အခန်း ၁၈၉၆
Vol. 127 Ch. 1896
အပိုင်း ( 1896 ) ကောင်းကင်ဧကရာဇ်၏ဓား လှုပ်ရှားခြင်း။
'ငါ ဘယ်လိုလုပ်ရမလဲ'
လုမင်က သူ့စိတ်ထဲမှ အဖြေရှာရန် အမြန်စဉ်းစားလိုက်သည်။
လုမင်တွင် နောက်ဆုံးနည်းလမ်းတစ်ခု ရှိပါသေးသည်။ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ဝင်ရန် ဖြစ်သည်။
သို့သော်လည်း သူက တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ၀င်လိုက်သည်နှင့် ၎င်းကို တစ်ဖက်လူက ထိန်းချုပ်သွားလိမ့်မည်။
ထို့ပြင်၊ တောင်နှင့်မြစ် ပန်းချီကားက တစ်ဖက်လူကို တားဆီးနိုင်မည်ဟု သူ ယုံကြည်မှုမရှိပါ။
တောင်နှင့်မြစ် ပန်းချီကားက ဂူလှိုဏ်ကောင်းကင်ရတနာတစ်ခုမျှသာ ဖြစ်သည်။ ၎င်း၏ ကာကွယ်ရေးစွမ်းအားက တာ့ယန်ဆေးမီးဖိုကဲ့သို့ မသန်မာပေ။ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ဖက်လူ၏ လက်ခုပ်ထဲမှရေ ဖြစ်သွားလိမ့်မည်။
'ဒီနေ့ ငါသေရတော့မှာလား'
လုမင်က သူ့လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ လုံးဝ လက်မခံနိုင်ပေ။
သူ့ဘဝတွင် အခက်အခဲများနှင့် အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရဖူးသည်။ အန္တရာယ်အမျိုးမျိုးကို တွေ့ကြုံခဲ့ရသော်လည်း၊ ၎င်းတို့ကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်ခဲ့၏။ သူသည် ထိုကဲ့သို့ မသေချင်သေးပါ။
သိုင်းပညာကမ္ဘာကြီး၏ အထွတ်အထိပ်သို့ ရောက်ချင်သည်။
"ယား"
ဤအခိုက်တွင်၊ ဓားမိစ္ဆာက အေးစက်စွာအော်လိုက်ပြီး လုမင်အား သူ့လက်ထဲမှ ဓားကြီးဖြင့် ခုတ်ချလိုက်သည်။
ဤဓားက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကိုပင် ချက်ချင်းသတ်ပစ်နိုင်ပြီး သူ့စွမ်းအားက အလွန်ကြီးမား၏။
ဓားက မကျရောက်လာမီပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် လုမင်မှာ လှုပ်ရှားရန် ခက်ခဲနေပြီ ဖြစ်သည်။ ပြင်းထန်သော ဖိအားအောက်တွင် သူ့အရိုးများက ကျိုးတော့မည်ကဲ့သို့ပင်။
ဓားက အတားအဆီးမရှိဘဲ ဆက်လက်ကျဆင်းလာခဲ့သည်။
'မဟုတ်ဘူး၊ ငါ မသေရဘူး။ ငါ့မှာ ငါကာကွယ်လိုတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ရှိတယ်။ ငါ့မိဘတွေက ငါ့ရဲ့အကာအကွယ်ကို လိုအပ်တယ်။ ရှောင်ချင်းက အခုဘယ်မှာနေမှန်း ငါမသိဘူး။ ရှန်းရှန်းနဲ့ မော့လီကိုလည်း ရှာရဦးမယ်...'
'ငါ သေတာနဲ့ ချင်ယွဲ့လည်း သေရလိမ့်မယ်။ ငါ မသေနိုင်ဘူး၊ လောကရဲ့ အထွတ်အထိပ်ကိုရောက်ပြီး ငါ့ကံကြမ္မာကို ပြောင်းလဲရမယ်...'
