← Chapters

အခန်း ၁၈၉၁

Vol. 127 Ch. 1891

အခန်း ၁၈၉၁

Vol. 127 Ch. 1891

အပိုင်း ( 1891 ) ဝူချူကို သတ်ခြင်း။

လူတော်တော်များများက လုမင်၏ ကစဉ့်ကလျားနိယာမကို အသိအမှတ်ပြုကြပြီးနောက် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ကစဉ့်ကလျား၏သားတော်က ဤနေရာတွင် အမှန်တကယ် ပေါ်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်မှာ အံ့သြစရာမရှိတော့ပါ။

တစ်ဖက်တွင်၊ ဝူချူမှာလည်း တုန်လှုပ်သွားခဲ့သည်။ သူ့မျက်လုံးများက မယုံနိုင်မှုတို့ ပြည့်နေ၏။

သူက ကစဉ့်ကလျား၏သားတော်ကို အမှန်တကယ် ပစ်မှားခဲ့သည်။

ထို့နောက်မှာတော့ သူ့မျက်လုံးများမှ သတ်ဖြတ်လိုစိတ်က ပို၍ ပြင်းထန်လာတော့သည်။

သူက တစ်ဖက်လူကို စော်ကားပြီးပြီမို့ သူ့ကိုသတ်ပြီး အနာဂတ်တွင် ဖြစ်လာလတံ့သော ကပ်ဘေးကို ဖယ်ရှားပစ်ရမည် ဖြစ်သည်။ မဟုတ်လျှင်၊ သူက အနာဂတ်တွင် သေချာပေါက် သေရလိမ့်မည်။

သူက လွန်စွာ ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်သည်။ သူက ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချက်ချင်း အော်ပြောလိုက်၏။

"သူ့ကို အတူတူသတ်ကြစို့"

အခြားနှစ်ယောက်ကလည်း ခေါင်းညိတ်ပြီး သတ်ဖြတ်လိုစိတ်တို့ကို ထုတ်ဖော်လာတော့သည်။

"ဝှစ်"

ချင်ယွဲ့က ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။ ဓားမော့နှစ်လက်က သူ့အား လှည့်ပတ်ပျံဝဲနေသည်။ သူက ပြောလိုက်၏။

"လုမင်၊ ဒီနှစ်ယောက်ကို ငါ့အတွက်ထားလိုက်ပါ"

"ကောင်းပြီ"

လုမင် ခေါင်းညိတ်လိုက်သည်။ ကျန်လူနှစ်ဦး၏ ကျင့်ကြံမှုအဆင့်က မြင့်မားပြီး အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်ဖြစ်သော်လည်း ချင်ယွဲ့၏ တိုက်ခိုက်နိုင်စွမ်းဖြင့် သူတို့ကို ဟန့်တားထားရန်မှာ ပြဿနာရှိမည်မဟုတ်ပေ။

ချင်ယွဲ့က ယင်နှင့်ယန် နိယာမကို အသက်သွင်းပြီး ထိုလူနှစ်ယောက်ဆီသို့ လျှောက်သွားသည်။ နှစ်ဖက်စလုံးက အချိန်မဆိုင်းဘဲ တိုက်ပွဲတစ်ခုကို စတင်တော့သည်။

"သတ်"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုပြီး အော်ဟစ်လိုက်သည်။ မမြင်နိုင်သော ဓားတစ်လက်က တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားသည်။

တစ်ချိန်တည်းမှာပင်၊ လုမင်က လေထဲသို့ လက်ညှိုးထိုးလိုက်၏။ လေထဲတွင် အဆုံးမဲ့စွမ်းအင်များက လက်ချောင်းကြီးတစ်ချောင်းအဖြစ် ဖွဲ့စည်းလာကာ ဝူချူအပေါ်သို့ ဖိချလိုက်တော့သည်။

ဝူချူ မျက်မှောင်ကြုတ်သွားသည်။ သေမင်းခံတွင်းဝကို ရောက်နေသကဲ့သို့ ကျောရိုးထဲထိ အေးစက်မှုကို ခံစားလိုက်ရသည်။

"ကောင်းကင် ကင်းခြေများလက်သည်း"

ဝူချူက ဟိန်းဟောက်ပြီး သူ့အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ သူက နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်၏။ ကြီးမားသော လက်သည်းကြီးက ကောင်းကင်တွင်ပေါ်လာပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ဖမ်းဆုပ်လိုက်တော့သည်။

"ဝုန်း"

ကြီးမားသော ဧရာမသည်းနှင့် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းတို့ တိုက်မိသွားသည်။

