အခန်း ၁၈၆၃
Vol. 125 Ch. 1863
အပိုင်း ( 1863 ) လမ်းတွင် အဆင့်တက်ရန်။
တစ်မိနစ်ကျော်အတွင်း ခြေလှမ်း သုံးရာအထိ လှမ်းနိုင်ခဲ့သည်။ ဤအရှိန်ကြောင့် ဟွမ်မျိုးနွယ်မှ ဘိုးဘေးများအပြင် ဟွမ်လီနှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြသည်။
ထို့နောက် သူတို့ အလွန်စိတ်လှုပ်ရှားသွား၏။ လုမင်က တယ်လုပ်နိုင်ပါမည်လော။။
ခြေလှမ်းသုံးရာ လျှောက်ပြီးနောက် လုမင်၏အရှိန်က နှေးကွေးလာသည်။
သို့သော်လည်း ဟွမ်လီနှင့်ယှဉ်လျှင် သူက မြန်နေသေးသည်။
သိပ်မကြာခင်မှာ လုမင်က ခြေလှမ်း လေးရာကို ရောက်သွားသည်။ ခြေလှမ်းလေးရာ လျှောက်ပြီးနောက်တွင် သူ၏အရှိန်က နှေးကွေးသွားပြန်သည်။ ထို့နောက် ခြေလှမ်း ငါးရာကို လှမ်းသွား၏။
ခြေလှမ်းငါးရာ ကျော်လာသည့်တိုင် လုမင်အတွက် အတားအဆီး မရှိသေးပါ။ သူက တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းပြီး ခိုင်မြဲစွာ ရှေ့သို့ တိုးသွားသည်။ လုမင်က ခြေလှမ်းခြောက်ရာသို့ ရောက်သွားချိန်တွင် ဟွမ်မျိုးနွယ်ဝင်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ခြေလှမ်း ခြောက်ရာ။
ယခင်က ဟွမ်လီသည် ခြေလှမ်းခြောက်ရာတွင် ရပ်ခဲ့သည်။ ဟွမ်လီက ဟွမ်မျိုးနွယ်၏ နံပတ်တစ်ပါရမီရှင် ဖြစ်သည်။ ဟွမ်မျိုးနွယ်၏ သမိုင်းမှာပင် သူသည် ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်၏။
သို့သော်လည်း ဟွမ်လီက ထိုနေရာသို့ရောက်ရှိရန် ရက်အနည်းငယ် ကြိုးစားခဲ့ရသည်။ လုမင်ကတော့ တစ်နာရီခန့်သာ ကြာသေးသည်။
ဟွမ်မျိုးနွယ်၏ သမိုင်းတွင် အမြင့်ဆုံးစံချိန်က ခြေလှမ်းခုနစ်ရာ ဖြစ်သည်။
လုမင်က ခြေလှမ်းခြောက်ရာသို့ ရောက်နေပြီ။ သူက ခဏမျှ အနားယူပြီးနောက် နောက်တစ်လှမ်း တိုးလိုက်သည်။
"ဝမ်"
လုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ကျဆင်းလာခဲ့သည်။ ကျယ်လောင်သော မြည်ဟီးသံလည်း ထွက်ပေါ်လာ၏။ သို့သော်လည်း လုမင်၏ ခန္ဓာကိုယ်က ဖိအားကို ကြံ့ကြံ့ခံရင်း အနည်းငယ်သာ တုန်ယင်သွားသည်။
ထို့နောက်တွင် ဒုတိယခြေလှမ်း၊ တတိယခြေလှမ်း... တစ်လှမ်းပြီးတစ်လှမ်း ဆက်လျှောက်သွားပေသည်။
ဤမြင်ကွင်းကြောင့် လူတိုင်း သက်ပြင်းချလိုက်ကြသည်။
လုမင်က မရပ်တန့်သော အရှိန်ဖြင့် ခြေတစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်းသွားခဲ့သည်။ ဤတစ်ကြိမ်တွင်၊ လုမင်က အဆင့်ခုနစ်ရာကိုရောက်ရန် တစ်နာရီ ကြာမြင့်ခဲ့ပေသည်။
ဒါက ဟွမ်မျိုးနွယ်စ စံချိန်ကို လိုက်မီသွားခဲ့ပြီ ဖြစ်သည်။ လုမင်အတွက် ဟွမ်မျိုးနွယ်၏ စံချိန်ကို ချိုးဖြတ်ရန် နောက်ထပ် ခြေတစ်လှမ်းသာ လိုတော့သည်။
လုမင်က ရပ်တန့်ပြီး အင်အားအပြည့်ရှိစေရန် အချိန်အတန်ကြာ ချိန်ညှိလိုက်သည်။ ထို့နောက်တွင်၊ သူက နောက်တစ်လှမ်း လှမ်းလိုက်၏။