လုမင်က အကြွင်းမဲ့ တိုက်ခိုက်လိုစိတ်တို့ဖြင့် သူ့နှလုံးသားထဲမှ ဟိန်းဟောက်လိုက်သည်။
စိတ်ဓာတ်ကျပြီး မည်သို့မျှ ရပ်တည်နိုင်စွမ်းမရှိသည့် အခြေအနေမျိုးမှာပင် သူ ရှင်သန်လိုသည်။ တစ်ဖက်လူကို အနိုင်မယူနိုင်လျှင်ပင် တိုက်ပွဲဝင်ရမည်။
နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်သွားရမည် ဖြစ်သည်။
သူ့မျက်လုံးများက ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်သွားသည်။
သူက ဓားမိစ္ဆာကို အလျှော့မပေးသကဲ့သို့ ကံကြမ္မာကိုလည်း အလျှော့မပေးနိုင်ပေ။
"ဝမ်"
ထိုအချိန်တွင် ဓားတစ်လက်၏ အသံက ကောင်းကင်ကိုးပါးသို့ ပျံ့လွင့်လာသည်။
တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ကျောက်ဓားက တောင်နှင့်မြစ်ပန်းချီကား၏ အတားအဆီးကို ဖြတ်ကျော်ပြီး လုမင်၏ ဦးခေါင်းထက်တွင် ပေါ်လာ၏။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ကျောက်ဓားမှ ဖြာထွက်လာသည်။ ဓားမိစ္ဆာ၏ ဓားအလင်းက ဤဓားအလင်းကြောင့် ပျက်စီးသွားတော့သည်။
'ဒါက ကောင်းကင်ဧကရာဇ်ရဲ့ ဓားပဲ'
လုမင် စိတ်လှုပ်ရှားသွားသည်။ ကောင်းကင်ဧကရာဇ်၏ဓားက ရုတ်တရက် ပြေးထွက်လာပြီး အရေးကြီးသော အခိုက်အတန့်တွင် ရန်သူ၏ဓားကို ပိတ်ဆို့လိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
“ဒီဓား..."
ဓားမိစ္ဆာ၏ အကြည့်က ကောင်းကင်ဧကရာဇ်၏ဓားအပေါ်သို့ ကျရောက်လာသည်။ အကြောင်းတစ်ခုခုကြောင့်၊ ဤဓားကို မြင်လိုက်ရချိန်တွင် သူ တုန်လှုပ်သွား၏။
"နတ်ဘုရားဓား... ထွတ်မြတ်ဓားတစ်လက်ပဲကွ။ ဒီဓားကို ရယူနိုင်ရင် ငါ့ရဲ့ကျင့်ကြံမှုက အတားအဆီးတွေကို ဖြတ်ကျော်ပြီး သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားမှာ သေချာတယ်။ အနာဂတ်မှာ ပိုမြင့်မားတဲ့ နယ်ပယ်ကိုတောင် ရှိနိုင်လိမ့်မယ်"
ဓားမိစ္ဆာ၏ မျက်လုံးများမှ စူးရှသော အလင်းများ ပေါ်လာသည်။
သူသည် မရေမတွက်နိုင်သော နှစ်များအကြာတွင် ထိုက်ယီဓားသင်္ချိုင်းမှ မထင်မှတ်ဘဲ ရှင်သန်လာခဲ့သော ဓားဝိညာဉ်တစ်ခု ဖြစ်သည်။
သို့သော်လည်း သူ၏ အခြေခံမှာတော့ လူသားများနှင့် နှိုင်းယှဉ်ပါက အားနည်းနေဆဲပင်။ လူသားများ သို့မဟုတ် မိစ္ဆာသားရဲများနှင့် နှိုင်းယှဉ်ပါက သူ့အတွက် တိုးတက်ရန်မှာ များစွာ ပိုခက်သည်။