လေဟာနယ်က ပြင်းထန်စွာ တုန်လှုပ်လာသည်။ နောက်အခိုက်အတန့်တွင်၊ ဝူချူ၏ ထိတ်လန့်နေသော အကြည့်အောက်မှာ သူဖွဲ့စည်းထားသော လက်သည်းက ပြိုကျသွား၏။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက သူ့ခန္ဓာကိုယ်ကို ဆက်လက်ဖိချလိုက်ရာ သူ့ပါးစပ်ထဲမှ သွေးများအန်ထွက်လာတော့သည်။ သူက မြေပြင်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွားသည်။

ဝူချူ၏ တိုက်ခိုက်နိုင်စွမ်းက အန္တိမသူတော်စင်နယ်ပယ်တွင် မြင့်မားသူ မဟုတ်ပေ။ သူ၏ နတ်ဘုရားစွမ်းရည်က ရှစ်ဆယ့်ငါးရာခိုင်နှုန်းသာရှိပြီး နိယာမသည်လည်း သာမန်နိယာမတစ်ခုမျှသာ ဖြစ်သည်။ ၎င်းက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ ရှစ်ဆယ့်ရှစ်ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်၍မရချေ။ အားနည်းလွန်းသည်။

ဝူချူက တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

နောက်ဆုံးတွင်၊ ဤတိုက်ခိုက်မှုက လုမင်၏ အသန်မာဆုံး တိုက်ခိုက်မှုပင်။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

လုမင်က နောက်တစ်ဖန် လက်ညှိုးညွှန်လိုက်သည်။

ဝူချူက သွေးပျက်ချောက်ချားစွာဖြင့် တွန်းလှန်ရန် ကြိုးစားသေး၏။ သို့သော်လည်း ဤတစ်ကြိမ် တိုက်ခိုက်မှုအပြီးတွင် ဝူချူ၏ ဒဏ်ရာများမှာ ပို၍ပြင်းထန်လာသည်။ သူ့ခန္ဓာကိုယ်က တစ်ပိုင်သေပြီး ပေါက်ကွဲတော့မည်ကဲ့သို့ပင်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းအရ သာမန်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် နယ်ပယ်တစ်ခုကို လုံးဝ ဖြတ်ကျော်ကာ သတ်နိုင်သည်။

"ဝုန်း... ဝုန်း"

ထို့နောက်တွင်၊ လုမင်က လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားများက ဝူချူအား နစ်မြှုပ်သွားစေခဲ့၏။

ဝူချူက လက်မခံနိုင်စွာဖြင့် အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။ သူက အစွမ်းကုန်ခုခံရန် ကြိုးစားသော်လည်း သူ့အော်သံက တဖြည်းဖြည်း အားနည်းလာပေသည်။

လုမင်က ရပ်တန့်လိုက်ချိန်တွင် ဝူချုမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပျက်စီးသွားခဲ့ပြီး မြေကြီးပေါ်တွင် သိုလှောင်လက်စွပ်တစ်ခုသာ ကျန်ရစ်ခဲ့ပေသည်။ လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ဝူချူ၏ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်သည်။

ထိုအချိန်တွင်၊ ချင်ယွဲ့နှင့် တိုက်ခိုက်နေသူနှစ်ဦး၏ မျက်နှာများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားသည်။

ထိုအထွတ်အထိပ် အန္တိမသူတော်စင်က ချင်ယွဲ့၏ တိုက်ခိုက်မှုကို ဖြတ်ကျော်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

"မင်း လွတ်မြောက်နိုင်မယ် ထင်တာလား"

လုမင်က အေးစက်စွာပြောသည်။ သူ့အရိပ် တောက်ပလာပြီး ထိုလူကို ချက်ချင်း ဖမ်းမိသွား၏။ သူက လက်ညှိုးတစ်ချက်ညွှန်လိုက်သောအခါ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ထိုလူဆီသို့ ဖိနှိပ်လာတော့သည်။

ထိုလူက နာကျင်စွာအော်ဟစ်ရင်း နေရာမှာတင် ချက်ချင်း သေဆုံးသွားခဲ့သည်။

အထွတ်အထိပ် အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူက လုမင်၏လက်တွင် ချက်ချင်း အသတ်ခံခဲ့ရပြီ။

ကျန်ရှိသော အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူမှာလည်း ချင်ယွဲ့၏ ယင်ယန် အဖျက်စွမ်းအားအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျွမ်းကျင်သူသုံးဦးက လူငယ် နှစ်ဦး၏ လက်ချက်ကြောင့် လျင်မြန်စွာ သေဆုံးခဲ့ပြီး အနီးနားရှိ လူများကို အလွန် လေးနက်စေခဲ့သည်။

"ကစဉ့်ကလျားရဲ့သားတော်က တကယ်ကို ကြောက်စရာကောင်းတာပဲ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မယုံနိုင်စရာကောင်းလွန်းတယ်"