ခြေလှမ်းခုနစ်ရာပြီးနောက် ပထမခြေလှမ်းက မြေပြင်ကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။ ရှေးဟောင်း အပြာရောင် ကျောက်တုံးလမ်း တစ်ခုလုံးကလည်း အလင်းတန်းများ ထုတ်လွှတ်လာတော့သည်။
လုမင်က ဖိအားကိုတွန်းလှန်ရန် ကစဉ့်ကလျားနိယာမဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်ရသည်။
"ဘယ်လောက်တောင် ပြင်းထန်တဲ့ ဖိအားလဲ။ ဒါက အဆင့်ခုနစ်ရာ့တစ်ပဲ ရှိသေးပေမဲ့ ဖိအားက အရမ်းပြင်းထန်နေပြီ"
လုမင်၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူ၏ ကြွက်သားများနှင့် အရိုးများအားလုံးက ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် ရှိနေကြပြီး ညည်းညူနေသကဲ့သို့ သူ ခံစားရပေသည်။
သူ့ခန္ဓာကိုယ်က ပုံမှန်ထက် အဆတစ်သန်း ပိုပြီး လေးလံလာပုံရသည်။
သူ၏ ဒန်တျန်အတွင်းတွင်၊ သူတော်စင်နှလုံးသားနှစ်ခုက လျင်မြန်စွာ လည်ပတ်လာကြသည်။ ကြီးကျယ်ခမ်းနားသော သူတော်စင်စွမ်းအားက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်စေခဲ့၏။
လုမင်က မာန်သွင်းပြီး ရှေ့ကို ဆက်လျှောက်သွားတော့သည်။
သို့သော်လည်း ဤအချိန်တွင် လုမင်၏ လမ်းလျှောက်နှုန်းမှာ အလွန်လျော့ကျသွားသည်။ ယခင်ကထက် အများကြီး နှေးကွေးသွား၏။
ဟွမ်မျိုးနွယ်စုမှ လူများလည်း ထိတ်လန့်တုန်လှုပ်သောအရိပ်အယောင်တို့ကို လှစ်ဟလာကြသည်။
ခြေလှမ်းခုနစ်ရာပြီးနောက် ဒီလောက်တောင် ခက်ခဲသွားတာလား။
လုမင်က အဆုံးထိ လုပ်နိုင်ပါ့မလား။
လုမင်သာ အဆုံးစွန်ထိ မလျှောက်လှမ်းနိုင်ပါက သူတို့ အမှန်တကယ် စိတ်ဓာတ်ကျသွားလိမ့်မည်။
ကမ္ဘာပေါ်တွင်၊ လုမင်ထက် အဆင့်တူမှာ ပိုကြမ်းနိုင်သူတစ်ဦး ရှိဦးမည်ဟု သူတို့ မယုံပေ။
"ဒုန်း... ဒုန်း"
မြည်ဟီးသံက ဆက်တိုက်ထွက်လာသည်။ ကံကောင်းထောက်မစွာဖြင့်၊ ဤဧရိယာကို အစီရင်ဖြင့် သီးခြားခွဲထုတ်ထားခဲ့သည်။ မဟုတ်လျှင်၊ ပြင်းထန်သော အသံများက ရှေးဟောင်းမြို့တစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်။
ဤတစ်ကြိမ်တွင်၊ လုမင်က ခြေလှမ်းရှစ်ရာသို့ မရောက်ရှိမီ သုံးနာရီအထိ အချိန်ယူခဲ့ရသည်။
ရှေးဟောင်း အပြာရောင်ကျောက်တုံးလမ်း ပြီးဆုံးရန်အတွက် ခြေလှမ်းနှစ်ရာသာ ကျန်တော့သည်။
သို့သော်လည်း နောက်ဆုံးခြေလှမ်းနှစ်ရာက အခက်ခဲဆုံးဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပါ။
လုမင်၏ မျက်လုံးများက လေးနက်လာသည်။ နောက်ဆုံး ခြေလှမ်း ရှစ်ရာပြည့်တွင် သူက တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ကျောက်ကြမ်းအမြောက်အမြားကို ထုတ်ယူပြီး ပြန်လည်အားဖြည့်ရန် စတင်ဝါးမြိုလိုက်၏။
ယခုလေးတင် သူက သူတော်စင်စွမ်းအင် ပမာဏများစွာကို သုံးစွဲခဲ့ရသည်။
အားလုံးက မနှောင့်ယှက်ဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့လေသည်။
