အခန်း ၁၉၀၁
Vol. 127 Ch. 1901
အပိုင်း ( 1901 ) နောက်ဆုံးလူ။
"ဝုန်း"
ရုတ်တရက်၊ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်။
လူငယ်တစ်ဦးကို သူတော်စင်စွမ်းအားက ရစ်ပတ်နေပြီး သူ့အရှိန်အဝါက ပိုမိုအားကောင်းလာ၏။
"ဒါက... အန္တိမသူတော်စင်နယ်ပယ်ကို အဆင့်တက်တာပဲ"
တစ်ယောက်က အော်လိုက်သည်။
ဘုရင်ခန္ဓာတစ်ပါးက အန္တိမသူတော်စင်နယ်ပယ်ကို အဆင့်တက်ခဲ့ပြီ။
တကယ်တော့ တစ်စုံတစ်ယောက်က အန္တိမသူတော်စင်နယ်ပယ်ကို ဦးစွာ အဆင့်တက်ခဲ့ပြီး ဖြစ်သည်။ သို့သော်၊ ဘုရင်ခန္ဓာတော့ မဟုတ်ခဲ့ပေ။
အချို့လူများက မဟာသူတော်စင်နယ်ပယ်၏ အကန့်အသတ်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ပြီး လုံလောက်စွာ စုဆောင်းမိနေပြီ ဖြစ်သည်။ ထို့ကြောင့် မဟာဧကရာဇ်ကြီး၏ ဟောပြောပို့ချမှုကို နာယူရသောအခါ ဉာဏ်အလင်းပွင့်ပြီး အဆင့်တက်နိုင်ခဲ့ကြပေသည်။
သို့သော်လည်း ထိုလူကတော့ ဘုရင်ခန္ဓာဖြင့် အန္တိမသူတော်စင်နယ်ပယ်သို့ တက်လှမ်းလာခဲ့သူ ဖြစ်သည်။
ထိုလူက ကျောက်ကြမ်းအမြောက်အမြားကို ထုတ်ယူပြီး ခွဲခြေကာ ယွမ်ချီစွမ်းအင်များကို စတင်စုပ်ယူလိုက်သည်။
အန္တိမသူတော်စင်နယ်ပယ်သို့ အဆင့်တက်ခြင်းမှာ ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်စေနိုင်သည်။ သို့သော်၊ ကျန်လူများကို မဟာဧကရာဇ်ကြီးက ကာကွယ်ပေးထားသဖြင့် ၎င်းတို့မှာ အနှောင့်အယှက် မဖြစ်ခဲ့ပေ။
ရက်အနည်းငယ်ကြာသောအခါ အဆင့်တက်ခြင်း ပြီးမြောက်၍ သူ့အရှိန်အဝါများကို ပြန်ရုတ်သိမ်းပြီး မျက်လုံးကိုဖွင့်လိုက်သည်။ သူ့မျက်လုံးမှာတော့ ကျေနပ်ပျော်ရွှင်မှုတို့ ပြည့်နေတော့သည်။
သူ့တွင် ဘုရင်ခန္ဓာရှိသည်။ ယခုအခါ အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ခဲ့သောကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းက တဟုန်ထိုး တိုးတက်လာခဲ့ပြီ။ သူသည် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အသန်မာဆုံး လူများထဲမှ တစ်ဦးဖြစ်လာပြီ ဖြစ်သည်။
သို့သော်လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာက မှုန်ကုပ်သွားတော့သည်။
ဘုရင်ခန္ဓာအများအပြားတွင် သူက ပထမဆုံး နိုးထလာသူ ဖြစ်သည်။ တစ်နည်းဆိုရသော်... သူ့အရည်အချင်းက ဘုရင်ခန္ဓာများထဲတွင် အားအနည်းဆုံး ဖြစ်မည်လော။
မဖြစ်နိုင်။
ဒါကို သူလက်မခံနိုင်ပါ။ သူက အဆင့်တက်ရသောကြောင့် စောစောစီးစီး နိုးထလာခဲ့ခြင်းဖြစ်မည်ဟု ယုံကြည်ခဲ့သည်။
''နောက်ဆုံး နားလည်သဘောပေါက်နိုင်သူက ဘယ်သူဖြစ်မလဲဆိုတာ ငါကြည့်ချင်တယ်။ ဒါက ဟန်ရှင်းဟဲလား၊ မရဏဓား ဒါမှမဟုတ် လုမင် ဖြစ်နိုင်မလား"
