← Chapters

အခန်း ၁၈၆၄

Vol. 125 Ch. 1864

အခန်း ၁၈၆၄

Vol. 125 Ch. 1864

အပိုင်း ( 1864 ) ခွန်အားစုစည်းခြင်းကျောက်တုံး။

လုမင်၏ ကျင့်ကြံမှုအဆင့်က မဟာသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်လုနီးနေပြီ ဖြစ်သည်။

ဤရှေးဟောင်းလမ်းက လုမင်ကို ကြီးမားသောဖိအား ပေးခဲ့ပေသည်။ ကြီးမားသောဖိအားအောက်တွင်၊ လုမင်က သူ၏ အတားအဆီးများကို ဖြတ်ကျော်ပြီး မဟာသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ဝင်ရောက်နိုင်စေခဲ့သည်။

လုမင်က သူ၏ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်စေရန်အတွက် ကျောက်ကြမ်းအမြောက်အမြားကို စတင်ဝါးမျိုလိုက်သည်။

နှစ်ရက်အကြာတွင်၊ လုမင်က အဆင့်တက်ခြင်း ပြီးမြောက်ပြီး ရှေ့သို့ဆက်သွားခဲ့လေသည်။

"ဖိအားတွေက ပိုပြင်းထန်လာပြီ"

လုမင်က ရေရွတ်လိုက်သည်။

သူ၏ ကျင့်ကြံမှုအဆင့်က တိုးတက်သွားသည်နှင့် တပြိုင်နက်၊ ဖိအားများက အမှန်တကယ်ပင် ပိုအားကောင်းလာသည်။

ဤရှေးဟောင်းလမ်းက ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်အရ ဖိအားကို ပြောင်းလဲစေမည် ဖြစ်သည်။ အဆင့်တူသူထက် ကျော်လွန်နေသော ခွန်အားရှိသူများသာ ထိပ်ဆုံးသို့ တက်လှမ်းနိုင်လိမ့်မည်။

ဖိအားများက ပိုအားကောင်းလာသော်လည်း လုမင်၏ ကျင့်ကြံမှုအဆင့်က တိုးလာခဲ့သည်။ ထို့ကြောင့် သူရင်ဆိုင်ခဲ့ရသော ဖိအားက ယခင်ကနှင့် မခြားနားပေ။

လုမင်က ရှေ့ကို ဆက်လျှောက်သွားသည်။

ဒါက ရှည်လျားသော လုပ်ငန်းစဉ်တစ်ခုပင်။

အဆင့်ကိုးရာမှ အဆင့်တစ်ထောင်သို့ ရောက်ရှိရန်အတွက် လဝက်ခန့် ကြာမြင့်ခဲ့သည်။

"ဝုန်း"

လုမင်က အဆင့်တစ်ထောင်သို့ တက်လှမ်းလိုက်ပြီးနောက် ဟွမ်မျိုးနွယ် အကြီးအကဲများ၊ ဟွမ်လီနှင့် အခြားသူများ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ ပေါ်လာကြတော့သည်။

သူတို့က အဆင့်တစ်ထောင်သို့ နောက်ဆုံးအကြိမ် တက်လှမ်းခဲ့သည့်အချိန်ကို မှတ်တောင်မမှတ်မိတော့ပေ။ နောက်ဆုံးတွင်၊ တစ်စုံတစ်ယောက်က ဤရှေးခေတ် အပြာရောင် ကျောက်တုံးလမ်းကို ထပ်မံ ဖြတ်သွားခဲ့သည်။ သူတို့ ဟွမ်မျိုးနွယ် ဘိုးဘေးများ၏ ရတနာက ပေါ်လာတော့မည်။

"ဖိအားတွေ ပျောက်သွားပြီ"

လုမင်က အဆင့်တစ်ရာသို့ တက်လှမ်းသောအခါ ပြင်ပကမ္ဘာမှ ဖိအားများက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ လုမင်လည်း လန်းဆန်းသွားပြီး အလွန်သက်တောင့်သက်သာရှိသလို ခံစားခဲ့ရလေသည်။

'ငါ့ရဲ့ ကစဉ့်ကလျားနိယာမကလည်း နည်းနည်း တိုးတက်လာခဲ့တယ်။ အခု ငါ့ရဲ့ ကစဉ့်ကလျားနိယာမက ခြောက်ဆယ့်တစ် ရာခိုင်နှုန်းအထိ ရောက်သင့်ပြီ'