နာရီအနည်းငယ်ကြာပြီးနောက်တွင်၊ လုမင်က သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထို့နောက် မဆိုင်းမတွ ထရပ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
"ဒုန်း"
ဤခြေလှမ်းကို လှမ်းလိုက်သည့်အခါ လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ပြင်းထန်လွန်းသော ဖိအားကြောင့် သူ့ခန္ဓာကိုယ် ပြိုလဲတော့မလို ခံစားလာရတော့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဖိအားလဲ"
လုမင်၏ မျက်လုံးများက တုန်လှုပ်မှုတို့ ပေါ်လာသည်။
သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံးက အော်ဟစ်ညည်းညူလာ၏။ လုမင်က ဤဖိအားအောက်တွင် လွင့်စဉ်သွားတော့မည်ကဲ့သို့ပင်။
"ဒီဖိအားက ငါ့ကို ဘယ်လိုတားဆီးနိုင်မှာလဲ"
လုမင်၏ မျက်လုံးများက အလင်းရောင်များ တောက်ပလာသည်။ တိုးညှင်းသော အော်ဟစ်မာန်သွင်းသံနှင့်အတူ သူက ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို တွန်းလှန်ရင်း ရှေ့သို့ ခြေလှမ်းများ ဆက်လက် လျှောက်လှမ်းခဲ့ပေသည်။
ဒုတိယခြေလှမ်းပြီးနောက် လုမင်၏ ခန္ဓာကိုယ်က တုန်လှုပ်နေဆဲ ဖြစ်သည်။ ဟွမ်မျိုးနွယ်မှ လူများမှာလည်း တုန်လှုပ်နေကြ၏။
လုမင် လျှောက်လှမ်းလိုက်သော ခြေလှမ်းတိုင်းက သူတို့၏ နှလုံးသားများဆီသို့ လှမ်းလာနေသကဲ့သို့ပင်။
လုမင်က ဒုတိယခြေလှမ်းကို လှမ်းလိုက်ပြီးနောက် တတိယခြေလှမ်းကို မလှမ်းမီ အချိန်အတော်ကြာအောင် ရပ်နေခဲ့သည်။
ထိုအချိန်တွင် ဖိအားက ပြင်းထန်လွန်းလှသည်။ အကယ်၍၊ ဤနေရာတွင် သာမန် မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့် ကျင့်ကြံသူဖြစ်ပါက ဖိအားကြောင့် သူတို့၏ခန္ဓာကိုယ် တိုက်ရိုက်ပေါက်ကွဲသွားလိမ့်မည်။
ထိုအချိန်တွင် လုမင်၏အရှိန်က အလွန်နှေးကွေးလာသည်။ သူက ခြေလှမ်းတိုင်းတွင် အချိန်အတော်ကြာအောင် ရပ်တန့်ထားရပြီး ပြန်ကောင်းလာရန်အတွက် ကျောက်ကြမ်းများကို ဝါးမျိုရသည်။
သို့သော်၊ လုမင်၏ ကိုယ်ဟန်အနေအထားက ဖြောင့်ဖြောင့်ဆဲ...
သူ့မျက်လုံး အကြည့်များက ခိုင်မာပြတ်သားဆဲ...
အလွန်နှေးကွေးသော်လည်း သူက ရှေ့ကို ဆက်လျှောက်နေသေးသည်။
ဤလုပ်ငန်းစဉ်က စုစုပေါင်း ငါးရက် ကြာသည်။
ငါးရက်ကြာပြီးနောက် လုမင်က အဆင့်ကိုးရာသို့ တက်လှမ်းခဲ့သည်။
သူက နောက်ဆုံးခြေလှမ်းတစ်ရာသာ လိုတော့သည်။
ထိုနေရာတွင် လုမင်က တင်ပျဉ်ခွေထိုင်ပြီး ပြန်အားယူရသည်။
ဤတစ်ကြိမ်တွင်၊ သူပြန်ကောင်းလာရန် သုံးရက်ကြာသည်။
သုံးရက်ကြာပြီးနောက် လုမင်က မတ်တပ်ထရပ်လိုက်၏။ ဟွမ်မျိုးနွယ်ဝင်များလည်း သူတို့၏ နှလုံးသားများက လည်ချောင်းထဲမှ ခုန်ထွက်လာတော့မလို ခံစားလာခဲ့ရသည်။
လုမင်က ရှေ့ကို ဆက်သွားနိုင်မည်လော။
အဆင့် ကိုးရာ့တစ်တွင် ပြန်လည်ပြုတ်ကျသွားမည်လော။
"ဝုန်း"
