← Chapters

အခန်း ၁၈၈၂

Vol. 126 Ch. 1882

အခန်း ၁၈၈၂

Vol. 126 Ch. 1882

အပိုင်း ( 1882 ) ကောင်းကင်ဧကရာဇ်၏ ဓား။

"လူတိုင်းပဲ၊ ထိုက်စွေ့ကြာပန်းအကြောင်း သတင်းတစ်ခုခု သိရှိကြသလား။ ဒါမှမဟုတ် အဲဒါနဲ့ပတ်သက်တဲ့ သတင်းကို သိရှိရနိုင်တဲ့ နေရာတစ်ခုခုကို သိလား"

ခဏကြာ စကားပြောဆိုပြီးနောက် လုမင်က မေးလိုက်သည်။

ထိုက်စွေ့ကြာပန်းက ဝိညာဉ်လည်ပြန်ဆေးလုံးကို ဖော်စပ်ရန် သူလိုအပ်နေသော တစ်ခုတည်းသော ပါဝင်ပစ္စည်းဖြစ်သည်။ သို့ရာတွင်၊ ထိုသို့သော ဝိညာဉ်ပစ္စည်းက အလွန်ရှားပါး၏။ ၎င်းကို သူတစ်ယောက်တည်း ရှာတွေ့နိုင်ရန် ခက်လိမ့်မည်။ အခြားသူများ၏ အကူအညီကို ရနိုင်လျှင်တော့ ပို၍ လွယ်ကူမည် ဖြစ်သည်။

"ထိုက်စွေ့ကြာပန်းလား"

ထိုနာမည်ကိုကြားတော့ တချို့က စိတ်ရှုပ်ထွေးသွားပုံရသည်။ ၎င်းကို သူတို့ တစ်ခါမှ ကြားဖူးပုံမရပေ။

အကြောင်းသိသူများကလည်း လေးလေးနက်နက် စဉ်းစားလိုက်ကြသည်။

"ထိုက်စွေ့ကြာပန်းက အင်မတန်ရှားပါးတဲ့အရာတစ်ခုပဲ။ အဲဒါကို အချိန်တိုအတွင်း ရှာတွေ့ဖို့ဆိုတာ အရမ်းခက်တယ်။ ဒါပေမဲ့ အဲဒီရတနာရဲ့ သတင်းအချက်အလက်ကို ရရှိနိုင်လောက်တဲ့ နေရာတစ်ခုတော့ ငါသိတယ်"

လော့ထျန်းယီက ခဏမျှ စဉ်းစားနေပြီးနောက် တွေးတွေးဆဆ ပြောလိုက်သည်။

"ဘယ်မှာလဲ"

လုမင် စိတ်လှုပ်ရှားသွား၏။

အနယ်နယ်အရပ်ရပ်ရှိ မျိုးဆက်‌ပေါင်းများစွာမှ ပါရမီရှင်များစွာက ယောင်ချစ်ကို ဝင်ရောက်ခဲ့ကြသည်။ ထို့ကြောင့် လော့ထျန်းယီက သာမန်လူများမသိသော အချက်အလက်များစွာကို သိရှိခြင်းမှာ သာမန်ပင်။

"အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်"

လော့ထျန်းယီက ပြောလိုက်သည်။

"အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်က သတင်းအမျိုးမျိုးကို စုဆောင်းရာမှာ အထူးပြုတယ်။ သူတို့က ယွမ်လုတစ်ခွင်က သတင်းအချက်အလက်မျိုးစုံကို စုဆောင်းတယ်လေ။ ဧကရာဇ်တွေအကြောင်းလို အကြီးကြီးတွေကအစ အတွဲခုတ်တာအထိ... နေရာအနှံ့အပြားက သတင်းများစုံကို စုဆောင်းကြတယ်။ နင့်မှာ ငွေရှိမယ်ဆိုရင် ဘယ်လိုအချက်အလက်ကိုမဆို ဝယ်ယူနိုင်တယ်"

