အခန်း ၁၈၈၈
Vol. 126 Ch. 1888
အပိုင်း ( 1888 ) တန်ပြန်တိုက်ခိုက်ခြင်း။
ဝူချူက လုမင်နှင့် အခြားသူများကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
သူက လုမင်နှင့် တခြားသူများကို ခဏတာမျှ ထိန်းထားစေချင်မိ၏။ ထိုအချိန်တခဏက သူတို့ကို ဓားရင်းမြစ်များ ရရှိစေနိုင်ရန် လုံလောက်သည်။
'ငါတို့က မင်းတို့ကို နည်းနည်းပါးပါးပဲ လုပ်ခိုင်းပေမဲ့ ဆင်ခြေတွေ ဆင်လက်တွေ ဆင်နားရွက်တွေပေးနေတယ်။ မင်းတို့က ငါတို့နောက်ကိုလိုက်ပြီး အလကား အကျိုးခံစားနိုင်မယ်လို့ ထင်နေတာလား။ မင်းတို့တွေ တစ်ခုခုကို လိုချင်ရင် တန်ကြေးတစ်ခုတော့ ပြန်ပေးဆပ်ရမယ်'
ဝူချူဘေးမှ လူထွားကြီးက မှုန်ကုပ်ကုပ်ဖြင့် အသံပို့လွှတ်ပြီး ပြောလိုက်သည်။
လုမင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ဝူချူနှင့် အခြားသူများက သူတို့အတွက် လုမင်တို့ကို ခေါင်းခံစေချင်နေသလော။ ရယ်စရာကောင်းလွန်းသည်။ ယခင်ကလည်း သူတို့ကို ငါးစာချပြီး ဓားရင်းမြစ်ကို သိမ်းယူခဲ့သေးသည်။
ယခုလည်း ထို့နည်းတူစွာပင် ဖြစ်သည်။ သူတို့ကို အန္တရာယ်များ တားဆီးစေပြီး ၎င်းတို့ကိုယ်တိုင်က ဓားရင်းမြစ်ကို ရယူလိုသည်။ သူတို့က ဓားရင်းမြစ်ကိုရပြီးနောက် ထွက်ပြေးသွားမလားဆိုတာ မည်သူသိမည်နည်း။
"ငါမသွားနိုင်ဘူး၊ မင်း တိုက်ခိုက်ချင်ရင် ကိုယ့်ဘာသာပဲ တိုက်ခိုက်တော့။ ငါအဖွဲ့ထဲက ထွက်ပြီ၊ မင်းတို့ရဲ့ ခိုင်းဖက်လုပ်မဲ့အစား တစ်ယောက်တည်း စွန့်စားရတာကို ပိုကြိုက်တယ်"
လူတစ်ယောက်က ခေါင်းခါယမ်းပြီး ငြင်းလိုက်သည်။ ထို့နောက် သူက ထွက်သွားရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း ထိုအခိုက်တွင် ဝူချူက ရုတ်တရက် လှုပ်ရှားလာသည်။ သူက ထိုလူကို လက်သည်းဖြင့် ကုပ်ဆွဲလိုက်၏။
ထိုလူမှာ ဝူချူကို ရုတ်တရက် တိုက်ခိုက်လာရန် မမျှော်လင့်ထားပေ။ သူကိုယ်တိုင်က အန္တိမသူတော်စင်တစ်ဦးဖြစ်သော်လည်း သူ၏ ခွန်အားကို အပြည့်အဝ အသုံးမချနိုင်တော့ပါ။ ထို့ပြင် ဝူချူကလည်း ပြီးပြည့်စုံသော အန္တိမသူတော်စင်တစ်ဦး ဖြစ်သည်။ သူတို့ကြားမှ ကွာခြားချက်က အလွန်ကြီးမား၏။ သူက လုံးဝ ပြန်မတိုက်နိုင်တော့ပေ။
