အခန်း ၁၈၉၇
Vol. 127 Ch. 1897
အပိုင်း ( 1897 ) အားလုံးကို သန့်စင်ပစ်ခြင်း။
သူ၏ ဒန်တျန်တွင် သူတော်စင်နှလုံးသားနှစ်ခုက အင်အားအပြည့်ဖြင့် လည်ပတ်နေသည်။ သူတော်စင်စွမ်းအားက တဖြည်းဖြည်း အားကောင်းလာပြီး လုမင်၏ ခြေလက်နှင့် အရိုးများထဲသို့ စီးဆင်းသွား၏။ လုမင်၏ ဒဏ်ရာများက လျင်မြန်စွာ သက်သာလာတော့သည်။
တစ်ဖက်တွင်၊ လော့ရှန်း၏ အခြေအနေကလည်း လုမင်နှင့် အလွန်ဆင်တူသည်။ ဧရာမဓားကြီးက အမှန်တကယ်ပင် ဓားရင်းမြစ်တချို့ကို ခွဲထုတ်ကာ လော့ရှန်းထံသို့ ပို့လွှတ်လိုက်လေသည်။ လော့ရှန်းကမူ မလှုပ်မယှက် ထိုင်နေဆဲ ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ တရား အားထုတ်နေသော သူတော်စင်တစ်ပါးကဲ့သို့ပင်။
"မဟုတ်ဘူး... မဟုတ်ဘူး..."
ဓားမိစ္ဆာက အော်ဟစ်ပြီး အစွမ်းကုန် ဆက်လက်ပေါက်ကွဲလိုက်သည်။ သို့သော်၊ အသုံးမဝင်ပေ။ နောက်ဆုံးတွင် သူက လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ပါ။
ဧရာမဓားကြီးရှိ ဓားရင်းမြစ်များက ဆက်လက်စုပ်ယူခံနေရကာ သူ၏ ခုခံနိုင်စွမ်းမှာလည်း အားနည်းသည်ထက် အားနည်းလာခဲ့ရသည်။
သို့သော်လည်း ဧရာမဓားကြီးတွင် ဓားရင်းမြစ်များက များပြားလွန်းလှသည်။ ၎င်းက အဆုံးမဲ့လုနီးဖြစ်ပြီး အချိန်တိုအတွင်း အကုန်အစင် စုပ်ယူလို့မရပေ။
အချိန်များက မြန်စွာ ကုန်လွန်သွားသည်။ နေ့ရက်များက တစ်နေ့ပြီး တစ်နေ့ ကုန်လွန်သွားပြီ။
လုမင်၏ သန်မာသော ဝိညာဉ်ခန္ဓာဖြင့် သူ့ဒဏ်ရာများက တစ်ရက်အကြာတွင် သက်သာသွားခဲ့သည်။ ထို့နောက် သူက ဓားရင်းမြစ်၏ စွမ်းအားကို အသုံးပြု၍ သူ၏ကျင့်ကြံမှုတိုးတက်ရန်နှင့် ယွမ်ချီစွမ်းအင်ကို သန့်စင်ခဲ့ပေသည်။
ဓားရင်းမြစ်များ၏ စွမ်းအားကို သန့်စင်လိုက်တိုင်း၊ နောက်ထပ် ဓားရင်းမြစ်နှစ်ခုက လုမင်ထံသို့ ထပ်မံ ပျံသန်းလာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လုမင်၏ ကျင့်ကြံမှုက ပိုမိုအားကောင်းလာခဲ့သည်။ သူက အန္တိမသူတော်စင်နယ်ပယ်သို့ အဆင့်တက်ရန်ပင် များစွာ မလိုတော့ပေ။
အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလကြာသွားပြီ။
သုံးလအတွင်း၊ ဓားမိစ္ဆာ၏ ဓားရင်းမြစ်များကို ကောင်းကင်ဧကရာဇ်ဓားနှင့် ဧရာမဓားကြီးတို့က အကုန်လုံးနီးပါး စုပ်ယူသွားခဲ့သည်။
