အခန်း ၁၈၈၅
Vol. 126 Ch. 1885
အပိုင်း ( 1885 ) ထိုက်ယီဓားသင်္ချိုင်း။
"အချက်အလက်အတွက်ဆိုရင် ဘယ်ဘက်မှာရှိတဲ့အခန်းကိုသွားပါ"
အဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြပြီး ဘယ်ဘက်မှ ခန်းမဆီသို့ လျှောက်သွားလေသည်။ ဘယ်ဘက်ရှိ ခန်းမထဲတွင် လှပသော မိန်းမပျိုတစ်ဦးက လုမင်ကို ကြိုဆိုခဲ့သည်။
"ဧည့်သည်တော်ရှင့်၊ ဘယ်လိုအချက်အလက်တွေကို လိုချင်ပါသလဲ။ ဥပမာ... လူတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်၊ ကျင့်ကြံမှုနည်းလမ်းတွေနဲ့ နတ်ဘုရားစွမ်းရည်တွေ၊ ဒါမှမဟုတ် သူတော်စင် ဆေးပင်တွေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအကြောင်း အချက်အလက်တွေ...၊ ဘာကို လိုချင်လဲမသိဘူး"
မိန်းမပျိုက ပြုံးလျက် ပြောလိုက်သည်။ သူ့အပြုံးနှင့် အမူအရာက လူများကို သက်တောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းလေသည်။
"သူတော်စင်ဆေးပင်တစ်မျိုးပါ"
လုမင်က ပြောလိုက်သည်။
"သခင်လေးက သူတော်စင်ဆေးပင်ကို ရှာချင်တယ်ဆိုရင် ကျေးဇူးပြုပြီး အခန်းနံပါတ်ခြောက်ကို သွားပါ။ ကျွန်မ ရှင့်ကို လမ်းပြပေးမယ်"
မိန်းမပျိုက ပြုံးပြီး လုမင်ကို ခန်းမဘေးမှ အခန်းတစ်ခုဆီသို့ ခေါ်သွားသည်။
လုမင်လည်း စိတ်ထဲမှကြိတ်ပြီး သက်ပြင်းချလိုက်လေသည်။ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်တွင် လုပ်ငန်း စီမံခန့်ခွဲမှုက ပြတ်သားသည်။ မတူညီသောအချက်အလက်များအတွက် မတူညီသောအခန်းများကို သတ်မှတ်ပေးလိမ့်မည်။
ဤနည်းဖြင့် ထိရောက်မှုက ပိုမြင့်မားမည် ဖြစ်သည်။
အခန်းနံပါတ်ခြောက်သို့ ဝင်လာပြီးနောက် လုမင်က ခန့်ညားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
"ဘယ်လို သူတော်စင်ဆေးပင်ကို သိချင်ပါသလဲ... ညီလေး"
လူလတ်ပိုင်းအရွယ် အမျိုးသားက မေးသည်။
"ထိုက်စွေ့ရတနာကြာပန်းပါ... ထိုက်စွေ့ရတနာကြာပန်းကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲ သိချင်တယ်"
လုမင်က ပြောလိုက်သည်။
"ထိုက်စွေ့ရတနာကြာပန်းက အင်မတန်ရှားပါးတဲ့ ဆေးအာနိသင်ရှိတဲ့ သူတော်စင်ဆေးပင်တစ်မျိုးပါ။ အဲဒါက ရှေးခေတ်ကတည်းက ပေါ်လာခဲတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
"အသင်္ချေဖော်ဆောင်ခြင်း မျှော်စင်မှာတောင် ထိုက်စွေ့ရတနာကြာပန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရှိဘူးလား"
လုမင်က စိုးရိမ်သွား၏။
