← Chapters

အခန်း ၁၈၆၈

Vol. 125 Ch. 1868

အခန်း ၁၈၆၈

Vol. 125 Ch. 1868

အပိုင်း ( 1868 ) ကောင်းကင်ဧကရာဇ်မြို့တော်။

ပျက်စီးခြင်းမြို့တော်မှ အရာအားလုံးက လုမင်နှင့် မသက်ဆိုင်တော့ပါ။

လဝက်ကြာပြီးနောက် လုမင်နှင့် အခြားသူများက ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ တာ့ယန်ဆေးခန်းမသို့ ပြန်ရောက်လာခဲ့ကြသည်။

ဟွမ်ရှကတော့ သူတို့နှင့် မလိုက်ပေ။ ဟွမ်ရှက ဟာမိသားစုကို ဖျက်ဆီးပြီးနောက် ရှေးဟောင်းပျက်စီးခြင်းနယ်မြေသို့ ပြန်သွားခဲ့သည်။

လုမင်က ဟွမ်လီနှင့် အခြားသူများကို တာ့ယန်ဆေးခန်းမသို့ ခေါ်ဆောင်သွားခဲ့လေသည်။

တာ့ယန်ဆေးခန်းမသို့ ပြန်ရောက်လာပြီးနောက် လုမင်က ဖီးနစ်နန်းတော်သို့ ချက်ချင်း သွားရောက်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်ဧကရာဇ်မြို့တော်ရှိ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က လွန်ခဲ့သည့် နှစ်လကျော်ခန့်ကပင် ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိခဲ့ရပေသည်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ ထင်ရှားကျော်ကြားသော ပါရမီရှင်အားလုံးနီးပါးက ကောင်းကင်ဧကရာဇ်မြို့တော်သို့ ရောက်ရှိသွားကြသည်။

ဟွမ်လင်၊ လုံချန်နှင့် ကျန်သူများလည်း ကောင်းကင်ဧကရာဇ်မြို့တော်သို့ သဘာဝအတိုင်း ရောက်ရှိသွားကြပြီ။

မျိုးဆက်သစ် ပါရမီရှင်များ၏ ပြိုင်ဆိုင်မှုမရှိသောအခါ ရှေးဟောင်းလ မြင့်မြတ်နယ်မြေက ငြိမ်သက်သွားခဲ့သည်။

သို့သော်လည်း ကောင်းကင်ဧကရာဇ်မြို့တော်မှာတော့ မည်မျှသက်ဝင်လှုပ်ရှားပြီး ပြင်းထန်မည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

လုမင်လည်း ကောင်းကင်ဧကရာဇ်မြို့တော်ရှိ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို သွားရောက်ရန် စီစဉ်ခဲ့သည်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် ပါရမီရှင်များ စုဝေးနေကြောင်း သိရသောအခါ ဟွမ်လီနှင့် အခြားသူများက အလွန်စိတ်လှုပ်ရှားပြီး ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ကို လှစ်ဟလာကြသည်။

လုမင်၏နောက်သို့ လိုက်ပြီးနောက် သူတို့၏ အဓိက ရည်ရွယ်ချက်မှာလည်း အတွေ့အကြုံရှာဖွေရန်နှင့် အခြား ပါရမီရှင်များကို ရင်ဆိုင်ရန်ပင် မဟုတ်လော။

ထို့ပြင်၊ ဟွမ်မျိုးနွယ်က တိုက်ခိုက်ခြင်းကို နှစ်သက်ကြသည်။ ယခုတော့ ပါရမီရှင်များစွာ စုစည်းနေကြောင်း သိရသဖြင့် သူတို့က သဘာဝအတိုင်း စိတ်လှုပ်ရှားနေကြတော့သည်။

လုမင်နှင့် အခြားသူများက အချိန်မဆွဲကြပါ။ တာ့ယန်ဆေးခန်းမသို့ ပြန်ရောက်လာပြီး သုံးရက်မြောက်သောနေ့တွင် ဖီးနစ်နန်းတော်သို့သွားကာ ဖီးနစ်နန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို အသုံးပြုလိုက်ကြသည်။

