အခန်း ၁၈၆၇
Vol. 125 Ch. 1867
အပိုင်း ( 1867 ) ဟာမိသားစုကို ဖျက်ဆီးခြင်း။
လုမင်နှင့် အခြားသူများ၏ အေးဆေးတည်ငြိမ်သော အမူအရာကို ကြည့်ရင်း ဟာမော့ထီ၏ စိတ်ထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ပေါ်လာသည်။
'မဖြစ်နိုင်ပါဘူး၊ သူတို့က အဆင့်နိမ့် အန္တိမသူတော်စင်တွေကို သတ်နိုင်ပေမဲ့ အထွတ်အထိပ်အဆင့် အန္တိမသူတော်စင်ကိုတော့ မသတ်နိုင်ဘူး။ နောက်ပြီးတော့ ဒီမှာ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တွေတောင် ရှိသေးတယ်'
ဟာမော့ထီက ခေါင်းယမ်းပြီး မကောင်းသော ခံစားချက်များကို ဖယ်ထုတ်ပစ်လိုက်သည်။
"အဲဒီကောင်လေးနဲ့ မိန်းကလေးက သွားပြီ"
"ဟာမိသားစုက အင်အားကြီးမားပြီး ပျက်စီးခြင်းမြို့တော် တစ်ခုလုံးကို လွှမ်းမိုးထားတာကို... ဒီကောင်လေးနဲ့ မိန်းကလေးက ဟာမိသားစုကို တကယ်ကြီး ရန်စဝံ့တယ်"
"အဲဒီကောင်မလေးလည်း သွားပါပြီ၊ သူက တော်တော်လေးလှပေမဲ့ ဟာမော့ထီရဲ့ ဖျက်ဆီးခြင်းခံရလိမ့်မယ်"
အဝေးမှ ကြည့်ရှုနေသော လူများစွာက သက်ပြင်းချလိုက်ကြသည်။
ဤအတောအတွင်း၊ ဟာမိသားစုက ပျက်စီးခြင်းမြို့တော်ကို လွှမ်းမိုးချုပ်ကိုင်ကာ ကြီးစိုးခဲ့ပေသည်။ လူများစွာက သူတို့၏ အနိုင်ကျင့်မှုကို ခံစားခဲ့ရသည်။ သို့သော်လည်း မည်သူမျှ မတုံ့ပြန်ဝံ့ပေ။ ဤအခိုက်အတန့်မှာ အားလုံးက အဝေးမှာရပ်နေပြီး ခပ်တိုးတိုးသာ ဆွေးနွေးနေခဲ့ကြသည်။
ထိုအချိန်တွင် လုမင်၏ မျက်ခုံးနှစ်ခုကြားမှ တောက်ပလာပြီး ပန်းချီစာလိပ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းက တောင်နှင့်မြစ်ပန်းချီကားပင်။
ထို့နောက်၊ တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ အရပ်မြင့်မြင့်ဖြင့် ခန္ဓာကိုယ် ထွားကျိုင်းသော လူရိပ်တစ်ခု ထွက်လာခဲ့သည်။
ဤပုံရိပ်ကိုမြင်တော့ ဟာမော့ထီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ထို့နောက်၊ သူ့မျက်လုံးများက ကြောက်ရွံ့မှုတို့ ပေါ်လာပြီး အော်ဟစ်လိုက်၏။
"မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ"
တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်လာသူက ဟွမ်ရှ ဖြစ်သည်။ ဟာမော့ထီက ရှေးဟောင်းပျက်စီးခြင်းနယ်မြေကို ဝင်ရောက်ခဲ့ပြီး ဟွမ်မျိုးနွယ်ဝင်များကို တွေ့ခဲ့ဖူးပေသည်။ တစ်ချက်ကြည့်ရုံဖြင့်၊ ဟွမ်ရှက သူတို့ကို တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
သို့သော်၊ အလွန်နောက်ကျသွားပြီ။
"ဝုန်း... ဝုန်း..."
ဟွမ်ရှက လက်သီးချက်များ ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက အရာအားလုံးကို ချေမှုန်းနိုင်သကဲ့သို့ လေထုကို ထိုးဖောက်သွား၏။ ကြောက်စရာကောင်းသော လက်သီးအင်အားက ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်သူတော်စင်နှင့် အထွတ်အထိပ် အန္တိမသူတော်စင်သုံးဦး၏ မျက်နှာများကို သွေးဆုတ်ဖြူရော်သွားစေသည်။ သူတို့က သွေးရူးသွေးတန်းဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော်လည်း သူတို့က သိုင်းဧကရာဇ်ထံမှ မလွတ်မြောက်နိုင်တော့ပေ။
လက်သီးအင်အားက လေဟာနယ်ကို ဖြတ်သွားသည်။ ပညာရှင်လေးဦးတို့မှာ အော်ဟစ်ရန်ပင် မစွမ်းနိုင်ဘဲ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွား၏။ ကြီးမားသော အဖျက်စွမ်းအားအောက်တွင် သူတို့က ပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဟာမော့ထီက လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။
"ပြေး... ပြေး..."
