အခန်း ၁၈၇၁
Vol. 125 Ch. 1871
အပိုင်း ( 1871 ) လုမင် စိန်ခေါ်ခြင်း။
"ဝုန်း"
ဟွမ်လီ၏ လက်သီးက ရွှေကျီးကန်း ပထမမင်းသား၏ လက်သည်းနှင့် ထိပ်တိုက်တွေ့သွားသည်။ ရွှေကျီးကန်း ပထမမင်းသား၏ အမူအရာက ပြောင်းလဲသွားပြီး လျင်မြန်စွာ ဆုတ်သွားရ၏။ သူ့လက်က တုန်ခါနေပြီး ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ဟွမ်လီ၏ လက်သီးချက်ကြောင့် သူ့လက်ချောင်းများ ကျိုးလုနီးပါး ဖြစ်သွားရပေသည်။
"လုမင်ပြောတာ မှန်တယ်။ မင်းက တကယ်ကို ငှက်နာတစ်ကောင်ပဲ"
ဟွမ်လီက နှုတ်ခမ်းကိုမဲ့ပြီး ပြုံးလိုက်သည်။
ဟွမ်မျိုးနွယ်မှ အခြားလူငယ်များကလည်း ရယ်မောလိုက်ကြလေသည်။
"မင်း... မင်းက သေလမ်းရှာနေတာပဲ"
ရွှေကျီးကန်း ပထမမင်းသားက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများက အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပေါ်လာ၏။
ဤတိုက်ခိုက်မှုတွင် သူက ပေါ့လျော့နေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင်၊ ဟွမ်လီ၏ လက်သီးချက်တွင် ထိုကဲ့သို့ ကြောက်မက်ဖွယ် အင်အားများ ပါ၀င်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"သတ်"
ရွှေကျီးကန်း ပထမမင်းသားက ဟိန်းဟောက်လိုက်သည်။ သူက သူ၏မူလပုံစံဖြစ်သော ခြေသုံးချောင်း ရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ အန္တိမသူတော်စင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံမှုအင်အားကလည်း အပြည့်အဝ ပေါက်ကွဲထွက်လာသည်။ သူက အတောင်ပံများကိုခတ်ပြီး ဟွမ်လီထံသို့ ပျံသန်းသွားတော့သည်။
အရာအားလုံးကို လောင်ကျွမ်းပြာချနိုင်စေသကဲ့သို့ ပြင်းထန်သော မဟာနေမင်း နတ်မီးလျှံက ဟွမ်လီထံသို့ ဖြတ်သန်းသွားခဲ့သည်။
ဟွမ်လီကလည်း ခွန်အားနိယာမကို အသက်သွင်းပြီး လက်အိတ်တစ်စုံကို ၀တ်လိုက်သည်။ သူက လက်သီးချက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်၏။ လက်သီးတစ်ချက်စီက ကောင်းကင်တွင် လေဟာနယ်အပေါက်များ ဖြစ်လာစေသည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက မဟာနေမင်း နတ်မီးလျှံကို ဖျက်ဆီးပစ်ပြီး ရွှေကျီးကန်း ပထမမင်းသားထံသို့ တိုးဝင်သွားတော့သည်။
"ဝှစ်..."
