အခန်း ၁၈၉၃
Vol. 127 Ch. 1893
အပိုင်း ( 1893 ) ထူးခြားသော ဓားမိစ္ဆာ။
ခရမ်းရောင်ဝတ်စုံဝတ် လူကြီး၏ စကားကြောင့် လူအများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
'ဟုတ်တယ်၊ ဒီလူတွေကို ကျုပ်တို့ အသက်ရှင်လျက်ထားလို့မရဘူး။ သူတို့ကို အသက်ရှင်ခွင့်ပေးလိုက်ရင် ကျုပ်တို့အတွက် ဘေးအန္တရာယ်တစ်ခု ချန်ထားခဲ့သလို ဖြစ်လိမ့်မယ်'
လူထွားကြီးကလည်း အေးစက်စွာ ပြောသည်။
'ကျုပ်လည်း သူတို့ကို အသက်ရှင်ခွင့်မပြုသင့်ဘူးလို့ ထင်တယ်'
'ကောင်းပြီ၊ ဒီလိုဆိုမှတော့ သူတို့ကို သတ်လိုက်ကြရအောင်'
တခြားသူများကလည်း တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြ၏။ ဟုတ်သည်၊ သူတို့အားလုံးက အသံလွှင့်ပြီး ပြောနေခြင်းဖြစ်သောကြောင့် နေရစ်ခဲ့ရန် ရွေးချယ်ခဲ့သူများမှာ လုံးဝ မကြားနိုင်ပေ။
'ကောင်းပြီ၊ သူတို့ကို အရင်သတ်ရအောင်။ အရင်ဆုံး သူတို့ကို ဝိုင်းထားလိုက်ကြစို့၊ သူတို့ကို တစ်ယောက်မှ အလွတ်ပေးလို့ မဖြစ်ဘူး'
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးက ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးက လှုပ်ရှားလာပြီး နေရစ်ခဲ့ရန် ရွေးချယ်သူများကို ဝိုင်းထားလိုက်ခဲ့ကြသည်။
လုမင်နှင့် ချင်ယွဲ့တို့ကတော့ မလှုပ်ရှားပေ။
ကျင့်ကြံခြင်းလောကသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး အားနည်းသူများက သန်မာသူများ၏ သားကောင်ဖြစ်သည်။ သို့သော်၊ လုမင်နှင့် ချင်ယွဲ့တို့တွင် ကိုယ်ပိုင်မူများ ရှိသည်။ ထိုသူများက သူတို့နှင့် ရန်ငြိုးဖွဲ့ခြင်း မရှိသောကြောင့် သူတို့ကို မသတ်ပေ။
ဟုတ်သည်၊ သူက အခြားသူများကိုလည်း တားဆီးမည် မဟုတ်ပါ။
"မင်းတို့ ဘာလုပ်ကြတာလဲ"
နေရစ်ရန် ရွေးချယ်ခဲ့သူများ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားကြသည်။
"သတ်"
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးက အေးစက်စွာ အော်လိုက်သည်။ သူတို့က တပြိုင်နက်တည်း လှုပ်ရှားလိုက်၏။ တောက်ပသော အလင်းများ ဖြာထွက်လာပြီး တိုက်ခိုက်မှုအမျိုးမျိုးက နေရစ်ရန် ရွေးချယ်ခဲ့သူများအပေါ် ကျရောက်လာတော့သည်။
နေရစ်ရန် ရွေးချယ်သူများက လူနည်းစုသာ ဖြစ်သည်။ ထို့ပြင် ဤကဲ့သို့ အလစ်အငိုက် တိုက်ခိုက်ခြင်းကို မည်သို့ခုခံနိုင်မည်နည်း။ ချက်ချင်းဆိုသလိုပင်၊ သူတို့က တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရသည်။