"တကယ်ပဲ ဒီလိုနေရာမျိုး ရှိတာလား။ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်ကို ဘယ်နေရာမှာ ရှာလို့ရနိုင်မလဲ"

လုမင် ဝမ်းသာသွားခဲ့သည်။ ဤအတိုင်းမှန်လျှင် အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်မှ အချက်အလက်အချို့ကို သူရနိုင်ပေမည်။

"ကောင်းကင်ဧကရာဇ်မြို့တော်မှာ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်ရဲ့ ဌာနခွဲတစ်ခု ရှိတယ်။ တည်နေရာအတိအကျကို ငါပေးမယ်"

လော့ထျန်းယီက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူ၏ ဝိညာဉ်အသိဖြင့် မြေပုံတစ်ခု ရေးထွင်းလိုက်သည်။ ထို့နောက် လုမင်ကို ကမ်းပေးလိုက်၏။

သူတို့အဖွဲ့လည်း ခဏတာ စကားစမြည်ပြောပြီးနောက် လူစုခွဲလိုက်ကြလေသည်။

နောက်တစ်နေ့တွင်၊ လုမင်နှင့် ချင်ယွဲ့တို့က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှ ထွက်ခွာပြီး အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်သို့ ဦးတည်သွားကြသည်။

ကောင်းကင်ဧကရာဇ်မြို့တော်က အကန့်အသတ်မဲ့ ကျယ်ပြောသော မြို့တော်တစ်ခု ဖြစ်သည်။ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်က မြို့တော်၏ မြောက်ဘက်တွင် တည်ရှိပေသည်။

နှစ်ယောက်သား လေထဲမှ ပျံသန်းသွားကြသည်။ များမကြာမီ၊ သူတို့က ဆူညံသံများနှင့် လူစည်ကားနေသော နေရာတစ်ခုကို တွေ့လိုက်ရသည်။ လူတော်တော်များများက ပြပွဲကောင်းတစ်ခုကို ကြည့်နေသကဲ့သို့ ဝိုင်းအုံနေကြလေသည်။

"ငါတို့ ဆင်းကြည့်ကြမလား"

ချင်ယွဲ့က သိလိုစိတ်ဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။

"အင်း၊ သွားကြည့်ကြတာပေါ့"

လုမင် ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ဦးက ဆင်းသက်လာပြီးနောက် ရှေးဟောင်း စင်မြင့်တစ်ခုကို တွေ့လိုက်ကြရသည်။ စင်မြင့်ကို အသက်အရွယ်မျိုးစုံမှ အမျိုးသား၊ အမျိုးသမီးနှင့် လူငယ်များက ဝန်းရံထားသည်။

ရှေးဟောင်းစင်မြင့်ပေါ်မှာတော့ ဓားတစ်ချောင်းကို မြေပြင်ပေါ်သို့ ထိုးစိုက်ထားပေသည်။ ယခုအချိန်တွင်၊ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဓားကိုဆုပ်ကိုင်ကာ တအားကုန် ဆွဲနှုတ်ရန် ကြိုးစားနေသည်။ သို့သော်၊ ‌ဓားက အနည်းငယ်မျှ မလှုပ်ပေ။

"အဘိုး၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ"

လုမင်က လူကြီးတစ်ယောက်ကို နှုတ်ဆက်ပြီး အခြေအနေကို မေးလိုက်သည်။

"ညီလေး၊ ဒါက မင်း ကောင်းကင်ဧကရာဇ်မြို့တော်ကို ပထမဆုံးအကြိမ် ရောက်ရှိလာတာ မဟုတ်လား။ ငါ ပြောပြမယ်၊ ဒီဓားက ကောင်းကင်ဧကရာဇ်ရဲ့ဓားပဲ"

အဖိုးအိုက ဂုဏ်ယူစွာ ပြောလိုက်၏။

"ဘယ်လို... ကောင်းကင်ဧကရာဇ်ရဲ့ဓားလား။ ဒါက အမှန်ပဲလား"