လုမင်က ကျေနပ်စွာ ပြုံးလိုက်သည်။ ဤခရီးစဉ်က အချည်းနှီးမဖြစ်ပေ။

ထို့နောက်၊ လုမင်က ရှေ့ဆက်လျှောက်သွားပြီး ပလ္လင်​​ရှေ့​သို့ ရောက်​လာခဲ့သည်​။

"လုမင်၊ မင်းက ပလ္လင်ကိုလှည့်လိုက်တာနဲ့ ဘိုးဘွားတွေရဲ့ ရတနာကို ရယူနိုင်လိမ့်မယ်"

အကြီးအကဲတစ်ဦးက အတိတ်ကိုပြန်သတိရပုံရှိပြီး သူ၏ မျက်လုံးများမှာလည်း မျှော်လင့်ချက်တို့ဖြင့် တောက်ပလာခဲ့လေသည်။

လုမင်က ခေါင်းညိတ်လိုက်သည်။ သူက ပလ္လင်၏ ဘေးနှစ်ဖက်ကို ဆွဲကိုင်ကာ အားစိုက်ပြီး လှည့်လိုက်၏။

"ဂျစ်...ဂျစ်"

ပလ္လင်က အသံတချို့ ထွက်ပေါ်လာသည်။ ထို့နောက် ပလ္လင်မှ အဆုံးမဲ့အလင်းရောင်များ ထွက်လာတော့သည်။ ထို့နောက်တွင် အလင်းရောင်များက စုစည်းပြီး စက်ဝိုင်းသဏ္ဍာန် အလင်းစက်ဝိုင်းများ ဖြစ်လာခဲ့သည်။ အလင်းစက်ဝိုင်းများ အလယ်တွင် တောက်ပသော အလင်းများဖြင့် ကျောက်တုံးတစ်တုံးကို လူတိုင်း မြင်လိုက်ရ၏။

"အဲဒါ... အဲဒါက ခွန်အားစုစည်းခြင်းကျောက်တုံး ဖြစ်နိုင်မလား"

အကြီးအကဲတစ်ယောက်က အလင်းစက်ဝိုင်းထဲတွင် လွင့်နေသော ကျောက်တုံးကိုကြည့်ကာ တုန်ယင်စွာ ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း လွန်စွာ စိတ်လှုပ်ရှားနေဟန်ဖြင့် အနည်းငယ် တုန်လှုပ်နေတော့သည်။

ဟွမ်လီနှင့် အခြားအကြီးအကဲများမှာလည်း အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။

ကျောက်တုံး ထွက်ပေါ်လာပြီးနောက် အလင်းစက်ဝိုင်းက ပြန်လည်ပျောက်ကွယ်သွားလေသည်။

"ခွန်အားစုစည်းခြင်းကျောက်တုံးလား"

လုမင်က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူက ကျောက်တုံးကို ဖမ်းကိုင်လိုက်သော်လည်း အလေးချိန်ကို မခံစားရပေ။ သူ့ခန္ဓာကိုယ်တွင် ထူးဆန်းသော စွမ်းအင်တစ်ခုကိုသာ ခံစားလိုက်ရသည်။

ထို့နောက်၊ လုမင်က ရှေးခေတ် အပြာရောင်ကျောက်တုံးလမ်းအတိုင်း ပြန်လာခဲ့လေသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ရှေးဟောင်း အပြာရောင်ကျောက်တုံးလမ်းက သူ့အပေါ် မည်သည့်ဖိအားမှ မပေးတော့ပါ။ လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဟွမ်လီနှင့် အခြားသူများ၏အနားသို့ ရောက်လာခဲ့သည်။

"အကြီးအကဲတို့... ဒီမှာပါ"

လုမင်က ခွန်အားစုစည်းကျောက်ကို အကြီးအကဲတစ်ဦးထံ ပေးအပ်လိုက်သည်။

အကြီးအကဲက စိတ်လှုပ်ရှားစွာဖြင့် သေသေချာချာ စစ်ဆေးလိုက်၏။ သူ၏ အိုမင်းပြီးဖြစ်သော ခန္ဓာကိုယ်မှာတော့ စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။

"ခွန်အားစုစည်းခြင်းကျောက်... ဒါက တကယ်ကို ဒဏ္ဍာရီလာ ခွန်အားစုစည်းခြင်းကျောက်ပဲ။ ကျုပ်တို့ဘိုးဘေးတွေရဲ့ ကောင်းချီးတွေနဲ့ ကျုပ်တို့မျိုးနွယ်က နောက်ဆုံးမှာ ခွန်အားစုစည်းခြင်းကျောက်ကို ရှာတွေ့နိုင်ခဲ့ပြီ"