"ဟားဟားဟား၊ ငါ့ညီ ကံကောင်းတယ်လို့ ပြောရမယ်။ မင်းသာ ရက်အနည်းငယ်စောပြီး ရောက်လာခဲ့ရင် ဒီခရီးက အချည်းနှီးဖြစ်လိမ့်မယ်။ ဒါပေမဲ့ မနေ့က ထိုက်စွေ့ရတနာကြာပန်းအကြောင်း အချက်အလက်တစ်ခုကို ငါ ရရှိထားတယ်။ တစ်ယောက်ယောက်က ထိုက်စွေ့ရတနာကြာပန်းကို တစ်နေရာရာမှာ မြင်ဖူးတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောလိုက်သည်။
"ဘယ်မှာလဲ"
လုမင် အလွန်ဝမ်းသာသွားသည်။
"ညီလေး ဆန္ဒမစောပါနဲ့လေ၊ ထိုက်စွေ့ရတနာကြာပန်းက အင်မတန်ရှားပါးတယ်။ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်က ဒီအချက်အလက်တွေကို ရဖို့အတွက် စျေးကြီးကြီးပေးခဲ့ရတယ်။ မင်းက အဲဒါကိုသိချင်ရင် ဈေးပေးရမယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်၏။
"ကျောက်ကြမ်း ဘယ်နှတုံးလဲ"
လုမင်က မေးလိုက်သည်။ သတင်းအချက်အလက်ကို ရရှိရန် ကျောက်ကြမ်းများလိုအပ်ကြောင်း သူသိသည်။
"ထိုက်စွေ့ရတနာကြာပန်းလို ရှားပါးတဲ့ အချက်အလက်တွေက သဘာဝအတိုင်း တန်ဖိုးကြီးမားတယ်။ ဒီအချက်အလက်တွေအတွက် အဆင့်မြင့်ကျောက်ကြမ်း ငါးသိန်း ကျသင့်ပါတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
လုမင်၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားလေသည်။ အချက်အလက်တစ်ခုအတွက် အဆင့်မြင့်ကျောက်ကြမ်း ငါးသိန်း ကျသင့်သည်။ ဒါက မည်မျှဈေးကြီးပါသနည်း။
ဟုတ်သည်၊ အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်၏ ကျင့်ကြံသူများက ကမ္ဘာတဝှမ်းသို့ ခရီးထွက်ကာ အချက်အလက်များ ရှာဖွေကြရသည်။ ဤအတွက် ကုန်ကျစားရိတ်က များပြားပေရာ တန်ကြေး မြင့်မားခြင်းက ပုံမှန်ပင်။
"ကောင်းပြီ၊ ထိုက်စွေ့ရတနာကြာပန်းရဲ့ အချက်အလက်ကို ကျုပ်ယူလိုက်မယ်"
လုမင်က သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ အဆင့်မြင့် ကျောက်ကြမ်းငါးသိန်း ဖြည့်သွင်းလိုက်သည်။ ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားထံ ကမ်းပေးလိုက်လေသည်။
ပမာဏမှန်ကန်ကြောင်း အတည်ပြုပြီးနောက် လူလတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။
"အရင်တုန်းက တစ်စုံတစ်ယောက်ဟာ ထိုက်ယီဓားသင်္ချိုင်းမှာ ထိုက်စွေ့ရတနာကြာပန်းကို တွေ့ခဲ့တယ်...၊ ဒါပေမဲ့ ထိုက်စွေ့ရတနာကြာပန်းက အသိစိတ်ရှိနေပြီး သူ့ဘာသူ ထွက်ပြေးလွတ်မြောက်သွားနိုင်တယ်။ ဒါကြောင့် ထိုက်စွေ့ရတနာကြာပန်းကို ရရှိနိုင်မလားဆိုတာက မင်းရဲ့ကံတရားအပေါ်မှာ မူတည်တယ်။ ကျေးဇူးပြုပြီး..."