"ဒီလိုမျိုး ပါရမီရှင်တစ်ယောက်ကို သွားရန်မစတာက ပိုကောင်းပါတယ်။ သူ့နောက်မှာ ကြောက်စရာကောင်းတဲ့ အင်အားစုတစ်ခု ရှိနေမှာကို ကြောက်ရတယ်"

လူတစ်ချို့က လုမင်နှင့် ချင်ယွဲ့ကို လေးနက်စွာ ကြည့်ရင်း ဆွေးနွေးလိုက်ကြသည်။

လုမင်နှင့် ချင်ယွဲ့က တစ်ဖက်တွင်ရပ်ကာ ချောက်နက်ထဲသို့ လှမ်းကြည့်လိုက်ကြလေသည်။

အခြားသူများကလည်း ငြိမ်သက်ကာ အဆုံးမဲ့ဓားရင်းမြစ်ဆီသို့ မျှော်ကြည့်နေကြသည်။

အချိန်ကြာလာသည်နှင့်အမျှ လူများက ပိုများလာပြီး လူများစွာ၏မျက်နှာကို မှုန်ကုပ်သွားစေခဲ့သည်။

"နေတော့ကွာ၊ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် လူတွေ ပိုများလာလိမ့်မယ်။ ဒါဆိုရင် ဓားရင်းမြစ်တွေ အများကြီး ရနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီမှာ ထူးထူးခြားခြား ဘာများရှိနေမလဲဆိုတာ ငါကြည့်ချင်စမ်းတယ်"

နောက်ဆုံးတွင် လူတစ်ယောက်က မနေနိုင်တော့ပေ။ အဘိုးအိုတစ်ယောက်က လူအုပ်ကြားမှ လှမ်းထွက်လာပြီး ဓားမြစ်ဆီသို့ ပြေးသွားသည်။

သူက ဓားရင်းမြစ်များနှင့် အလွန်နီးစပ်နေပြီ။ သို့သော်... ထူးထူးခြားခြား ဘာမျှမဖြစ်သေးပေ။

"သိမ်းလိုက်စမ်း"

အဘိုးအိုက သူတော်စင်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် လက်ကြီးကို ဆန့်ထုတ်ကာ ဓားရင်းမြစ်ဆီသို့ လှမ်းဆွဲလိုက်သည်။

လက်ကြီးက ဓားရင်းမြစ်များကို ဖမ်းဆုပ်လိုက်၏။ အဘိုးအိုက ဓားရင်းမြစ် တစ်ဒါဇင်ခန့်ကို ဖမ်းယူသွားသည်။ သို့သော်၊ အခြေအနေက မထူးခြားသေးပေ။

"ဟားဟားဟား"

အဘိုးအိုက အလွန် ဝမ်းသာသွားသည်။ အန္တရာယ်က လုံးဝမရှိခဲ့ပါ။ အားလုံးက အတွေးလွန်နေကြခြင်း ဖြစ်မည်။

အန္တရာယ်မရှိသည်ကိုမြင်သောအခါ အခြားသူများအားလုံး လောဘစိတ်တို့ မြင့်တက်လာကြသည်။ သူတို့က ဓားရင်းမြစ်အတွက် တိုက်ပွဲဝင်တော့မည်။

ထိုအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုက ချောက်နက်၏ အောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"မကောင်းတော့ဘူး"

အဘိုးအို၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက လက်ကိုဝှေ့ယမ်းပြီး အကာအကွယ်အလွှာများ ထူထောင်ကာ ပိတ်ဆို့ရန် ကြိုးစားလိုက်၏။

သို့သော်လည်း ဓားအလင်းက အဘိုးအို၏ အကာအကွယ်ကို ချက်ခြင်း ဖြတ်သွားသည်။ ဓားအလင်းက ထိုမျှနှင့်မရပ်ဘဲ အဘိုးအို၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွား၏။ အဘိုးအိုက ‌နာကျင်စွာ အော်ဟစ်ရင်း ချောက်နက်ထဲသို့ ထိုးကျသွားပြီး ပျောက်ကွယ်သွားတော့သည်။

လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူတို့က လမ်းတွင် ရပ်တန့်သွားကာ ရှေ့ဆက်မတိုးဝံ့တော့ပေ။

"ချောက်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်"

တစ်ယောက်ယောက်က အော်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ဓားတစ်လက်ကို ကိုင်ထားသော လူတစ်ယောက်က ချောက်ထဲမှ ထွက်လာသည်။

‌သားနားစွာ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါက အလွန်အားကောင်း၏။ သူက အန္တိမသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်နေပြီ။