ဟွမ်မျိုးနွယ်၏ အကြီးအကဲက ခွန်အားစုစည်းခြင်းကျောက်ကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ အခြား အကြီးအကဲများမှာလည်း အလားတူပင်။

'ဒီခွန်အားစုစည်းခြင်းကျောက်က နှစ်ပေါင်းဘယ်လောက်ကြာအောင် ရှင်သန်ခဲ့တယ်ဆိုတာ မသိနိုင်တဲ့ ဟွမ်မျိုးနွယ်ရဲ့ အဘိုးကြီးတွေကိုတောင် ဒီလောက်စိတ်လှုပ်ရှားအောင် လုပ်နိုင်တယ်။ ဒီခွန်အားစုစည်းခြင်းကျောက်တုံးက ဘယ်လိုသက်ရောက်မှုရှိလို့လဲ'

လုမင်က အလွန်သိချင်နေခဲ့သည်။

"လုမင်၊ ငါတို့ဟွမ်မျိုးနွယ်အတွက် ခွန်အားစုစည်းခြင်းကျောက်တုံးရဲ့ အဓိပ္ပါယ်ကို မင်းမသိသေးဘူး မဟုတ်လား။ ဒါက ငါတို့ ဟွမ်မျိုးနွယ်ကို ထမြောက်စေနိုင်တဲ့ မြင့်မြတ်တဲ့ ရတနာတစ်ခုပဲ။ ဒါပေမဲ့ တခြားသူတွေလက်ထဲမှာတော့ အသုံးမဝင်ဘူးလေ..."

ဟွမ်လီက ခွန်အားစုစည်းခြင်းကျောက်၏ အသုံးပြုပုံကို ရှင်းပြခဲ့သည်။

ဟွမ်မျိုးနွယ်က ရှေးကျသော မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့တွင် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိ၏။ ဤမျိုးနွယ်ဝင်တိုင်း၏ ခန္ဓာကိုယ်က အလွန်သန်မာပြီး ကြီးမားသော ခွန်အား ရှိသည်။

ထို့ပြင် ဟွမ်မျိုးနွယ်ဝင်များ၏ ကျင့်ကြံမှုနည်းလမ်းများက ခွန်အားနှင့် သက်ဆိုင်သည်။ သိုင်းပညာမျိုးစုံ၊ နတ်ဘုရားစွမ်းရည်များ စသည်ဖြင့်... ၎င်းတို့အားလုံးက ခွန်အားနှင့် ပတ်သက်မှုရှိပေသည်။ သူတို့နားလည်ထားသည့် နိယာမသည်ပင် ခွန်အားနှင့် ဆက်စပ်မှုရှိသည်။

လူအများစုကလည်း ခွန်အားနိယာမကို နားလည်ကြသည်။

ဟွမ်မျိုးနွယ်မှ လူများအတွက် ငယ်ရွယ်စဉ်ကတည်းက ခွန်အားစုစည်းခြင်းကျောက်၏ အလင်းရောင်ကို ထိတွေ့နိုင်လျှင်... ၎င်းတို့၏ ခန္ဓာကိုယ်အဆင့်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း ပို၍ အားကောင်းလာလိမ့်မည်။ သူတို့က ခွန်အားနှင့် ပတ်သက်သော နိယာမများကို ပိုမိုကောင်းမွန်စွာ ဆုပ်ကိုင်နိုင်မည်ဖြစ်ပြီး ခွန်အား၏နိယာမကိုပင် အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ခွန်အားနိယာမက ဘုရင်နိယာမတစ်ခု ဖြစ်သည်။ အကယ်၍ ဟွမ်မျိုးနွယ်က ခွန်အားနိယာမများကို ထိန်းချုပ်နိုင်သည့် ပါရမီရှင်တစ်စုကို မွေးထုတ်ပေးခဲ့မည်ဆိုလျှင် မည်မျှကြောက်စရာကောင်းမည်နည်း။

လုမင်လည်း ထိုစကားကို ကြားရပြီးနောက် အလွန်တုန်လှုပ်သွားခဲ့သည်။ ဟွမ်မျိုးနွယ်၏ အကြီးအကဲများက အလွန်စိတ်လှုပ်ရှားကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤသည်မှာ ဟွမ်မျိုးနွယ်ကို အမှန်တကယ် နိုးထခွင့်ပေးနိုင်သော ရတနာတစ်ခု ဖြစ်သည်။

"လုမင်၊ ငါတို့ရဲ့ ဟွမ်မျိုးနွယ်က မင်းရဲ့ကြင်နာမှုကို ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး"