"မင်းတို့... ရက်စက်ကြမ်းကြုတ်လွန်းတယ်"
တစ်စုံတစ်ယောက်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
"ရယ်စရာပဲ"
လူထွားကြီးက လှောင်ပြောင်ပြီး ထိုလူကို ဓားဖြင့် ခုတ်သတ်လိုက်တော့သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် နေရစ်ရန် ရွေးချယ်သူများ အားလုံး သေဆုံးခဲ့ကြသည်။
ရွေးချယ်မှုတစ်ခုကြောင့် ထိုလူအားလုံး သေခဲ့ရပေပြီ။
"ကိုင်း၊ ခုတော့ နောက်ကြောင်းကို စိတ်ပူစရာမရှိတော့ဘူး။ ဆင်းကြရအောင်"
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးက ပြောလိုက်သည်။
ထို့နောက် လူတိုင်းက အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ချောက်ထဲသို့ ဂရုတစိုက် ပျံသန်းသွားကြသည်။
ချောက်က နက်ရှိုင်းပုံရပြီး အပေါ်မှ ငုံ့ကြည့်လိုက်သော်လည်း မှောင်နေကာ ဘာမျှမမြင်ရပေ။
"ဆင်းကြစို့"
ခရမ်းရောင်ဝတ်စုံဝတ် လူကြီးက ပြောလိုက်သည်။ သူ၏ အရှိန်အဝါက အလွန်နက်နဲပြီး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ။ ထို့ကြောင့် လူတိုင်းက သူ၏ ဦးဆောင်မှုကို သဘာဝအတိုင်း လိုက်နာကြသည်။ သူ့စကားသံ ထွက်ပေါ်လာသည်နှင့် အားလုံးက ချောက်ထဲသို့ ပြေးဆင်းသွားကြ၏။
ချောက်ကြီးက အလွန်နက်သည်။ သူတို့က အောက်ခြေသို့မရောက်မီ ပေပေါင်းထောင်ချီ၍ ဆင်းသက်ခဲ့ကြရပေသည်။
"ဟင်...."
သူတို့လူစုက ဆင်းသက်လာစဉ်၊ လုမင်က တစ်နေရာသို့ တအံ့တဩ လှမ်းကြည့်လိုက်သည်။
ထိုအရပ်တွင် အနည်းဆုံး မီတာတစ်ရာမြင့်မားပြီး အလွန်ကြီးမားသော ဓားကြီးတစ်လက် ရှိ၏။
ဧရာမဓား၏ အောက်နားမှာတော့ မျက်လုံးများကိုမှိတ်ပြီး တင်ပျဉ်ခွေထိုင်နေသော လူရိပ်တစ်ခုကို မြင်ရသည်။ သို့ရာတွင်၊ သူက ငြိမ်သက်တိတ်ဆိတ်နေပြီး သူ့ခန္ဓာကိုယ်မှ အငွေ့အသက်တို့ကို မခံစားရပေ။
"လော့ရှန်း"
လုမင်က ရေရွတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း လော့ရှန်းသည်လည်း ဤချောက်နက်ကြီးထဲတွင် ရှိနေခဲ့၏။
သို့သော်လည်း လော့ရှန်းက သူ၏ဆရာ၊ သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်နှင့် အခြားသူများကဲ့သို့ ချောက်နက်ထဲမှ မထွက်လာခဲ့ပါ။ ထိုအစား သူက ချောက်နက်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေခဲ့သည်။
