အခန်း ၁၈၇၇
Vol. 126 Ch. 1877
အပိုင်း ( 1877 ) ကြမ်းတမ်းစွာ ရင်ဆိုင်ကြခြင်း။
"အဆုံးစွန် နတ်ဘုရားလက်သီး"
လုံချန်က လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ဆင်ကြီးတစ်ကောင်၏ အော်သံက ကောင်းကင်ယံ၌ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ဧရာမ နဂါးဆင်ကြီးတစ်ကောင်က ပေါ်လာပြီး ကောင်းကင်ယံ၌ ပြေးတက်သွားတော့သည်။
"အဆုံးစွန် ကြယ်လက်သီး"
ဟွမ်လီကလည်း လက်သီးဖြင့် ထိုးလိုက်သည်။ လက်သီးပေါ်တွင် ကြယ်တစ်ပွင့် ပေါ်လာ၏။ သူက ကြယ်ကို လေဆင်နှာမောင်းဆီသို့ တွန်းပို့နေသကဲ့သို့ပင်။
သူတို့၏ လက်သီးနှစ်ချက်စလုံးက အကန့်အသတ်မဲ့ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သူတို့က ဘယ်အရာကိုမဆို ဖြတ်ကျော်ပြီး ကောင်းကင်ကိုပင် ဖောက်ထွက်သွားနိုင်ပုံရပေသည်။
ဧရာမ ဆင်ကြီးနှင့် ကြယ်တာရာက လေဆင်နှာမောင်းနှစ်ခုနှင့် တိုက်မိသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် လေဆင်နှာမောင်းနှစ်ခုက ပိတ်ဆို့ခံရပြီး ကောင်းကင်၌ ပျောက်ကွယ်သွားတော့သည်။
သူ၏ တိုက်ခိုက်မှုနှစ်ခုကို ပိတ်ဆို့ထားသောကြောင့် ဖုန်းဝူချန်၏မျက်နှာက မည်းမှောင်သွားသည်။
သူသည် အန္တိမသူတော်စင်တစ်ပါး ဖြစ်သည်။ မဟာသူတော်စင်နှစ်ပါးကို အလွယ်တကူ မဖိနှိပ်နိုင်ခြင်းက ရှက်စရာကောင်းပေသည်။
"ဖျက်ဆီးခြင်း ဓားမုန်တိုင်း"
ဖုန်းဝူချန်က ဟိန်းဟောက်လိုက်သည်။ မရေမတွက်နိုင်သော ဓားများက သူ့ပတ်ဝန်းကျင်တွင် ပေါ်လာ၏။ ၎င်းတို့က အနှိုင်းမဲ့ ထက်မြက်သည့်အပြင် ကြောက်စရာကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများ ပါရှိသည်။
"ဝှစ်... ဝှစ်..."
ဖျက်ဆီးခြင်း ဓားမုန်တိုင်းက လုမင်နှင့် ဟွမ်လီတို့ထံ တိုက်ခတ်လာတော့သည်။
လုံချန်နှင့် ဟွမ်လီတို့လည်း အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသေးသည်။ သူတို့က အရေးနိမ့်လာခဲ့ကြသည်။
"ဒီလူတွေကို ငါတို့အတွက် ထားလိုက်ပါ"
ဖုန်းမျိုးနွယ်မှ ပါရမီရှင်တစ်ဦးက ဖီးနစ်နန်းတော်မှ လူများကို စိုက်ကြည့်လိုက်သည်။ ဖုန်းမျိုးနွယ်မှ အခြားလူများကလည်း သူတို့ဆီသို့ လှမ်းသွားကြသည်။
မော့လန်၊ ရွှေကျီးကန်း ဒုတိယမင်းသားနှင့် အခြားသူများကလည်း နောက်မှလိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်တော့သည်။
"သတင်းဖြန့်ကြဟေ့၊ အားလုံးကိုစုပြီး ခုခံတိုက်ခိုက်ကြစို့"
ဖီးနစ်နန်းတော်မှ ပါရမီရှင်တစ်ဦးက အော်လိုက်သည်။ သတင်းဖြန့်ရန်အတွက် လူတိုင်းက သူတို့၏ အသံလွှင့် ကျောက်စိမ်းအဆောင်များကို အသုံးပြုလိုက်ကြ၏။ ထို့နောက်တော့ သူတို့က ကျောချင်းကပ်ကာ ရန်သူများကို ရင်ဆိုင်လိုက်တော့သည်။
