အခန်း ၁၈၈၀
Vol. 126 Ch. 1880
အပိုင်း ( 1880 ) ဘုရင်ခန္ဓာများ စုဝေးကြခြင်း။
"ဒါက အန္တိမသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် မင်းရဲ့ စွမ်းအားလား။ စိတ်ပျက်စရာပဲ"
လုမင်၏ လေသံက အထင်မြင်သေးမှုနှင့် ရွံရှာမှုတို့ ပြည့်နေသည်။
"မင်း သေဖို့သာပြင်ထား၊ ဖျက်ဆီးခြင်း တိုက်ခိုက်ချက်"
လော့ဖိုခုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက သူ၏ နတ်ဘုရားစွမ်းရည်ဖြင့် အသန်မာဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်၏။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်ကလည်း လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။ ဧရာမ လက်ချောင်းကြီးတစ်ချောင်းက ပေါ်လာပြီးနောက် လော့ဖိုခုန်း၏ လှံရှည်နှင့် တိုက်မိသွားတော့သည်။
"ဝုန်း"
လှံရှည်က ကြီးမားသောဖိအားအောက်တွင် ရှိနေသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။ လော့ဖိုခုန်း၏ ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ပြီး ဆုတ်ခွာသွားရ၏။
လော့ဖိုခုန်း၏ နတ်ဘုရားစွမ်းရည်က ရှစ်ဆယ့်ငါးရာခိုင်နှုန်း ဝန်းကျင် ရှိသည်။ ၎င်းက ဘုရင်နိယာမ၏ နတ်ဘုရားစွမ်းရည်ဖြစ်သောကြောင့် ပို၍ ကြောက်စရာကောင်း၏။
သို့သော်လည်း လုမင်၏ နတ်ဘုရားစွမ်းရည်က ရှစ်ဆယ်ရာခိုင်နှုန်းသာဖြစ်သည့်တိုင် ကစဉ့်ကလျားနိယာမ ဖြစ်သည်။ ၎င်း၏ အင်အားက ဘုရင်နိယာမ၏ ကိုးဆယ်ရာခိုင်နှုန်းနှင့် ညီမျှပေသည်။ ၎င်းက လော့ဖိုခုန်းထက် ပိုအားကောင်းသည်။
"မင်းရဲ့ အကြမ်းဆုံး တိုက်ခိုက်မှုက ဒီလောက်ပဲလား။ ဖိနှိပ်"
လုမင်က သူ့လက်ညှိုးဖြင့် အဆက်မပြတ် ညွှန်ပြလိုက်သည်။ မိုးနှင့်မြေကြားရှိ နိယာမစွမ်းအင်များက လုမင်၏ လက်ချောင်းများဆီသို့ ရူးသွပ်စွာ ရောက်ရှိလာ၏။ ကြီးမားသော လက်ချောင်းအချို့က အဆက်မပြတ်ဖွဲ့စည်းကာ လော့ဖိုခုန်းဆီသို့ ထိုးနှက်လာတော့သည်။
"အဆုံးစွန်ထိ ထိုးဖောက်ခြင်း"
လော့ဖိုခုန်းက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လေးကိုင်းကဲ့သို့ ကွေးညွတ်သွားပြီးနောက် အံ့မခန်းစွမ်းအားများ ပေါက်ကွဲထွက်လာ၏။
အန္တိမသူတော်စင်နယ်ပယ် သူတော်စင်စွမ်းအား၏ ပံ့ပိုးမှုဖြင့် သူ၏လှံရှည်သည် ပိုမိုအားကောင်းလာပြီး လုမင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ပေါက်ကွဲမှုအနည်းငယ် ဖြစ်ပေါ်လာပြီးနောက် လော့ဖိုခုန်းက နောက်တစ်ကြိမ် ပြန်လည်ဆုတ်ခွာသွားရသည်။
လော့ဖိုခုန်းက ဆုတ်သွားသောအခါ လုမင်က တိုးလိုက်သည်။ သူ၏ ညာဘက်လက်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုပြီး ညွှန်ပြသည်။ သူ၏ ဘယ်ဘက်လက်က အစီရင်နိယာမကို အသက်သွင်းလိုက်၏။ အဆုံးမဲ့ရွန်းများက ပေါ်လာပြီးနောက် တံဆိပ်ခတ်ခြင်း စွမ်းအားအဖြစ် လော့ဖိုခုန်းကို ဖုံးအုပ်လိုက်တော့သည်။
လော့ဖိုခုန်းက တံဆိပ်ခတ်ခြင်းစွမ်းအားကို မထိဝံ့ဘဲ လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။