"ဖောက်"
ဝူချူ၏ လက်သည်းက ထိုလူ၏ဦးခေါင်းကို အက်ကွဲသွားစေခဲ့သည်။
"အား"
ထိုလူက အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများက ဒေါသတို့ ပြည့်နှက်နေ၏။
"ဝုန်း"
ဝူချူ၏ လက်သည်းမှ သူတော်စင်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုလူ၏ ဦးခေါင်းက ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားပြီး သူ၏ဝိညာဉ်သည်လည်း ချက်ခြင်း ပျက်သုဉ်းသွားတော့သည်။
'အခုမှ ထွက်သွားချင်ရင် အရမ်းနောက်ကျသွားပြီ။ အခု သူတို့ကို သွားဟန့်တားလိုက်ပါ၊ မဟုတ်ရင် မင်းတို့ သေလိမ့်မယ်'
ဝူချူက လုမင်နှင့် အခြားသူများကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
လုမင်နှင့် ချင်ယွဲ့တို့၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ ကျန်သူများမှာတော့ မျက်နှာပျက်သွားကြ၏။
သူတို့နှင့် ဆန့်ကျင်ဘက်မှ လူများကလည်း သူတို့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"ဟားဟားဟား... တိုက်ပွဲတောင် မစရသေးဘူး၊ အတွင်းရေး ပဋိပက္ခ ဖြစ်နေပြီ"
တစ်ယောက်က လှောင်ပြောင်လိုက်သည်။
"ဘယ်လိုပဲဖြစ်ပါစေ... တိုက်ခိုက်ဖို့ အသင့်ပြင်ထားလိုက်ပါ။ ဓားရင်းမြစ်ကို ရယူရမယ်။ ဒီလူတွေလည်း သေရမယ်"
အသန်မာဆုံး အရှိန်အဝါရှိသူက အေးစက်စွာ ပြောလိုက်၏။
သူတို့က ဓားရင်းမြစ်ကို လိုချင်ရုံသာမက လုမင်နှင့် အခြားသူများကိုလည်း သတ်ပစ်ချင်ကြသည်။
ဓားရင်းမြစ်ကို ရှာဖွေမည်ဆိုလျှင် လူသတ်ဓားမြတိုက်ခြင်းထက် ပိုကောင်းသောနည်းလမ်း အဘယ်မှာရှိမည်နည်း။
လုမင်တို့ဘက်တွင်...
'ကောင်းပြီ၊ တိုက်ခိုက်မယ်'
လုမင်က ခေါင်းညိတ် သဘောတူလိုက်သည်။
တခြားသူများလည်း အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ရုံမှတပါး ရွေးချယ်စရာမရှိပေ။
'ငါ အမိန့်ပေးတာနဲ့ ချက်ချင်း တိုက်ခိုက်ပါ'
ဝူချူက အသံပို့လွှတ်ပြီး ပြောလိုက်သည်။ ထို့နောက်၊ ရုတ်တရက် ပြောလိုက်၏။
'သတ်'
"ဝှစ်... ဝှစ်..."