သူ့အကြည့်က ဟန်ရှင်းဟဲ၊ မရဏဓားနှင့် လုမင်တို့ကို ဖြတ်ကျော်သွားသည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အဝေးမှကြည့်ရန် ထိုနေရာမှ ထွက်သွားလေတော့သည်။
"ဒီနေ့ပြီးရင် ဘုရင်တွေက နေ့စဥ်နဲ့အမျှ ထိုးထလာတော့မယ်"
ဤဘုရင်ခန္ဓာ အများစု၏ ကျင့်ကြံမှုက အလွန်မြင့်မားသည်။ အချို့က အန္တိမသူတော်စင်များ ဖြစ်သည်။ အချို့က မဟာသူတော်စင်နယ်ပယ် အကန့်အသတ်ဖြစ်ပြီး အားအနည်းဆုံးသည်ပင် မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်ချေသည်။
မဟာသူတော်စင်နယ်ပယ် ဘုရင်ခန္ဓာအများစုက နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ အန္တိမသူတော်စင်များကတော့ အကျိုးအမြတ် ရရှိသည့်တိုင် အဆင့်မတက်ကြတော့ပေ။
"ဝုန်း..."
နှစ်လခွဲအကြာတွင် လုံချန်၏ ခန္ဓာကိုယ်မှ ထိတ်လန့်တုန်လှုပ်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူက မဟာသူတော်စင်နယ်ပယ်မှ အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်သွားပြီ။
နောက်တစ်နေ့တွင် ဟွမ်လင်၏ ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြန်သည်။ သူသည်လည်း အဆင့်တက်ခဲ့၏။
သူတို့က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် လေ့ကျင့်ရင်း မဟာသူတော်စင်နယ်ပယ်၏ အကန့်အသတ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နတ်ဆင်ဂိုဏ်းနှင့် ဖီးနစ်နန်းတော်မှ ပါရမီရှင်များလည်း သူတို့နှစ်ဦး အဆင့်တက်ခဲ့သည်ကို တွေ့ရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြတော့သည်။
ဟွမ်လင်နှင့် လုံချန်တို့ နိုးထလာပြီးနောက် ချင်ယွဲ့၊ လော့ရှန်းနှင့် ဟွမ်လီတို့လည်း နိုးထလာခဲ့ကြသည်။
ချင်ယွဲ့က မကြာသေးမီကပင် အန္တိမသူတော်စင်တစ်ဦးဖြစ်လာသောကြောင့် အဆင့်တက်နိုင်ခြင်းမရှိပေ။ သို့သော်လည်း သူက များစွာ အမြတ်ထွက်ခဲ့သည်။ သူ၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ်၏ အဆင့်မြင့်အဆင့်နှင့် ပိုမိုနီးစပ်လာခဲ့ပြီ။ သူ၏ နတ်ဘုရားစွမ်းရည်ကလည်း များစွာ တိုးတက်ခဲ့သည်။
လော့ရှန်းကတော့ စုဆောင်းမှု မရှိသောကြောင့် အန္တိမသူတော်စင်နယ်ပယ်ကို အဆင့်မတက်နိုင်ခဲ့ပေ။ သို့သော်လည်း သူက အဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်၏ ကန့်သတ်ချက်သို့ ရောက်ရှိခဲ့သည်။
ဟွမ်လီကမူ လွန်ခဲ့သော ငါးလက အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အဆင့်မတက်နိုင်သေးသော်လည်း အန္တိမသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်၏ ကန့်သတ်ချက်သို့ ရောက်ရှိခဲ့၏။ သူက အန္တိမသူတော်စင်နယ်ပယ်၏ အဆင့်မြင့်အဆင့်နှင့် မဝေးတော့ပါ။