သူသည် နှစ်ပေါင်းများစွာ ခါးသီးစွာ လေ့ကျင့်နေခဲ့ပြီးမှ နောက်ဆုံးတွင် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အရေးကို တွေ့ရှိခဲ့ခြင်းပင်။
သို့သော်လည်း လုမင်ကြောင့် သူ အဆင့်တက်ရန် အခွင့်အရေးမှာ ဝေဝါးလာခဲ့ရသည်။
သို့ရာတွင်၊ လုမင်၏ လက်ထဲမှာ ထွတ်မြတ် ဓားတစ်လက် ရှိနေသည်။ ဤနတ်ဓားကို ပိုင်ဆိုင်နိုင်သရွေ့ သူသည် အနာဂတ်တွင် လျင်မြန်စွာ တိုးတက်လာနိုင်သည်။ သူ၏ ကျင့်ကြံမှုအရှိန်သည်ပင် တဟုန်ထိုး တိုးတက်လာနိုင်သည်ဟု ခံစားရပေသည်။
ဤဓားကို သူ ယူရမည်။
"ကောင်လေး၊ မင်းလက်ထဲမှာ ရတနာတွေ တကယ်ကို အများကြီးရှိတာပဲ။ ဒီဓားကို လိမ်လိမ်မာမာနဲ့ လွှဲပေးမယ်ဆိုရင် ငါ မင်းကို မြန်မြန်သေခွင့်ပြုနိုင်တယ်"
ဓားမိစ္ဆာက လုမင်ကို အေးစက်စွာ ကြည့်နေသော်လည်း သူ့မျက်လုံးထဲမှ လောဘကိုမူ ဖုံးကွယ်၍မရပေ။
"မင်းငါ့ကိုလွှတ်ပေးရင် ငါပေးလိုက်မယ်"
လုမင်၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းကို လွှတ်ပေးဖို့ ငါသဘောတူတယ်။ ဓားကို ငါ့ဆီ လွှဲပေးပါ"
ဓားမိစ္ဆာက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ငါ့ကို ဉာဏ်မရှိသူ ထင်လို့လား။ ငါ မင်းကို လွှဲပေးလိုက်ပြီးမှ ကတိမတည်ရင် ဘယ်လိုလုပ်မလဲ။ ငါ ဒီကနေ အရင်ထွက်သွားပြီးမှ မင်းရဲ့လက်ကို အပ်နိုင်မယ်"
လုမင်က ပြောသည်။
"ကောင်လေး၊ မင်းက ငါနဲ့ညှိနှိုင်းဖို့ အရည်အချင်းမပြည့်မီသေးဘူး။ မင်း မလွှဲပေးရင် ငါကိုယ်တိုင်ယူမယ်"
ဓားမိစ္ဆာက အေးစက်စက် ပြောလိုက်၏။ သူ့အရှိန်အဝါက ပိုအားကောင်းလာပြီး သူ့လက်ထဲမှ ဧရာမဓားကြီးရလည်း ကြောက်စရာကောင်းသော အတက်အကျများကို ထုတ်လွှတ်လာတော့သည်။
"ဝှစ်"
သူက ဓားဖြင့် ထပ်မံခုတ်လိုက်သည်။ ဤတစ်ကြိမ်တွင်၊ ဓားစွမ်းအားက ယခင်ကထက် ပိုအားကောင်းလာ၏။
"ဝမ်"
ကောင်းကင်ဧကရာဇ်၏ဓားက အနည်းငယ်တုန်ခါသွားပြီးနောက် ဓားအလင်း မျက်နှာပြင်တစ်ခုကို ဖြန့်ချကာ လုမင်ကို ဖုံးအုပ်လိုက်တော့သည်။
