← Chapters

အခန်း ၁၈၆၂

Vol. 125 Ch. 1862

အခန်း ၁၈၆၂

Vol. 125 Ch. 1862

အပိုင်း ( 1862 ) ရှေးဟောင်းလမ်းကို လျှောက်လှမ်းခြင်း။

"လုမင်၊ မင်း ကူညီရမဲ့ကိစ္စက မရှုပ်ထွေးပါဘူး။ မင်းက ဒီကနေ ပလ္လင်တစ်ခုဆီကို လမ်းလျှောက်ပြီး အသက်သွင်းဖို့ပဲလိုတယ်"

ဟွမ်မျိုးနွယ်မှ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

"ပလ္လင်ကို လျှောက်သွားရမှာလား။ ဒီလမ်းမှာ အတားအဆီးတွေရှိလား"

လုမင်က‌ မေးသည်။

ဟွမ်မျိုးနွယ်မှ အကြီးအကဲက ခေါင်းညိတ်ပြီးပြောလိုက်၏။

"ဒီပလ္လင်သုံးခုကို ဟွမ်မျိုးနွယ်ရဲ့ ဘိုးဘေးတွေက ချန်ထားခဲ့တာလေ၊ ဒဏ္ဍာရီအရ သူတို့မှာ ဟွမ်မျိုးနွယ်ရဲ့ ရတနာတွေ ပါ၀င်တယ်လို့ ဆိုထားတယ်။ ဒါတွေက ဟွမ်မျိုးနွယ်ရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့နဲ့ သက်ဆိုင်တယ်။ ကံမကောင်းချင်တော့ နှစ်ပေါင်းများစွာကြာအောင် ဘယ်သူမှ ပလ္လင်တွေဆီ ချဉ်းကပ်ပြီး ရတနာတွေကို အသက်မသွင်းနိုင်ခဲ့ကြဘူး"

"လမ်းကြောင်းတိုင်းမှာ ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခုရှိတယ်။ ကျင့်ကြံမှုက အားကောင်းလေလေ၊ ဖိအားတွေက ပိုအားကောင်းလေလေပဲ။ ဒါကြောင့် ထိပ်တန်း ပါရမီရှင်တွေပဲ လှမ်းနိုင်လိမ့်မယ်"

ဟွမ်မျိုးနွယ် အကြီးအကဲက တစ်ခါတည်း ရှင်းပြလိုက်သည်။

လုမင်က နားလည်သွားပေသည်။ ဟွမ်မျိုးနွယ်က သူ့အကူအညီကို လိုချင်နေတာ အံ့သြစရာ မဟုတ်တော့ပါ။

ယခင် တိုက်ပွဲများက သူ့အတွက် စမ်းသပ်မှုတစ်ခု ဖြစ်နိုင်သည်။ မဟုတ်ပါက၊ သူသည် ပထမ တိုက်ပွဲတစ်ရာကို အနိုင်ရရှိပြီးကတည်းက သူ၏လွတ်လပ်မှုကို ပြန်လည်ရရှိနိုင်နေပြီ။

"အကြီးအကဲ၊ ကျုပ် ထပ်ပြီးစမ်းကြည့်ချင်တယ်"

ထိုအချိန်တွင် ဟွမ်လီက ပြောလာသည်။

"ကောင်းပြီ၊ သွားလိုက်ပါ"

ဟွမ်မျိုးနွယ် အကြီးအကဲက ခေါင်းညိတ်လိုက်သည်။

ဟွမ်လီက ရှေ့သို့တိုးလာပြီး လက်ဝဲစွန်းရှိ ရှေးဟောင်းလမ်းဆီသို့ လျှောက်သွားသည်။

"ဒုန်း..."