ဟွမ်မျိုးနွယ်၏ အကြီးအကဲများက လုမင်ထံ ဦးညွှတ်လိုက်ကြသည်။

"အကြီးအကဲတို့ ဒီလိုမလုပ်ပါနဲ့"

လုမင်က ကမန်းကတန်း ပြန်ဆုတ်သွားသည်။

ဤဟွမ်မျိုးနွယ်၏ အကြီးအကဲများက နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က နားမလည်နိုင်သောကြောင့် သူ လက်မခံဝံ့ပေ။

ထို့နောက် လုမင်က စကားလမ်းကြောင်းပြောင်းပြီး ပြောလိုက်သည်။

"အကြီးအကဲ၊ ကျန်တဲ့ ပလ္လင်နှစ်ခုက..."

လုမင်၏ အကြည့်က အခြားရှေးခေတ် အပြာရောင်ကျောက်တုံးလမ်းနှစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။

"အဲဒီပလ္လင်နှစ်ခုက မဖွင့်နိုင်သေးဘူး။ ဒုတိယ ရှေးခေတ် အပြာရောင်ကျောက်တုံးလမ်းက အနည်းဆုံး သိုင်းဧကရာဇ်နယ်ပယ် ကျင့်ကြံမှုအဆင့်ကို လိုအပ်တယ်။ တတိယလမ်းဆိုရင် ဝင်ရောက်ဖို့ဆိုရင် ပိုမြင့်မားတဲ့ ကျင့်ကြံမှု အဆင့်ကိုတောင် လိုအပ်လိမ့်မယ်"

ဟွမ်မျိုးနွယ်မှ အကြီးအကဲတစ်ဦးက ရှင်းပြလိုက်သည်။

"ဒုတိယလမ်းကို ဝင်ရောက်ဖို့အတွက် အနည်းဆုံး သိုင်းဧကရာဇ်နယ်ပယ် ကျင့်ကြံမှုအခြေခံရှိရမှာလား"

လုမင် တုန်လှုပ်သွားမိသည်။

"လုမင်၊ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားလာတဲ့အခါ ငါတို့ ဟွမ်မျိုးနွယ်ကို နောက်ထပ် အကြိမ်အနည်းငယ် ကူညီပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

ဟွမ်မျိုးနွယ်၏ အကြီးအကဲတစ်ဦးက အလွန်ယဉ်ကျေးစွာ ပြောလိုက်သည်။

လုမင်က ပထမ ရှေးဟောင်းလမ်းကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် ဒုတိယနှင့် တတိယလမ်းကိုလည်း ဖြတ်သန်းနိုင်မည်မှာ သေချာသည်။ သူ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသေးသောကြောင့်သာ။

သို့ဖြစ်ပေရာ၊ သူတို့က လုမင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားလိုသည်မှာ သဘာဝ ဖြစ်သည်။

"ကိစ္စမရှိပါဘူး"

လုမင်က ခေါင်းညိတ်လိုက်သည်။ ဒါက နှစ်ဖက်စလုံးအတွက် အကျိုးရှိသော အခြေအနေပင်။

ဟွမ်မျိုးနွယ်က လုမင်၏ အကူအညီကို လိုအပ်သည်။ လုမင်ကလည်း ဟွမ်မျိုးနွယ်၏ အကူအညီကို လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။ လုမင်က သူ့အတွက် ဆုံးရှုံးစရာမရှိသောအရာကို အဘယ်ကြောင့် သဘောမတူဘဲနေရမည်နည်း။

ထို့နောက် သူတို့က ထွက်ခွာသွားပြီး ဟွမ်မျိုးနွယ်၏ အစည်းအဝေးခန်းမသို့ ပြန်ခဲ့ကြသည်။ ဟွမ်မျိုးနွယ်၏ အကြီးအကဲတစ်ဦးက ဗာဘေးရစ်သလင်းကျောက် အနည်းငယ်ကို ချက်ချင်းယူကာ လုမင်အား ပေးအပ်ခဲ့လေသည်။

ဗာဘေးရစ်သလင်းကျောက်များကို ရရှိလာပြီးနောက် လုမင်လည်း သဘာဝအတိုင်း အလွန်ပျော်ရွှင်နေခဲ့သည်။

ဒုတိယနေ့တွင်၊ ဟွမ်မျိုးနွယ်မှာ လုမင်ကို ဂုဏ်ပြုရန် ပွဲကြီးတစ်ခု ကျင်းပခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ စားပွဲ၌ ဟွမ်မျိုးနွယ်စုမှ လုမင်အား လူမျိုးခြား အကြီးအကဲဘွဲ့ကို အပ်နှင်းခဲ့ပေသည်။