အိုးရန်မော့လီကိုတော့ လုမင်က တာ့ယန်ဆေးခန်းမတွင် ထားရစ်ခဲ့ပေသည်။ သူ့ကို ဦးလေးခုန်းနှင့်အတူ ဆက်လက်နေထိုင်ပြီး လေ့ကျင့်စေသည်။

ဤကာလအတွင်း၌ ရွယ်နင်ရှင်း၏ ကျင့်ကြံမှုက တောက်ပသောသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်သွားခဲ့သည်။ ထို့ကြောင့် လုမင်က ရွယ်နင်ရှင်းကို ကောင်းကင်ဧကရာဇ်မြို့တော်သို့ ခေါ်ဆောင်သွား၏။

ကောင်းကင်ဧကရာဇ်မြို့တော်က ယွမ်တောင်၏ အလယ်ပိုင်းဒေသတွင် တည်ရှိသည်။ ၎င်းက မဟာ မြင့်မြတ်နယ်မြေကိုးခုအနက် ​​ယွမ်တောင်မြင့်မြတ်နယ်မြေ၏ ‌ဦးခေါင်းပိုင်း ဖြစ်ချေသည်။ ဒဏ္ဍာရီများအရ ၎င်းကို ကောင်းကင်ဧကရာဇ်အဆင့် တန်ခိုးရှင်မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံမှု ပတ်ဝန်းကျင်ကလည်း ထူးခြားမှုရှိ၏။

သို့သော်လည်း ကောင်းကင်ဧကရာဇ်အဆင့် ထိုတန်ခိုးရှင်က ရှေးယခင်ကပင် ကျဆုံးသွားခဲ့ပြီဟု ဆိုသည်။ နောက်ပိုင်းတွင်၊ ကောင်းကင်ဧကရာဇ်မြို့တော်ကို အင်အားကြီးမားသော အင်အားစုများစွာက သိမ်းပိုက်ခဲ့ကြသည်။

ကောင်းကင်ဧကရာဇ်မြို့တော်၏ ပတ်ပတ်လည်တွင် အရန်မြို့ရှစ်မြို ရှိသည်။ ယွမ်တောင်၏ အခြားနယ်မြေများရှိ အင်အားစုများက ကောင်းကင်ဧကရာဇ်မြို့တော်ကို ရောက်ရှိလိုပါက၊ မြို့ကြီးရှစ်ခုကိုသာ ပို့ဆောင်နိုင်လိမ့်မည်။

လုမင်နှင့် အခြားသူများလည်း‌ တောင်ဘက်စွန်းရှိ အရန်မြို့သို့ တည်နေရာရွှေ့ပြောင်းလာပြီးနောက် ကောင်းကင်ဧကရာဇ်မြို့တော်သို့ ဆက်လက်ပျံသန်းသွားကြသည်။

အဝေးမှပင် ကျယ်ပြောလှပြီး အကန့်အသတ်မရှိသော မြို့ကြီးကို မြင်နိုင်ပေသည်။ ဧရာမ မြို့တော်ကြီးက ကြီးကျယ်ခမ်းနားသော ရောင်ဝါများဖြင့် ပြည့်နှက်နေသည်။ သူတို့က ကောင်းကင်ဧကရာဇ်မြို့တော်သို့ ချဉ်းကပ်လာသောအခါ လေထုထဲသို့ စိမ့်ဝင်နေသော ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ခံစားလိုက်ရသည်။ ကောင်းကင်ဧကရာဇ်မြို့တော်တွင် အမြင့်မြတ်ဆုံးတည်ရှိမှုတစ်ခု ရှိနေသကဲ့သို့ပင်။

ကောင်းကင်ဧကရာဇ်မြို့တော်ထဲသို့ လျှောက်သွားသောအခါ အလွန်ရှေးကျပုံရသော ရှေးဟောင်း အဆောက်အဦများကို မြင်လာခဲ့ရသည်။

ထို့နောက် ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ တည်‌နေရာကို သိရှိရန် တစ်စုံတစ်ဦးကို မေးမြန်းခဲ့လေသည်။

