အခန်း ၁၈၇၂
Vol. 125 Ch. 1872
အပိုင်း ( 1872 ) ရွှေကျီးကန်း ပထမမင်းသားနှင့် တိုက်ပွဲ။
ရွှေကျီးကန်း ပထမမင်းသား၏ ရင်ထဲတွင် ဒေါသများ ပြည့်သွားသည်။ သူ့မျက်လုံးများက မှုန်ကုပ်သွား၏။
"မင်း မတိုက်ခိုက်ဝံ့ရင် အရှုံးပေးတယ်လို့ သတ်မှတ်မယ်"
လုမင်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။
"တိုက်ခိုက်မယ်လုမင်၊ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့ကွာ။ ဒီနေ့ ငါ မင်းကိုသတ်မယ်"
ရွှေကျီးကန်း ပထမမင်းသားက အော်ဟစ်လိုက်သည်။
"ကောင်းပြီ"
လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။ သူ့မျက်လုံးအကြည့်များမှာတော့ အေးစက်သွား၏။ သူက လှမ်းအော်ပြောလိုက်သည်။
"ချင်ယွဲ့နဲ့ ဟွမ်လင်၊ နောက်ဆုတ်လိုက်ကြပါ။ ငါဆက်လုပ်လိုက်မယ်"
"ကောင်းပြီ၊ ဟားဟားဟား"
ဟွမ်လီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက ချင်ယွဲ့နှင့်အတူ ပြန်မဆုတ်လာမီ လက်သီးချက်အနည်းငယ် ထုတ်ဖော်ခဲ့သေးသည်။
ထို့နောက်၊ ရွှေကျီးကန်း ပထမမင်းသားက သူ၏ မဟာနေမင်း၏နတ်မီးတောက်ကို ရုတ်သိမ်းလိုက်သည်။ သူက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးအဖြစ်သို့ ပြန်ပြောင်းသွား၏။ သူက လုမင်ကို လူသတ်ချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
"သေခြင်းရှင်ခြင်းတိုက်ပွဲကွင်းကို သွားရအောင်"
ရွှေကျီးကန်း ပထမမင်းသားက လှည့်ထွက်သွားသည်။ ရွှေကျီးကန်း ဒုတိယမင်းသား၊ မော့လန်နှင့် အခြားသူများလည်း လိုက်သွားကြတော့သည်။
လုမင်၊ ဟွမ်လင်၊ လုံချန်နှင့် အခြားသူများကလည်း ထိုလမ်းကြောင်းအတိုင်း ဦးတည်သွားကြသည်။
"သေခြင်းရှင်ခြင်းတိုက်ပွဲ စတော့မယ်ဟေ့။ သွားကြည့်ရအောင်"
အဝေးမှကြည့်နေသော လူအုပ်ကြီးကလည်း လိုက်လာကြလေသည်။
များမကြာမီ၊ သူတို့က ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို ရောက်လာကြသည်။ ဤနေရာတွင် ကြီးမားသော ခရမ်းရွှေရောင် တိုက်ပွဲစင်မြင့်တစ်ခု ရှိ၏။ ဤတိုက်ပွဲစင်မြင့်ကို အထူးသတ္တုဖြင့် ပြုလုပ်ထားပြီး သာမန် သိုင်းဧကရာဇ်များက ချိုးဖျက်နိုင်မည် မဟုတ်ပေ။ ဤနေရာတွင်၊ သူတို့က စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်သည်။
ရွှေကျီးကန်း ပထမမင်းသားက တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားကာ လုမင်ကို လူသတ်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။
"လုမင်၊ လာပြီး သေလိုက်စမ်း"
လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားသည်။
"ကိုကိုကြီးလုမင်၊ ချ... အဲဒီငှက်ကို သတ်လိုက်ပါ။ ညီမလေးက ငှက်သားစားချင်တယ်။ တွိ... တွိ"
ပူဖောင်းလေးက သူ၏ လက်သီးဆုပ်သေးသေးလေးများကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။ ယင်းကြောင့် ရွှေကျီးကန်းမျိုးနွယ်၏ ပါရမီရှင်များမှာ ရှုးရှုးရှားရှား ဖြစ်ကုန်သည်။
ဤအရွယ်မရောက်သေးသော ကလေးမလေးက ရွှေကျီးကန်း၏အသားကို စားချင်နေသည်။ ဒါက သူတို့ကို ဒေါသထွက်စေသည်။
သို့သော်လည်း လူတချို့မှာတော့ စိတ်လှုပ်ရှားသွားကြ၏။
