အခန်း ၁၈၈၇
Vol. 126 Ch. 1887
အပိုင်း ( 1887 ) ငါးစာ။
ဓားမိစ္ဆာ ဒါဇင်ပေါင်းများစွာကြားတွင် ဓားသုံးလက် ရှိနေသည်။
ဤဓားသုံးလက်က အစစ်အမှန်မဟုတ်ပေ။ ၎င်းတို့က အလွန်သန့်စင်သော ဓားစွမ်းအင်မှ ဖွဲ့စည်းလာကြခြင်း ဖြစ်သည်။
ဒါက ဓားရင်းမြစ်များပင်။
ယခုအချိန်တွင် ဒါဇင်ပေါင်းများစွာသော ဓားမိစ္ဆာများက ဓားရင်းမြစ်သုံးခုကို ဝိုင်းရံထားသည်။
ဓားမိစ္ဆာများက ဓားရင်းမြစ်များမှ စွမ်းအင်များကို စုပ်ယူပြီး သူတို့ကိုယ်ကို ပို၍ အားကောင်းလာစေနိုင်သည်။ ထို့ကြောင့်၊ ဓားရင်းမြစ်တစ်ခုစီကို စောင့်ကြပ်နေသော ဓားမိစ္ဆာမှုများ အမြဲရှိနေတတ်ပေသည်။
ဤနေရာတွင် ဓားရင်းမြစ် သုံးခုရှိသောကြောင့်၊ ၎င်းတို့ကို ကာကွယ်နေသည့် ဓားမိစ္ဆာများက သဘာဝအတိုင်း ပိုများသည်။
"ဓားရင်းမြစ်သုံးခု"
ဝူချူ၏ နူးညံ့ကြင်နာတတ်ပုံရသော မျက်လုံးများက အရောင်တဖိတ်ဖိတ် တောက်ပလာသည်။
"ကျုပ်တို့ ဘာလုပ်သင့်လဲ"
တစ်ယောက်ယောက်က မေးသည်။
"ငါတို့က သူတို့ကို ထိပ်တိုက်ရင်ဆိုင်လို့မရဘူး။ မဟုတ်လို့ အခြား ဓားမိစ္ဆာတွေကို သတိပြုမိရင် အခက်ကြုံလိမ့်မယ်။ အကောင်းဆုံးနည်းလမ်းက ဓားမိစ္ဆာတွေကို ပထုတ်ပြီး သန်မာတဲ့ တိုက်ခိုက်ရေးအင်အားနဲ့ ဓားရင်းမြစ်သုံးခုကို ချက်ချင်း သိမ်းပိုက်ဖို့ပဲ"
ဝူချူ၏ မျက်လုံးများက တောက်ပသော အလင်းများ ထုတ်လွှတ်နေခဲ့သည်။ သူက အစီအစဉ်များ ချမှတ်လိုက်၏။
"မင်းတို့... မင်းတို့တွေက လူစုခွဲပြီး ဓားမိစ္ဆာတွေကို အဝေးကို မျှားခေါ်သွားကြပါ။ အသန်မာဆုံး ကျင့်ကြံမှုရှိတဲ့ ငါတို့လူတချို့က ဓားရင်းမြစ်သုံးခုကို ချက်ချင်း သိမ်းယူလိုက်မယ်"
ဝူချူက လုမင်၊ ချင်ယွဲ့နှင့် နောက်ပိုင်းမှ အဖွဲ့သို့ ပါဝင်လာသူ လူတချို့ကို ထောက်ပြလိုက်သည်။
"ကျုပ်တို့က သူတို့ကို မျှားခေါ်ရမှာလား"
တစ်ယောက်ယောက်က မေးသည်။
"ဟုတ်တယ်၊ ဒီဓားသင်္ချိုင်းမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းက ငါတို့ရဲ့ ခွန်အားကို မြှင့်တင်နိုင်ရုံသာမက အရင်းအမြစ်တွေကိုပါ ရရှိစေနိုင်တယ်။ စိတ်မပူပါနဲ့... ငါတို့က ဓားရင်းမြစ်တွေကို ရယူပြီးရင် အညီအမျှ ခွဲဝေပေးမှာ...၊ မင်းတို့တွေ နည်းနည်းမှ အကျိုးမနည်းစေရဘူး"
