အခန်း ၁၈၉၂
Vol. 127 Ch. 1892
အပိုင်း ( 1892 ) ချောက်နက်အတွင်းမှ လူများ။
ချောက်နက်ထဲမှ လူများက ပိုများလာသည်။ သူတို့က စကားတစ်ခွန်းမျှမပြောဘဲ လူအုပ်ကို တိုက်ခိုက်ကြ၏။
နောက်ဆုံးတွင်၊ လူတစ်ရာကျော်အထိ ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးက ကျွမ်းကျင်သူများဖြစ်ပြီး အများစုမှာ အန္တိမသူတော်စင်များ ဖြစ်ပေသည်။ ဤလူများ အားလုံးက သေခြင်းတရားကို မကြောက်ကြဘဲ အလွန်ဒုက္ခပေးနိုင်သည်။
အခြေအနေက ဖရိုဖရဲ ဖြစ်သွားတော့သည်။
"ဒီလူတွေ အားလုံးက ဖုတ်ကောင်တွေပဲ၊ သူတို့ကို အတူတူ သတ်ကြရအောင်"
တစ်ယောက်ယောက်က အော်လိုက်သည်။
ဤနေရာတွင် အနည်းဆုံး လူသုံးလေးရာခန့်ရှိသည်။ သူတို့အားလုံးက ကျွမ်းကျင်သူများ ဖြစ်၏။ အားလုံးက အတူတကွ လှုပ်ရှားကာ ချောက်ထဲမှ တက်လာကြသူများကို တိုက်ခိုက်ကြတော့သည်။
"ဟင်..."
ထိုအချိန်တွင် လုမင်က လူတစ်ဦးကို သတိပြုမိပြီး တုန်လှုပ်သွားသည်။
လုမင်က ၎င်းတို့ထဲမှ လူတစ်ဦးကို သိ၏။
သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂုဏ်းချုပ်။
လုမင်က ဤနေရာတွင် သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကို တွေ့လိမ့်မည်ဟု မထင်ခဲ့ပေ။
စန်းပြည်နယ်တွင် ရှိစဉ်အခါက သူတို့ဟာ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အငိုက်ဖမ်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အဆုံးမှာတော့ လူစုကွဲသွားကြပေသည်။ သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်က လော့ရှန်းကို ခေါ်ဆောင်ပြီး အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သည်။ ဓားသင်္ချိုင်းတွင် သူ့ကို ပြန်မြင်ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထို့ပြင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ချောက်နက်ထဲမှ ထွက်လာကြသူများနှင့် တူသည်။ သူ၏ အသိစိတ်က လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ။ သူ့မျက်လုံးများက ခံစားချက်ကင်းမဲ့ပြီး သူ၏ ကျင့်ကြံမှုအဆင့်နှင့် တိုက်ခိုက်ရေးစွမ်းအားသာ ကျန်သည်။
"ရွှစ်"
သေခြင်းရှင်ခြင်းဓားဂိုဏ်း ဂိုဏ်းချုပ်၏ သေခြင်းရှင်ခြင်းဓားသိုင်းက အလွန်ကြောက်စရာကောင်းသည်။ ဓားတစ်ချက်ဖြင့် အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ နဖူးကို ထိုးဖောက်ပြီး သတ်ဖြတ်ခဲ့၏။
"ညီငယ်လေး၊ မင်း သေချင်နေတာပဲ"
အဘိုးအိုတစ်ဦးက ဟိန်းဟောက်ပြီး သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကို တိုက်ခိုက်တော့သည်။
ထိုလူက အန္တိမသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ ဓားတစ်ချက်ဖြင့် သူက သေခြင်းရှင်ခြင်းဓားဂိုဏ်း ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်သည်။ ဓားအလင်းက ထိုမျှနှင့် မရပ်တန့်ဘဲ သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်ထံသို့ ဆက်လက် ခုတ်လိုက်၏။
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးတစ်ချက် ဖြင့် ထိုလူ၏ ဓားချက်ကို ချေဖျက်ပစ်လိုက်သည်။
"မင်းဘာလုပ်တာလဲ။ ဒီလူက အရူးပဲ၊ သူက အသိစိတ်မရှိတော့ဘူး"
ထိုလူက အော်ပြောလိုက်သည်။