လုမင်သည်လည်း ဓားရင်းမြစ်များစွာကို သန့်စင်ခဲ့၏။ သူ၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ်၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီး အန္တိမသူတော်စင်နယ်ပယ်သို့ တက်လှမ်းရန် အလွန်နီးစပ်ခဲ့သည်။
တကယ်တော့ အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ရန်မှာ မလွယ်ပေ။ လုမင်က ဤအချိန်အတောအတွင်း၌ ဓားရင်းမြစ်များစွာကို သန့်စင်ထားသော်လည်း အဆင့်မတက်နိုင်သေးပါ။ သူက အခွင့်အလမ်းတစ်ခုကို လိုသည်။
သို့သော်လည်း လုမင်က အလွန်ကျေနပ်နေပြီ။
မဟာသူတော်စင်နယ်ပယ်မှ အန္တိမသူဝော်စင်နယ်ပယ်သို့ တက်လှမ်းရန်မှာ အလွန်ခက်ခဲသည်။ လုံလောက်သော စုဆောင်းမှုနှင့် အခြေအနေမရှိလျှင် တိုးတက်ရန် မဖြစ်နိုင်ပေ။
ဥပမာအားဖြင့် ချင်ယွဲ့... လုမင်သည် ချင်ယွဲ့ကို ပြန်တွေ့ခဲ့စဉ်အခါက သူမ၏ ကျင့်ကြံမှုမှာ မဟာသူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံမှုအဆင့်သို့ ရောက်နေပြီ။ သို့တိုင်၊ ယခုအချိန်အထိ အန္တိမသူတော်စင်နယ်ပယ်သို့ မချိုးဖြတ်နိုင်သေးပါ။ သူက စုဆောင်းနေခဲ့သည်။
အတိုင်းအတာတစ်ခုအထိ စုဆောင်းပြီးမှသာ အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်မည်။
လုမင်က သူတော်စင်နှလုံးသားနှစ်ခုကို လေ့ကျင့်ထားသောကြောင့် ပုံမှန်အခြေအနေအားဖြင့် နှစ်အနည်းငယ်ကြာမျှ စုဆောင်းခြင်းမရှိဘဲ အန္တိမသူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်မည် မဟုတ်ပေ။
ယခုမူ၊ လုမင်က သုံးလအတွင်း နှစ်အတော်ကြာ စုဆောင်းမှုကို ပြီးမြောက်နိုင်ခဲ့သည်။
ကောင်းကင်ဧကရာဇ်ဓားက ဓားရင်းမြစ် အမြောက်အမြားကို စုပ်ယူခဲ့သည်။ ၎င်းပေါ်တွင် အရောင်ဖျော့ဖျော့ အဖြူရောင်အလင်းအလွှာတစ်ခု ရှိနေပြီး နှိုင်းမရအောင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တို့ကို ထုတ်လွှတ်နေ၏။
လော့ရှန်း၏ နောက်ကျောဘက်မှ ဧရာမဓားကြီးသည်လည်း စူးရှတောက်ပသော ဓားအလင်းကို ထုတ်လွှတ်နေသည်။ ဓားမျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများပင် စီးဆင်းနေသေးသည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ငါ ဒါကို လက်မခံနိုင်ဘူး..."