လက်ရှိတွင်၊ သူတို့ထဲမှ လူတချို့က သီးခြား လေ့ကျင့်နေခဲ့ကြသည်။
သူတို့၏ အင်အားက နည်းနေသေးသဖြင့် အစွမ်းကုန် ခုခံကာကွယ်ရန်သာ ရှိတော့သည်။
ဟွမ်မျိုးနွယ်မှ လူတချို့ကလည်း ရှေ့သို့တိုးလာပြီး လူအုပ်ကြီးရှေ့တွင် ရပ်လိုက်သည်။ သူတို့က သူတို့၏ ပုဆိန်ကြီးများ၊ တင်းပုတ်ကြီးများဖြင့် ခုတ်ထစ် ရိုက်ပုတ်ပြီး ရန်သူတချို့ကို လွှင့်ထုတ်လိုက်၏။
"ဒီလူတွေက အရမ်းအားကောင်းတာပဲ။ သူတို့ထဲက တချို့ဆိုရင် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာတွေတောင် ရှိကြသေးတယ်။ ပြီးတော့ သူတို့က သာမန်လူတွေနဲ့ မတူဘဲ ခန္ဓာကိုယ် ထွားကြိုင်းကြတယ်။ သူတို့ ဘယ်ကလာတာလဲ"
မော့လန်က ဟွမ်မျိုးနွယ်မှ လူငယ်တစ်ဦးနှင့် တိုက်ခိုက်မှု ဖလှယ်ခဲ့ပြီးနောက် လွင့်သွားသည်။ သူ့တကိုယ်လုံး ထုံကျင်နေပြီး လက်မောင်းမှာလည်း ပြင်းထန်သော နာကျင်မှုကို ခံစားရ၏။ သူ့အရိုးများက ကျိုးပဲ့ကုန်တော့မလိုပင်။
"သူတို့က ရှေးဟောင်းမျိုးနွယ်တွေထဲက တစ်ခုဖြစ်တဲ့ ဟွမ်မျိုးနွယ်က ဖြစ်နိုင်တယ်"
ဖုန်းမျိုးနွယ်မှ ပါရမီရှင်တစ်ဦးက ပြောသည်။
ရှေးဟောင်းမျိုးနွယ်တစ်ခုအနေဖြင့် သူတို့က ဟွမ်မျိုးနွယ်အကြောင်းကို သဘာဝအတိုင်း သိပေသည်။
"ရှေးဟောင်းမျိုးနွယ်လား"
မော့လန်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
ရှေးဟောင်းမျိုးနွယ်များသည် ရှေးခေတ်ကတည်းက ဆင်းသက်လာခဲ့ကြသည်။ သူတို့တွင် ကြောက်စရာကောင်းသော လျှို့ဝှက်ကျင့်စဥ်များ ရှိပြီး နားမလည်နိုင်အောင် နက်နဲသော အမွေအနှစ်များ ရှိ၏။
ရှေးဟောင်းမျိုးနွယ်စုတိုင်းကို လျှော့တွက်၍မရပေ။
"ဒီဟွမ်မျိုးနွယ်ဝင်တွေကို ငါတို့အတွက် ထားခဲ့လိုက်ပါ။ မင်းတို့က အခြားသူတွေကို ရင်ဆိုင်လိုက်"
ဖုနိးမျိုးနွယ်စုမှ ပါရမီရှင်တစ်ဦးက ပြောလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူက ဟွမ်မျိုးနွယ်မှ လူငယ်များကို တိုက်ခိုက်လိုက်တော့သည်။
မော့လန်နှင့် အခြားသူများလည်း တိုက်ခိုက်လိုက်ကြသည်။
ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် သတ်ဖြတ်ခြင်းကို တားမြစ်ထားသော်လည်း မသန်မစွမ်း သို့မဟုတ် အသက်မသေသရွေ့ ကိစ္စမရှိပေ။
သူတို့က ခေါင်းမာသော ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းမှ လူများကို ဒုက္ခိတဖြစ်အောင် ရိုက်နှက်ပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ နှင်ထုတ်ပစ်လိုသည်။
ဟွမ်မျိုးနွယ်၊ ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်းနှင့် မိုးကြိုးဘုရားဂိုဏ်းတို့မှ လူများက အစွမ်းကုန် ခုခံကြသော်လည်း အင်အားခြင်းက မမျှပေ။ သူတို့က ခဏချင်း အရေးနိမ့်လာပြီး အချို့ဆိုလျှင် ဒဏ်ရာများ ရရှိခဲ့ကြသည်။