‌အစောပိုင်းမှ ဓားအလင်းက သူ့ထံမှလာကြောင်း ထင်ရှားသည်။

ချောက်နက်ထဲမှာ တစ်ယောက်ယောက် ရှိနေနိုင်တာလား။

ဒီလူကြောင့် ဓားရင်းမြစ်တွေ စုဝေးနေတာ ဖြစ်နိုင်မလား။

"သတ်"

ထိုလူက ဟိန်းဟောက်လိုက်သည်။ ဓားအလင်းများက လေထုကို ထိုးခွဲပြီး လူအုပ်ဆီသို့ ဖြတ်သန်းသွား၏။

"ဒါက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးပါပဲ၊ အတူတူ ပူးပေါင်းပြီး သူ့ကိုသတ်လိုက်ကြရအောင်"

တစ်ယောက်က အော်ဟစ်ပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။

နောက်တွင် တခြားလူများကလည်း တိုက်ခိုက်လိုက်၏။

ဓားသ‌င်္ချိုင်းထဲသို့ စူးစမ်းရန် လာရောက်သူများတွင် ကျွမ်းကျင်သူများစွာလည်း ရှိသည်။ သူတို့က ယွမ်တောင်၏ နေရာအနှံ့မှ လာရောက်ကြသူများဖြစ်ပြီး အားအနည်းဆုံးက မဟာသူတော်စင်နယ်ပယ်သို့ ရောက်နေပြီ။ သူတို့ထဲတွင် အများစုက အန္တိမသူတော်စင်များဖြစ်ပြီး အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူများပင် ရှိသေးသည်။

ထိုအချိန်တွင်၊ အန္တိမသူတော်စင်သုံးပါးက တွင်းနက်ကြီးထဲမှ ထပ်မံခုန်ထွက်လာကာ အခြားသူများကို တိုက်ခိုက်လိုက်ကြသည်။

သို့သော်၊ တွင်းနက်ထဲမှ ထွက်လာသူများက အပြင်မှ ကျင့်ကြံသူများကို သဘာဝအတိုင်း မယှဉ်နိုင်ပါ။ သို့ရာတွင်၊ တွင်းနက်ကြီးထဲမှ ထွက်လာသူတိုင်းက သေခြင်းတရားကို ကြောက်ပုံမရပေ။ သူတို့က ကာကွယ်ရေးကို ဂရုမစိုက်ဘဲ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။

"တစ်ခုခုမှားနေပြီ၊ ဒီလူတွေက အသိစိတ်မရှိတော့ဘူး။ သူတို့က တိုက်ခိုက်ဖို့ပဲ သိတော့တယ်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

တွင်းနက်ထဲမှ ထွက်လာသူတိုင်း၏ မျက်လုံးများက ခံစားချက်ကင်းမဲ့နေတာကို သူ သတိပြုမိ၏။ သူတို့က လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ပင်။

"မကောင်းတော့ဘူး၊ တွင်းနက်ထဲကနေ လူတွေ ထပ်ပေါ်လာနေတယ်"

တစ်ယောက်ယောက်က အော်လိုက်သည်။

ထိုစကားသံကြောင့် လူတိုင်းက လှမ်းကြည့်လိုက်ကြသည်။ တွင်းနက်ကြီးထဲမှ နောက်ထပ် လူရိပ်များ ပေါ်လာကြ၏။ ဒါကလည်း တစ်ဦး၊ နှစ်ဦးမဟုတ်... အများကြီး ဖြစ်သည်။

အားလုံးက အေးစက်စက် သတ်ဖြတ်လိုစိတ်များ ပြည့်‌နှက်နေပြီး ပေါ်လာသည်နှင့် တပြိုင်နက် လူအုပ်ကို တိုက်ခိုက်ကြတော့သည်။

"အဲဒါက ဓားလှည့် ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ ငါ သူ့ကိုသိတယ်။ သူက ဓားသင်္ချိုင်းမှာ ရှာဖွေရေး‌လုပ်နေတယ်လို့တော့ ကြားသားပဲ၊ သူက ဒီကိုရောက်နေတာလား"

"ဒါက လေဆန့်ဓား လျိုရှစ်လန်ပဲ။ သူက ငါ့ကို လုံးဝ မှတ်မိပုံမရဘူးဟ"

အာမေဋိတ်များ ဆက်တိုက် ထွက်ပေါ်လာသည်။

ဤလူများသည် ယခင်က ဓားသင်္ချိုင်းတွင် စူးစမ်းရှာဖွေရန် ရောက်လာသူများ ဖြစ်ပြီး ဤနေရာရှိ လူတချို့နှင့်လည်း သိကျွမ်းခဲ့ဖူးသည်။ သို့သော်လည်း ယခုအချိန်မှာတော့ အားလုံးက အသိစိတ်ပျောက်နေပုံရပြီး တိုက်ခိုက် သတ်ဖြတ်ရန်သာ သိတော့သည်။

All Chapters