အပြာရောင် ကျောက်တုံးလမ်းပေါ်သို့ လျှောက်လှမ်းလိုက်သည်နှင့် မိုးနှင့်မြေက တုန်ခါသွားပုံရ၏။ ဟွမ်လီ၏ ခြေလှမ်းက တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသွားပုံရသည်။

ဟွမ်လီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသော်လည်း ရှေ့ကို ဆက်လျှောက်သွားတော့သည်။

"ဒုန်း"

နောက်ထပ် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဟွမ်လီက ကြီးမားသောဖိအားအောက်တွင် ရှိနေပုံရ၏။

ခွန်အားနိယာမက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး သူ၏ကြွက်သားများက ဖောင်းကြွလာသည်။ သူက ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားကဲ့သို့ ရှေ့ကို ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။

"ဒုန်း... ဒုန်း"

ခြေတစ်လှမ်းပြီး နောက်ခြေတစ်လှမ်း... သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

မကြာမီ၊ ဟွမ်လီက ခြေလှမ်းတစ်ရာအထိ ရောက်သွားသည်။ သို့သော်လည်း ခြေလှမ်းတစ်ရာကျော်ပြီးနောက် သူ့အရှိန်က နှေးကွေးလာ၏။ သူရင်ဆိုင်နေရသော ဖိအားများကလည်း ပို၍တိုးလာသကဲ့သို့ပင်။

သို့သော်လည်း ဟွမ်လီ၏ မျက်လုံးများက ခိုင်မာပြတ်သားမှုရှိသည်။

မကြာမီ၊ ဟွမ်လီက ခြေလှမ်းနှစ်ရာအထိ လှမ်းခဲ့သည်။ သူ့အရှိန်က ထပ်မံ၍ နှေးသွားသော်လည်း ရှေ့ကို ဆက်လျှောက်သွား၏။

ခြေလှမ်းတစ်ရာ လှမ်းလိုက်တိုင်းမှာ ဟွမ်လီရင်ဆိုင်ရသည့် ဖိအားများက တိုးလာပုံရသည်။

သူက ခြေတစ်လှမ်းတစ်လှမ်း ရှေ့ကို ဆက်လျှောက်သွားလေသည်။ ခြေလှမ်းတစ်ရာတိုင်းတွင် ဟွမ်လီ၏အရှိန်ကလည်း နှေးကွေးသွားရသည်။

တစ်နာရီကျော်ကြာပြီးနောက်၊ နောက်ဆုံးတွင် ဟွမ်လီကခြေလှမ်း ငါးရာအထိ လှမ်းနိုင်ခဲ့ပေသည်။

‌ခြေလှမ်း ငါးရာ့တစ်လှမ်းမြောက်ကို လှမ်းလိုက်သောအခါ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားသည်။ သူ့မျက်နှာကလည်း ဖြူဖျော့တော့သွား၏။

ရှေးဟောင်း အပြာရောင်ကျောက်တုံးလမ်းက မီတာတစ်ထောင် ရှည်လျားပြီး လှေကားထစ်တစ်ထောင် ရှိသည်။

ဟွမ်လီက လမ်းတစ်ဝက်ကိုသာ ရောက်သေးသည်။

"ယား"

ဟွမ်လီက မာန်သွင်းပြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးအကြည့်များက ပြတ်သားပြီး ရှေ့ကို ဆက်လျှောက်သွား၏။

ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ သူ့ခန္ဓာကိုယ်က တုန်ခါသွားပြန်သည်။

သို့သော် သူက နောက်မဆုတ်ပါ။ ထိုအစား သူက ရှေ့ကို ဆက်လျှောက်သွားသည်။

ခြေလှမ်းတိုင်းတွင် ရှေးဟောင်းတောင်ကြီးတစ်လုံးကို ထမ်းပိုးထားရသကဲ့သို့ ခက်ခဲလှသည်။

"မဆိုးပါဘူး၊ တိုးတက်မှုတစ်ခုရှိတယ်။ ဟွမ်မျိုးနွယ်ရဲ့သမိုင်းမှာ ခြေလှမ်း ငါးရာအထိ လှမ်းနိုင်တဲ့လူ အရေအတွက်က များများမရှိဘူး"