သူလည်း သေဆုံးသွားတာ ဖြစ်နိုင်မလား။
လုမင်၏ စိတ်ထဲတွင် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။
သူသည် လော့ရှန်းနှင့် အဆက်အဆံ သိပ်မရှိခဲ့သော်လည်း ထိုလူငယ်မှာ ရိုးသား ဖြောင့်မတ်သူဖြစ်ကြောင်း သူ ခံစားနိုင်သည်။ သူက စစ်မှန်သော ဓားသမားတစ်ဦးပင်။
ထို့နောက် လုမင်၏ အကြည့်က အခြားဘက်သို့ လှည့်သွားသည်။
ထိုနေရာတွင် အဆုံးမဲ့ ဓားရင်းမြစ်များက စုစည်းပြီး လှည့်ပတ်နေ၏။
အဆုံးမဲ့ ဓားရင်းမြစ်များ၏ အောက်ဘက်မှာတော့ လုမင်နှင့် အခြားသူများကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ပုံရိပ်တစ်ခု ရှိနေပုံရသည်။
"အဲဒါက ဓားမိစ္ဆာပဲ"
လုမင်က ရေရွတ်လိုက်သည်။ အဆုံးမဲ့ဓားရင်းမြစ်များ၏အောက်တွင် ရှိနေသူက အမှန်တကယ် ဓားမိစ္ဆာပင်။ သို့သော်လည်း ဤဓားမိစ္ဆာက လုမင် မြင်တွေ့ဖူးသော ဓားမိစ္ဆာများနှင့် မတူပါ။ ဤဓားမိစ္ဆာက ပိုသန်မာသည့်အပြင် သူ၏ မျက်လုံးမှာလည်း ဉာဏ်ရည်ဉာဏ်သွေး အရိပ်အယောင်တစ်ခု လင်းလက်နေသည်။
ဤဓားမိစ္ဆာက အသိဉာဏ်ရှိသည်။
အခြားသူများကလည်း ဤဓားမိစ္ဆာကို သတိပြုမိကြပြီး ၎င်းတို့၏ အမူအရာများမှာ လေးနက်လာတော့သည်။
"လုမင်၊ ထိုက်စွေ့ရတနာကြာပန်း"
ဘေးတွင်၊ ချင်ယွဲ့က လုမင်ကို လှမ်းဆွဲပြီး ခပ်တိုးတိုး ပြောလိုက်သည်။
လုမင်က ချင်ယွဲ့၏ အကြည့်အတိုင်း ကြည့်လိုက်သောအခါ ထိုက်စွေ့ရတနာကြာပန်းက အရိုးစုတစ်ခုတွင် အမြစ်တွယ်နေသည်ကို တွေ့လိုက်ရ၏။ ကြာပန်းပွင့်များက ညင်သာစွာ ယိမ်းနွဲ့ကာ ဓားစွမ်းအင်တို့ဖြင့် လှိုင်းထနေလေသည်။
"ဟားဟားဟား၊ မင်းတို့အားလုံး ဒီကိုရောက်ပြီပေါ့။ ဒါဆိုရင် ငါ့ရဲ့ ဓားအတွက် စတေးလိုက်ကြတော့"
ဓားမိစ္ဆာက အသံနက်ကြီးဖြင့် ရယ်မောလိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဓားမိစ္ဆာက အသိဉာဏ်မရှိဘူး မဟုတ်လား၊ ဒီဓားမိစ္ဆာက ဘယ်လိုဖြစ်တာလဲ"
"ချောက်နက်ထဲက ထွက်လာတဲ့ သူတွေအားလုံးကို သူက ထိန်းချုပ်ထားခဲ့တာ ဖြစ်နိုင်မလား။ ဓားရင်းမြစ်အားလုံး စုစည်းခဲ့တာကလည်း သူ့ကြောင့်လား"
လူအများ၏ အမူအရာများ ပြောင်းလဲသွားကာ တုန်လှုပ်သွားကြသည်။
သူတို့ထဲတွင် တချို့က ထိုက်ယီဓားသင်္ချိုင်းမှာ နှစ်အတော်ကြာနေခဲ့သော်လည်း အသိဉာဏ်ရှိသော ဓားမိစ္ဆာကို တစ်ခါမျှ မကြုံဖူး၊ မကြားဖူးပေ။ သူတို့က ဓားရင်းမြစ်များ စုဝေးခြင်းကိုလည်း မမြင်ဖူးခဲ့ပါ။