လုံချန်နှင့် ဟွမ်လီတို့မှာလည်း အခြေအနေ မကောင်းပေ။ သူတို့က အားနည်းချက်ရှိပြီး နောက်ကိုသာ ဆုတ်နေခဲ့ရသည်။
သူတို့ နှစ်ယောက်လုံးက အဆုံးစွန်ခွန်အား နိယာမကို လေ့ကျင့်ထားကြသည်။ သူတို့၏ ဝိညာဉ်ခန္ဓာများကလည်း မြင့်မားသော ခံနိုင်ရည်နှင့် ကြီးမားသော ခွန်အားကြောင့် နာမည်ကြီး၏။ မဟုတ်ပါက၊ သူတို့ ရှုံးနိမ့်သွားလောက်ပြီ။
သို့ဆိုလျှင်ပင်၊ သူတို့က အခြေအနေ သိပ်မကောင်းတော့ပါ။
သူတို့ အန္တရာယ် ကျရောက်နေချိန်တွင် အဝေးမှ လူရိပ်တစ်ခုက လျင်မြန်စွာ ပျံသန်းလာသည်။ လူမရောက်လာခင်မှာ အေးစက်ပြီး ပူလောင်သော အရှိန်အဝါများက ထွက်ပေါ်လာ၏။ ဓားမော့နှစ်လက်က လျင်မြန်စွာ လှည့်ပတ်နေပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအားအဖြစ် ဖုန်းဝူချန်ကို ဖိနှိပ်လာတော့သည်။
ချင်ယွဲ့ ရောက်လာပြီ။
"ယင်ယန် နိယာမ"
ဖုန်းဝူချန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ သူက သူ့လက်ကို ဝှေ့ယမ်းပြီး ဆောင်းဦးလတွင် ဖျက်ဆီးခြင်း မုန်တိုင်းဓားများကို ပစ်လွှတ်လိုက်၏။ ဖျက်ဆီးခြင်း မုန်တိုင်းဓားများက ချင်ယွဲ့၏ ဓားမော့နှစ်လက်နှင့် တိုက်မိပြီး မီးပွားများ ပျံ့လွင့်လာတော့သည်။
"သတ်"
"သတ်"
လုံချန်နှင့် ဟွမ်လီတို့က အခွင့်အရေးကို ဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။ ဒါဇင်ချီသော ဖျက်ဆီးခြင်း မုန်တိုင်းဓားများကို ဆက်တိုက် ဖျက်ဆီးလိုက်ကြ၏။ သူတို့၏ လက်သီးအင်အားများက ထိုမျှနှင့်မရပ်ဘဲ ဖုန်းဝူချန်ထံသို့ ထိုးဖောက်သွားတော့သည်။
"မင်းတို့က ပြန်တိုက်ခိုက်ချင်တာလား။ ဝေးသေးတယ်"
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ သူက ပါးစပ်ကိုဟပြီး အဆုံးမဲ့ လေပြင်းများ မှုတ်ထုတ်လိုက်၏။ လုံချန်နှင့် ဟွမ်လင်တို့၏ လက်သီးအင်အားများက ပျက်စီးသွားကြသည်။
ထို့နောက်မှာတော့ ချင်ယွဲ့၊ လုံချန်နှင့် ဟွမ်လီတို့က ဖုန်းဝူချန်နှင့် ပြင်းထန်သော တိုက်ပွဲအခြေအနေကို ကျရောက်သွားတော့သည်။
"ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ် ဘုရင်ခန္ဓာ သုံးယောက်တောင်ပဲ... အံ့သြစရာပဲ။ ဒါပေမဲ့ သူတို့သုံးယောက် ပေါင်းထားရင်တောင် ဖုန်းဝူချန်ကို ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး"
"အမှန်ပဲ၊ နောက်တစ်ဦးရှိရင်တော့ သူတို့ ရင်ဆိုင်နိုင်လိမ့်မယ်"
"ဟွမ်လင်က ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်ကို ချိုးဖြတ်သွားပြီလား မသိဘူး"
ခပ်လှမ်းလှမ်းမှ လူများက ဆွေးနွေးပြောဆိုလိုက်ကြသည်။
"ဝှစ်... ဝှစ်..."
