ကောင်းပြီ၊ ကျုပ်သဘောတူတယ်"