ဓားမိစ္ဆာက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူ့အရှိန်အဝါက အလွန်အားနည်းနေပြီ။
နောက်ဆုံး ဓားရင်းမြစ်ကို စုပ်ယူပြီးသောအခါ ကောင်းကင်ဧကရာဇ်ဓားက တုန်လှုပ်သွားပြီး ၎င်း၏ အရှိန်အဝါအားလုံးကို ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။ ၎င်းက သာမန်ကျောက်ဓားတစ်လက်အဖြစ်သို့ ပြန်ပြောင်းသွား၏။ ၎င်းက လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းသွားခဲ့ပြီး သူ၏ အသိစိတ်ပင်လယ်ထဲတွင် လွင့်မျောနေတော့သည်။
လုမင်၏ အတွေးတစ်ခုဖြင့် ကောင်းကင်ဧကရာဇ်ဓားက လုမင်၏ လက်ထဲတွင် ပြန်ပေါ်လာသည်။ သို့သော်၊ လုမင်က ၎င်းထံသို့ သူတော်စင်စွမ်းအားကို ပို့လွှတ်ကြည့်ပြီးနောက် ကောင်းကင်ဧကရာဇ်ဓားသည် လုံးဝမတုံ့ပြန်ကြောင်း သိလိုက်ရလေသည်။
"ဒါက တကယ်ကို ကောင်းကင်ဧကရာဇ်ဓားပဲလား။ ငါ့မှာ သူ့ရဲ့စွမ်းအားကို လုံးဝ မထုတ်နိုင်ဘူး"
လုမင် ဆွံ့အသွားမိသည်။ သူက ကောင်းကင်ဧကရာဇ်ဓားကို သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ ပြန်ထည့်လိုက်လေသည်။
ထိုအချိန်တွင်၊ လော့ရှန်း၏ နောက်ကျောမှ ဧရာမဓားကြီးက မြေပြင်မှ ခွဲထွက်လာတော့မည်ကဲ့သို့ တုန်ခါသွားသည်။ ဓားပေါ်ရှိ အလင်းရောင်က ပို၍ပင် စူးရှတောက်ပလာ၏။ ပိုမိုပြင်းထန်သော စုပ်ယူမှု အင်အားတစ်ခုက ဓားမိစ္ဆာကို ဖုံးအုပ်ထားတော့သည်။
ဓားမိစ္ဆာက သွေးပျက်စွာ အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး"
သူက ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သော်လည်း အရာအားလုံးက အချည်းနှီးပင်။ သူ့ခန္ဓာကိုယ်က ဧရာမဓားကြီးဆီသို့ ပျံသန်းသွားကာ ၎င်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
"ဝမ်"
ဧရာမဓားကြီး တုန်ခါသွားပြီး ချောက်နက်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
လုမင်က တွင်းနက်ကြီးထဲမှ ပြေးထွက်လာပြီး လေထဲတွင်ရပ်ကာ လှမ်းကြည့်လိုက်သည်။
ဧရာမဓားကြီးက ပို၍ပို၍ ပြင်းထန်စွာ တုန်ခါလာသည်။ နောက်ဆုံးတွင် မြေပြင်မှ ပြေးထွက်လာပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ လေထဲတွင် လှည့်ပတ်ပြီးနောက် လော့ရှန်းထံသို့ တိုက်ရိုက် ထိုးဆင်းသွား၏။ လော့ရှန်း၏ ခန္ဓာကိုယ်နှင့် နီးကပ်လာသောအခါတွင် တဖြည်းဖြည်း သေးငယ်လာကာ လော့ရှန်း၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် လော့ရှန်းက မျက်လုံးများကို ဖွင့်လိုက်သည်။ အစွမ်းထက်သော ရောင်ဝါတစ်ခုက ထွက်ပေါ်လာ၏။
"မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်"
လုမင်က တိတ်တဆိတ် အံ့ဩသွားမိသည်။