ထိုအချိန်တွင်၊ လူရိပ်တချို့က အဝေးမှ ပျံသန်းလာသည်။ ၎င်းတို့က ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်းနှင့် ဟွမ်မျိုးနွယ်မှ လူများ ဖြစ်၏။ သူတို့က သတင်းစကားကို ရရှိပြီးနောက် အမြန်ပြေးလာကြခြင်း ဖြစ်သည်။
"မင်းတို့ဖိုးဖိုးရဲ့ တူကို လက်ခံလိုက်ကြစမ်း"
ဟွမ်တိက သူ့တူကြီးနှစ်ချောင်းကိုမြှောက်ပြီး ပြေးဝင်လာသည်။ တူထုချက်များက လေပြင်းတိုက်ခတ်သကဲ့သို့ လျင်မြန်စွာ လှည့်ပတ်ပြီး ရွှေကျီးကန်း ဒုတိယမင်းသားကို ရိုက်နှက်လိုက်၏။
တူထုချက်မှ ပြင်းထန်သော ဖိအားက ရွှေကျီးကန်း ဒုတိယမင်းသားကို တုန်လှုပ်စေခဲ့သည်။ သူက သူ၏ မဟာနေမင်း နတ်မီးလျှံကို အသုံးပြုကာ ခုခံရန် ကြိုးစားလိုက်၏။
သို့သော်လည်း တူထုချက်များ ကျရောက်လာသောအခါ ရွှေကျီးကန်း ဒုတိယမင်းသားက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရသည်။ သူ့အတောင်များ ပေါက်ကွဲပြီး သူ့ခန္ဓာကိုယ်က လွင့်စဉ်သွား၏။ တစ်ချက်တည်းဖြင့် သူက ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီ။
ရွှေကျီးကန်း ဒုတိယမင်းသားကလည်း ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုရှိသည်။ သို့ရာတွင်၊ သူ၏ ဝိညာဉ်ခန္ဓာက အလယ်လတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာတစ်ခုသာ။ သူက ဟွမ်တိကို မယှဉ်နိုင်ဘဲ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
ဟွမ်မျိုးနွယ်၊ ဖီးနစ်နန်းတော်နှင့် အခြားအင်အားစုများမှ ပါရမီရှင်များ ရောက်လာပြီးနောက် နောက်ဆုံးတွင် အခြေအနေက တည်ငြိမ်သွားသည်။ သို့သော်လည်း သူတို့က အနည်းငယ် အရေးနိမ့်နေသေးသည်။
နောက်ဆုံးတွင် တစ်ဖက်လူများမှာ ဖုန်းမျိုးနွယ်၏ ပါရမီရှင်များ ရှိသည်။ ကေင်းဝံပုလွေမျှော်စင်၊ ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်တို့အပြင် ဖုန်းမျိုးနွယ်ထံ လက်အောက်ခံခဲ့ကြသော ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ ပါရမီရှင် တစ်ဒါဇင်ခန့် ရှိသေးသည်။ ပါရမီရှင်များစွာတို့ စုရုံးလာသောကြောင့် ၎င်းတို့တွင် လူအင်အား ပိုများခဲ့သည်။
ဟွမ်မျိုးနွယ်၊ ဖီးနစ်နန်းတော်နှင့် အခြားသူများက ကာကွယ်ရုံသာတတ်နိုင်ပြီး တန်ပြန်တိုက်ခိုက်ခြင်း မပြုနိုင်သေးပေ။
အချိန်ကြာလာသည်နှင့်အမျှ ဒဏ်ရာရသူများ ပိုများလာသည်။