ရွှေကျီးကန်း ပထမမင်းသား၏ ခန္ဓာကိုယ်က ရုတ်တရက် သေးငယ်လာပြီး သာမန်လူတစ်ယောက်၏ အရွယ်အစားထက်ပင် သေးငယ်သွားသည်။ သို့ရာတွင်၊ သူ့အရှိန်က ပို၍ မြင့်တက်သွား၏။ သူက ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ ဟွမ်လင်ထံ ပျံသန်းသွားတော့သည်။ သူ၏ ရွှေကျီးကန်း ခြေသည်းသုံးချောင်းကလည်း အရာခပ်သိမ်းကို ထိုးဖောက်နိုင်သကဲ့သို့ အလွန်မာကျောသည်။ ၎င်းက ဓားသွားကဲ့သို့ အတောင်ပံများဖြင့် ခုတ်ပိုင်းပြီး ခြေသည်းများဖြင့်လည်း ကုပ်ဆွဲလိုက်သည်။
သို့ရာတွင်၊ ဟွမ်လီက အနည်းငယ်မျှ နောက်မတွန့်ပါ။ သူက လေထဲတွင် တည်ငြိမ်စွာရပ်ပြီး လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့နှစ်ဦးက ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကို ဖလှယ်ခဲ့ကြသည်။ ဟွမ်လီက ရွှေကျီးကန်း ပထမမင်းသား၏ တိုက်ခိုက်မှုများကို တားဆီးနိုင်ခဲ့ပေသည်။
"အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ"
လုမင်က ရေရွတ်လိုက်သည်။
ရွှေကျီးကန်း ပထမမင်းသား၏ ဝိညာဉ်ခန္ဓာကလည်း အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာပင်။ အန္တိမသူတော်စင်နယ်ပယ် သူ၏ ကျင့်ကြံမှုနှင့် ပေါင်းလိုက်သောအခါ၊ သူ၏တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသွားသည်။
ဟွမ်လီက ခဏတာ တိုက်ခိုက်မှုများကို ခံနိုင်သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ အရေးနိမ့်လာမည်ဖြစ်ကြောင်း လုမင် ကောင်းစွာသိပေသည်။
နောက်ဆုံးမှာတော့ အန္တိမသူတော်စင်နယ်ပယ်က မဟာသူတော်စင်နယ်ပယ်နှင့် ဝေးကွာသည်။
"အဆုံးစွန် ခွန်အားနိယာမ၊ ဒါက ဘုရင်ခန္ဓာပဲ"
အဝေးမှ တိုက်ပွဲကြောင့် ဆွဲဆောင်ခံရပြီး ရောက်ရှိလာသော ပါရမီရှင်များအားလုံး တုန်လှုပ်သွားကြသည်။
ပါရမီရှင်များ ပြည့်နှက်နေသော ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာပင် ဘုရင်ခန္ဓာက များများမရှိပေ။ ဘုရင်ခန္ဓာတိုင်းက အရပ်ရပ်၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည်။
ဘုရင်ခန္ဓာများ ကြီးပြင်းလာသောအခါ လုံးဝကြောက်စရာကောင်းလိမ့်မည်။
ဟွမ်လီနှင့် ရွှေကျီးကန်း ပထမမင်းသားတို့က ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ သို့ရာတွင်၊ လုမင် မျှော်လင့်ထားသည့်အတိုင်း ရွှေကျီးကန်း ပထမမင်းသားက ပိုမို အားကောင်းလာ၏။ ဟွမ်လီက တဖြည်းဖြည်း ဖိနှိပ်ခံလာရတော့သည်။
"ငါသူ့ကိုသွားကူလိုက်မယ်"
လုမင်၏ အနောက်ဘက်မှ လူတစ်ယောက်က ထွက်လာသည်။ ချင်ယွဲ့ ဖြစ်၏။
ချင်ယွဲ့၏ ခန္ဓာကိုယ်မှ ဓားမော့နှစ်ခုကလည်း ပျံထွက်လာသည်။ ဓားမော့တစ်လက်က ပူပြင်းပြီး ကျန်တစ်လက်က အေးမြပေသည်။