ထိုစကားကို ပြောဆိုပြီးနောက် သက်လတ်ပိုင်း အမျိုးသားက လက်ယှက်ပြလိုက်သည်။ ဒါက အလုပ်ပြီးပြီမို့ နှုတ်ဆက်လိုက်ခြင်းပင်။
"ထိုက်ယီဓားသင်္ချိုင်းလား"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ထို့နောက် အသင်္ချေဖော်ဆောင်ခြင်းမျှော်စင်မှ ပြန်ထွက်ခဲ့တော့သည်။
မကြာမီ၊ သူက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်သို့ ပြန်ရောက်ခဲ့သည်။
ထို့နောက်တွင် သူက အချိန်တစ်ခုကြာ ထွက်ခွာသွားရဦးမည်ဖြစ်ကြောင်း ဟွမ်လင်၊ လုံချန်နှင့် အခြားသူများထံ သတင်းပို့လိုက်သည်။
သူက ချင်ယွဲ့၏ အမှတ်တရများကို ပြန်လည်ရရှိစေရန် ထိုက်ယီဓားသင်္ချိုင်းသို့ အမြန်ဆုံးသွားပြီး ထိုက်စွေ့ရတနာကြာပန်းကို ရှာဖွေရန် စီစဉ်ထားပေသည်။
အမှတ်တရများကို ဆုံးရှုံးမှုက အချိန်ကြာလေလေ၊ ချင်ယွဲ့အတွက် ပိုဆိုးပြီး ပြန်ကောင်းလာရန် ပိုခက်ခဲလေ ဖြစ်သည်။
လုမင်က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် ကျန်နေခဲ့သူများအတွက်တော့ စိတ်မပူပေ။ ဟွမ်လီက အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ပြီးနောက် သူတို့၏ အင်အားက အလွန်တိုးတက်လာခဲ့သည်။ လော့ထျန်းယီကလည်း သူတို့နှင့်အတူ ရှိနေခဲ့သေးသည်။
လုမင်က အချိန်မဖြုန်းတော့ဘဲ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်သို့ လျှောက်သွားခဲ့သည်။
ဟုတ်သည်၊ သူက ထိုက်ယီဓားသင်္ချိုင်းသို့ တိုက်ရိုက်ရွှေ့ပြောင်းသွားရန် မဖြစ်နိုင်ပေ။ ထိုအစား၊ သူဟာ ထိုက်ယီဓားသင်္ချိုင်းအနီးရှိ အများသုံး တည်နေရာရွှေ့ပြောင်းခြင်းအစီရင်သို့ ဦးစွာ သွားရသည်။
စင်စစ်တွင်၊ ဧကရာဇ်အဆင့် အင်အားစုတိုင်းက တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များကို တည်ဆောက်ထားတတ်သည်။ သို့ရာတွင် အားလုံးနီးပါးက တစ်လမ်းသွားဖြစ်ပြီး အပြင်ကလူများမှ ပို့ဆောင်၍မရပေ။
အပြင်လူများက အင်အားစုတစ်ခုသို့ တိုက်ရိုက် ပို့ဆောင်နိုင်လျှင် ထိုအင်အားစုက အန္တရာယ်ရှိမည် ဖြစ်သည်။ ရန်သူဖြစ်လျှင် ပို၍ပင် အန္တရာယ်ရှိလိမ့်မည်။
တစ်ဦးနှင့်တစ်ဦး ကောင်းမွန်သော ဆက်ဆံရေးရှိသော အင်အားစုများသာ နှစ်လမ်းသွား တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များကို တည်ဆောက်ထားတတ်သည်။
ထို့ကြောင့် နယ်မြေများစွာတွင် အများသုံး တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များစွာ ရှိပေသည်။