ဟာမော့ထီက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူက တခြား ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်အား သူ့ကိုခေါ်ပြီး ထွက်ပြေးရန် လောဆော်လိုက်၏။
သို့သော်လည်း ကြီးမားသော လက်တစ်စုံက လေဟာနယ်မှ ဆန့်ထွက်ကာ ဖမ်းဆုပ်လိုက်သည်။ ဧရာမလက်ကြီးက ဟာမော့ထီနှင့် အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူကို ဖမ်းဆုပ်လိုက်၏။ ရုန့်ရင်းကြမ်းတမ်းသော စွမ်းအင်များက သူတို့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံမှုကို ဖျက်ဆီးပစ်လိုက်တော့သည်။
ဟာမော့ထီက ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း အံသြသွားကြသည်။ သူတို့မြင်နေရတာကို မယုံနိုင်တော့ပေ။
ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင် နှစ်ဦးနှင့် အထွတ်အထိပ် အန္တိမသူတော်စင် သုံးဦး... ဤသည်မှာ ကြောက်စရာကောင်းသော အင်အားတစ်ခုဖြစ်သော်လည်း ဟွမ်ရှက ပုရွက်ဆိတ်များကဲ့သို့ သူတို့ကို ချေမှုန်းပစ်ခဲ့သည်။
"သိုင်းဧကရာဇ်၊ ဒါက သိုင်းဧကရာဇ်ပဲ"
“အဲဒီလူငယ်တွေက ဘယ်သူတွေလဲ။ တကယ်ကြီး သူတို့မှာ သိုင်းဧကရာဇ်တစ်ပါး ရှိနေတယ်"
"သူက ပျက်စီးခြင်းမြို့တော်ရဲ့ အပြင်ဘက်က အင်အားစုကြီးတစ်ခုရဲ့ ပါရမီရှင် ဖြစ်ရမယ်။ သူတို့က ဒီလောက် တည်ငြိမ်နေတာ အံ့သြစရာ မရှိပါဘူး။ သူတို့ရဲ့နောက်မှာ သိုင်းဧကရာဇ်တစ်ပါး ရှိနေတယ်"
လူများ၏ မျက်လုံးများက တောက်ပလာသည်။ သိုင်းဧကရာဇ်၏ တည်ရှိမှုက ပျက်စီးခြင်းမြို့တော်၏ လက်ရှိအခြေအနေကို ပြောင်းလဲစေမည်လော။
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟာမော့ထီ၏ဘေးတွင် ပေါ်လာသည်။ သူက သူတော်စင်စွမ်းအင်ကို ဓားတစ်လက်အဖြစ် ဖွဲ့စည်းပြီး ကျန်သော အန္တိမသူတော်စင်ကို သတ်ပစ်လိုက်၏။
"မသတ်နဲ့... ငါ့ကို မသတ်ပါနဲ့..."
ဟာမော့ထီက ရင်ကွဲသံကြီးဖြင့် အော်ဟစ်လိုက်သည်။ သူက ဘောင်းဘီထဲကို သေးထွက်ကျတော့မည်။
"စိတ်မပူပါနဲ့၊ ငါမင်းကိုမသတ်ဘူး"
လုမင်က ဟာမော့ထီ၏ လည်ပင်းကို ကိုင်မြှောက်လိုက်သည်။
"ဟာမိသားစုကို သွားရအောင်"
ထိုသို့ပြောဆိုပြီးနောက် ဟာမိသားစုဆီသို့ လျှောက်သွားတော့သည်။
ချင်ယွဲ့နှင့် ဟွမ်ရှတို့လည်း နောက်မှ လိုက်ပါသွားကြသည်။
"ကျုပ်တို့လည်း ဟာမိသားစုကို လိုက်သွားကြမယ်ဟေ့။ ပြပွဲကောင်းတစ်ခုကို မြင်ရတော့မယ်"
"အဲဒီ သိုင်းဧကရာဇ်က ဟာမိသားစုကို တိုက်ခိုက်တော့မှာလား။ သွားကြည့်ကြရအောင်"
လူများက သိုင်းဧကရာဇ်ကြီးမှ ဟာမိသားစုကို တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မိခဲ့သည်။ ဟာမိသားစုကို ဖျက်ဆီးနိုင်ပါက ပျက်စီးခြင်းမြို့တော်ရှိ အခြေအနေကလည်း ပြန်ပြောင်းသွားလိမ့်မည်။
ဤနေရာက ဟာမိသားစုနှင့် မဝေးလှပါ။ များမကြာမီ သူတို့က ဟာမိသားစု၏ အိမ်တော်ရှေ့သို့ ရောက်ရှိလာကြသည်။
"ဟာကျန်း၊ ထွက်လာပြီး အသေခံစမ်း"
လုမင်က အော်ပြောလိုက်သည်။ သူ့အသံက ဟာမိသားစုတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပေသည်။
"ဘယ်သူက လာပြီးအသေခံတာလဲကွ"
ဟာကျန်း၏ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ၏။ အလင်းတန်းတစ်ခု လင်းလက်လာပြီး ဟာကျန်းက လေထဲတွင် ပေါ်လာတော့သည်။
"ကောင်လေး၊ မင်းပဲလား။ ဟာမော့ထီ..."