ဓားမော့နှစ်လက်က လှည့်ပတ်နေပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအားတစ်ခုအဖြစ် ရွှေကျီးကန်း ပထမမင်းသားထံသို့ ဖြတ်သန်းသွားသည်။
ကြောက်စရာကောင်းသော အဖျက်စွမ်းအားက ရွှေကျီးကန်း ပထမမင်းသားကို ထိတ်လန့်စေခဲ့သည်။ သူက ချက်ချင်းပင် ခုခံတိုက်ခိုက်လိုက်၏။ မဟာနေမင်း၏ နတ်မီးလျှံနှင့် ချင်ယွဲ့၏ အဖျက်စွမ်းအားက တိုက်မိသွားတော့သည်။
သို့သော်၊ ရွှေကျီးကန်း ပထမမင်းသားက ချင်ယွဲ့ကို လျှော့တွက်မိနေဆဲ ဖြစ်သည်။ ဓားမော့နှစ်လက်က မဟာနေမင်း၏ နတ်မီးလျှံကို ဖြတ်ကျော်ပြီး ရွှေကျီးကန်း ပထမမင်းသားထံ ဖြတ်သွားခဲ့သည်။ ရွှေကျီးကန်းပထမမင်းသားက ထိတ်လန့်တကြားဖြင့် လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း ဓားမော့များ၏ ခုတ်ထစ်ခြင်းကို ခံရဆဲပင်။ ရွှေရောင် အမွေးများက ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
"ဖွီ၊ ကောင်းကင်မှာလည်း ငှက်မွေးတွေချည်းပဲ။ မြန်မြန်သေတော့"
ဟွမ်လီက အော်လိုက်သည်။ သူက ရွှေကျီးကန်း ပထမမင်းသားကို ဆက်လက်တိုက်ခိုက်လိုက်၏။
အခြားတစ်ဖက်တွင်၊ ချင်ယွဲ့ကလည်း ယင်နှင့်ယန် နိယာမကို အသက်သွင်းကာ ရွှေကျီးကန်း ပထမမင်းသားကို တိုက်ခိုက်နေတော့သည်။
ရွှေကျီးကန်း ပထမမင်းသားက အစွမ်းကုန်ထုတ်ပြီး တိုက်ခိုက်သေးသော်လည်း မကြာမီပင် အရေးနိမ့်လာခဲ့သည်။
"နောက်ထပ် ဘုရင်ခန္ဓာ... ဘာဖြစ်လို့ ဘုရင်ခန္ဓာတွေက ဒီလောက်များနေရတာလဲ"
ခပ်ဝေးဝေးတွင်၊ လူများစွာတို့ တုန်လှုပ်သွားကြသည်။
ဟွမ်လီနှင့် ချင်ယွဲ့တို့ နှစ်ဦးစလုံးက လူသစ်များ ဖြစ်သည်။ သို့သော်လည်း ဟွမ်လင်၊ လုံချန်တို့နှင့် အတူတူရှိနေခြင်း ဖြစ်၏။ သို့ဆိုလျှင်၊ ဟွမ်လင်နှင့် လုံချန်၏အဖွဲ့တွင် ဘုရင်ခန္ဓာလေးဦးရှိနေသည်ဟု မဆိုလိုပါသလော။
ဤဘုရင်ခန္ဓာလေးပါး၏ ကျင့်ကြံမှုက ယခုအချိန်တွင် အနည်းငယ် အားနည်းနေဆဲ ဖြစ်သည်။ သို့ရာတွင်၊ သူတို့အားလုံး အန္တိမသူတော်စင်များ ဖြစ်လာပါက၊ မည်မျှ အစွမ်းထက်မည်နည်း။
"ညစ်ပတ်ကြတာပဲ၊ မင်းတို့က နှစ်ယောက် တစ်ယောက် အနိုင်ကျင့်တယ်"
ရွှေကျီးကန်း ပထမမင်းသားက အော်လိုက်သည်။
"အန္တိမသူတော်စင်တစ်ပါးက မဟာသူတော်စင်ကို တိုက်ခိုက်နေပြီး ညစ်ပတ်တယ်လို့ ဘယ်လိုပြောဝံ့တာလဲ။ မင်းလိုပြောရင် အဆင့်တူမှာ တိုက်ခိုက်ကြမယ်လေ၊ ဒါက ပိုပြီး တရားမျှတလိမ့်မယ်"
လုမင်က ရွှေကျီးကန်း ပထမမင်းသားနှင့် အခြားလူများကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်လိုက်၏။
ရွှေကျီးကန်း ပထမမင်းသားနှင့် အခြားသူများ တိတ်ဆိတ်သွားကြသည်။ သူတို့က ဘာပြောရမည်မှန်း မသိတော့ပေ။
အဆင့်တူဆိုလျှင် ဘုရင်ခန္ဓာများသာ သူတို့ကို ယှဉ်နိုင်မည်။ သို့ရာတွင်၊ လုမင်တို့၏ဘက်မှာ ဘုရင်ခန္ဓာများ အများကြီး ရှိ၏။ သူတို့က အဆင့်တူဖြင့် မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။ သူတို့၏ အားသာချက်က မြင့်မားသော သူတို့၏ ကျင့်ကြံမှုအခြေခံ ဖြစ်သည်။