အကြီးအကဲတစ်ဦးက ခေါင်းညိတ်လိုက်သည်။ ဟွမ်လီ၏ စွမ်းဆောင်ရည်ကို သူကျေနပ်မိပေသည်။

"ဒီကောင်လေးက ဘယ်နှစ်လှမ်းတက်နိုင်မလဲ ကြည့်ရအောင်"

အခြား အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

ထို့နောက်မှာတော့ မည်သူမျှ ဘာမှမပြောတော့ဘဲ ဆက်လက်စောင့်ကြည့်ခဲ့ကြသည်။

ဟွမ်လီ၏ ခြေလှမ်းများက နှေးကွေးသည်ထက် နှေးကွေးလာသည်။ တစ်ခါတလေ ခြေတစ်လှမ်းတက်ရန် ဆယ်မိနစ်ကျော် ကြာတတ်ပေသည်။

သို့သော်လည်း လူတိုင်းက စိတ်ရှည်ကြသည်။

သုံးရက်အကြာတွင် ဟွမ်လီက ခြေလှမ်းခြောက်ရာသို့ ရောက်ရှိခဲ့သည်။

"မဆိုးပါဘူး၊ ဟွမ်မျိုးနွယ်ရဲ့ သမိုင်းတလျှောက်က ဘုရင်ခန္ဓာတွေမှာတောင် ခြေလှမ်းခြောက်ရာအထိ တက်နိုင်သူက လူအနည်းစုပဲ ရှိတယ်"

အကြီးအကဲတစ်ဦးက ချီးမွမ်းစကားဆိုလိုက်သည်။

ဟွမ်လီက ဤအဆင့်သို့ အရောက်လှမ်းနိုင်သည့်အတွက်၊ သူ၏ အနာဂတ်အောင်မြင်မှုများမှာ ထူးခြားပေလိမ့်မည်။

ဟွမ်လီက ခြေလှမ်းခြောက်ရာသို့ ရောက်လာပြီးနောက် ရပ်လိုက်သည်။ သူ ပြန်လည်အားယူနေသကဲ့သို့ ထိုနေရာတွင် ရပ်နေသေး၏။

ဤရပ်နားမှုက တစ်နေကုန်ကြာသည်။

နောက်တစ်ရက်အကြာတွင် ဟွမ်လီက မာန်သွင်းအော်ဟစ်ပြီး ခြေလှမ်း ခြောက်ရာတစ်လှမ်းမြောက်အဆင့်သို့ ခြေလှမ်းလိုက်သည်။

သို့သော်၊ ထိုခြေလှမ်းကို လှမ်းလိုက်သောအခါ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ သူက သွေးများအန်ထွက်ပြီး ရှေးဟောင်း ကျောက်တုံးလမ်းမှ လွင့်ထွက်သွား၏။

အကြီးအကဲတစ်ဦးက ဟွမ်လီကို ချက်ချင်း ဖမ်းယူလိုက်လေသည်။ သူက ဟွမ်လီ၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်ပို့လွှတ်ပြီး ဖေးမပေးလိုက်သည်။ ထိုအခါမှ ဖြူဖျော့နေသော သူ့မျက်နှာမှာ အနည်းငယ် သွေးရောင်ပြန်လွှမ်းလာလေသည်။

"လုမင်၊ မင်းမြင်တဲ့အတိုင်း ဟွမ်လီတောင်မှ ခြေလှမ်းခြောက်ရာအထိပဲ တက်နိုင်တယ်။ မင်းသာ ငါတို့မျိုးနွယ်ကို ပလ္လင်ဖွင့်ဖို့ ကူညီနိုင်ရင် မင်းက ငါတို့မျိုးနွယ်ရဲ့ ကျေးဇူးရှင်တစ်ဦး ဖြစ်လာလိမ့်မယ်။ မင်းက ငါတို့မျိုးနွယ်ရဲ့ ဂုဏ်ယူစရာ ဧည့်သည်တစ်ယောက်ဖြစ်လာပြီး လူမျိုးခြား အကြီးအကဲရာထူးကိုတောင် ပေးအပ်နိုင်ပါတယ်။ မင်းရဲ့အဆင့်အတန်းက ငါတို့ ဟွမ်မျိုးနွယ်ရဲ့ အကြီးအကဲတွေနောက်မှာ ဒုတိယဖြစ်လိမ့်မယ်"

အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

လုမင်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားလေသည်။

အကယ်၍ သူက ဟွမ်မျိုးနွယ်ကို ပလ္လင်ကိုဖွင့်ရန် ကူညီပေးခဲ့ပါက၊ ဟွမ်မျိုးနွယ်သည် သူ့ကို လူမျိုးခြား အကြီးအကဲရာထူး ပေးအပ်မည် ဖြစ်သည်။ သူ၏ အဆင့်အတန်းက ဟွမ်မျိုးနွယ်၏ အကြီးအကဲများထက် တစ်ဆင့်သာ နိမ့်လိမ့်မည်။ ဤအဆင့်အတန်းက အသေးအဖွဲကိစ္စ မဟုတ်ပေ။

ဟွမ်မျိုးနွယ်၏ အင်အားက နားမလည်နိုင်အောင်ဖြစ်သည်။ အကယ်၍ သူသာ ဟွမ်မျိုးနွယ်၏ အကူအညီကို ရယူနိုင်ခဲ့ပါက အလွန်အစွမ်းထက်သော ကျောထောက်နောက်ခံတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

လုမင်က တိတ်တဆိတ် အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ ထိန်းချုပ်လိုက်လေသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အကြီးအကဲက ယဉ်ကျေးလွန်းပါပြီ။ ကျွန်တော်က သေချာပေါက် အစွမ်းကုန်ကြိုးစား‌ပေးမယ်။ နောက်ပြီးတော့ ကျွန်တော်ဒီကိုရောက်လာရတဲ့ အကြောင်းပြချက်က ဗာဘေးရစ်သလင်းကျောက်ကို ရှာဖွေဖို့ပါ။ အကြီးအကဲတို့မှာ ဗာဘေးရစ်သလင်းကျောက်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များ ရှိနိုင်မလား"

"လက်စသတ်တော့ မင်းက ဗာဘေးရစ်သလင်းကျောက်အတွက် ဒီကိုရောက်လာတာပဲ။ ဗာဘေးရစ်သလင်းကျောက်က အဖိုးတန်ပေမဲ့ ငါတို့ရဲ့မျိုးနွယ်မှာတော့ အများအပြားရှိတယ်။ နောက်ကျရင် မင်းကို နည်းနည်းလောက်ပေးဖို့က မခက်ပါဘူး"

အကြီးအကဲတစ်ယောက်က ပြုံးပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လုမင်က အလွန်ဝမ်းသာသွားသည်။ ထို့နောက်တွင် သူက ရှေးဟောင်း အပြာရောင်ကျောက်တုံးလမ်းကိုကြည့်ပြီး ပြောလိုက်၏။

"ဒါဆိုရင် ကျွန်တော် စမ်းကြည့်မယ်"

ထိုသို့ပြောဆိုပြီးနောက် လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟွမ်လီ လျှောက်လှမ်းခဲ့သော ရှေးဟောင်း အပြာရောင် ကျောက်တုံးလမ်းဆီသို့ လျှောက်သွားသည်။

"ဒုန်း"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သောအခါ ပြင်းထန်သော အင်အားတစ်ခုက သူ့အပေါ်ကို ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို အလွန်လေးလံစေ၏။ သူ၏ ခြေလှမ်းတိုင်း မြေပြင်ကို တုန်လှုပ်စေသည်။

သို့သော်လည်း ဤအင်အားက အားကောင်းသည့်တိုင် လုမင်ကို များစွာထိခိုက်စေခြင်း မရှိပေ။

လုမင်က လျင်မြန်စွာပင် ရှေ့ကို ဆက်လက်လျှောက်သွားသည်။

"ဒုန်း... ဒုန်း..."