"ခြေသုံးချောင်း ငှက်အသားက အရသာရှိလို့လား။ အဆိပ်မရှိဘူးလား"
ဟွမ်လီက မသိနားမလည်သော ရိုးရိုးအအ အမူအရာဖြင့် ကြည့်လိုက်သည်။
"အဆိပ်က မရှိပါဘူး၊ လုံးဝ အဆိပ်မရှိဘူး။ ကျွန်မက အရင်တုန်းက ကိုကိုကြီးလုမင်နဲ့အတူ ရွှေကျီးကန်းတောင်ပံကို စားဖူးတယ်။ အဲဒီအသားက လတ်ဆတ်ပြီး နူးအိနေတာပဲ၊ အရက်ကောင်းနဲ့သာ တွဲချလိုက်ရင် သိပ်အရသာရှိတာလေ။ ရှလွတ်... တွိ... တွိ"
ပူဖောင်းလေးက မျက်လုံးပေါက်များ ကျဉ်းလာသည်အထိ အားပါးတရပြောဆိုနေသည်။ အတိတ်ကို ပြန်လည်အမှတ်ရနေဟန်ဖြင့် သူက နှုတ်ခမ်းကိုပင် လျှာဖြင့်သပ်လိုက်သေး၏။
"ဒီလောက်တောင် အရသာရှိတာလား"
ဟွမ်လီ၊ ဟွမ်တိနှင့် ဟွမ်မျိုးနွယ်မှ အခြားလူငယ်များလည်း ပါးစပ်ကြီးများဖြဲကာ တိုက်ပွဲစင်မြင့်ပေါ်ရှိ ရွှေကျီးကန်း ပထမမင်းသားကို စိုက်ကြည့်လိုက်ကြသည်။ သူတို့က ချက်ချင်း ပြေးကိုက်ကြည့်ရန် မစောင့်နိုင်တော့ပေ။
ထိုအကြည့်များနှင့် အပြောများကြောင့် ရွှေကျီးကန်း ပထမမင်းသား၊ ဒုတိယမင်းသားနှင့် ရွှေကျီးကန်းမျိုးနွယ်၏ ပါရမီရှင်များမှာ သွေးအန်လုနီး ဖြစ်ကုန်သည်။
သို့သော်လည်း ထိုအချိန်တွင်၊ လုမင်က အားနာဟန်ဖြင့် ပြုံးပြီး ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ကလေးတစ်ယောက်မွေးရတာက တကယ် မလွယ်ဘူး။ သူက နည်းနည်း အစားရွေးတယ်လေ။ ဒါကြောင့် ကျေးဇူးပြုပြီး ကူညီပေးစေချင်တယ်"
"မင်းအစ်မကို ကူညီပေးရမှာလား"
နောက်ဆုံးတွင်၊ ရွှေကျီးကန်း ပထမမင်းသားက သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ သူက အော်ဟစ်လိုက်၏။
"လုမင်၊ ဒီနေ့ ငါမင်းကို ဝါးမျိုပစ်မယ်။ သတ်"
ရွှေကျီးကန်း ပထမမင်းသားက သူ၏ မူလရုပ်သွင်ဖြစ်သော ရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူက အတောင်ပံများကိုခတ်ပြီး လုမင်ထံသို့ ပျံသန်းသွား၏။
အနှိုင်းမဲ့ ချွန်ထက်သော ခြေချောင်းသုံးချောင်းက လုမင်ကို ဆုပ်ဖြဲပစ်ရန် ကုပ်ခြစ်လာတော့သည်။
"ဝုန်း"
လုမင်လည်း သူတော်စင်စွမ်းအားကို ဖြန့်ကျက်ပြီး သူ၏ ကျင့်ကြံမှုအဆင့်ကို ထုတ်ဖော်လိုက်သည်။
စောင့်ကြည့်နေကြသူအားလုံး အံ့အားသင့်သွားကြ၏။
"အထွတ်အထိပ် မဟာသူတော်စင်... ဒီလူက အထွတ်အထိပ် မဟာသူတော်စင်တစ်ယောက်ပဲ၊ ဒါပေမဲ့ သူက ရွှေကျီးကန်း ပထမမင်းသားကို သေခြင်းရှင်ခြင်းတိုက်ပွဲမှာ စိန်ခေါ်ဝံ့တယ်။ သူက အတော်သတ္တိကောင်းတာပဲ"
"ဒီလူကတော့ သေမှာသေချာတယ်။ အစောပိုင်းက တိုက်ပွဲမှာတောင် ဘုရင်ခန္ဓာနှစ်ပါးက ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုရှိပေမဲ့ ရွှေကျီးကန်း ပထမမင်းသားကို လက်ရည်တူလောက်ပဲ တိုက်ခိုက်နိုင်ခဲ့တာ...၊ ဒီလူရဲ့ အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုအခြေခံနဲ့ ရွှေကျီးကန်း ပထမမင်းသားကို မယှဉ်နိုင်ဘူး"
"သူ့ခမျာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ရောက်လာတာတောင် မကြာသေးဘူး သေရတော့မယ်။ သနားစရာပဲ"
လုမင်က သူ၏ ကျင့်ကြံမှုအခြေခံကို ထုတ်ဖော်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပါရမီရှင်များ လိုလို ခေါင်းယမ်းလိုက်ကြသည်။