ဥပမာအားဖြင့် ရှေးဟောင်းလ မြင့်မြတ်နယ်မြေ အပြင်ပိုင်း၊ ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေ အပြင်ပိုင်း၊ ကောင်းကင်ဧကရာဇ်မြို့တော်တဝိုက်ရှိ နန်းတော်ရှစ်ခု... စသည်တို့က အများသုံး တည်နေရာရွှေ့ပြောင်းခြင်းနေရာများ ဖြစ်ကြသည်။ အကယ်၍ ပြင်ပလူများက အဆိုပါနေရာများသို့ ဝင်ရောက်လိုပါက အများသုံး တည်နေရာရွှေ့ပြောင်းခြင်းနေရာသို့ ဦးစွာရွှေ့ပြောင်းပြီးမှသာ မိမိ အလိုရှိရာကို ပျံသန်းသွားရလိမ့်မည်။
ထို့ကြောင့် တစ်နေရာသို့ သွားလိုပါက အနီးဆုံးရှိ အများသုံး တည်နေရာရွှေ့ပြောင်းခြင်းအစီရင်ကို ပို့ဆောင်ပေးနိုင်သည်။
နောက်ဆုံးမှာတော့ ယွမ်လုက အလွန်ကြီးမားသည်။ တစ်နေရာမှ တစ်နေရာသို့ ပျံသန်းသွားရန်က လက်တွေ့မကျပေ။ သာမန်ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ယွမ်လုတစ်ခုလုံးကို ဖြတ်ကျော်ရန် အချိန်အကြာကြီး လိုအပ်မည် ဖြစ်သည်။
လုမင်က တည်နေရာရွှေ့ပြောင်းခြင်းအစီရင်အတွင်းသို့ ဝင်ရောက်ပြီး ထိုက်ယီဓားသင်္ချိုင်းနှင့် အနီးဆုံး အများသုံး တည်နေရာရွှေ့ပြောင်းခြင်းနေရာကို ရွှေ့ပြောင်းခဲ့လေသည်။ ထို့နောက်တွင် သူက လွန်းပျံယာဉ်ကို ထုတ်ယူကာ တိုင်ယီဓားသင်္ချိုင်းဆီသို့ ပျံသန်းသွားခဲ့သည်။
လုမင်က သူ၏ ရန်သူများကို သတ်လိုက်ပြီးနောက် ဤ ကောင်းကင်ခွင်းလွန်းပျံကို ရရှိခဲ့သည်။ ဒါက တိမ်နဂါးတောင်ကြားသခင်၏ ကောင်းကင်ခွင်းလွန်းပျံထက် အဆနှစ်ဆယ် ပို၍မြန်ပေသည်။
လွန်းပျံယဉ်အတွင်းသို့ ဝင်ရောက်ပြီးနောက် လုမင်က သူ၏ မူလအသွင်ကို ပြန်ပြောင်းလိုက်သည်။ ထို့နောက် တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ချင်ယွဲ့ကို ပြန်ခေါ်ထုတ်လိုက်၏။
"ကောင်းကင်ဧကရာဇ်ရဲ့ဓားနဲ့ ပတ်သက်တဲ့ ထူးခြားမှုကဘာလဲ၊ ငါ့ကိုပြပါဦး"
ချင်ယွဲ့က ထွက်လာပြီးနောက် လုမင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
ဒီလူငယ်လေးက တကယ်ကို သူ့ရဲ့ သခင်လေးလား။ သူ၏ အရည်အချင်းကလည်း တကယ်ကို အံ့မခန်းပင်။ သူက အမှန်ပင် သူမ၏သခင်လေး ဖြစ်နိုင်သည်။
ချင်ယွဲ့၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။
လုမင်က ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ခုဖြင့် ကောင်းကင်ဧကရာဇ်၏ဓားက သူ့လက်ထဲတွင် ပေါ်လာ၏။