"ငါ သူ့ကို ကိုင်တွယ်လိုက်မယ်"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ ထိုလူက အထွတ်အထိပ် အန္တိမသူတော်စင်နယ်ပယ် ကျင့်ကြံမှုရှိသော်လည်း လုမင်ကိုတော့ ကြောက်ပေသည်။ သူက အံကြိတ်ပြီး ချောက်ထဲမှ ထွက်လာသူများကိုသတ်ရန် ထွက်သွားသည်။
"ဝှစ်"
သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ထပ်မံတိုက်ခိုက်လာပြန်သည်။ ဓားအလင်းက လေဟာနယ်ကို ထိုးဖောက်သွား၏။
သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လုမင် မြင်နိုင်သည်။
လုမင်က သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်၏ ဓားအလင်းကို ဖျက်ဆီးပစ်လိုက်သည်။
"အကြီးအကဲ၊ နိုးထပါတော့"
လုမင်က အော်ပြောလိုက်သည်။ သူ့အသံက မိုးကြိုးထစ်ချုန်းသကဲ့သို့ ကျယ်လောင်စွာဖြင့် သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်၏ နားထဲတွင် ထွက်ပေါ်လာ၏။
"သတ်"
သို့သော်လည်း၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်က မည်သည့်အရာကိုမျှ သတိမထားမိဘဲ လုမင်ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
လုမင်က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တားဆီးပြီး အဆက်မပြတ် အော်ပြောနေသည့်တိုင် တစ်ဖက်က တုံ့ပြန်မှု လုံးဝ မရှိခဲ့ပေ။
"လုမင်၊ ဒီလူရဲ့ ဝိညာဉ်က လုံးဝ ပျောက်ကွယ်သွားခဲ့ပုံရတယ်"
ချင်ယွဲ့က လုမင်၏အနားတွင် ပေါ်လာပြီး ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်သည် ယခင်က နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိခဲ့သည်။ ရန်သူများကို အတူတကွ တိုက်ခဲ့ကြ၏။ လုမင်က သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်၏ ကျဆုံးခြင်းကို မမြင်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူဘာမှ မလုပ်နိုင်တော့ပါ။
"လုမင်၊ သူက နင့်ရဲ့ အသိတစ်ယောက်လား။ ဒါပေမဲ့ သူက တကယ်ကို ကျဆုံးသွားပါပြီ။ နင် မလုပ်ချင်ရင် တခြားသူတွေအတွက် ထားလိုက်ပါ"
ချင်ယွဲ့က ပြောလိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြပြီး ချင်ယွဲ့နှင့်အတူ အမြန်ပြန်ဆုတ်သွားကာ ချောက်ထဲမှတက်လာသော အခြားသူများကို တိုက်ခိုက်လိုက်ကြသည်။
သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်က အခြားသူများကို ဆက်လက်တိုက်ခိုက်ခဲ့ပေသည်။ သို့သော်လည်း အပြင်လူများက ပိုများလာသည်။ မကြာမီတွင်၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်က ကျွမ်းကျင်သူတချို့၏ ပူးပေါင်းတိုက်ခိုက်မှုခံရပြီး သူ့ခန္ဓာကိုယ်က ပေါက်ကွဲကာ ချောက်နက်ထဲသို့ ပြုတ်ကျသွားတော့သည်။
လုမင်လည်း သက်ပြင်းချလိုက်သည်။ စန်းပြည်နယ်ရှိ ဂိုဏ်းကြီးတစ်ခု၏ ခေါင်းဆောင်ကြီးမှာ စန်းပြည်နယ်မှ ထွက်ခွာပြီးနောက် ဤကဲ့သို့ အဆုံးသတ်သွားခဲ့ရသည်။
သူသည် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လွတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတွင် ဤနေရာမှာ ကျဆုံးခဲ့ရဆဲပင်။
တစ်ဆက်တည်းမှာပင်၊ လုမင်က သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ ပါရမီရှင် လော့ရှန်းအကြောင်းကို တွေးမိသည်။