ထိုအချိန်တွင်၊ ဖီးနစ်ငှက်၏ အော်ဟစ်သံက ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။ ဖီးနစ်မီးလျှံများက ရွှေကျီးကန်းမျိုးနွယ်နှင့် အခြား ပါရမီရှင်များကို လျင်မြန်စွာ လွှမ်းခြုံသွား၏။
"ဒါက အင်မော်တယ်မီးလျှံပဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။
"ဝုန်း... ဝုန်း"
ဖီးနစ်ငှက်၏ အော်မြည်သံနှင့် အင်မော်တယ်မီးလျှံနိယာမက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တစ်ဖက်လူများမှ ပါရမီရှင်လူငယ်များ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ရင်း လွင်သွားကြ၏။ အားနည်းသူတချို့ဆိုလျှင် လုံးဝ မခုခံနိုင်ဘဲ သွေးများအန်ထွက်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်။
"ဒါက ဟွမ်လင်ပဲ၊ ချီးတဲ့မှပဲ... သူက ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီ"
မော့လန်က အော်ပြောလိုက်သည်။
နောက်အခိုက်အတန့်တွင် အင်မော်တယ်မီးလျှံတစ်ခုက မော့လန်ဆီသို့ ပြေးဝင်လာသည်။ မော့လန်က မခုခံနိုင်ဘဲ သွေးအန်ပြီး လွင့်စဉ်သွား၏။
ဟွမ်လင်က ပြီးပြည့်စုံခြင်းအဆင့် မဟာသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီ။ ယခုအခါ သူက တူညီသောအဆင့်ရှိသူများကြားတွင် ပြိုင်ဘက်ကင်းလုနီး ဖြစ်သည်။
ဖုန်းမျိုးနွယ်တွင် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများရှိသည့် ပါရမီရှင်များ အနည်းငယ်ရှိသော်လည်း ဟွမ်လင်ကို မယှဉ်ပေ။ သူတို့ကို ဟွမ်လင်က ဖိနှိပ်ခဲ့ပြီး နောက်ဆုံးတွင် ဒဏ်ရာရရှိကုန်ကြသည်။ သူတို့၏ တိုက်စစ်အင်အားက သိသိသာသာ လျော့ကျကုန်တော့သည်။
ဟွမ်လင်၏ ရောက်ရှိလာခြင်းဖြင့် အခြေအနေက ချက်ချင်း တည်ငြိမ်သွားပြီး အသာစီးပြန်ရခဲ့ကြသည်။
"ဟွမ်လင်... လုံချန်နဲ့ အခြားသူတွေကို သွားပြီးကူညီလိုက်ပါ။ ငါတို့ သူတို့ကို ထိန်းထားနိုင်ပြီ"
မုချင်ရွယ်က အော်ပြောလိုက်သည်။
ဟွမ်လင်က တစ်ဖက်ရန်သူများမှ အသန်မာဆုံး ပါရမီရှင်များကို ဒဏ်ရာရရှိစေခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူများ၏ တိုက်ခိုက်ရေးအင်အားက သိသိသာသာ လျော့ကျသွား၏။ သူတို့ဘက်မှာတော့ ဟွမ်မျိုးနွယ်၏ ပါရမီရှင်များနှင့်အတူ တိုက်ခိုက်နေရသောကြောင့် သူတို့ကိုယ်ကို ကာကွယ်ရန် ပြဿနာမရှိတော့ပေ။
"ကောင်းပြီ၊ သတိထားပါ"
ဟွမ်လင်က ပြောလိုက်သည်။ အင်မော်တယ်မီးလျှံမှ ဖွဲ့စည်းထားသော ဖီးနစ်ငှက်က တစ်ချက် အော်မြည်လိုက်၏။ ၎င်းက ဖုန်းဝူချန်ထံသို့ ပျံသန်းသွားတော့သည်။