ဝူချူက ပြောလိုက်၏။
"ကောင်းပြီ၊ သူတို့ကို မျှားခေါ်သွားကြမယ်"
ထိုလူက ခေါင်းညိတ်လိုက်သည်။ ကျန်လူများလည်း ကန့်ကွက်ခြင်းမပြုတော့ပေ။
လုမင်နှင့် ကျန်လူများလည်း ဓားမိစ္ဆာများရှိရာကို လမ်းကြောင်းအမျိုးမျိုးမှ တဖြည်းဖြည်း ချဉ်းကပ်သွားကြသည်။
သူတို့က အကွာအဝေးတစ်ခုသို့ ရောက်လာပြီးနောက် ဓားမိစ္ဆာများ သတိပြုမိသွား၏။ သူတို့၏ မျက်လုံးများမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
"ဝှစ်... ဝှစ်"
ထို့နောက်၊ ဓားမိစ္ဆာများက ဓားအလင်းများအသွင် ပြောင်းသွားကြပြီး လုမင်နှင့် ကျန်လူများနောက်သို့ ချက်ချင်း လိုက်ကြသည်။
"သွားကြစို့"
လုမင်လည်း ချင်ယွဲ့ကို ဆွဲခေါ်ပြီး လှည့်ထွက်ပြေးသွားသည်။
တခြားသူများကလည်း ထိုကဲ့သို့ပင်။ သူတို့အားလုံးက ချက်ချင်း လှည့်ထွက်ပြေးသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။
ယခု နေရာတွင် ဓားရင်းမြစ်များအပြင် ဓားမိစ္ဆာ ခုနစ်ခု၊ ရှစ်ခုသာ ကျန်ရှိတော့သည်။
"ငါးစာချတာက တကယ်ကောင်းတာပဲ၊ အဲဒါက အများကြီး အလုပ်ရှုပ်သက်သာစေနိုင်တယ်"
ဝူချူ၏အနားတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လှောင်ပြောင်လိုက်သည်။ သူက လုမင်နှင့် အခြားသူများ ထွက်သွားရာဆီသို့ လှမ်းကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်၏။
"အချိန်မရှိဘူး၊ ချက်ချင်း လှုပ်ရှားပြီး ဓားရင်းမြစ်သုံးခုကို သိမ်းယူလိုက်ရအောင်"
ဝူချူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဓားမိစ္ဆာများကို တိုက်ခိုက်လိုက်သည်။ သူ၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံမှုသို့ ရောက်နေပြီ။ သူ၏ လက်ဝါးတစ်ချက်က ဓားမိစ္ဆာနှစ်ခုကို ဖျက်ဆီးပစ်ပြီး မြေကြီးထဲသို့ ပြန်ဝင်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ဝူချူအနားရှိ အခြားလူများကလည်း တိုက်ခိုက်ခဲ့ကြသည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။ သူတို့အားလုံးဟာ အန္တိမ သူတော်စင်များ ဖြစ်ကြသည်။
သူတို့အားလုံးက အတူတကွ တိုက်ခိုက်သောအခါ ဓားမိစ္ဆာ ခုနစ်ခု၊ ရှစ်ခုမှာ ကြာရှည် မခံနိုင်တော့ပေ။
တစ်ဖက်တွင်...