ယခုအခါမှာတော့ ကောင်းကင်ဧကရာဇ်မြို့တော်တွင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော် အကြောင်းကို မသိသူမရှိပါ။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို မဟာဧကရာဇ်များစွာက ပူးပေါင်းပြီး တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် ယွမ်တောင်နယ်မြေ တစ်ခုလုံးရှိ ပါရမီရှင်များစွာက ပူးပေါင်းကြခြင်းကြောင့် မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပေသည်။

သူတို့က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ တည်နေရာကို အလွယ်တကူ ရှာဖွေတွေ့ရှိပြီး ဦးတည်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်မြို့တော်က အနှိုင်းမဲ့ ကြီးကျယ်ခမ်းနားသည်။ ကျယ်ပြောလွန်း၏။ မြို့တစ်မြို့သာဖြစ်သော်လည်း ၎င်း၏မျက်နှာပြင်ဧရိယာက ရှေးဟောင်းလ မြင့်မြတ်နယ်မြေထက် များစွာကြီးမားသည်။

သူတို့က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို ရှာဖွေရန် အချိန်တစ်ခုပေးလိုက်ရလေသည်။

နောက်ဆုံးတွင် 'ယွမ်တောင် မြင့်မြတ်သောကျောင်းတော်'ဟု စာလုံးကြီးများဖြင့် ရေးထိုးထားသော တံခါးတစ်ခုကို တွေ့လိုက်ရသည်။

"ရပ်လိုက်၊ မင်းတို့ ဒီကို ဘာလာလုပ်တာလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လုမင်နှင့် အခြားသူများကို ဟန့်တားလိုက်သည်။

"အကြီးအကဲ၊ ကျုပ်တို့က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ပါဝင်ဖို့ ရောက်လာကြတာပါ"

လုမင်က လက်ယှက်ပြပြီး သူ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်၏။

"အခုမှ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ပါဝင်ဖို့ ရောက်လာတာလား။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ဖွင့်ပြီးတာတောင် နှစ်လကျော်ကြာနေပြီ။ မင်း မသိဘူးလား"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက မှုန်ကုပ်သွားသည်။

"ကျွန်တော်တို့မှာ အရေးကြီးကိစ္စတစ်ခုရှိလို့ နှောင့်နှေးနေခဲ့ရတာပါ။ အခု ကိစ္စပြီးပြီမို့ ချက်ချင်း ပြေးလာခဲ့ကြတာ... ကျွန်တော်တို့ကို ခြွင်းချက်တစ်ခုထားပြီး ခွင့်ပြုပေးပါ"

လုမင်က ယဉ်ကျေးစွာ ပြောလိုက်သည်။

"ခြွင်းချက်ထားဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မဟာဧကရာဇ်ကြီးက နောက်ကျလာတဲ့သူတွေကိုလည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ထဲ ဝင်ခွင့်ပေးဖို့ အမိန့်ပေးထားတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေက ပိုများတယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုအ‌ဆင့်ကို ငါ့ကို အရင်ပြပါ"

လူလတ်ပိုင်းအရွယ်က အမျိုးသားက ပြောလိုက်သည်။

"ကောင်းပြီ"

လုမင်နှင့် ကျန်သူများက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်တော့သည်။

"ဘာ... မဟာသူတော်စင်နယ်ပယ်... မဟာသူတော်စင်နယ်ပယ်တွေ အများကြီးပဲလား"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

လူတစ်ဒါဇင်ကျော်ရှိသော လုမင်တို့၏ အဖွဲ့တွင် အများစုက မဟာသူတော်စင်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ အနိမ့်ဆုံးက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ် ဖြစ်၏။ ရွယ်နင်ရှင်း တစ်ဦးတည်းသာ တောက်ပသော သူတော်စင်နယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။

အထူးသဖြင့်၊ ဟွမ်လီနှင့် တခြားသူများက ထွားကြိုင်းကြပြီး အပုဆုံးက အရပ်နှစ်မီတာကျော်ပေသည်။ သူတို့က မည်သည့်အင်အားစုမှ ရောက်ရှိလာသနည်း။