"ဒီနေ့ မင်းတို့ရဲ့သွေးနဲ့ ဓားကို ယာဇ်ပူဇော်မယ်။ ဖွဲ့စည်းလော့"
ဓားမိစ္ဆာက လက်ဖဝါးတစ်ဖက်ကို မြှောက်ကာ အော်လိုက်သည်။ အဆုံးမဲ့ ဓားရင်းမြစ်များက ဓားမိစ္ဆာ၏ လက်ဖဝါးအထက်သို့ စုရုံးရောက်ရှိလာပြီး ဧရာမ ဓားတစ်လက်အဖြစ် စုဖွဲ့သွား၏။
တစ်ချိန်တည်းမှာပင်၊ သွေးစွမ်းအင်များက ချောက်နက်ကြီးအထက်မှ စုရုံးလာပြီး ဓားမိစ္ဆာအပေါ်တွင် စုရုံးကာ သူ့ခန္ဓာကိုယ်ကို ပို၍ ခိုင်မာလာစေသည်။
ဤသွေးစွမ်းအင်များမှာ ချောက်နက်ကြီးထက်မှ တိုက်ပွဲတွင် ကျဆုံးသွားသူများ၏ သွေးများ ဖြစ်သည်။
အစောပိုင်းက ဖုတ်ကောင်များ ထွက်လာကြပြီး သူတို့ကို တိုက်ခိုက်ခြင်းမှာ သွေးလိုချင်သောကြောင့် ဖြစ်မည်လော။
ဒါကို တွေးမိသောအခါ လူအများက မျက်နှာပျက်သွားသည်။
"ဝုန်း"
ဓားမိစ္ဆာ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
ဤအရှိန်အဝါက အလွန်အားကောင်းသည်။ ၎င်းက ခရမ်းရောင်ဝတ်စုံဝတ် လူကြီး၏ ဧကရာဇ်တစ်ပိုင်းအဆင့် အရှိန်အဝါထက်ပင် ပိုအားကောင်းကာ သန့်စင်သေးသည်။
ဤသည်မှာ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါ ဖြစ်သည်။
လူတိုင်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
ဤသည်မှာ ဧကရာဇ်တစ်ပါး၏ အငွေ့အသက် ဖြစ်သည်။ တစ်နည်းဆိုရသော်၊ ၎င်းက ဧကရာဇ်အဆင့် ကျွမ်းကျင်သူပင်။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးက ချောက်နက်ထဲတွင် အမှန်တကယ် ပုန်းအောင်းနေခဲ့သည်။ လူအများ၏ နှလုံးသားမှာ တဆတ်ဆတ် တုန်လာတော့သည်။
"သွားကြစို့"
တစ်စုံတစ်ယောက်က အော်ဟစ်ပြီး လေထဲသို့ ခုန်တက်ကာ ချောက်ထဲမှ ပြေးထွက်ရန် ကြိုးစားလိုက်သည်။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ရှေ့မှောက်တွင် လူမည်မျှပင်ရှိစေကာမူ အသုံးမဝင်ပေ။ သေခြင်းတရားကသာ သူတို့ကို စောင့်ကြိုနေမည်။
"ဟီးဟီးဟီး... မင်းတို့ရဲ့သွေးနဲ့ ငါ့ဓားကို ယာဇ်ပူဇော်မယ်လို့ ငါပြောထားပြီးသား.. မင်းတို့အားလုံး ဒီမှာပဲ နေရမယ်"
ဓားမိစ္ဆာက အေးတိအေးစက် ရယ်မောလိုက်သည်။ သူက အဆုံးမဲ့ဓားရင်းမြစ်များဖြင့် ဖန်တီးထားသော ဓားကြီးကို ပင့်မြှောက်လိုက်သည်။ ရုတ်တရက်၊ ကောင်းကင်၌ အဆုံးမဲ့ဓားအလင်းများ ဖွဲ့စည်းလာကြ၏။ ဤဓားအလင်းများက စစ်မှန်သော ဓားများနှင့်တူသည်။ ဓားဦးမှာတော့ အောက်ဘက်သို့ လှည့်နေကာ အရပ်မျက်နှာအနှံ့ကို ပိတ်ဆို့ထားကြတော့သည်။