လုမင်နှင့် ချင်ယွဲ့တို့က အစွမ်းကုန်သုံးပြီး ပြေးနေသည်။ သို့သော်လည်း ဓားမိစ္ဆာများက ပိုမြန်ပြီး သူတို့နောက်မှ လိုက်ပါလာကြ၏။ သူတို့ကြားမှ အကွာအဝေးကလည်း တစ်စတစ်စ နီးကပ်လာချေပြီ။
'ဒီဓားမိစ္ဆာတွေက အတော်မြန်တာပဲ။ သူတို့က ဓားအလင်းလို ပျံသန်းကြပြီး သူတို့ထဲမှာ အန္တိမသူတော်စင်အဆင့် ဓားမိစ္ဆာတစ်ကောင်တောင် ရှိတယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ သူ့မျက်လုံးတွင် အေးစက်စက် အလင်းရောင်တစ်ခုက လင်းလက်သွား၏။
'ချင်ယွဲ့၊ ရပ်လိုက်တော့'
လုမင်က ချင်ယွဲ့ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။
ချင်ယွဲ့က ရုတ်တရက် ရပ်သွားသည်။ သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သောအခါ ဓားမော့နှစ်လက်က ဓားမိစ္ဆာများဆီသို့ ပျံထွက်သွား၏။
ဓားမိစ္ဆာများထဲမှ တစ်ကောင်က အန္တိမသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်ဖြစ်ပြီး ကျန်အကောင်များက မဟာသူတော်စင်များချည်း ဖြစ်ကြသည်။ သူတို့က ချင်ယွဲ့၏ ပြိုင်ဘက်မဟုတ်ပေ။ ဓားမော့နှစ်လက်က ဖြတ်သန်းသွားပြီး ဓားမိစ္ဆာများ လဲကျသွားသည်။ ၎င်းတို့က စွမ်းအင်များအဖြစ် ပြောင်းလဲပြီး မြေကြီးထဲတွင် ပျောက်ကွယ်သွားတော့သည်။
"အား... အား"
ထိုအခိုက်တွင်၊ အခြား အရပ်မျက်နှာများမှ စူးစူးဝါးဝါး အော်သံများကို ကြားလိုက်ရသည်။
ယင်းက အခြား ဓားမိစ္ဆာများကို မျှားခေါ်သွားသူများ၏ အော်သံများပင်များပင်။
လုမင်၏ အကြည့်များက ပို၍ အေးစက်သွားသည်။ ထို့နောက်တွင်၊ သူနှင့် ချင်ယွဲ့က သူတို့၏ မူလနေရာသို့ ပြန်သွားကြ၏။
ထိုအချိန်တွင်၊ ဝူချူနှင့် အခြားသူများက ဓားရင်းမြစ်များကို သိမ်းယူပြီး ပြန်ဆုတ်နေကြပြီ ဖြစ်သည်။ သူတို့က လုမင်နှင့် ချင်ယွဲ့တို့ ပြန်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားကြလေသည်။
'ကြည့်ရတာ သူတို့နှစ်ယောက်စလုံးက ပါရမီရှင်တွေ ဖြစ်ပုံရတယ်။ အန္တိမသူတော်စင်နယ်ပယ် ဓားမိစ္ဆာနဲ့တောင် သူတို့ကို ဘာမှ မလုပ်နိုင်သေးဘူး'
ဝူချူ၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ ထို့နောက်တွင်၊ သူက ညင်သာစွာ ပြုံးပြီး ပြောလိုက်၏။
"လုမင်... အဖွဲ့ကို ပြန်လာပါ။ ငါတို့ အရင်ပြန်ဆုတ်ကြမယ်"
လုမင်က ခေါင်းညိတ်လိုက်သည်။ သူက ချင်ယွဲ့နှင့်အတူ တိတ်တဆိတ် ပြန်လျှောက်လာကာ အတူတူ ဆုတ်ခွာသွားလိုက်ကြလေသည်။