သူတို့အားလုံးက အကျိုးအမြတ်များစွာ ရှိခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ကျန်ဘုရင်ခန္ဓာများက တစ်ဦးပြီးတစ်ဦး နိုးလာခဲ့သည်။
ရုတ်တရက်၊ တာအိုကို နားလည်ဆင်ခြင်နေသူများအနက် တစ်ဦးထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
အခြားသူတစ်ဦးက အဆင့်တက်ခဲ့ပြီ။
လော့စန်းချုံး ဖြစ်သည်။
"ဟားဟားဟား၊ ငါ့အစ်ကိုကြီး လော့စန်းချုံးက အဆင့်တက်သွားပြီကွ။ အခု သူက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီ"
လော့ဖိုခုန်းက စိတ်လှုပ်ရှားသွားသည်။
သူက အန္တိမသူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံမှုအဆင့်ကို ရောက်ရှိခဲ့ပြီ။
လူများစွာတို့ တုန်လှုပ်သွားကြသည်။
လော့စန်းချုံးက အလွန်သန်မာသည်။ သူသည် သူတော်စင်ဘုရင်စာရင်းတွင် ထိပ်တန်း ဆယ်ဦးစာရင်းမှ ဖြစ်၏။ သူတော်စင်ဘုရင်စာရင်းက အတိအကျ မမှန်ကန်သော်လည်း ဒါက သူ့အင်အားကို မြင်နိုင်သည်။
ယခုမူ သူ၏ ကျင့်ကြံမှုအခြေခံက တိုးတက်လာသောကြောင့် သူ့ခွန်အားကလည်း သိသိသာသာ အားကောင်းလာမည်မှာ မြေကြီးလက်ခတ်မလွဲတော့ပေ။
ချင်ယွဲ့၊ ဟွမ်လင်၊ လုံချန်နှင့် တခြားသူများ၏ အမူအရာများက မှုန်ကုပ်သွားကြသည်။
လော့စန်းချုံးက သူတို့၏ ရန်သူပင်။ ထို့ကြောင့် သူ၏ အောင်မြင်မှုက သူတို့အတွက်တော့ မကောင်းသောအရာ ဖြစ်သည်။
မကြာမီ၊ လော့စန်းချုံးက နိုးထလာခဲ့သည်။
"ဟမ်"
နိုးလာပြီးနောက်၊ လော့စန်းချုံးက တာအိုကို နားလည်ဆဲဖြစ်သော လုမင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် အေးစက်စက် လူသတ်ချင်စိတ်တို့ ပေါ်လာ၏။ သူက လုမင်ကို ချက်ချင်းပင် ထသတ်ချင်သော်လည်း ဧကရာဇ်ဝူရှန်းက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့လိုက်ရသောအခါ မလုပ်ဝံ့တော့ပေ။
မဟာဧကရာဇ်တစ်ပါးကို စော်ကားမိလျှင် သူ့အဖိုးတောင် ကာကွယ်နိုင်မည် မဟုတ်ပါ။
"မင်းနိုးလာတဲ့အခါမှ မင်းကိုသတ်ရင်လည်း သိပ်နောက်ကျမှာမဟုတ်ဘူး"
လော့စန်းချုံးက ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူက ထထွက်သွားပြီး အဝေးမှ လှမ်းကြည့်နေလိုက်သည်။
ဤသို့ဖြင့်၊ သုံးလအကြာမှာတော့ တာအိုကို နားလည်ဆဲ လူသုံးဦးသာ ကျန်တော့သည်။
ဟန်ရှင်းဟဲ၊ မရဏဓားနှင့် လုမင်။
"မျှော်လင့်ထားတဲ့အတိုင်း၊ သူတို့သုံးယောက်က ဆုံးခန်းတိုင်အောင် နေခဲ့တာပဲ။ ကောင်းကင်သားတော်တွေက တကယ့်ကို ထူးခြားတယ်"
တစ်ယောက်က ပြောလိုက်သည်။