"သတ်"
ဓားမိစ္ဆာက ထပ်မံ ဟိန်းဟောက်လိုက်သည်။ အဆုံးမဲ့ဓားအလင်းများက ကောင်းကင်ကို ဖုံးလွှမ်းကာ လူအုပ်ဆီသို့ ထိုးဖောက်လာတော့သည်။
ခဏချင်းမှာပင် အော်သံဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ လူများက တစ်ဦးပြီးတစ်ဦး ထက်ခြမ်းခွဲခြင်း သို့မဟုတ် ထိုးဖောက်ခြင်း ခံလိုက်ရ၏။ သူတို့၏ ဝိညာဉ်များက ပျက်သုဉ်းသွားကာ ပွဲချင်းပြီး သေဆုံးသွားကြတော့သည်။
ဤလူများ သေဆုံးပြီးနောက်၊ သူတို့၏ သွေးများက ဓားမိစ္ဆာဆီသို့ စုရုံးရောက်ရှိသွားပြီး သူ၏ အရှိန်အဝါကို ပိုမိုအားကောင်းလာစေသည်။
"ယင်ယန်စကြာ"
ချင်ယွဲ့က အော်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ စကြာတစ်ခု ပေါ်လာသည်။
ဤစကြာဘီးသည် တစ်ဖက်က အေးစက်နေသော စွမ်းအင်များကို ထုတ်လွှတ်နေသည်။ နောက်တစ်ဖက်က တောက်လောင်နေသော စွမ်းအင်တို့ကို ထုတ်လွှတ်လျက် ရှိ၏။ ထိုနှစ်ခု၏ ပေါင်းစပ်မှုက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတို့ကို ဖြစ်ပေါ်လာစေသည်။
ဒါက ဧကရာဇ်အဆင့်၏ အရှိန်အဝါပင်။ ၎င်းက ဧကရာဇ်လက်နက်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
ယင်ယန်စကြာက ချင်ယွဲ့၏ ဦးခေါင်းထက်တွင် လွင့်မျောနေပြီး အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ လုမင်နှင့် ချင်ယွဲ့တို့ကို ဖုံးအုပ်ထားတော့သည်။
ဒေါင်... ဒေါင်...
ဓားအလင်းများက ယင်ယန်စကြာ၏ အလင်းအတားအဆီးကို ထိမှန်သွားကြသည်။ အလင်းအတားအဆီးက ပြင်းထန်စွာ တုန်ခါပြီး လှိုင်းတွန့်များ ဖြစ်သွားကြ၏။ သို့သော်လည်း နောက်ဆုံးတွင် ဓားအလင်းများကို တားဆီးနိုင်ခဲ့သည်။
လုမင်၏ မျက်ခုံးနှစ်ခုကြားတွင် အလင်းရောင်ဖျော့ဖျော့ လင်းလက်နေသည်။ မူလက သူသည် တိုက်ခိုက်မှုများကို တားဆီးရန် ထိုက်ကျိအစီရင်ဓာတ်ပြားကို အသုံးပြုလိုခဲ့သည်။ သို့သော်လည်း ချင်ယွဲ့က တားဆီးထားနိုင်ကြောင်း မြင်ရသဖြင့် လောလောဆယ် မသုံးဖြစ်တော့ပေ။
ဝှက်ဖဲအချို့ကို ချန်ထားခြင်းဖြင့် အရေးကြီးသောအခိုက်အတန့်တွင် ပိုကောင်းမွန်သော သက်ရောက်မှုကို ရှိစေမည် ဖြစ်သည်။
ဓားအလင်းလှိုင်းတစ်ခု ပြီးသွားချိန်မှာတော့ နေရာတွင် လူနှစ်ဆယ်ခန့်သာ ကျန်တော့သည်။