သူ၏ရာထူးက ဟွမ်မျိုးနွယ်၏ အကြီးအကဲတို့နောက် ဒုတိယနေရာတွင်ရှိပြီး ဩဇာအာဏာ ကြီးမားသည်။

လုမင်က ရှေးဟောင်း အပြာရောင်ကျောက်တုံးလမ်းကို ဖြတ်ကျော်ပြီး ဟွမ်မျိုးနွယ်စုအား ခွန်အားစုစည်းခြင်းကျောက်တုံးကို ရရှိအောင် ကူညီပေးခဲ့ကြောင်း ဟွမ်မျိုးနွယ်တစ်ခုလုံးက သိရှိခဲ့ပြီးပြီ။ သဘာဝအတိုင်း၊ မည်သူမျှ မကန့်ကွက်ကြဘဲ အားလုံးက လုမင်ကို စိတ်နှလုံးအကြွင်းမဲ့ ထောက်ခံခဲ့ကြသည်။

သုံးရက်အကြာတွင်၊ လုမင်က ဟွမ်မျိုးနွယ်စု အကြီးအကဲများကို နှုတ်ဆက်လိုက်သည်။

သူက‌ ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင် လအတော်ကြာ နေခဲ့ပြီးပြီ။ ယခုဆိုလျှင်၊ သူက ဗာဘေးရစ်သလင်းကျောက်ကိုလည်း ရရှိထားပြီးဖြစ်သောကြောင့် ထွက်ခွာရန် အချိန်တန်ပြီ ဖြစ်သည်။

အချိန်ကို တွက်ချက်ကြည့်လျှင်၊ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်က ဖွင့်လှစ်ခဲ့သည်မှာ နှစ်လကြာခဲ့ပြီ ဖြစ်သည်။

"လုမင်၊ ငါ့မျိုးနွယ်က ပါရမီရှင်တချို့ကို ရွေးချယ်ထားပြီး မင်းနဲ့အတူ အပြင်လောကမှာ လေ့ကျင့်စေဖို့ စီစဉ်ထားတယ်။ ဘယ်လိုသဘောရလဲ"

ဟွမ်မျိုးနွယ်၏ အစည်းအဝေးခန်းမတွင် အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

"ဟုတ်တယ် လုမင်၊ မင်းပြောတဲ့အတိုင်းဆိုရင် ပြင်ပကမ္ဘာမှာ ပါရမီရှင်တွေ အများကြီးရှိပြီး ဘုရင်ခန္ဓာတွေကလည်း တိုးတက်ရေးအတွက် အပြိုင်အဆိုင် လေ့ကျင့်နေကြရတယ်။ ဒါကြောင့် အပြင်ထွက်ပြီး လေ့ကျင့်ခွင့်ပေးလိုက်တာက သူတို့ကို ပိုပြီး တိုးတက်နိုင်စေလိမ့်မယ်။ ရှေးဟောင်းပျက်စီးခြင်းနယ်မြေမှာပဲ ဆက်နေမယ်ဆိုရင် သူတို့ကိုယ်ကို ပြိုင်စံရှား ပညာရှင်လို့ ထင်နေကြလိမ့်မယ်"

အခြား အကြီးအကဲတစ်ဦးက ပြောလိုက်၏။

ထိုစကားက ဘေးမှ ဟွမ်လီက ရှက်ရွံ့စွာဖြင့် ခေါင်းကိုကုပ်မိစေခဲ့သည်။

လုမင်နှင့် မဆုံခင်က ဟွမ်လီဟာ အလွန်မာနကြီးသည်။ သူက မျိုးဆက်သစ်လူငယ်များ၏ ခေါင်းဆောင်ဖြစ်ပြီး ပြိုင်ဘက်မရှိဟုပင် ခံစားမိခဲ့၏။

သို့သော်လည်း လုမင်နှင့် တိုက်ပွဲပြီးကတည်းက ထိုစိတ်တို့ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ရပါတယ်၊ ဒါပေမဲ့ အပြင်မှာဆိုရင် သူတို့ အန္တရာယ်ရှိလိမ့်မယ်"

လုမင်က ပြောလိုက်သည်။

"ခရီးကြမ်းတွေကို ဖြတ်ကျော်ရမှပဲ ဒီထက်ပိုပြီး သူတို့ သွားနိုင်ကြလိမ့်မယ်"

ဟွမ်မျိုးနွယ်၏ အကြီးအကဲက ပြောလိုက်လေသည်။

All Chapters