ဤပါရမီရှင်များက အလွန် ထက်မြက်ပြီး အသိပညာ ဗဟုသုတ ကြွယ်ဝသည်။ အထူးသဖြင့်၊ ဤကာလအတွင်းမှာ ပါရမီရှင်များ အမြောက်အများကို တွေ့ခဲ့ရ၏။
သို့သော်လည်း အထွတ်အထိပ် မဟာသူတော်စင်တစ်ဦးက ရွှေကျီးကန်း ပထမမင်းသားကဲ့သို့ ပါရမီရှင်တစ်ဦးကို ဆန့်ကျင်တိုက်ခိုက်ရန် မဖြစ်နိုင်သလောက်ပင်။
ကောင်းကင်သားတော်များပင် ထိုသို့လုပ်ရန် ခက်ခဲမည် ဖြစ်သည်။
လုမင် သေပြီဟု အားလုံးက ထင်နေကြသော်လည်း၊ နောက်အခိုက်အတန့်တွင် အားလုံး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
"ဒါက ဘာနိယာမလဲ"
"ကစဉ့်ကလျားနိယာမ၊ ဒါက ကစဉ့်ကလျားနိယာမပဲ။ နောက်ထပ် ကောင်းကင်သားတော် တစ်ဦးဟ"
လူအများက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။
"ဝုန်း"
ထိုအချိန်တွင်၊ လုမင်၏ လက်သီးက ရွှေကျီးကန်း ပထမမင်းသား၏ ချွန်ထက်သော ခြေသည်းများနှင့် တိုက်မိသွားပြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ ထို့နောက် ရွှေကျီးကန်း ပထမမင်းသား၏ ကြီးမားသော ခန္ဓာကိုယ်အား လွင့်စဉ်သွား၏။ လုမင်သည်လည်း နောက်သို့ ဆုတ်သွားရတော့သည်။
လက်ရည်ညီနေခဲ့ကြသည်။
လူများစွာ၏ နှလုံးသားများ တုန်လှုပ်သွားသည်။ လုမင်က သူ၏ အထွတ်အထိပ် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုဖြင့် ရွှေကျီးကန်း ပထမမင်းသား၏ တိုက်ခိုက်ခြင်းကို အမှန်တကယ် တားဆီးခဲ့သည်။ ဒါက အံ့သြစရာကောင်းလွန်းပေသည်။
"ဟား"
ရွှေကျီးကန်း ပထမမင်းသားက ဟိန်းဟောက်လိုက်သည်။ သူက အတောင်များကိုဖြန့်ကာ ပြင်းထန်စွာ ခတ်လိုက်၏။ သူက ပို၍ပင် ပြင်းထန်ပြီး ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လာတော့သည်။
လုမင်ကလည်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းလိုက်သည်။ ကစဉ့်ကလျားနိယာမက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ သူ၏ လက်သီးချက်တိုင်းတွင် ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်တစ်ခုက ပေါ်လာပြီး ရွှေကျီးကန်းပထမမင်းသားကို ဖိနှိပ်နေတော့သည်။
နှစ်ယောက်စလုံးက နောက်မဆုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
"မဟာနေမင်း ကောင်းကင်ကို လောင်ကျွမ်းစေ"
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
ရွှေကျီးကန်း ပထမမင်းသားနှင့် လုမင်က သူတို့၏ နတ်ဘုရားစွမ်းရည်များကို တစ်ချိန်တည်းတွင် အသုံးပြုခဲ့ကြသည်။
ကြီးမားသော နေတစ်စင်းနှင့် လက်ချောင်းကြီး တစ်ချောင်းက ပေါ်လာပြီး တိုက်မိသွား၏။
၎င်းတို့က အချိန်အတော်ကြာအောင် တွန်းတိုက်နေကြသည်။ နောက်ဆုံးတွင်၊ နေမင်းကြီးက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းအောက်တွင် ပေါက်ကွဲသွားတော့သည်။ ရွှေကျီးကန်း ပထမမင်းသားလည်း ဒယီးဒယိုင်ဖြင့် ဆုတ်သွားခဲ့ရသည်။
နတ်ဘုရားစွမ်းရည်များ၏ တိုက်ပွဲတွင် လုမင်က အသာစီးရခဲ့ပြီ။
ယခုဆိုလျှင်၊ လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ခုနစ်ဆယ်ရာခိုင်နှုန်းသို့ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ ၎င်းက အလွန်အစွမ်းထက်သောကြောင့် သာမန်နိယာမ၏ နတ်ဘုရားစွမ်းရည် ကိုးဆယ်ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်နိုင်ပေသည်။