နောက်ဆုံးတွင်၊ လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ မြေပြင်ကလည်း တအုန်းအုန်း မြည်ဟီးသွား၏။ လုမင်၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားတော့သည်။
'ကြောက်စရာကောင်းလိုက်တဲ့ ဖိအား... အရင်က ဖိအားတွေထက် အများကြီး ပိုပြင်းထန်လာတဲ့အပြင် ငါ့စိတ်ဝိညာဉ်အပေါ်မှာလည်း ဖိအားတွေ သက်ရောက်နေတယ်။ ဒါက ငါ့ရဲ့ နိယာမကိုတောင် ဖိအားပေးနေသေးတယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
အဆင့် ကိုးရာပြီးနောက် သူရင်ဆိုင်ရမည့် ဖိအားက အမြင့်ဆုံးဖြစ်နေပြီ ဖြစ်သည်။ တုန်လှုပ်စရာကောင်းလွန်းပေသည်။
လုမင်က လွင့်စဉ်လုနီးပါး ဖြစ်နေသော်လည်း သူအံကြိတ်ကာ သည်းခံနေခဲ့သည်။
"သူ ခံနိုင်ရည်ရှိသေးတယ်"
ဟွမ်မျိုးနွယ်ဝင် အပေါင်းတို့မှာ အလွန်ပျော်ရွှင်ခဲ့ကြသည်။
ဤရှေးခေတ် အပြာရောင်ကျောက်တုံးလမ်းတွင် ခြေလှမ်းတစ်ရာတိုင်းက အတားအဆီးတစ်ခု ဖြစ်သည်။ အဆင့်တစ်ရာတိုင်းမှာ ဖိအားက အဆင့်သစ်တစ်ခုသို့ တက်လာပေမည်။
ထို့ကြောင့် ခြေလှမ်းတစ်ရာတိုင်း၏ ပထမခြေလှမ်းက အခက်ခဲဆုံး ဖြစ်သည်။ ခံနိုင်ရည်မရှိပါက လွင့်စဉ်သွားလိမ့်မည်။
ပထမအဆင့်ကို ခံနိုင်ရည်ရှိခြင်းက ထိုဖိအားကို ခံနိုင်ရည်ရှိမည်ဟု ဆိုလိုသည်။ သူက ရှေ့ကို ဆက်သွားနိုင်ပေလိမ့်မည်။
လုမင်က ခြေလှမ်း ကိုးရာ့တစ်လှမ်းကို ခံနိုင်ရည်ရှိသောကြောင့် ရှေးခေတ် အပြာရောင်ကျောက်တုံးလမ်းအတိုင်း လျှောက်လှမ်းနိုင်ခွင့် မြင့်မားသည်ဟု ဆိုလိုသည်။
သူတို့ မပျော်ရွှင်ဘဲ မနေနိုင်တော့ပေ။
သို့သော်လည်း ရှေးခေတ်ကတည်းက ခြေလှမ်းကိုးရာအထိ မည်သူမျှ မလျှောက်နိုင်ခဲ့ကြပါ။ ခြေလှမ်းကိုးရာပြီးနောက် ဘယ်လိုအခြေအနေရှိမယ်ဆိုတာ သူတို့မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့အားလုံးက မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်လာမည်ကို အလွန်စိုးရိမ်နေကြဆဲ ဖြစ်သည်။
ဤခြေလှမ်းကို လှမ်းလိုက်ပြီးနောက် လုမင်က ထိုနေရာတွင် ရပ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်တွင် သူက နောက်ထပ် ခြေတစ်လှမ်းကို လှမ်းလိုက်၏။
ဒုတိယ ခြေလှမ်းကို လှမ်းပြီးနောက် လုမင်၏ ခန္ဓာကိုယ်က ဆက်လက် တုန်ယင်နေသော်လည်း ခုခံနိုင်ခဲ့သည်။ ထို့နောက် ထိုနေရာတွင် တင်ပျဉ်ခွေထိုင်ကာ အားယူလိုက်လေသည်။
အချိန်အတော်ကြာပြီးနောက် လုမင်က တတိယခြေလှမ်းကို လှမ်းလိုက်သည်။
ဤသို့ဖြင့် လုမင်က တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းခဲ့သည်။ လုမင်က အဆင့် ကိုးရာငါးဆယ်သို့ ရောက်သောအခါ ရုတ်တရက် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် ကျောက်ကြမ်းအများအပြားကို ထုတ်ယူလိုက်၏။
"ဘာလုပ်နေတာလဲ"
"သူ အဆင့်တက်တော့မှာလား"
ဟွမ်မျိုးနွယ်စုဝင် အကြီးအကဲတစ်ယောက်က တအံ့တဩ ပြောလိုက်သည်။
ဟုတ်သည်၊ လုမင်က အဆင့်တက်တော့မည်။