လော့ရှန်း၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်ရှိနေခဲ့ပြီ။ လော့ရှန်းသည်လည်း ဤဓားကြီးကြောင့် အခွင့်ကောင်းတစ်ခု ရခဲ့ပုံရသည်။
ထို့အပြင် လုမင်သည် လော့ရှန်း၏ ဝိညာဉ်ခန္ဓာသည်လည်း ထူးခြားနေကြောင်း တွေ့ရှိခဲ့သည်။ ၎င်းက ကောင်းကင် အလယ်အလတ်အဆင့် ဝိညာဉ်ခန္ဓာ၏အဖြစ်သို့ ပြောင်းလဲသွားပြီ။
ထိုစဉ်အခါက လုမင်သည် လော့ရှန်းကို ပထမဆုံးတွေ့သောအခါ သူ၏ဝိညာဉ်ခန္ဓာသည် အဆင့်နိမ့် မြေကမ္ဘာဝိညာဉ်ခန္ဓာတစ်ခုသာ ဖြစ်သည်။
"ဓားဝိညာဉ်ကို ဆယ့်ငါးနှစ်ကြာ ပျိုးထောင်ခဲ့သူ... ဒါက တကယ်ကို မလွယ်ဘူးပဲ"
လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လော့ရှန်းက မရိုးရှင်းဘူးဟု သူ ခံစားခဲ့ရတာကြာပြီ။ သူသည် ဘုရင်နိယာမများထဲမှ တစ်ခုဖြစ်သည့် အမြန်နှုန်း နိယာမကို ထိန်းချုပ်ထားသူ ဖြစ်သည်။ ယခုဆိုလျှင် သူ၏ ကျင့်ကြံမှုအခြေခံက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားပြီ။ သူက ဧရာမဓားကြီးကို ရရှိခဲ့ပြီး ဓားဝိညာဉ်ကိုလည်း ပျိုးထောင်နိုင်ခဲပ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်ကြောက်စရာကောင်းလာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လော့ရှန်းက ထရပ်ပြီး လုမင်ကို ကြည့်လိုက်သည်။ သူက ပြုံးလျက် ပြောလိုက်၏။
"လုမင်၊ မတွေ့တာကြာပြီ။ စန်းပြည်နယ်မှာ လမ်းခွဲခဲ့ပြီးနောက် ဒီနေရာမှာ ပြန်တွေ့ရမယ်လို့ ငါ မမျှော်လင့်ထားဘူး"
"ငါလည်း တကယ်ကို မမျှော်လင့်ထားပါဘူး။ ဒါနဲ့ မင်းတို့ ဘယ်လိုဖြစ်တာလဲ၊ ပြီးတော့ မင်းရဲ့ဆရာ... သူ..."
ထိုအချိန်တွင် လုမင်က ခေတ္တရပ်ကာ သက်ပြင်းချလိုက်သည်။
"ငါ့ဆရာ... သူ ကြွေလွင့်သွားခဲ့ပြီ မဟုတ်လား"
လော့ရှန်းက ဝမ်းနည်းနေသော လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်ပါတယ်"
လုမင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"သူ့ရဲ့ အသိစိတ်က ပျောက်ဆုံးသွားပုံရတယ်။ သူ့ဝိညာဉ်က မရှိတော့ဘူးလေ"
"ဓားမိစ္ဆာကြောင့် သူ့ဝိညာဉ်က ပျက်စီးသွားပုံရတယ်"
"ထားပါလေ၊ လုမင်... ဒီနေရာကနေ အရင်ထွက်သွားရအောင်။ ငါတို့ လမ်းမှာ စကားပြောကြမယ်"
လော့ရှန်းက ပြောလိုက်သည်။
"ကောင်းပြီ"
လုမင် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူက လော့ရှန်းနှင့်အတူ ကောင်းကင်သို့ ပျံတက်ပြီး ချောက်ထဲမှ ထွက်သွား၏။ ထို့နောက် သူတို့က ဓားသင်္ချိုင်း၏ ထွက်ပေါက်ဆီသို့ ပျံသန်းသွားကြတော့သည်။
လမ်းတစ်လျှောက်မှာတော့ မတော်တဆမှု တစ်စုံတစ်ရာ မကြုံခဲ့ရပေ။ များမကြာမီ သူတို့က ဓားသင်္ချိုင်းမှ အဝေးသို့ ပြေးထွက်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် လော့ရှန်းက စန်းပြည်နယ်မှ လွတ်မြောက်လာပြီးနောက် သူတို့၏ အခြေအနေကို ပြောပြခဲ့လေသည်။