ကောင်းကင်ဧကရာဇ်၏ဓားက ကျောက်သားဓားနှင့်တူသည်။ ၎င်းကို ထူးဆန်းသော ကျောက်တုံးကြီးတစ်ခုမှ ထုဆစ်ထားသကဲ့သို့ပင်။ ထို့ပြင် ယခုအချိန်တွင် ၎င်းက မူမမှန်မှု လုံးဝမရှိပါ။ ဒါက တကယ်ကို ရိုးရိုးကျောက်ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။
ပထမအကြိမ် ဆွဲထုတ်ချိန်ကဲ့သို့ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်မျိုးလည်း မရှိတော့ပေ။
"ဒါက တကယ်ကော ကောင်းကင်ဧကရာဇ်ရဲ့ဓား ဟုတ်ရဲ့လား။ ကြည့်ရတာတော့ အတော်လေးရိုးရှင်းတယ်။ ဒဏ္ဍာရီတွေက မှားနေပြီထင်တယ်"
ချင်ယွဲ့က ကျောက်ဓားကိုယူကာ စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးတွင်၊ သူက သူ၏ သူတော်စင်စွမ်းအင်ကိုပင် ထိုးသွင်းခဲ့သော်လည်း ကျောက်ဓားက လုံးဝ မတုံ့ပြန်ခဲ့ပေ။
လုမင်သည်လည်း ၎င်းကိုယူကာ သူတော်စင်စွမ်းအားကို ထိုးသွင်းကြည့်သည်။ သူက ကစဉ့်ကလျားနိယာမကိုပင် ထိုးသွင်းခဲ့သေးသည်။ သို့သော်လည်း တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။
"ဘာမှ တုံ့ပြန်မှု မရှိဘူး။ ဒါက အသုံးမဝင်တဲ့ ဓားတစ်လက် ဖြစ်ပုံရတယ်"
လုမင်က ဆွံ့အသွားမိသည်။
ထို့နောက် သူတို့နှစ်ဦးက ထပ်မံလေ့လာခဲ့သော်လည်း အဖြေမရသေးပေ။
လုမင်လည်း တောင်နှင့်မြစ်ပန်းချီကားအတွင်း၌ ပြန်ထည့်ထားလိုက်ရသည်။ ၎င်းကို နောက်မှ လေ့လာရမည်။
ထိုက်ယီဓားသင်္ချိုင်းသို့ အကွာအဝေးက မနီးပေ။ အမြန်နှုန်း အဆနှစ်ဆယ်ရှိသော လွန်းပျံယာဉ်ဖြင့်ပင် လဝက်ကြာနေသေးသည်။
သူတို့နှစ်ဦးက ပျံလွန်းပျံယာဉ်တွင်း၌ လေ့ကျင့်နေခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားပြီ။
တောင်မြင့်ကြီးများ ဝန်းရံထားသော မြေရိုင်းတောင်တစ်ခုသို့ ရောက်လာခဲ့ကြသည်။ တောင်အတွင်းမှ သားရဲအော်သံများကို အဆက်မပြတ် ကြားရ၏။
လုမင်က လွန်းပျံယဉ်ကို ဖယ်ရှားလိုက်သည်။ သူတို့နှစ်ယောက်က လေထဲမှ လျှောက်သွားကြ၏။ မိုင်ပေါင်းတစ်သိန်းကျော် ဖြတ်သန်းပြီးနောက် ဧရိယာက ပို၍ တိတ်ဆိတ်ကာလာကြောင်း တွေ့ရှိခဲ့ရသည်။ သက်ရှိသတ္တဝါများကလည်း ပို၍ နည်းပါးလာခဲ့ပြီ။
နောက်ဆုံးတွင် ကြီးမားလှသော ဂူကြီးကို တွေ့လိုက်ရသည်။ ဒါက မြေအောက်ကို ဦးတည်သွားသော ဧရာမ နတ်ဆိုးတွင်းကြီးတစ်ခုလိုပင်။
လှိုဏ်ဂူထဲတွင် သေခြင်းတရား အငွေ့အသက်များက ပြည့်နေသည်။ ဂူတစ်ဝိုက်မှာလည်း သုသာန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပေသည်။
ပြောစကားများအရ၊ ဤဂူအောက်မှာ ဓားများကို မြှုပ်နှံထားသော ထိုက်ယီဓားသင်္ချိုင်း ဖြစ်သည်။