ဓားမိစ္ဆာ၏ ဓားအလင်းက အလင်းမျက်နှာပြင်ကို ခုတ်ချလိုက်သည်။ သို့သော်၊ ပင်လယ်ထဲကို ကျဆင်းသွားသော ရေတစ်စက်ကဲ့သို့ပင်။ ၎င်းက အနည်းငယ်မျှ မလှုပ်ခတ်စေနိုင်ဘဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
မဟုတ်သေး၊ ပျောက်ကွယ်သွားခြင်း မဟုတ်ပါ။ ကောင်းကင်ဧကရာဇ်၏ဓားဖြင့် စုပ်ယူခံခဲ့ရခြင်း ဖြစ်သည်။
"ဝမ်"
ကောင်းကင်ဧကရာဇ်၏ဓားက တစ်ဖန်တုန်ခါလာပြီး ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားကို ထုတ်လွှတ်လိုက်သည်။
ဓားမိစ္ဆာ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်တွင် သူက ကောင်းကင်ဧကရာဇ်၏ဓားထံမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားကို ခံစားလိုက်ရ၏။ သူ့လက်ထဲတွင်ရှိသော ဓားကြီးက ကောင်းကင်ဧကရာဇ်၏ဓားဆီသို့ ပျံသန်းသွားတော့မည်။
ဓားရင်းမြစ်အချို့ဆိုလျှင် ဧရာမဓားကြီးကို ချန်ထားခဲ့ကာ ကောင်းကင်ဧကရာဇ်၏ဓားဆီသို့ ပြေးသွားကြသည်။ သူတို့က ကောင်းကင်ဧကရာဇ်၏ဓားထံသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားကြတော့သည်။
ထိုအခါ ကောင်းကင်ဧကရာဇ်၏ဓားက အလွန်စိတ်လှုပ်ရှားနေသကဲ့သို့ အနည်းငယ်တုန်ခါသွားသည်။ စုပ်ယူမှုကလည်း ပို၍ အားကောင်းလာပြီ။
"မင်းက ငါ့ဓားရင်းမြစ်တွေကို မျိုချင်နေတာလား။ ရပ်လိုက်စမ်း"
ဓားမိစ္ဆာက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးများက အဆက်မပြတ် စီးကျလာပြီး ပြင်းထန်စွာ လောင်ကျွမ်းသွား၏။ သူ၏ ခွန်အားကလည်း သိသိသာသာ တိုးတက်လာကာ သူ့လက်ထဲမှ ဓားကြီးကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်သည်။
"မင်းရဲ့ဓားက တကယ်ကို အံ့သြစရာကောင်းတာပဲ။ ဒါပေမဲ့ ငါ့ဓားရင်းမြစ်တွေကို မျိုချင်တယ်ဆိုရင်တော့ စဉ်းတောင်မစဉ်းစားနဲ့"
ဓားမိစ္ဆာ၏ မျက်လုံးအကြည့်က အေးစက်နေပြီး အော်ဟစ်လိုက်သည်။
"ငါလည်း ဝင်ပါမယ်ဆိုရင် ဘယ်လိုလဲ"
ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဒါက လုမင်၏အသံ မဟုတ်ပေ။
လုမင်နှင့် ဓားမိစ္ဆာအပြင် ဤနေရာတွင် တတိယလူ ရှိနေသေးသလော။
"လော့ရှန်း"
လုမင်က လော့ရှန်းကို ချက်ချင်း တွေးလိုက်မိသည်။ သူက ဝိညာဉ်အသိကို ဖြန့်ကျက်ကြည့်ပြီးနောက် လော့ရှန်းသည် မျက်စိဖွင့်ထားကြောင်း တွေ့လိုက်ရသည်။ သူ့ဦးခေါင်းထက်မှာလည်း အဖြူအမည်း ဓားတစ်ချောင်းက လွင့်မျောနေ၏။