မကြာမီ၊ သူတို့ ဓားရင်းမြစ်များ ရရှိထားသော နေရာအနီးမှ လေတိုးသံများ ထွက်လာခဲ့သည်။ ဓားရင်းမြစ်များ မရှိတော့သဖြင့် ဓားမိစ္ဆာများ ဒေါသထွက်ကုန်ကြပုံပင်။
မကြာမီ၊ ဓားမိစ္ဆာများကို မျှားခေါ်သွားခဲ့သော လူတချို့က အဖွဲ့ထဲကို ပြန်ရောက်လာခဲ့သည်။ ဤလူများ၏ ကျင့်ကြံမှုကလည်း အားမနည်းကြပေ။ သူတို့က ဓားမိစ္ဆာများ၏လက်မှ လွတ်မြောက်ခဲ့ကြသည်။
"ဝူချူ၊ ဓားရင်းမြစ်တွေက ဘယ်မှာလဲ။ ဒါတွေကို ညီတူမျှတူ ခွဲဝေမယ်လို့ ခင်ဗျားပြောထားတယ်"
လူတစ်ယောက်က ဝူချူကို ကြည့်လိုက်သည်။
"ဟားဟားဟား... စိတ်မပူပါနဲ့၊ ကျုပ်တို့မှာ ဓားရင်းမြစ်က သုံးခုပဲ ရှိသေးတယ်။ အဲဒါတွေကို အခုလောလောဆယ် ကျုပ်ကပဲ သိမ်းထားလိုက်မယ်။ အနာဂတ်မှာ ဓားရင်းမြစ်တွေ ပိုရလာတဲ့အခါ အညီအမျှ ခွဲဝေကြတာပေါ့"
ဝူချူက ရယ်မောလိုက်၏။
ထိုလူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဘာမျှ ထပ်မပြောတော့ပေ။
လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ ချင်ယွဲ့၏ မျက်လုံးများမှာလည်း စူးရှသော အရိပ်အယောင်များ ပေါ်လာခဲ့၏။ သို့ရာတွင်၊ သူတို့နှစ်ယောက်စလုံးက စကား သိပ်မပြောကြပေ။
သူတို့က ရှေ့ကို ဆက်လျှောက်သွားကြသည်။ မကြာမီ၊ ဝူချူက တစ်စုံတစ်ခုကို ခံစားမိပြန်သည်။
"ရှေ့မှာ နောက်ထပ် ဓားရင်းမြစ် ရှိသေးတယ်"
ဝူချူက ဝမ်းသာသွားသည်။
သူတို့အဖွဲ့က ရှေ့သို့ ဆက်သွားကြပြီးနောက် ချိုင့်ဝှမ်းတစ်ခုတွင် ဓားရင်းမြစ်တစ်ခုကို တွေ့လိုက်ရ၏။
ဓားရင်းမြစ်တစ်ခုတည်းကို စောင့်ကြပ်နေသော ဓားမိစ္ဆာ အရေအတွက်မှာတော့ အတော်လေးနည်းသည်။
"အတူတူတိုက်ခိုက်ပြီး ဒီဓားမိစ္ဆာကို ဖျက်ဆီးလိုက်ကြရအောင်"
ဝူချူက ပြောလိုက်သည်။
ဓားမိစ္ဆာက တစ်ဒါဇင်ခန့်သာရှိသောကြောင့် ၎င်းတို့ကို မျှားခေါ်ရန်မလိုပေ။ ထို့ပြင်၊ လုမင်နှင့် ကျန်သူများ၏အင်အားက သန်မာသောကြောင့် သူတို့ကို ထိန်းထားနိုင်လျှင် နောင်တချိန်မှာ အကျိုးရှိနိုင်သည်။
ဝူချူ၏ နှုတ်ခမ်းထောင့်များက အေးစက်သော အပြုံးတစ်ခုအဖြစ် အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ သို့သော်လည်း နောက်အခိုက်တွင်၊ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။
အခြားတစ်ဖက်မှ လူရိပ်တစ်ဒါဇင်ကျော်ခန့် ပေါ်လာခဲ့ကြသည်။