လော့ရှန်းက ရိုးဖြောင့်သူဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ သူသည် သူ၏ ဓားဝိညာဉ်ကို ပျိုးထောင်ရန် အဆင့်တစ်ခုတွင် ဆယ့်ငါးနှစ်ကြာ ရပ်တန့်နေနိုင်သည်။ သူ မသေလျှင် အနာဂတ်မှာ မည်သို့သော အောင်မြင်မှုများ ရရှိနိုင်မည်ကို မည်သူမျှ မသိခဲ့ကြပေ။
သူလည်း ကျဆုံးသွားပြီလား။
လုမင်က သူ့စိတ်ထဲတွင် တွေးနေသော်လည်း တိုက်ခိုက်မှုကို မရပ်ပေ။ ချောက်နက်ထဲမှ ထွက်လာသူနှစ်ယောက်ကို သူက သတ်ပစ်လိုက်သည်။
ချောက်နက်ထဲမှ ထွက်လာသူများက အားမနည်းကြသော်လည်း အရေအတွက် နည်းလွန်းသည်။ နောက်ဆုံးတွင်၊ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။
သို့ရာတွင်၊ ဤလူများက အစွမ်းထက်သည့်အပြင် သေခြင်းကို မကြောက်ကြပါ။ အပြင်လူများလည်း တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရသည်။ လူတစ်ရာကျော်ခန့် သေဆုံးခဲ့ပြီး မြေပြင်က သွေးများဖြင့် နီစွေးခဲ့ပေသည်။
ချောက်နက်ထဲမှ နောက်ဆုံးထွက်လာသောသူ သေသွားသောအခါ အားလုံး၏ အကြည့်များက ချောက်နက်ထဲသို့ တစ်ဖန် ပြန်လှည့်သွားကြသည်။
ချောက်ထဲမှာ တစ်ယောက်ယောက် ရှိနေသေးသလော။
ဒီလူများက အဘယ်ကြောင့် ဖုတ်ကောင်အဖြစ် ပြန်ပေါ်လာရသနည်း။ တစ်စုံတစ်ယောက်က ထိန်းချုပ်နေခဲ့ခြင်း ဖြစ်မည်လော။
အမျိုးမျိုးသော အတွေးများနှင့်အတူ လူတိုင်း၏ မျက်လုံးများက အရောင်အမျိုးမျိုးပြောင်းသွားကြသည်။
သို့သော်လည်း မည်သူမျှ ဓားရင်းမြစ်များကို သွားယူရန် မဝံ့ရဲကြပေ။
"ဝှစ်... ဝှစ်... ဝှစ်"
ထိုအချိန်တွင် ဓားရင်းမြစ်များက စုရုံးကာ ချောက်ထဲသို့ ထိုးဆင်းသွားကြသည်။
တစ်မိနစ်မပြည့်ခင်မှာပဲ အဆုံးမဲ့ ဓားရင်းမြစ်များက ချောက်ထဲကို ပျံဆင်းသွားပြီး ပျောက်ကွယ်သွား၏။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဓားရင်းမြစ်များအားလုံးက ချောက်ထဲသို့ ဆင်းသက်သွားကြပြီ။ သူတို့ ဘာလုပ်သင့်သနည်း။ ဆင်းလိုက်သွားကြရမည်လော။
သို့သော်လည်း ချောက်နက်က အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းလှသည်။
ယခင်က ကျွမ်းကျင်သူ တစ်ရာကျော်မှာ ချောက်ထဲမှ ထွက်လာခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံးက အသိဥာဏ်မရှိကြဘဲ သတ်ဖြတ်ရန်သာ သိတော့သည်။
ချောက်နက်၏ အောက်ခြေတွင် ဘာများရှိမည်နည်း။
ဓားရင်းမြစ်များကို ဆွဲဆောင်နိုင်သော ရှားပါးရတနာတစ်ခု ဖြစ်သလော သို့မဟုတ် အန္တရာယ်နယ်မြေ ဖြစ်နေပါမည်လော။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့အားလုံးက တခြားသူများကို စူးစမ်းရန် ဦးစွာ သွားစေလို၏။ ဤနည်းဖြင့် အန္တရာယ်ရှိလျှင် အချိန်မီ ဆုတ်ခွာသွားနိုင်မည် ဖြစ်သည်။
သို့သော်လည်း မည်သူမျှ မမိုက်မဲကြပေ။ မည်သူမျှ ရှေ့မှ မသွားလိုကြပါ။
ခဏကြာ ရပ်တန့်သွားပြီးနောက် နောက်ဆုံးတွင် တစ်ယောက်က စကားစလိုက်သည်။
"လူတိုင်းပဲ၊ ကျုပ်တို့ ဒီအတိုင်း ဆက်သွားနေလို့တော့ မရဘူး။ ကျုပ်တို့ ဘာဖြစ်လို့ ပူးပေါင်းပြီး အတူတူမစူးစမ်းရမှာလဲ"
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးတစ်ယောက်က အကြံပေးလိုက်သည်။
"ကောင်းပြီ၊ ကျုပ်သဘောတူတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေမဲ့အစား ကျုပ်တို့က ဘာဖြစ်လို့ပူးပေါင်းပြီး အတူတူမစူးစမ်းရမှာလဲ"