ဟာကျန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လုမင်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများက အေးစက်သော သတ်လိုစိတ်များဖြင့် ပြည့်နှက်သွား၏။ ထို့နောက် လုမင်၏လက်ထဲတွင် ဟာမော့ထီကို တွေ့လိုက်ရပြန်တော့သည်။
"ကောင်လေး၊ ဟာမော့ထီကို လွှတ်လိုက်စမ်း။ မဟုတ်ရင် မင်း..."
ဟာကျန်းက အော်လိုက်သည်။ သို့သော်လည်း ရုတ်တရက် ရပ်သွား၏။ သူ့လည်ချောင်းတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ အသံမထွက်နိုင်တော့ပေ။
သူ့မျက်လုံးများက ဟွမ်ရှကို သတိပြုမိလာသည်။
အစောပိုင်းက ဒေါသထွက်နေသောကြောင့် ဟာမော့ထီကို သတိမပြုမိပေ။ ယခု ဟွမ်ရှကို မြင်လိုက်ရပြီးနောက် သူ့မျက်လုံးများက ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားသည်။
"ဝှစ်..."
နောက်အခိုက်အတန့်မှာ၊ ဟာကျန်းက လှည့်ပြီး ထွက်ပြေးသွား၏။ သူက ဟာမော့ထီကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
"ငါ့ရှေ့မှာ ပြေးဖို့ကြိုးစားနေတာလား"
ဟွမ်ရှ၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ ထို့နောက် ဟာမိသားစု၏ အိမ်တော်အထက်တွင် ကြီးမားသော ခြေဖဝါးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ဟာမိသားစု တစ်ခုလုံးကို လွှမ်းခြုံထားသော နတ်ဘုရား၏ ခြေဖဝါးကဲ့သို့ပင်။
ကြီးမားသော ခြေဖဝါးအောက်တွင် ဟာကျန်းက မုန်တိုင်းကြားမှ လှေငယ်လေးကဲ့သို့ဖြစ်ပြီး အချိန်မရွေး ပျက်စီးသွားနိုင်သည်။
ဟာကျန်းက ဟိန်းဟောက်လိုက်သည်။ နိယာမမြစ်ကြီးက သူ့ခန္ဓာကိုယ်ကို ဝန်းရံထား၏။ သူက ဧရာမ ခြေဖဝါးကြီး၏ နယ်နိမိတ်မှ အစွမ်းကုန်ပေါက်ကွဲပြီး ထွက်ပြေးချင်သည်။
သို့သော်၊ အရာအားလုံးက အချည်းနှီးသာ။
ဧရာမ ခြေဖဝါးကြီး ကျလာပြီးနောက် ဟာကျန်းက နာကျင်စွာ အော်လိုက်သည်။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေပြင်ကြားတွင် ပြန့်ကျဲသွားတော့သည်။
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်သည်လည်း ထိုနည်းလည်းကောင်းပင် သေဆုံးခဲ့ရသည်။
သိုင်းဧကရာဇ်တစ်ပါးက စွမ်းအားကြီးလွန်းပေသည်။ သိုင်းဧကရာဇ်နယ်ပယ်အောက်မှ ကျင့်ကြံသူအားလုံးက သိုင်းဧကရာဇ်၏ရှေ့တွင် ပုရွက်ဆိတ်များနှင့် မခြားပေ။ ဧကရာဇ်တစ်ပိုင်းပင်လျှင် ခြားနားမှုမရှိပါချေ။
ဟာကျန်းကို သတ်လိုက်ပြီးနောက် ဧရာမ ခြေဖဝါးကြီးက မရပ်တန့်ဘဲ ဆက်လက် နင်းချလာခဲ့သည်။
ဟာမိသားစုအတွင်းမှ အလင်းတန်းများစွာတို့ ထွက်ပေါ်လာသည်။ သူတို့က ဟာမိသားစုမှ ထွက်ပြေးရန် ကြိုးစားကြသူများ ဖြစ်၏။ သို့သော်လည်း ဤခြေဖဝါးကြီးအောက်တွင် အရာအားလုံးက စိတ်ကူးယဉ်ဆန်သော အတွေးမျှသာ။