သူတို့၏ အားသာချက်များကို စွန့်လွှန်ပြီး အားနည်းသည့်ဘက်သို့ မည်သို့ခုန်ဆင်းနိုင်မည်နည်း။
"မိန်းကလေးချင်ယွဲ့၊ မင်းက တစ်ခုတည်းသော နတ်နန်းတော်က ဖြစ်ပြီး ငါတို့ကိစ္စကို တကယ် ဝင်စွတ်ဖက်ချင်တာလား"
ရွှေကျီးကန်း ပထမမင်းသားက ချင်ယွဲ့ကို ဤကိစ္စမှ ရှောင်ထွက်သွားရန် မျှော်လင့်လျက် အော်ဟစ်လိုက်သည်။
သို့သော်လည်း ချင်ယွဲ့က ရွှေကျီးကန်း ပထမမင်းသားကို ဂရုမစိုက်ပေ။ သူက ပို၍ပင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
ဟွမ်လီက အနီးကပ်တိုက်ခိုက်ပြီး ချင်ယွဲ့က အဝေးမှနေ၍ တိုက်ခိုက်သည်။ သူတို့နှစ်ဦးက အချင်းချင်း ဖြည့်စွတ်ပေးနေသောကြောင့် အင်အားက ပိုကြီးမား၏။ ရွှေကျီးကန်း ပထမမင်းသားက ဒေါသတကြီး အော်ဟစ်နေသော်လည်း ဘာမျှမတတ်နိုင်ရှာပေ။
ရွှေကျီးကန်း ပထမမင်းသားသည် သူ့အစွမ်းရှိသမျှ တိုက်ခိုက်ပါသော်လည်း ချင်ယွဲ့နှင့် ဟွမ်လီတို့ကို ယှဉ်နိုင်ရုံမျှသာ ဖြစ်သည်။ တစ်ခါတလေမှာ အားနည်းချက်များပင် ရှိလာသေးသည်။
ရွှေကျီးကန်း ပထမမင်းသား၏ ကျင့်ကြံမှုအခြေခံက အန္တိမသူတော်စင်နယ်ပယ်၏ အဆင့်နိမ့်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း မကြာသေးမီကမှ အဆင့်တက်ခဲ့ခြင်း ဖြစ်သည်။ သူထိန်းချုပ်ထားသော နိယာမကလည်း ဘုရင်နိယာမ မဟုတ်ပါ။ ချင်ယွဲ့နှင့် ဟွမ်လီတို့ကတော့ ဘုရင်ခန္ဓာများ ဖြစ်ကြသည်။ ထို့ပြင် သူတို့၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်ရှိနေပြီး အန္တိမသူတော်စင်နယ်ပယ်နှင့် မဝေးတော့ပေ။ သူတို့နှစ်ယောက်က ပူးပေါင်းတိုက်ခိုက်သောအခါ ရွှေကျီးကန်း ပထမမင်းသားထက် များစွာ အားမနည်းကြတော့ပါ။
နှစ်ဘက်စလုံးက တိုက်ခိုက်မှုများ ဒါဇင်နှင့်ချီပြီး ရင်ဆိုင်ခဲ့သော်လည်း အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
"အံ့သြစရာပဲ၊ ဘုရင်ခန္ဓာအသစ် နှစ်ဦးတောင် ရှိတယ်။ နောက်ပြီးတော့ သူတို့က လုမင်နဲ့အတူ လိုက်ပါလာကြတာ"
ဟွမ်လင်နှင့် လုံချန်တို့က ချင်ယွဲ့ကို မြင်ဖူးသောကြောင့် အဆင်ပြေသည်။ သို့သော်လည်း ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းမှ အခြားသော ပါရမီရှင်များအပြင် မုချင်ရွယ်နှင့် ယဲ့တုန်ဖန့်တို့မှာ တုန်လှုပ်နေကြတော့သည်။
လုမင်နှင့်အတူ ဘုရင်ခန္ဓာနှစ်ဦး ရောက်ရှိလာကြသည်။ ထို့ပြင်၊ သူတို့၏ ကျင့်ကြံမှုအဆင့်က လုံချန်နှင့် ဟွမ်လင်ထက်ပင် မြင့်မားပြီး မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်နေပြီ။ သို့ဆိုလျှင်၊ ကျန်လူများက မည်မျှသန်မာသနည်း။