ထွားကျိုင်းသော လူတစ်ယောက်ကလည်း ပြောသည်။
"ကောင်းပြီ၊ အောက်ဆင်းပြီး စူးစမ်းချင်သူတွေက ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပါ။ မဆင်းချင်တဲ့သူတွေကတော့ နောက်ဆုတ်လိုက်ကြ...၊ ကျုပ်တို့က ခင်ဗျားတို့ကို အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ဘူး"
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးက ပြောဆိုပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် လူထွားကြီးကလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
တချို့လူများကလည်း ခဏမျှစဉ်းစားပြီးနောက် ရှေ့သို့ ခြေလှမ်းလာကြသည်။
အဆုံးမဲ့ဓားရင်းမြစ်များက ကြီးစွာသော သွေးဆောင်မှုတစ်ခု ဖြစ်ပေသည်။ တစ်စိတ်တစ်ပိုင်းကို ရယူနိုင်လျှင်ပင် ၎င်းတို့၏ ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာမည်မှာ သေချာသည်။
အထူးသဖြင့် ဓားသမားများ... ၎င်းက သူတို့၏ ကျင့်ကြံမှုကို တိုးတက်စေရုံသာမကဘဲ ဓားလမ်းစဉ်နှင့် ဓားနိယာမ နားလည်နိုင်စွမ်းကို တိုးတက်စေနိုင်သည်။
အန္တရာယ်ရှိလျှင်ပင် စွန့်စားရကျိုးနပ်ပေသည်။
လုမင်နှင့် ချင်ယွဲ့တို့လည်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ထိုက်စွေ့ရတနာကြာပန်းက ချောက်နက်ထဲသို့ ဆင်းသက်သွားခဲ့သည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် အောက်သို့ဆင်းကာ ရှာဖွေကြရမည်။ မဟုတ်လျှင်၊ နောက်တစ်ခုကို မည်သည့်အချိန်မှ ပြန်ရှာတွေ့မလဲ မပြောနိုင်ပေ။
သို့သော်လည်း လူတိုင်းက ဆင်းပြီး စူးစမ်းချင်ကြသည် မဟုတ်ပါ။ အချို့က ခေါင်းယမ်းပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။
ချောက်ထဲမှ အခြေအနေက ထူးဆန်းလွန်းသည်။ ဆင်းသက်ပြီးနောက် မည်သည့်အန္တရာယ်နှင့် ရင်ဆိုင်ရမည်မှန်း သူတို့ မသိပေ။ အကယ်၍၊ သူတို့၏အသက် ဆုံးရှုံးခဲ့လျှင် ဓားရင်းမြစ်များ ရရှိခြင်းက မည်သို့အဓိပ္ပာယ်ရှိဦးမည်နည်း။
သို့သော်လည်း လူအနည်းငယ်သာ ဆုတ်ခွာသွားခဲ့သည်။ လူအများစုက ဆင်းသက်ပြီး စူးစမ်းရန် စီစဉ်ထားပေသည်။
'မဆင်းချင်တဲ့ သူတိုင်းကို ဒီမှာပဲ ထာဝရချန်ထားလိုက်ရအောင်'
ထိုအချိန်တွင်၊ ခရမ်းရောင်ဝတ်စုံဝတ် လူကြီး၏ မျက်လုံးများက အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားသည်။ သူက လုမင်နှင့် အခြားသူများကို အသံပို့လွှတ်ပြီး ပြောလိုက်၏။
:ဘာဖြစ်လို့လဲ'
လူတစ်ယောက်က လှမ်းကြည့်လိုက်သည်။
'မဆင်းချင်တဲ့သူတွေက မကောင်းတဲ့စိတ်နဲ့ ကျုပ်တို့ကို အရင်ဆင်းစေချင်တာ ဖြစ်နိုင်တယ်။ ကျုပ်တို့ ဆင်းသွားပြီးနောက် သူတို့က အကောက်ကြံမယ်ဆိုတာကို ဘယ်သူကသိမှာလဲ။ လောကမှာ ဒီလိုကောင်းတဲ့အရာ ဘယ်ရှိနိုင်ပါ့မလဲ'
'ဒါ့အပြင် တချို့လူတွေက ကျုပ်တို့ထွက်လာပြီးနောက် ချောင်းမြောင်းတိုက်ခိုက်ဖို့ စောင့်နေကြတာ ဖြစ်နိုင်တယ်။ ကျုပ်တို့က ဒဏ်ရာရသွားပြီးရင် ဒီလူယုတ်မာတွေက ကျုပ်တို့ကို ချမ်းသာပေးမှာ မဟုတ်ဘူး။ ဒီလိုဆိုမှတော့ ဒီလူတွေကို အသက်ရှင်ခွင့် မပြုနိုင်တော့ဘူး'
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးက အသံပို့လွှတ်ပြီး ဆက်ပြောလိုက်သည်။