အသက်ပြင်းပြင်းရှူလိုက်ပြီးမှ လူလတ်ပိုင်းအရွယ်က ပြန်လည်တည်ငြိမ်လာခဲ့သည်။

"ငါက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ ဆရာတစ်ယောက်ပါ။ ငါ ကြိုပြောထားလိုက်မယ်၊ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ဝင်ရောက်မယ်ဆိုရင် အနိမ့်ဆုံး လိုအပ်ချက်က တောက်ပသော သူတော်စင်နယ်ပယ်ကို ရောက်ရှိဖို့ဖြစ်ပြီး ဝိညာဉ်ခန္ဓာကလည်း ကောင်းကင်အဆင့် ဝိညာဉ်ခန္ဓာ ဖြစ်ရမယ်။ ဒါကြောင့် မင်းတို့ရဲ့ ဝိညာဉ်ခန္ဓာတွေကို ငါ စစ်ဆေးမယ်။ ငါနဲ့ လိုက်ခဲ့ပါ"

ထိုသို့ပြောဆိုပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းသို့ ဝင်သွားသည်။ လုမင်နှင့် ကျန်လူများလည်း နောက်မှ လိုက်သွားကြလေသည်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းသို့ လှမ်းဝင်လိုက်သောအခါ တိမ်တိုက်များကဲ့သို့ မြင့်မားပြီး ခမ်းနားသော တောင်များကို လှမ်းမြင်လိုက်ရသည်။

တောင်များပေါ်တွင် အမျိုးမျိုးသော အဆောက်အအုံများနှင့် ဘုံဗိမာန်များကို တည်ဆောက်ထား၏။

အချို့ မြေပြန့်နေရာများတွင်လည်း အဆောက်အအုံ အမျိုးမျိုး ရှိနေကြသေးသည်။

ကောင်းကင်ဧကရာဇ်မြို့တော်ရှိ မြေတစ်လက်မစီတိုင်းက အလွန်ဈေးကြီးသည်။ သာမန်အင်အားစုများက ဤနေရာတွင် နေထိုင်ရန်ပင် မဖြစ်နိုင်ပေ။ သို့သော်လည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က မဟာဧကရာဇ်ကြီးများ ပူးပေါင်းပြီး တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သူတို့က ကျယ်ပြောသော နယ်မြေတစ်ခုကို သိမ်းပိုက်ခဲ့သော်လည်း သဘာဝအတိုင်း မည်သူမျှ မပြောဝံ့ကြပေ။

ခဏအကြာတွင်၊ ခန်းမတစ်ခုသို့ ရောက်လာသည်။ ခန်းမအလယ်တွင် သလင်းကျောက်နှင့်တူသော ကျောက်တိုင်တစ်ခု ရှိ၏။

"ဒီသလင်းကျောက်တိုင်ကို မဟာဧကရာဇ်ကြီးတွေက သန့်စင်ထားတာ... အဲဒါက ဝိညာဉ်ခန္ဓာရဲ့ အဆင့်ကို ထောက်လှမ်းနိုင်တယ်လေ။ တစ်ယောက်ချင်းစီ လျှောက်သွားပြီးလိုက်ပါ၊ မင်းတို့ရဲ့ ဝိညာဉ်ခန္ဓာအဆင့်ကို ငါ သိနိုင်လိမ့်မယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။

"ကျုပ်ကို အရင်သွားခွင့်ပြုပါ"

ဟွမ်လီက ဦးစွာ လျှောက်သွားသည်။ သူသည် ရှေးဟောင်းပျက်စီးခြင်းနယ်မြေမှ ပထမဆုံး ထွက်လာခြင်းဖြစ်၍ အရာအားလုံးကို အလွန်သိချင်နေ၏။ သူက ရှေ့ကိုလှမ်းသွားပြီး ကြည်လင်သော‌ ကျောက်တိုင်ရှေ့သို့ လျှောက်သွားခဲ့သည်။