စန်းပြည်နယ်မှ လွတ်မြောက်ပြီးနောက် သူတို့သည် ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ မသွားခဲ့ကြပေ။ ထိုအစား၊ သူတို့က ကုန်သည်အဖွဲ့များနှင့်အတူ တိုင်ယီဓားသင်္ချိုင်းအနီးသို့ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဖြင့် ရောက်လာခဲ့ကြသည်။
နောက်ပိုင်းတွင် လော့ရှန်းက သေခြင်းရှင်ခြင်း ဓားဂိုဏ်းချုပ်နှင့်အတူ လေ့ကျင့်ရန် ဓားသင်္ချိုင်းသို့ ဝင်ရောက်ကာ ယခင်ချောက်ထဲသို့ မတော်တဆ ဝင်ခဲ့မိပေသည်။
ထိုအချိန်ကတည်းက ဓားမိစ္ဆာသည် အခြား ကျင့်ကြံသူများကို ဆွဲဆောင်ရန်နှင့် ၎င်းတို့၏ သွေးများကို ဓားအတွက် ယဇ်ပူဇော်ရန် စီစဉ်နေခဲ့သည်။ ထို့နောက် ဓားရင်းမြစ်၏ စွမ်းအင်ဖြင့် ၎င်းက သိုင်းဧကရာဇ်နယ်ပယ်သို့ ချိုးဖြတ်သွားလိမ့်မည်။
ထို့ကြောင့်ပင် ဓားမိစ္ဆာက ဓားဝိညာဉ်များကို ခွဲထုတ်ပြီး သေခြင်းရှင်ခြင်းဓားဂိုဏ်းခေါင်းဆောင်၏ ဝိညာဉ်ကို ဖျက်ဆီး၍ သူ့ကို ထိန်းချုပ်ခဲ့သည်။
လော့ရှန်းကမူ ဓားဝိညာဉ်တစ်ခုကို ပျိုးထောင်ထားပြီး သူ့ကိုယ်သူ ဧရာမဓားကြီးဖြင့် ကာကွယ်ထားခဲ့သေးသည်။
ထို့အပြင် လော့ရှန်းက ဓားဝိညာဉ်ကို ပျိုးထောင်ခဲ့ပြီး ဓားမိစ္ဆာ၏ ဓားဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။
ထို့ကြောင့် ဓားမိစ္ဆာက လော့ရှန်းသေသွားပြီဟု ထင်ခဲ့ပေသည်။ တကယ်တော့ လော့ရှန်းက အသက်ရှင်နေသေးပြီး ဧရာမဓားကြီးနှင့် အဆက်အသွယ်လည်း ရှိခဲ့သည်။
သို့သော်လည်း သူတစ်ဦးတည်း၏ ခွန်အားဖြင့် ဓားမိစ္ဆာကို မယှဉ်နိုင်ပါ။ နောက်ဆုံးတွင်၊ ကောင်းကင်ဧကရာဇ်ဓားက ပေါ်လာပြီး ဓားမိစ္ဆာကို ဆွဲဆောင်ရန် ကြီးမားသော ဝါးမျိုခြင်းစွမ်းအားကို ထုတ်လွှတ်ခဲ့သည်။ ထိုမှသာ လော့ရှန်းကလည်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပေသည်။ သူက ဧရာမဓားနှင့် ပူးပေါင်းပြီး ဓားမိစ္ဆာကို တိုက်ခိုက်ခဲ့သည်။
လုမင် နားလည်သွားသည်။ နောက်ဆုံးမှာတော့ အခြေအနေ အလုံးစုံကို သဘောပေါက်ခဲ့ပြီ။
လော့ရှန်းက ဘေးဥပဒ်မှ အမြတ်ထွက်ခဲ့ပြီး ကံကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ခဲ့သည်။ ကံမကောင်းချင်တော့ သေခြင်းရှင်ခြင်း ဓားဂိုဏ်းခေါင်းဆောင်က ကွယ်လွန်သွားခဲ့ပြီး လော့ရှန်းလည်း စိတ်မကောင်းဖြစ်ခဲ့ရပေသည်။
သူတို့နှစ်ဦးက မိုင်တစ်သိန်းကျော်အကွာထိ ပျံသန်းပြီးနောက် တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်ခဲ့ကြသည်။ လုမင်လည်း တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ချင်ယွဲ့ကို ခေါ်ထုတ်လိုက်၏။
ချင်ယွဲ့က အပြင်သို့ ရောက်လာစမှာ အံ့ဩနေသေးသည်။ ထို့ကြောင့် လုမင်ကပင် အစောပိုင်း ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြခဲ့သည်။