လုမင် အံ့သြသွားသည်။

စင်မြင့်ပေါ်ရှိ ဓားက ကောင်းကင်ဧကရာဇ်၏ဓား ဖြစ်ရိုးမှန်လျှင်... ယနေ့အချိန်ထိ မည်သို့ ရှိနေဦးမည်နည်း။

"ဒါက မှန်သလား၊ မှားသလား ငါသိပေမဲ့ ဒီစင်မြင့်ကို ကောင်းကင်ဧကရာဇ်က ဖန်တီးခဲ့တာလို့ ပြောကြတယ်။ ဒီဓားကိုလည်း ကောင်းကင်ဧကရာဇ်က ဒီမှာ စိုက်ထားခဲ့တာတဲ့။ ဓားရဲ့အလျားက ကိုးပေပဲရှိပေမဲ့ အခုချိန်ထိ ဘယ်သူမှ ဆွဲနှုတ်လို့မရသေးဘူး"

အဘိုးအိုက ရှင်းပြလိုက်သည်။

"ဘယ်သူမှ ဆွဲမထုတ်နိုင်ဘူး... သိုင်းဧကရာဇ်တောင်မှ ဆွဲမထုတ်နိုင်ဘူးလား"

လုမင်က ပို၍ သိချင်လာမိသည်။ ချင်ယွဲ့ကလည်း အဘိုးအိုကိုကြည့်ကာ စိတ်ဝင်တစား နားစွင့်လေသည်။

"မရဘူး၊ ဒီဓားကို ဆွဲထုတ်ဖို့က ကျင့်ကြံမှုအခြေခံနဲ့ မဆိုင်ဘူးလေ။ သိုင်းဧကရာဇ်တော်တော်များများက အဲဒါကို တစ်ပေတောင် မဆွဲထုတ်နိုင်ပေမဲ့ ကျင့်ကြံမှုအဆင့်နိမ့်သူတစ်ဦးက နည်းနည်း ဆွဲထုတ်နိုင်ရင် ဆွဲထုတ်နိုင်တယ်။ တစ်ခါက ငါးပေအထိ ဆွဲထုတ်ခဲ့တဲ့ ကျင့်ကြံခါစ လူငယ်လေးတစ်ယောက် ရှိဖူးတယ်"

အဘိုးအိုက ရှင်းပြလိုက်သည်။

"ရှေးခေတ်ကတည်းက အများဆုံး ဆွဲထုတ်ခဲ့တဲ့ မှတ်တမ်းက ရှစ်ပေပဲ။ ဒီမျိုးဆက်က လူငယ်တွေထဲမှာလည်း ရှစ်ပေအထိ ဆွဲထုတ်ခဲ့တဲ့သူတွေ ရှိပါတယ်။ အဲဒါက ကောင်းကင်ဧကရာဇ်ရဲ့ မျိုးဆက်... ကောင်းကင်ဧကရာဇ်ရဲ့ သွေးမျိုးဆက်ရှိတဲ့ ပြိုင်စံရှား ပါရမီရှင် 'ဟန်ရှင်းဟဲ'ပဲ"

"နောက်ပြီးတော့ ဟန်ရှင်းဟဲက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို အနှေးနဲ့အမြန် ဆွဲထုတ်ပြီး သူ့အပိုင်အဖြစ် သိမ်းယူမယ်လို့ ကြုံးဝါးထားကြောင်း ငါကြားတယ်"

ဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကလည်း ရှင်းပြလေသည်။

လုမင်လည်း အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားသည်။

ထိုအချိန်တွင် စင်မြင့်ပေါ်ရှိ လူထွားကြီးက ခြေကုန်လက်ပန်းကျနေပြီ။ သို့တိုင်၊ ဓားက တစ်ပေမျှ ကြွတက်မလာပါ။ အဆုံးတွင် သူက ရှက်ရွံ့နေသော အမူအရာဖြင့် စင်မြင့်ပေါ်မှ ထွက်သွားသည်။