လုမင်နှင့် အခြားသူများလည်း လှုပ်ရှားလာပြီး ချက်ချင်း တိုက်ခိုက်ကြတော့သည်။
သို့သော်လည်း သူတို့က ဝေးဝေးမရောက်မီ၊ လုမင်က လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည်။ တောင်လုံးတမျှ ကြီးမားသော လက်ဝါးအင်အားက တစ်ဖက်လူများထံသို့ ပြေးဝင်သွား၏။
"မင်းတို့ သေချင်နေတာပဲ။ သူတို့အားလုံးကို သတ်ပစ်"
တစ်ဖက်အဖွဲ့မှ ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ လူတိုင်းက အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ပြီး လုမင်တို့ကို တိုက်ခိုက်ကြတော့သည်။
"နောက်ဆုတ်"
လုမင်က ခပ်တိုးတိုး အော်လိုက်သည်။ သူက ချင်ယွဲ့နှင့်အတူ ရုတ်တရက် ပြန်လှည့်ပြီး ဝူချူနှင့် အခြားသူများဆီသို့ ပြေးသွား၏။
ကျန်သူများမှာလည်း တခဏမျှ ကြောင်အသွားပြီးနောက် အခြားလမ်းကြောင်းများကို ထွက်ပြေးကုန်တော့သည်။ ဤနေရာတွင် သူတို့၏အသက်ကို အသေမခံလိုပေ။
"မင်းတို့အားလုံး သေချင်နေကြတာပဲ"
လုမင်နှင့် တခြားသူများက သူတို့ဆီသို့ ပြန်ပြေးလာနေကြောင်း မြင်ရပြီးနောက် ဝူချူမှာ ဒေါသတကြီး ဖြစ်သွားသည်။
"မင်းက ငါတို့ကို အလကား အသုံးချချင်နေတာလား။ ရယ်စရာကောင်းတယ်"
လုမင်က လှောင်ပြောင်လိုက်သည်။ သူနှင့် ချင်ယွဲ့က ဝူချူနှင့် အခြားသူများကို တိုက်ခိုက်လိုက်၏။ တစ်ဖက်အဖွဲ့ကလည်း ဝူချူနှင့် တခြားသူများထံ ပြေးလာကြတော့သည်။
"ခွေးကောင်လေး၊ ငါ မင်းကို အရင်သတ်မယ်"
အန္တိမသူတော်စင်နယ်ပယ်မှ လူထွားကြီးတစ်ယောက်က လုမင်ကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။
"ထွက်သွား"
လုမင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူက တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ချေမှုန်းပြီးနောက် တစ်ဖက်လူ၏လက်ဝါးကို ထိပ်တိုက် ရိုက်ချလိုက်၏။
"ဂျွတ်..."
တစ်ဖက်လူ၏ လက်အရိုးက တိုက်ရိုက်ကျိုးသွားသည်။ သူက မယုံကြည်နိုင်စွာဖြင့် တုန်လှုပ်စွာကြည့်ရင်း အသည်းအသန် ဆုတ်ပြေးရန် ကြိုးစားတော့သည်။
သို့ရာတွင်၊ လုမင်နှင့် ချင်ယွဲ့ကလည်း ဆက်လက်တိုက်ခိုက်ခြင်းမပြုခဲ့ပါ။ သူတို့က သူ့အား ကျော်ဖြတ်ကာ အဝေးသို့ ပြေးသွားကြသည်။
ထိုအချိန်တွင်၊ တစ်ဖက်အဖွဲ့က အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်။ ဝူချူနှင့် အခြားသူများဆီသို့ အမျိုးမျိုးသော တိုက်ခိုက်မှုများ ကျရောက်လာ၏။ နှစ်ဘက်စလုံး ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်ကြတော့သည်။
"ချီးပဲ၊ အငယ်လေး... ငါ မင်းကို အနှေးနဲ့အမြန် သတ်မယ်"