"လော့ဖိုခုန်းက အရေးနိမ့်နေပြီ"
"လုမင်ရဲ့ ခွန်အားက ကြောက်စရာကောင်းလွန်းတာကွာ"
တခြား ပါရမီရှင်များလည်း ဒါကိုမြင်သောအခါ အံ့ဩတုန်လှုပ်သွားကြသည်။
အစောပိုင်းက လုမင်ဟာ လော့ဖိုခုန်းကို တွန်းလှနိုင်ခဲ့သည်။ ယခုဆိုလျှင်၊ လုမင်က လော့ဖိုခုန်းကို အမှန်တကယ် ဖိနှိပ်နေပြီ။
"လော့ဖိုခုန်း၊ မင်းက ဒီနေ့ မင်းရဲ့ခြေထောက်အောက်မှာ ငါ့ကို မနင်းချင်ဘူးလား။ မင်း ဘာဖြစ်လို့ နောက်ဆုတ်နေတာလဲ"
လုမင်၏ စကားသံက လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုများက ရပ်တန့်သွားခြင်း မရှိပေ။ ထိုအစား ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။
သူ၏ ညာဘက်လက်တွင် ကစဉ့်ကလျားနိယာမနှင့် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ထုတ်ဖော်သည်။
သူ၏ ဘယ်ဘက်လက်က လော့ဖိုခုန်းကို တံဆိပ်ခတ်တော့မည့် တံဆိပ်ခတ်ခြင်း စွမ်းအားဖြင့် အဆုံးမဲ့ရွန်းများကို ထုတ်ဖော်နေ၏။
လော့ဖိုခုန်း၏ ထိုးဖောက်နိုင်စွမ်းက အားကောင်းသော်လည်း ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက သူ့ကို အဆက်မပြတ် ဖိနှိပ်ထားကာ နောက်ကို ဆုတ်ပြီးရင်း ဆုတ်နေခဲ့ရသည်။ သူက လုံးဝ အရေးနိမ့်နေပြီ။
"လု... မင်"
လော့ဖိုခုန်းက လုမင်ကို အရိုးထဲထိ မုန်းတီးခဲ့သည်။ နောက်ဆုံးအကြိမ်က ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေတွင် တစ်ခုတည်းသော နတ်နန်းတော်မှာ လုမင်က အဆင့်မြင့်အဆင့် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုဖြင့် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်မှ သူ့ကို အနိုင်ယူကာ အရှက်ရစေခဲ့သည်။
ယခုတော့ သူဟာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ဝင်ရောက်လာပြီး အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်သွားပြီ။ သူက ရည်မှန်းချက်ကြီးမားပြီး ကမ္ဘာ့သူရဲကောင်းများနှင့် ယှဉ်ပြိုင်လိုသည်။ လုမင်ကိုလည်း သူ့ခြေဖဝါးအောက်တွင် ပြားပြားဝပ်နေအောင် နင်းချင်မိ၏။ သို့သော်လည်း လုမင်နှင့် ပြန်တွေ့သောအခါ သူက လုံးဝ မယှဉ်နိုင်ဘဲ ဖိနှိပ်ခံရပြန်တော့သည်။
"ဝမ်... ဝမ်"
လုမင်က သူ၏ ညာဘက်လက်ညှိုးဖြင့် လေထဲကို ညွှန်ပြနေသည်။ ထို့နောက်၊ ကောင်းကင်ယံ၌ အနှိုင်းမဲ့ကြီးမားသော လက်ချောင်းကြီး ဖြစ်ပေါ်လာ၏။ ၎င်းက နတ်ဘုရား၏ လက်ချောင်းကဲ့သို့ လော့ဖိုခုန်းထံ ဖိချလိုက်တော့သည်။ ဤမြင်ကွင်းက တုန်လှုပ်စရာကောင်းလှသည်။
လော့ဖိုခုန်းလည်း လှံရှည်ဖြင့် ခုခံရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ ကြောက်စရာကောင်းသော အငွေ့အသက်ဖြင့် လှံအလင်းတစ်ခုက ကောင်းကင်သို့ ပျံတက်သွား၏။ လှံအလင်းက ဧရာမလက်ချောင်းကြီးကို ထိုးဖောက်ရန် ကြိုးစားသော်လည်း အသုံးမဝင်ပေ။ လှံအလင်းက ပေါက်ကွဲသွားသည်။ လော့ဖိုခုန်းလည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။
"ဝုန်း..."