လူတော်တော်များများက ဟွမ်မျိုးနွယ်၏ အခြား ပါရမီရှင်များကို ကြည့်လိုက်မိကြသည်။
ဂွမ်တိနှင့် အခြားသူများကတော့ တိုက်ပွဲကိုသာ အာရုံစိုက်နေဆဲပင်။ သူတို့အားလုံးက တိုက်ခိုက်လိုစိတ် ပြင်းပြနေကြသည်။
ယခင်က၊ ရှေးဟောင်းပျက်စီးခြင်းနယ်မြေတွင် သူတို့ရင်ဆိုင်ရသော ပါရမီရှင်များက အကန့်အသတ် ရှိခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ မြောက်များစွာသော ပါရမီရှင်များကို မြင်ရသောအခါ တိုက်ခိုက်လိုစိတ်တို့ ပြင်းပြပြီး သူတို့၏သွေးများပင် ပွက်ပွက်ဆူလာသလို ခံစားနေရတော့သည်။ သူတို့ကလည်း ဟွမ်လီကဲ့သို့ ကြီးကျယ်သော တိုက်ပွဲတစ်ခုရရန် မစောင့်နိုင်တော့ပေ။
"လုမင်၊ မင်း စွမ်းတယ်ဆိုရင် ငါ့ကိုလာပြီး တိုက်ခိုက်ပါလား။ အခြားသူတွေနောက်မှာ ပုန်းနေစရာလိုသေးလား"
ရွှေကျီးကန်း ပထမမင်းသားက အော်ဟစ်လိုက်သည်။ သူက မဟာနေမင်း၏ နတ်မီးလျှံဖြင့် ချင်ယွဲ့နှင့် ဟွမ်လီကို တွန်းထုတ်လိုက်၏။
"မင်းက ငါ့ကို တိုက်ချင်တာလား။ ကောင်းပြီ၊ သေခြင်းရှင်ခြင်း တိုက်ပွဲကွင်းမှာ မင်းကို တိုက်ခိုက်မယ်။ မင်း လက်ခံဝံ့လား"
လုမင်က ပြောလိုက်သည်။ သူ့အသံက ကြောက်မက်ဖွယ်ရာ လူသတ်ချင်စိတ်တို့ ပြည့်နေတော့သည်။
"သေခြင်းရှင်ခြင်း တိုက်ပွဲကွင်း"
ရွှေကျီးကန်း ပထမမင်းသားက တုန်လှုပ်သွားသည်။ သူက တွေဝေသွား၏။
လုမင်၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို သူ ကြားဖူးသည်။ သို့ရာတွင်၊ လုမင်က မည်မျှပင် သန်မာသည်ဖြစ်စေ သူ့ကိုယှဉ်နိုင်ဦးမည် မဟုတ်ပေ။
သို့သော်လည်း သေခြင်းရှင်ခြင်းတိုက်ပွဲကွင်းသို့ ဝင်ရောက်လာသူတိုင်းက သေသည်အထိ တိုက်ခိုက်ရမည် ဖြစ်သည်။
သေခြင်းရှင်ခြင်းတိုက်ပွဲကွင်းတွင် ပြိုင်ဘက်ကို သတ်ဖြတ်နိုင်ပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကလည်း တားမြစ်မည် မဟုတ်ပေ။
ယင်းက အလွန်အန္တရာယ်များသည်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို စတင်ဖွင့်လှစ်ချိန်မှစ၍ သေခြင်းရှင်ခြင်းတိုက်ပွဲကွင်းသို့ ဝင်ရောက်သူက အများအပြား မရှိခဲ့သေးပေ။
"ဘာလဲ၊ မင်းအရင်က ငါ့ကို စိန်ခေါ်ချင်ပေမဲ့ အခုတော့ မလုပ်ရဲတော့ဘူးလား။ မင်းက မောက်မာပေမဲ့ တကယ်တမ်းမှာတော့ သူရဲဘောကြောင်တဲ့ကောင်ပဲ"
လုမင်က ပို၍ ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
"လုမင်၊ ဒါကို မင်းမသိသေးလို့ပါ။ ဒီလူတွေက အားနည်းသူတွေကို အနိုင်ကျင့်ဖို့ပဲ သိပြီး အားကြီးတဲ့သူကို ကြောက်ကြတယ်။ သူတို့က သူတို့ရဲ့ အင်အားနဲ့ တခြားသူတွေကို အနိုင်ကျင့်စော်ကားတတ်ပေမဲ့ ပိုသန်မာပြီး ကြမ်းတဲ့သူနဲ့ တွေ့ရင် ချက်ချင်း မိန်းမထဘီကို ပြေးဝတ်ကြလိမ့်မယ်"
လုံချန်က လှမ်းအော်ပြောလိုက်၏။ အခြားသူများကလည်း သဘောကျစွာ ရယ်မောလိုက်တော့သည်။