ဝူချူက ဟိန်းဟောက်လိုက်သည်။ သူက လုမင်နှင့် ချင်ယွဲ့ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လှမ်းကြည့်လိုက်၏။
လုမင်က တကယ်ကို သတ္တိကောင်းသည်။ သူက တစ်ဦးတည်း လွတ်မြောက်ချင်ရုံတင်မကဘဲ တစ်ဖက်လူများကိုလည်း သူတို့ထံသို့ မျှားခေါ်လာသေးသည်။ သူက တကယ်ကို အပိုင်းပိုင်းဖြတ်ပြီး အသတ်ခံရသင့်သည်။
"အဘိုးကြီး၊ ငါ့ကိုမသတ်ခင် မင်းအသက်ကိုပဲ အရင်ကယ်ပါဦးကွာ။ နှုတ်ဆက်တယ်"
လုမင်က လှောင်ပြောင်လိုက်သည်။ သူက မရပ်နားဘဲ ချင်ယွဲ့နှင့်အတူ ဆက်ပြေးသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က ပျောက်ကွယ်သွားတော့သည်။
တစ်ဖက်အဖွဲ့ကလည်း လုမင်နှင့် ချင်ယွဲ့တို့ကို လူငယ်နှစ်ဦးသာဖြစ်ကြောင်း မြင်ရသောကြောင့် ဂရုမစိုက်ပေ။ သူတို့က ဝူချူနှင့် အခြားသူများကိုသာ စိုက်ကြည့်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။
မကြာမီတွင်၊ လုမင်နှင့် ချင်ယွဲ့က တိုက်ပွဲအတွင်းမှ လွတ်မြောက်လာပြီး မိုင်ထောင်သောင်းချီ ဝေးကွာသောအရပ်တွင် ပေါ်လာကြလေသည်။
သူတို့ နှစ်ယောက်တွင် တိကျသော ဦးတည်ချက် မရှိပေ။ သူတို့၏ ရည်ရွယ်ချက်မှာ ထိုက်စွေ့ရတနာကြာပန်းကို ရှာဖွေရန် ဖြစ်သည်။ သို့သော်လည်း ထိုက်စွေ့ရတနာကြာပန်းက ဓားသင်္ချိုင်း၏ မည်သည့်နေရာတွင် ပေါ်လာမည်ကို မသိခဲ့ကြပေ။ သူတို့က ကျပန်းသာ ရှာဖွေနိုင်ခဲ့သည်။
သူတို့နှစ်ဦးက လမ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်ကာ ရှေ့သို့ ပြေးသွားကြလေသည်။
မကြာမီ၊ ဓားရင်းမြစ်နှစ်ခုကို တွေ့လိုက်ရသည်။ သူတို့အနားမှာတော့ ဓားမိစ္ဆာ နှစ်ဆယ်ခန့်က စောင့်ကြပ်နေကြ၏။
သို့သော်လည်း သူတို့က မြင်နေရပြီမို့ သဘာဝအတိုင်း လက်မလွှတ်နိုင်တော့ပေ။
ဓားမိစ္ဆာများက အားကောင်းသော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းဖြင့် များစွာ မခက်ခဲခဲ့ပါ။
သူတို့နှစ်ဦးက လျှပ်စီးလက်သကဲ့သို့ ဓားရင်းမြစ်ဆီသို့ ဦးတည်သွားကြသည်။
"ဝှစ်... ဝှစ်"
ဓားမိစ္ဆာများကလည်း လုမင်နှင့် ချင်ယွဲ့ကို သတိပြုမိသွားသည်။ ၎င်းတို့က လုမင်နှင့် ချင်ယွဲ့တို့ကို တိုက်ခိုက်လိုက်၏။ သူတို့၏ ခန္ဓာကိုယ်က နတ်ဓားများကဲ့သို့ တောက်ပလာပြီး လုမင်တို့ကို တိုက်ခိုက်ကြတော့သည်။
ချင်ယွဲ့က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ အပူလှိုင်းနှင့် အအေးလှိုင်းတို့ ဖြာထွက်နေသော ဓားမော့နှစ်လက်က ပျံထွက်သွားပြီး အဆက်မပြတ် လည်ပတ်သွား၏။ အပူနှင့်အအေးတို့က ရစ်ပတ်ပြီးနောက် အားကောင်းသော အဖျက်စွမ်းအားတို့ကို ထုတ်လွှတ်လာတော့သည်။