သို့သော်လည်း ရွှေကျီးကန်း ပထမမင်းသား၏ နတ်ဘုရားစွမ်းရည်က ရှစ်ဆယ်ရာခိုင်နှုန်းသာ အောင်မြင်သေးဆဲ ဖြစ်သည်။
"ယား"
လုမင်က ဟိန်းဟောက်ပြီး လက်ညှိုးညွန်လိုက်သည်။ တစ်ချိန်တည်းတွင်၊ လက်ချောင်းကြီးများစွာက ရွှေကျီးကန်း ပထမမင်းသားကို ထိုးနှက်လိုက်၏။
ရွှေကျီးကန်း ပထမမင်းသားလည်း ဟိန်းဟောက်ပြီး အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ မီးတောက်မီးလျှံများက ကောင်းကင်တခွင် ပြည့်လျှံပြီး နေလုံးကြီးများအဖြစ် ဖြစ်ပေါ်ကာ လုမင်ကို တိုက်ခိုက်လိုက်တော့သည်။
တိုက်ပွဲစင်မြင့်တွင် မဟာနေမင်း၏ နတ်မီးတောက်နှင့် ကစဉ့်ကလျားနိယာမ၏ စွမ်းအားတို့က ပြည့်သွားသည်။
"တံဆိပ်တော်"
လုမင်က သူ၏ ညာလက်ဖြင့် ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို အသုံးပြုနေပြီး ဘယ်ဘက်လက်ဖြင့် အစီရင်နိယာမကို အသုံးပြုခဲ့သည်။ မရေမတွက်နိုင်သော ရွန်းများက ချက်ချင်း ပေါ်လာကြပြီး ကြောက်မက်ဖွယ်ကောင်းသော တံဆိပ်ခတ်ခြင်းစွမ်းအားကို ဖြစ်ပေါ်စေ၏။ ရွှေကျီးကန်း ပထမမင်းသား၏ မဟာနေမင်း နတ်မီးလျှံကို တိုက်ရိုက်ဖြတ်သန်းပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ထို့နောက် ပိတ်လှောင်ခြင်းစွမ်းအားတစ်ခုက ရွှေကျီးကန်း ပထမမင်းသားကို ချိပ်ပိတ်ပစ်လိုက်သည်။
ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်စေခဲ့ပေသည်။
"နိယာမနှစ်ခု၊ ဒီလူက နိယာမနှစ်ခုကို ဘယ်လိုထိန်းချုပ်နိုင်တာလဲ"
"တစ်ခုက အသန်မာဆုံး နိယာမဖြစ်ပြီး နောက်တစ်ခုက ဘုရင်နိယာမပဲ၊ မယုံနိုင်စရာကောင်းလွန်းတယ်"
ဤနေရာတွင် ရှိနေသူအားလုံးက ကမ္ဘာတစ်ဝှမ်းမှ ထူးချွန်သူများ ဖြစ်ကြသည်။ သူတို့က အရာများစွာကို မြင်ဖူးသော်လည်း လုမင်ကဲ့သို့သောလူကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ တချို့ဆိုလျှင်၊ သူတို့ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်ကြသည်။
"မကောင်းတော့ဘူး"
ရွှေကျီးကန်း၏ ဒုတိယမင်းသား၊ မော့လန်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
ရွှေကျီးကန်း ပထမမင်းသားက အရေးနိမ့်နေပြီ။
ထိုအခိုက်တွင် ရွှေကျီးကန်း ပထမမင်းသားကိုယ်တိုင်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ တုန်လှုပ်ချောက်ချားသွား၏။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူ့စိတ်ကူးထက် ကျော်လွန်နေပြီ။
"ချိုးဖြတ်စမ်း"
ရွှေကျီးကန်း ပထမမင်းသားက အော်ဟစ်လိုက်သည်။ သူ့နောက်ကျောတွင် တောင်ပံတစ်စုံ ပေါ်လာခဲ့၏။ ၎င်းတို့က အလင်းရောင်များ တောက်ပနေသည်။ သူက ၎င်းတို့ကို ပုတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အစီရင်နိယာမကို ကောင်းကင်ဓားကဲ့သို့ ခုတ်ထစ်လိုက်သည်။
ထို့နောက် အဆုံးမဲ့ မီးတောက်များက ပျံ့နှံ့သွားပြီး လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ဖျက်ဆီးပစ်လိုက်၏။
"ဝုန်း"
ရွှေကျီးကန်း ပထမမင်းသား၏ အရှိန်အဝါကလည်း ပို၍ မြင့်မားလာတော့သည်။