"လူတွေက ဒီကို နေ့တိုင်းလာစမ်းတယ်။ တော်တော်များများက အစပိုင်းမှာတော့ ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ဆွဲထုတ်နိုင်မယ်လို့ တွေးထားတာပဲလေ။ ဒါပေမဲ့ အဆုံးမှာတော့ သူတို့အားလုံး စိတ်ပျက်သွားကြရတယ်"

အဘိုးအိုက ခေါင်းယမ်းပြီး ပြောလိုက်သည်။

"ဒါဟာ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတစ်ခုပဲ‌လေ။ ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ဆွဲထုတ်နိုင်မှာလဲ။ နှစ်တွေကြာလာတာနဲ့အမျှ ပါရမီရှင်တွေ အများကြီး မွေးလာခဲ့ပေမဲ့ ဘယ်သူမှ မဆွဲထုတ်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ပြောကြတာကတော့ အဲဒါကို ဆွဲထုတ်လိုက်တာနဲ့ ကောင်းကင်ဧကရာဇ်ရဲ့ အမွေကို ရရှိနိုင်တယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း လှောင်ပြောင်လိုက်လေသည်။

"ဒါက ဒဏ္ဍာရီတစ်ခုပဲ။ အဲဒါကို အလေးအနက်မထားနဲ့"

အဘိုးကြီးက ခေါင်းခါယမ်းလိုက်သည်။

ထိုအချိန်တွင် အခြားလူတစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာပြီး ဓားကို ဆွဲထုတ်လိုက်သည်။

"ချွမ်"

ရုတ်တရက်၊ ဓားက အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်မှာ တုန်ခါသွား၏။ ဓားသွားက စူးရှသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။

ဓားက တစ်ပေခန့် ကြွတက်သွားသည်။

သို့သော်၊ တစ်ပေက အကန့်အသတ်ပင်။ သူက မည်သို့ပင် ကြိုးစားအားထုတ်နေစေကာမူ၊ တစ်ပေထက်ပိုပြီး ဆွဲမထုတ်နိုင်ခဲ့ပါ။

ခဏအကြာတွင် ထိုလူက ကျရှုံးပြီး စင်မြင့်ပေါ်မှ ပြန်ဆုတ်သွားရသည်။ ဓားကလည်း စင်မြင့်ပေါ်သို့ ပြန်ကျလာပြီး မူလအတိုင်း နစ်မြုပ်သွားလေသည်။

'ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ'

လုမင်လည်း တိတ်တဆိတ် အံ့ဩသွားမိသည်။

သိုင်းဧကရာဇ်များပင်လျှင် ဓားကို မဆွဲထုတ်နိုင်ပါ။ ဒါက အလွန်ထူးခြားသည်။

သိုင်းဧကရာဇ်များတွင် အဆုံးမဲ့စွမ်းအားများရှိပြီး ကောင်းကင်နှင့်မြေကြီးကို ဖြိုခွဲပစ်နိုင်သည်။ သို့တိုင်၊ ဓားကို မဆွဲထုတ်နိုင်ချေ။

ဓားကိုဆွဲထုတ်ချင်လျှင် ကျင့်ကြံခြင်းအခြေခံနှင့် ဘာမှမဆိုင်ပါ။ လူပေါ်မှာ မူတည်သည်။

"ဒီဓားက ငါ့ရဲ့ဓားပဲ"

ထိုအချိန်တွင် လူငယ်တစ်ဦးက စင်မြင့်ပေါ်သို့ တက်လာသည်။ သူ့မျက်နှာက အေးစက်ပြီး မာနကြီး၍ ယုံကြည်မှုအပြည့်ရှိ၏။