လော့ဖိုခုန်းက မြေပြင်ပေါ်သို့ ကျလာပြီးနောက် မြေပြင်တွင် ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက တွင်းအလယ်တွင် မတ်တပ်ရပ်နေသော်လည်း သူ့မျက်နှာမှာ ဖြူဖျော့နေပြီး သွေးများလည်း အန်ထွက်နေတော့သည်။
"ငါ မင်းကို ပြောခဲ့ပြီးပြီ၊ ငါ မင်းကို တစ်ကြိမ် အနိုင်ယူနိုင်ရင် ဒုတိယအကြိမ်လည်း အနိုင်ယူနိုင်တယ်၊ မင်းက ဘယ်တော့မှ ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။ ငါ့ကို ရှုံးပြီးတဲ့နောက်မှာ မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်တော့ဘူး"
လုမင်က ရှေ့ကိုတိုးလာပြီး လော့ဖိုခုန်းကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။
လော့ဖိုခုန်း၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ့မျက်လုံးက နီရဲသွား၏။ ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့လည်း ပြည့်လာတော့သည်။
"မင်းက အချိုးအကွေ့တစ်ခုမှာ အသာစီးရလိုက်ရုံနဲ့ ညီနောင်လော့ကို မင်းရဲ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောဝံ့တယ်။ မင်းက တကယ် မောက်မာတာပဲ။ ညီနောင်လော့... ငါ မင်းကို ကူညီပေးပါရစေ"
မနီးမဝေးတွင်၊ ခုန်းလန်က လျစ်လျူရှုစွာပြောပြီး ရှေ့ကို ထွက်လာသည်။ အဆုံးမဲ့လှိုင်းများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်ါာ၏။
ခုန်းလန်က လုမင်ကို ကိုင်တွယ်ရန် လော့ဖိုခုန်းနှင့် ပူးပေါင်းလိုသည်။
"ကောင်းပြီ၊ ဒီကောင့်ကို အရင်ဆုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမယ်။ ပြီးရင် သူ့ကို ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကနေ ခေါ်ထုတ်ပြီး သူ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးရမယ်။ သူ့ကို တစ်သက်လုံး ခွေးတစ်ကောင်လို နေစေချင်တယ်"
လော့ဖိုခုန်း၏ လေသံကလည်း အေးစက်နေပြီး အဆုံးမဲ့သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။
သူက လုမင်ထံတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ ယခုအခါ၊ သူ၏ နှလုံးသားက အတွင်းနတ်ဆိုးတစ်ခုပင် ဖြစ်ပေါ်နေပြီ။
ခုန်းလန်က လှိုင်းများကိုနင်းပြီး လုမင်ဆီသို့ လျှောက်သွားသည်။
"ခုန်းလန်က တကယ် လှုပ်ရှားတော့မယ်"
လူများစွာက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ခုန်းလန်နှင့် လော့ဖိုခုန်းက အတူတကွ ရောက်ရှိလာကြပြီး သူတို့၏ ဆက်ဆံရေးကလည်း အမှန်တကယ်ပင် နက်ရှိုင်းလှသည်။ ယခုအခါမှာတော့ ခုန်းလန်ဟာ လော့ဖိုခုန်းနှင့် ပူးပေါင်းနေချေပြီ။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းသော်လည်း လော့ဖိုခုန်းနှင့် ခုန်းလန်တို့ကို တစ်ယောက်တည်း ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
ဤတိုက်ပွဲတွင် လုမင်၏အဖွဲ့က ရှုံးနိမ့်သွားတော့မည်ဟု ထင်ရသည်။
လူတော်တော်များများက သက်ပြင်းချလိုက်ကြလေသည်။ လုမင်၏အဖွဲ့က ရှုံးနိမ့်ခြင်းမှာ သူတို့၏ ကျင့်ကြံမှုအခြေခံက အားနည်းလွန်းတာကြောင့် ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်ယောက်က အန္တိမသူတော်စင်နယ်ပယ်ကို ချိုးဖြတ်ခဲ့လျှင် အခြေအနေက တစ်မျိုးဖြစ်လိမ့်မည်။
"အန္တိမသူတော်စင်နယ်ပယ် ဘုရင်ခန္ဓာနှစ်ဦးက မဟာသူတော်စင်တစ်ပါးကို တိုက်ခိုက်ဖို့ ပူးပေါင်းနေကြတယ်။ နင်တို့တွေ လူတကာ လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား"