ထိုအခါ ကျောက်တိုင်မှ အလင်းရောင်တစ်ခု ထုတ်လွှတ်လာပြီး ဟွမ်လီကို ဖုံးအုပ်လိုက်တော့သည်။

ထို့နောက် သလင်းကျောက်တိုင်မှ ထူးဆန်းသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

"အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ"

လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် အံ့သြသွားသည်။ သူ့လက်ထဲတွင် စာအုပ်တစ်အုပ် ပေါ်လာပြီးနောက် မေးလိုက်၏။

"မင်းနာမည် ဘယ်လိုခေါ်လဲ၊ မင်းရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ဖို့ လိုတယ်"

"ဟွမ်လီ"

ဟွမ်လီက သူ၏အမည်၊ အသက် စသည်တို့ကို ပြောပြလိုက်လေသည်။

"ကောင်းပြီ၊ မင်းက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ဝင်ရောက်နိုင်တယ်။‌ နောက်တစ်ဦး..."

လူလတ်ပိုင်းအရွယ် အမျိုးသားက ဟွမ်လီ၏ အချက်အလက်များကို ဖြည့်သွင်းပြီးနောက် အခြားသူများကို ကြည့်လိုက်သည်။

ဟွမ်လီက နောက်ပြန်ဆုတ်လာသောအခါ ဟွမ်တိက ရှေ့သို့ တိုးသွား၏။

"နောက်ထပ် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ"

လူလတ်ပိုင်းအရွယ်က အမျိုးသား၏ မျက်လုံးအရောင်လက်သွားသည်။

ဤကာလတွင် မရေမတွက်နိုင်သော ပါရမီရှင်များကို သူတွေ့ခဲ့ရသော်လည်း အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ ရှိသူတို့မှာ နည်းပါးသည်။ ယနေ့တွင် နှစ်ယောက်တိတိ တွေ့ရမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ဟွမ်တိ၏ အချက်အလက်များကို စာရင်းသွင်းပြီးနောက် ဟွမ်မျိုးနွယ်မှ နောက်ထပ် လူငယ်တစ်ဦး ထွက်လာပြန်သည်။

"ဒါကလည်း အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်နေတုန်းပဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားက တုန်ယင်စပြုလာသည်။

အဆင့်မြင့်ကောင်းကင်ဝိညာဉ်ခန္ဓာနှစ်ခုကို တပြိုင်နက်တည်း တွေ့မြင်ရန်ပင် ခက်ခဲသည်။ ဒါက မယုံနိုင်စရာပင်။

သို့ရာတွင်၊ သူ့အတွက် အံ့သြမှုက မပြီးဆုံးသေးပါ။ ထို့နောက်တွင် အံ့ဩရာမှ တုန်လှုပ်ချောက်ချားသည်အထိ ဖြစ်ရသည်။

ဟွမ်မျိုးနွယ်၏ လူငယ်ကိုးဦးတွင် ငါးဦးက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများ ရှိသည်။ လေးဦးက အလယ်လတ်အဆင့် ‌ကောင်းကင်ဝိညာဉ်ခန္ဓာများ ရှိ၏။

လုမင်နှင့် ချင်ယွဲ့တို့ကလည်း အဆင့်မြင့် ကောင်းကင် ဝိညာဉ်ခန္ဓာများကို ပိုင်ဆိုင်ထားကြသည်။ ပူဖောင်းလေးက စမ်းသပ်ခံသောအခါ သူမတွင်လည်း အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိကြောင်း ပြသခဲ့ပေသည်။

ဤအရာက လူလတ်ပိုင်းအရွယ် အမျိုးသားကို ကတုန်ကယင် ဖြစ်စေခဲ့သည်။

ဤလူငယ်များက မည်သူနည်း။ သူတို့ထဲတွင် အများစုက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများ ရှိနေသည်။ သူတို့ထဲတွင် ဘုရင်ခန္ဓာများပင် ရှိမည်လော။

ဤလူငယ်အားလုံး ကြီးပြင်းလာပါက အံ့မခန်း ဖြစ်နိုင်သည်။

All Chapters