ဓားမိစ္ဆာများက အန္တိမသူတော်စင် သို့မဟုတ် မဟာသူတော်စင်များပင်ဖြစ်စေ... အားကောင်းသော အဖျက်စွမ်းအားအောက်တွင် ချက်ချင်း ချေမှုန်းခံလိုက်ကြရသည်။
ချင်ယွဲ့၏ တိုက်ခိုက်နိုင်စွမ်းဖြင့် သာမန် အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူကို ချက်ချင်း သတ်နိုင်ပေသည်။
"ဝုန်း... ဝုန်း"
လုမင်၏ တိုက်ခိုက်မှုက ပို၍ပင် ပြင်းထန်သည်။ သူက လက်သီးချက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်၏။ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်များက ပေါ်လာပြီး ဓားမိစ္ဆာများကို ဖိနှိပ်လိုက်တော့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်က ဓားမိစ္ဆာများကို ချက်ချင်း အမှုန့်ချေပစ်လိုက်သည်။
အန္တိမသူတော်စင်နှစ်ယောက်ဆိုလျှင် ချက်ချင်း အသတ်ခံလိုက်ရပေသည်။
အချိန်အနည်းငယ်အတွင်းမှာပင် ဓားမိစ္ဆာ နှစ်ဆယ်ခန့်ကို သူတို့နှစ်ဦးမှ ရှင်းထုတ်နိုင်ခဲ့သည်။ ထို့နောက်၊ သူတို့နှစ်ဦးက ဓားရင်းမြစ်ကို အသီးသီးသိမ်းယူကာ ဤနေရာမှ ထွက်ခွာသွားတော့သည်။
မိုင်တစ်သောင်းဝေးသောအရပ်မှ ချိုင့်ဝှမ်းတစ်ခုတွင်၊ လုမင်က သူ့လက်ထဲမှ ဓားရင်းမြစ်ကို အသေအချာ စစ်ဆေးကြည့်လိုက်သည်။
ဓားရင်းမြစ်က အပြင်ပန်းမှကြည့်လျှင် စစ်မှန်သော ဓားတစ်လက်နှင့်တူသော်လည်း ဝိညာဉ်အသိဖြင့် ကြည့်ရှုသောအခါ ဓားစွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်ရပေသည်။
"ဝါးမျို"
လုမင်၏ ဘယ်ဘက်လက်ဝါးမှ ဝါးမျိုခြင်းစွမ်းအားတို့ ပေါ်လာခဲ့သည်။ ဓားရင်းမြစ်က ဝါးမျိုခြင်း စွမ်းအားအောက်တွင် ပေါက်ကွဲသွားပြီး လုမင်၏ ခန္ဓာကိုယ်တွင်းသို့ စီးဆင်းသွား၏။
"ဒါက..."
လုမင်က ဂရုတစိုက် ခံစားလိုက်သည်။ ဓားရင်းမြစ်၏ စွမ်းအင်က မရေမတွက်နိုင်သော ဓားအလင်းများဖြင့် ဖွဲ့စည်းထားပုံရကြောင်း သူ ခံစားရပေသည်။ ၎င်းက လုမင်၏ သူတော်စင်စွမ်းအားကို သန့်စင်စေပြီး ပို၍ အားကောင်းလာစေနိုင်သည်။
လုမင်လည်း အချိန်မဆိုင်းတော့ဘဲ ဓားရင်းမြစ်ကို စတင် သန့်စင်လိုက်တော့သည်။
နှစ်နာရီကျော်ကြာပြီးနောက်၊ လုမင်က ဓားရင်းမြစ်၏ စွမ်းအင်ကို သန့်စင်ပြီးသွားသည်။
'ငါ့ရဲ့ သူတော်စင်စွမ်းအင်က တကယ်ကို ပိုအားကောင်းပြီး ပိုသန့်စင်လာတယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
တိုးတက်မှုက မကြီးမားဘဲ သေးငယ်သာ ပမာဏတစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း ဒါက ဓားရင်းမြစ်တစ်ခုသာ ရှိသေးသည်။ လုံလောက်သော ဓားရင်းမြစ်ပမာဏကို ရရှိပါက၊ သူ၏ ကျင့်ကြံမှုမှာ အလွန်လျင်မြန်စွာ တိုးတက်လာနိုင်သည်။ ဒါက ပုံမှန်လေ့ကျင့်ခြင်းထက် အဆများစွာ ပို၍မြန်လိမ့်မည်။