သူတို့အားလုံးက ကျွမ်းကျင်သူများပင်။ သူတို့သည် ယခင်ကတည်းက ဓားသင်္ချိုင်းသို့ ဝင်ရောက်နေသူများဖြစ်ကြောင်း ထင်ရှားသည်။
ဓားသင်္ချိုင်းထဲတွင် လူများစွာ ရှိသည်။ ရက်အနည်းငယ်ကြာတိုင်း လူများ ရောက်လာတတ်သဖြင့် ဓားသင်္ချိုင်းတွင် လူဘယ်လောက်များများ ရှိနေသလဲဆိုတာကို မသိနိုင်တော့ပေ။
တစ်ဖက်လူများကလည်း လုမင်နှင့် အခြားသူများကို တွေ့သွားကြသည်။ သူတို့၏ အကြည့်များက တင်းမာကြ၏။ တချို့ဆိုလျှင် လူသတ်ချင်တို့ပင် ပေါ်လာတော့သည်။
ဝူချူနှင့် ကျန်သူများ၏ မျက်နှာများ မည်းမှောင်သွားကြသည်။
"ထွက်သွား၊ အဲဒီဓားရင်းမြစ်က ငါတို့ပိုင်တယ်"
တစ်ဖက်မှလူက အေးစက်စွာ ပြောလိုက်သည်။
"ထွက်သွားသင့်တာက မင်းတို့ပဲ"
ဝူချူက လှောင်ပြောင်လိုက်၏။
သူ့ရှေ့တွင် ဓားရင်းမြစ်ကို မြင်နေရမှတော့ မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။
သူက လုမင်နှင့် ကျန်လူများကို လှည့်ကြည့်လိုက်သည်။
'ခင်ဗျားတို့ သူတို့ကို သွားဟန့်တားထားပါ။ ကျုပ်တို့က ဓားရင်းမြစ်ကို သွားယူလိုက်မယ်'
ဝူချူက လုမင်၊ ချင်ယွဲ့နှင့် အခြားလူတချို့ထံ အသံပို့လွှတ်ပြီး ပြောလိုက်သည်။
ဤလူများအားလုံးက ဓားမိစ္ဆာများကို မျှားခေါ်ခဲ့ကြရသူများပင်။ တစ်နည်းဆိုရလျှင်၊ သူတို့က အသုံးချခံများ ဖြစ်ခဲ့သည်။
'ငါသိနေတယ်'
လုမင်က အေးစက်စွာ ပြုံးလိုက်သည်။
"မင်းက ငါတို့ကို တားဆီးစေချင်တာလား။ ရယ်စရာကောင်းလိုက်တာ...၊ သူတို့ထဲမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ငါတို့သွားရင် ကိုယ့်သေတွင်းကို ကိုယ်တူးသလို ဖြစ်မှာပေါ့။ ငါလက်မခံဘူး"
အရပ်ပုပု၊ ဝဝ အမျိုးသားတစ်ယောက်က ခေါင်းယမ်းကာ တိုက်ရိုက်ငြင်းဆိုလိုက်သည်။
ဓားသင်္ချိုင်းတွင် သာမန်လူများ မရှိပေ။ တစ်ဖက်လူ ဒါဇင်ချီထဲတွင် အနည်းဆုံး လူတစ်ဝက်ခန့်က အန္တိမသူတော်စင်များ ဖြစ်သည်။ ဝူချူကဲ့သို့ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူများပင် ရှိကောင်းရှိနေနိုင်သေးသည်။
သူတို့ကို ဟန့်တားရန် တောင်းဆိုခြင်းက သေတွင်းထဲသို့ တွန်းချခြင်း ဖြစ်သည်။
ဝူချူ၏ မျက်လုံးများက အေးစက်သွားသည်။
"စိတ်မပူကြပါနဲ့၊ မင်းတို့က သူတို့ကို ခဏလောက် တားဆီးထားဖို့ပဲလိုတယ်။ ငါတို ဓားရင်းမြစ်ကို ရယူပြီးတာနဲ့ မင်းတို့ကို ချက်ချင်း လာကူညီပေးမယ်။ မင်းတို့က သူတို့ကို ခဏလောက်တော့ ဟန့်တားထားနိုင်မယ်ဆိုတာ ငါယုံပါတယ်"