မြေပြင်က အဆက်မပြတ် တုန်ခါနေ၏။ အသက်ရှူချိန် အနည်းငယ် ကြာမြင့်ပြီးနောက် လုမင်က ခြေလှမ်းတစ်ရာအထိ လှမ်းနိုင်ခဲ့ပေသည်။

"မြန်လိုက်တာ။ သူက တကယ်ကို ကစဉ့်ကလျားရဲ့သားတော် ဖြစ်ထိုက်တယ်"

ဟွမ်မျိုးနွယ်ဝင် အကြီးအကဲ၏ မျက်လုံးများက တောက်ပလာသည်။

"နောက်ပြီးတော့ ဒီကောင်လေးက သာမန် ကောင်းကင်သားတော်တွေထက် နည်းနည်း ပိုပြီးသန်မာတယ်။ သူ့မှာ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်"

အခြား အကြီးအကဲတစ်ဦးကလည်း မျှော်လင့်ချက်တို့ဖြင့် ကြည့်လိုက်လေသည်။

ဘိုးဘေးများ ကျန်ရစ်ခဲ့သော ပလ္လင်ကို တံဆိပ်ခတ်ထားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ သူတို့က ၎င်းကိုဖွင့်ရန် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

ဖြစ်ကောင်းဖြစ်နိုင်တာက ယခု မျှော်လင့်ချက်ရှိသည်။

သူတို့၏ ဟွမ်မျိုးနွယ်သည် လွန်ခဲ့သောကာလများက ကမ္ဘာပေါ်တွင် အသန်မာဆုံး မျိုးနွယ်စုတစ်ခု ဖြစ်ခဲ့သည်။ သူတို့၏ မျိုးနွယ်တွင် ကမ္ဘာလောက အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော ပုဂ္ဂိုလ်ကြီးများလည်း ရှိ၏။ နောက်ဆုံးတွင်၊ ၎င်းတို့က အခြားသော အင်အားစုကြီးများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး ရှုံးနိမ့်သွားကာ သူတို့၏ ကျွမ်းကျင်သူများလည်း သေဆုံးခဲ့ရသည်။

ထို့ကြောင့် ၎င်းတို့က သီးခြားနေထိုင်ပြီး ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင် ‌ပုန်းအောင်းနေထိုင်ခဲ့ရပေသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် ဘိုးဘွားများ ချန်ရစ်ခဲ့သော အမွေကို မဖွင့်နိုင်ကြတော့ပါ။ ထို့ကြောင့် နှစ်များစွာကြာပြီးနောက်တွင်ပင် ဟွမ်မျိုးနွယ်က ၎င်းတို့၏အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိမလာတော့ပါ။

ဤပလ္လင်သုံးခုရှိ ရတနာများက ၎င်းတို့၏အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် သဘာဝအတိုင်း ဂရုစိုက်ကြရပေသည်။

"ဒုန်း"

လုမင်က ခြေလှမ်းတစ်ရာ လှမ်းပြီးသော်လည်း လုံးဝ မရပ်တန့်... သူက ခြေလှမ်း တစ်ရာ့တစ်လှမ်းမြောက်သို့ လှမ်းလိုက်သည်။

ထိုခြေလှမ်းကို လှမ်းလိုက်သောအခါတွင်၊ လုမင်က သူ့အပေါ်သို့ ပို၍ပြင်းထန်သော ဖိအားတစ်ခု ကျရောက်လာသလို ခံစားရသည်။ သို့သော်လည်း လုမင်၏ ကြွက်သားများက အနည်းငယ်သာ တုန်ယင်ပြီး ဖိအားကို တွန်းလှန်ကာ ရှေ့သို့ ဆက်လျှောက်သွား၏။

ပထမခြေလှမ်းသုံးရာက လုမင်အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။ လုမင်က အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်တိုးသွားပေသည်။ တစ်မိနစ်ကျော်အတွင်းမှာပင် လုမင်က ပထမခြေလှမ်းသုံးရာကို ကျော်ဖြတ်နိုင်ခဲ့သည်။

All Chapters