"မောက်မာလိုက်တာ၊ ဟန်ရှင်းဟဲတောင်မှ ဓားကို မဆွဲထုတ်နိုင်ဘူး။ ဒီလူက သူ့ရဲ့ဓားလို့ ဘယ်လိုတောင် ပြောဝံ့တာလဲ"

"လူတော်တော်များများက သူတို့မတက်ခင်မှာ ယုံကြည်မှုအပြည့် ရှိခဲ့ပေမဲ့ မကြာခင်မှာပဲ ရှုံးနိမ့်သွားကြတယ်။ ဒီလိုလူတွေကို ငါ အများကြီး တွေ့ဖူးတယ်"

လူအချို့က အထင်အမြင်သေးစွာ ပြောဆိုလိုက်ကြသည်။

သို့သော်လည်း လူငယ်ကတော့ မည်သူ့ကိုမျှ ဂရုမစိုက်ပေ။ သူက ဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ အသက်ပြင်းပြင်းရှူသွင်းပြီး ဆွဲနှုတ်လိုက်သည်။

"ဝမ်"

ဓားက အသံတစ်ချက်ထွက်ပေါ်လာပြီး ကောင်းကင်မှာ တုန်ခါသွား၏။ ကောင်းကင်ဧကရာဇ်၏ဓားက မြေပြင်မှတစ်ပေ ကြွတက်လာတော့သည်။

"ထလိုက်စမ်း"

လူငယ်က အော်ဟစ်ပြီး စွမ်းအင်များ ပေါက်ကွဲလိုက်သည်။ ဓားက အသံတစ်ချက် ထပ်မံပေါ်လာပြီး တောက်ပသော အလင်းတန်းများ ဖြာထွက်သွား၏။

"သုံးပေ၊ တကယ်ကို သုံးပေအထိ ဆွဲထုတ်လိုက်ပြီ"

တစ်ယောက်ယောက်က အော်လိုက်သည်။

တခဏချင်းမှာပင်၊ လူငယ်က နောက်ထပ် နှစ်ပေ ဆွဲထုတ်ပြီး စုစုပေါင်း သုံးပေအထိ ဆွဲထုတ်လိုက်ပြီ။

"ဒီလူငယ်က အရည်အချင်းရှိသားပဲ၊ ဒါပေမဲ့ သူက သုံးပေအထိပဲ ဆွဲထုတ်နိုင်တယ်၊ သုံးပေက သူ့ရဲ့ကန့်သတ်ချက်ပဲ"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ထလိုက်စမ်း"

ထိုအချိန်တွင် လူငယ်က ထပ်မံအော်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော နိယာမစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။

"အဲဒါက... ဘုရင်နိယာမရဲ့ စွမ်းအားပဲ"

"ဒီလူမှာ ဘုရင်​ခန္ဓာရှိတယ်"

လူတော်တော်များများက အော်လိုက်ကြသည်။

"ဝမ်... ဝမ်"

ဓားက နှစ်ကြိမ်တိုင်တိုင် အသံမြည်ပြီး နောက်ထပ် နှစ်ပေ ကြွတက်သွား၏။ ဓားက ငါးပေအထိ ကြွတက်နေပြီ။

'သူက အန္တိမသူတော်စင်တစ်ပါးပဲ။ ဒီလူက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ သို့ရာတွင် ဤလူငယ်ကို သူ တစ်ခါမျှ မမြင်ဖူးပေ။

လူငယ်က ကောင်းကင်ဧကရာဇ်၏ဓားကို ငါးပေအထိ ဆွဲထုတ်ပြီးနောက် သူ၏ အကန့်အသတ်ကို ရောက်ရှိသွားသကဲ့သို့ ရပ်တန့်သွားသည်။

လူငယ်က သူ၏ ကျင့်ကြံမှုစွမ်းအားကို အမြင့်ဆုံးအထိ ဖြန့်ကျက်ထားပြီး အဆုံးမဲ့အလင်းများကလည်း သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားတော့သည်။

All Chapters