၎င်းက သူ၏ ဓားဝိဥာဉ် ဖြစ်သည်။
လော့ရှန်း မသေသေးပါ။
"မင်းမသေသေးဘူးလား"
ဓားမိစ္ဆာက ထအော်လိုက်သည်။
"မင်းတောင် မသေသေးဘဲ ငါက ဘယ်လိုသေရမှာလဲ။ ဝါးမျိုစေ"
လော့ရှန်းက အေးစက်စွာ ပြောလိုက်၏။ နောက်ဆုံးစကားသံ ထွက်ပေါ်လာချိန် မြေပြင်၌ စိုက်ဝင်နေသော ဧရာမဓားကြီးက ပြင်းထန်စွာ တုန်ခါသွားသည်။
"ဝမ်"
ဧရာမဓားကြီးက တုနှိုင်းမရအောင် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ဓားမြည်သံကလည်း စူးရှစွာ ထွက်ပေါ်လာ၏။ ထိုဓားကြီးကလည်း ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတို့ကို ထုတ်လွှတ်လာတော့သည်။
ဓားရင်းမြစ်အနည်းငယ်က ဓားမိစ္ဆာ၏လက်ထဲရှိ ဓားကြီးထံမှ လွတ်ထွက်သွားပြီး ဧရာမဓားကြီးထဲကို ဝင်ရောက်သွားကြသည်။
ဤအခိုက်အတန့်တွင်၊ ကောင်းကင်ဧကရာဇ်ဓားကလည်း အခွင့်အရေးကို ဆုပ်ကိုင်ထားပြီး ၎င်း၏စုပ်ယူအားကို ထုတ်လွှတ်လာပြန်သည်။
"ဝှစ်... ဝှစ်"
ဓားမိစ္ဆာ၏လက်ထဲရှိ ဓားကြီးမှ ဓားရင်းမြစ်များက ကောင်းကင်ဧကရာဇ်၏ဓားထံသို့ အဆက်မပြတ် ဝင်ရောက်သွားတော့သည်။
ကောင်းကင်ဧကရာဇ်၏ဓားနှင့် လော့ရှန်း၏ နောက်ကျောပေါ်ရှိ ဓားကြီးက တပြိုင်နက်တည်း ဆွဲငင်လာသောအခါ ဓားမိစ္ဆာသည် နောက်ဆုံးတွင် မခုခံနိုင်တော့ပေ။
ထို့ထက် သူ့ကို ကြောက်ရွံ့စေတာက၊ ဤနေရာမှ သူ ထွက်သွားချင်လျှင်ပင် မထွက်သွားနိုင်တော့ပါ။ သူ့ခန္ဓာကိုယ်က အနည်းငယ်မျှ မလှုပ်ရှားနိုင်တော့ချေ။ သူက ကောင်းကင်ဧကရာဇ်ဓားနှင့် လော့ရှန်းနောက်ကျောမှ ဧရာမဓားကြီးဖြင့် စုပ်ယူခံနေရပြီ ဖြစ်သည်။
သူ့လက်ထဲမှ ဓားကြီး၏ ဓားရင်းမြစ်များကို ကောင်းကင်ဧကရာဇ်ဓားနှင့် ဧရာမဓားကြီးတို့က ခွဲထုတ်ကာ စုပ်ယူနေချေပြီ။
"ဝှစ်..."
ရုတ်တရက်၊ ဓားရင်းမြစ်နှစ်ခုက လုမင်ဆီသို့ ပျံသန်းလာခဲ့သည်။
"ဒါက..."
လုမင် အံ့ဩသွားသည်။ ၎င်းက ကောင်းကင်ဧကရာဇ်ဓားမှ ဆုလာဘ်တစ်ခုဟု သူ ခံစားရ၏။
သို့ပေသော်ငြား၊ ဓားရင်းမြစ်ဆိုသည်မှာ ကောင်းမွန်သောအရာများ ဖြစ်သည်။ လုမင်လည်း ဝါးမျိုခြင်းစွမ်းအင်ကို ထုတ်လွှတ်ပြီး ဓားရင်းမြစ်နှစ်ခုကို စုပ်ယူကာ တင်ပျဉ်ခွေထိုင်၍ သန့်စင်လိုက်တော့သည်။