လူရိပ်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲပြီး သေဆုံးသွားကြသည်။
"ဝုန်း"
ဧရာမ ခြေဖဝါးကြီးက ဟာမိသားစုအိမ်တော်ကို နင်းချလိုက်သည်။ ကျယ်ပြောလှသော အိမ်တော်ကြီးက ပေါက်ကွဲပြီး ပြာဖြစ်သွား၏။ ဟာမိသားစု တစ်ခုလုံးက ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ။
"ကောင်းပြီ၊ ဒီနည်းနဲ့ ရှေးဟောင်းပျက်စီးခြင်းနယ်မြေရဲ့ ဝင်ပေါက်ကို ဘယ်သူမှ သိမှာ မဟုတ်ဘူး"
ဟွမ်ရှက ပြုံးလိုက်သည်။
လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ ချင်ယွဲ့၏ မျက်လုံးများမှာလည်း သနားခြင်း အရိပ်အယောင်တစ်ခု ပေါ်လာ၏။
တစ်ချက်တည်းဖြင့်၊ ဟာမိသားစု တစ်ခုလုံး ပျက်စီးသွားပြီ။ ဤအရာက လုမင်၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
မူလက၊ ဟွမ်ရှသည် ဟာမိသားစု၏ ထိပ်တန်း ကျွမ်းကျင်သူတချို့ကိုသာ သတ်ပစ်မည်ဟု သူထင်ခဲ့သည်။ ဟွမ်ရှက အလွန်ကြမ်းတမ်းပြီး ဟာမိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု မမျှော်လင့်ထားပေ။
လုမင်လည်း သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
သိုင်းပညာကမ္ဘာသည် သန်မာသူများက အားနည်းသူများထံမှ လုယက်သည့် ရက်စက်ကြမ်းကြုတ်သောကမ္ဘာ ဖြစ်သည်။ ဤမိသားစုတွင် အပြစ်မဲ့သူများ များစွာရှိနိုင်သည်။ သို့ရာတွင်၊ ဟွမ်ရှက ဘာကြောင့်ဂရုစိုက်ရမည်နည်း။
သူ့မျက်လုံးထဲမှာ သာမန်လူများက ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နိုင်သည်။
ဟွမ်မျိုးနွယ်၏ အာရုံစိုက်မှုကို ရရှိပြီး သူတို့ကို များစွာ ကူညီပေးနိုင်ခဲ့သော သူ၏ အရည်အချင်းကြောင့် မဟုတ်ပါက၊ လုမင်သည်လည်း ဟွမ်ရှ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်နိုင်သည်။
ထိုသို့သောကမ္ဘာကြီးတွင်၊ လုမင်က အခြားသူများ၏ ပုရွက်ဆိတ်ကဲ့သို့ ဆက်ဆံခြင်းကို မခံရစေရန် အဆက်မပြတ် တိုးတက်လာနေရမည် ဖြစ်သည်။
"သွားကြရအောင်"
လုမင်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားသည်။
ဤနေ့တွင်၊ ပျက်စီးခြင်းမြို့တော်၏ အုပ်စိုးသူ ဟာမိသားစု ပျက်စီးသွားခဲ့သည်။ ဟာမိသားစု တစ်ခုလုံး သုတ်သင်ခံခဲ့ရ၏။
ယနေ့တွင်၊ ဟာမော့ထီက မပြစ်မှားသင့်သော ပြိုင်စံရှားပါရမီရှင်တစ်ဦးကို စော်ကားခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်လာသည်။ ထိုပါရမီရှင်က သိုင်းဧကရာဇ်ကို ခေါ်ဆောင်လာပြီး ဟာမိသားစုကို ဖျက်ဆီးခဲ့ပေသည်။
ယနေ့မှစ၍ ပျက်စီးခြင်းမြို့တော်၏ အခြေအနေက အလွန်ပြောင်းလဲသွားပြီး တိုးတက်ရေးအတွက် ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။