ထိုအချိန်တွင် ကြည်လင်သော အသံတစ်ခုကို ကြားလိုက်ရသည်။ အသံက လွန်စွာသာယာပြီး တစ်ခါကြားပြီးလျှင် တစ်သက် မမေ့နိုင်စရာပင်။
"ဘယ်သူလဲ"
ခုန်းလန်က အော်ပြောပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
မနီးမဝေးတွင်၊ ချောမောလှပသော အသွင်အပြင်တစ်ခုက လေထဲမှ လျှောက်လာတာကို မြင်လိုက်ရလေသည်။
"အဲဒါက လော့ထျန်းယီပဲ"
တစ်စုံတစ်ယောက်က ထိုရုပ်သွင်ကို အသိအမှတ်ပြုပြီး အော်ပြောလိုက်သည်။
လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးပြီး ပြုံးသွား၏။ လော့ထျန်းယီ ရောက်လာခဲ့ပြီ။
လော့ထျန်းယီက လေထဲမှ လျှောက်လာပြီး ခုန်းလန်၏ရှေ့တွင် ရပ်လိုက်သည်။
"နင် တိုက်ခိုက်ချင်ရင် ငါ အဖော်ပြုပေးမယ်"
"ဟမ့်၊ လော့ထျန်းယီ... မင်းက သူတော်စင်ဘုရင်စာရင်းမှာ အဆင့် သုံးဆယ့်ခြောက်ပဲ ရှိသေးတာပါ။ မင်းက တိုက်ခိုက်ချင်ရင် ငါ မင်းနဲ့တိုက်မယ်။ မင်းကို အနိုင်ယူပြီးမှ လုမင်ကို တိုက်ခိုက်ရင်လည်း သိပ်နောက်ကျမှာ မဟုတ်ပါဘူး"
ခုန်းလန်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး လော့ထျန်းယီထံသို့ လျှောက်သွားသည်။ သူ့ခြေဖဝါးအောက်တွင် အရာအားလုံးကို ဖျက်ဆီးတော့မည်ကဲ့သို့ လှိုင်းလုံးကြီတစ်ခု ထွက်ပေါ်လာ၏။
ထိုအချိန်တွင်၊ လော့ထျန်းယီ၏ မျက်လုံးများက အသူတစ်ရာမျှ နက်နဲသော ချောက်နက်ကြီးနှစ်ခုကဲ့သို့ နက်မှောင်သွားသည်။
ခုန်းလန်၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွား၏။
သူ့ခြေဖဝါးအောက်မှ လှိုင်းလုံးကြီးများက လှုပ်ခတ်နေပြီး သူ့ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်နေတော့သည်။
"ပုံရိပ်ယောင်တွေ... ပျက်စီးစမ်း"
ခုန်းလန်က အော်ပြောပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ တခဏချင်းမှာပင်၊ လော့ထျန်းယီ၏ ပုံရိပ်ယောင်များကို ချိုးဖျက်တော့မည်ကဲ့သို့ လှိုင်းလုံးကြီးက ကောင်းကင်ကို ထိုးတက်သွား၏။
သို့သော်လည်း လှိုင်းလုံးများက လော့ထျန်းယီကို တမင်တကာ ရှောင်နေသကဲ့သို့ အလိုအလျောက် ခွဲထွက်သွားကြသည်။
ခဏအကြာတွင် ခုန်းလန်၏ ခန္ဓာကိုယ်က တုန်ခါလာသည်။ သူ့မျက်နှာက နီရဲလာပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရတော့သည်။
ထိုအချိန်တွင် လော့ထျန်းယီ၏ မျက်လုံးများက ပုံမှန်ပြန်ဖြစ်သွားကြသည်။ သူက လျစ်လျူရှုစွာ ပြောလိုက်၏။
"နင်က ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"
"မင်း..."
ခုန်းလန် အံ့သြသွားသည်။ သူတို့က ခဏမျှသာ ရင်ဆိုင်မိခဲ့သော်လည်း သူ ဒဏ်ရာရနေပြီ။ သူက လော့ထျန်းယီ၏ ကောင်းကင်ပုံရိပ်ယောင် နိယာမကို မချိုးဖျက်နိုင်ခဲ့ပါ။
လော့ထျန်းယီက သူ့အား နားမလည်နိုင်အောင် နက်နဲသော ခံစားချက်ကို ပေးနေသည်။
"လော့ထျန်းယီက အစွမ်းထက်လိုက်တာ...၊ သူတော်စင်ဘုရင်စာရင်းရဲ့ အဆင့်သတ်မှတ်ချက်တွေက သိပ်တော့ မတိကျဘူး။ ဒါကို အလေးအနက်ထားလို့ မရဘူး"
"လော့ထျန်းယီက တော်တော်နှိမ့်ချနေနိုင်တယ်။ သူက သူတော်စင်ဘုရင်စာရင်းရဲ့ အဆင့် သုံးဆယ့်ခြောက်မှာရှိပေမဲ့ သူ့ရဲ့ခွန်အားကတော့ ထိပ်တန်း နှစ်ဆယ် စာရင်းဝင်ဖို့ လုံလောက်တယ်"
လော့ထျန်းယီ၏ စွမ်းအားကြောင့် လူအများ အံ့အားသင့်သွားကြသည်။
တိုက်ပွဲက ခဏမျှသာဖြစ်သော်လည်း၊ လော့ထျန်းယီက လက်တစ်ချောင်းမျှပင် မလှုပ်ရှားဘဲ ခုန်းလန်ကို သွေးအန်စေခဲ့သည်။ ဤခွန်အားက တကယ်ကို မရိုးရှင်းဘဲ ထူးကဲကာ မှန်းဆလို့မရပေ။