"ဟမ့်၊ သူတို့က တာအိုကို အချိန်ကြာကြာ ပိုနားလည်နိုင်ရင်တောင် ဒီထက်တော့မပိုပါဘူး။ သူတို့ရဲ့ အနာဂတ်အောင်မြင်မှုကို ဘယ်သူမှ ကြိုမသိနိုင်ဘူး"
ဘုရင်ခန္ဓာတစ်ပါးက အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
"အမှန်ပဲ၊ ကောင်းကင်သားတော်တွေက သန်မာပေမဲ့ သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ပြီးရင် သူတို့ရဲ့ အားသာချက်က မထင်ရှားတော့ဘူး။ နောက်ပြီး သူတို့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ဘုရင်ခန္ဓာတွေနဲ့ မကွာခြားနိုင်တော့ဘူးလေ။ ဘုရင်ခန္ဓာတွေက ကောင်းကင်သားတော်တွေကို ကျော်လွန်သွားတဲ့ ဖြစ်ရပ်တွေ သမိုင်းမှာ အများကြီးရှိတယ်"
"ဟုတ်တယ်ဗျ၊ ဘုရင်ခန္ဓာမရှိတဲ့သူတွေတောင် ကောင်းကင်သားတော်တွေကို ကျော်လွန်ပြီး အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့ဖူးတယ်"
လူများက ဆွေးနွေးပြောဆိုလိုက်ကြသည်။
ဤနေရာတွင် ရပ်တည်နေသူတိုင်းက ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က အခြားသူများကို မည်သို့လွယ်ကူစွာ အညံ့ခံနိုင်မည်နည်း။
ယခု ဦးဆောင်နေခြင်းက အနာဂတ်တွင် ဆက်လက်ဦးဆောင်နိုင်မည်ဟု မဆိုလိုပါ။ သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် ဘာမဆို ဖြစ်သွားနိုင်သည်။
နောက်ထပ် ဆယ်ရက် ကြာသွားပြီ။
ဤနေ့တွင်၊ ဟန်ရှင်းဟဲနှင့် မရဏဓားတို့ နှစ်ယောက်စလုံးက နိုးထလာပြီး မျက်လုံးဖွင့်လိုက်ကြသည်။
သူတို့က မဟာဧကရာဇ်၏ ဟောပြောပွဲမတိုင်မှီကပင် အဆင့်တက်ခဲ့သောကြောင့် ၎င်းတို့၏ ကျင့်ကြံမှုများမှာ အဆင့်မတက်နိုင်ခဲ့ကြပေ။
သူတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ရင်း အေးစက်စက် အလင်းများ လက်သွားသည်။ ထို့နောက် သူတို့၏အကြည့်က လုမင်ဘက်ကို လှည့်သွား၏။
လုမင်က တာအိုကို နားလည်နေဆဲပင်။
မရဏဓားက တစ်စုံတစ်ရာကို တွေးတောရင်း ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
တစ်ဖက်တွင်၊ ဟန်ရှင်းဟဲ၏ မျက်လုံးများက စူးရှသော အလင်းများ ထွက်ပေါ်လာသည်။
မူလက သူသည် နောက်ဆုံးအထိ တာအိုကို နားလည်ဆင်ခြင်နိုင်သူ ဖြစ်လာမည်ဟု သူထင်ခဲ့သည်။ တစ်စုံတစ်ယောက် သူ့ထက် အချိန်ပိုကြာမည်ဟု မမျှော်လင့်ထားပေ။
"ဒီတော့ မင်းက လုမင်ပေါ့၊ ဟမ့်"
ဟန်ရှင်းဟဲက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အဝေးကို ပျံထွက်သွားခဲ့သည်။
တာအိုကို နားလည်ဆင်ခြင်နေသူက လုမင်တစ်ဦးသာ ကျန်တော့သည်။
လူတိုင်း၏ အကြည့်က လုမင်အပေါ်သို့ ကျရောက်လာခဲ့သည်။
"လုမင်က ဟန်ရှင်းဟဲနဲ့ မရဏဓားထက် ပိုကြာမယ်လို့ မမျှော်လင့်ထားဘူး"
"သူ့ရဲ့ အရည်အချင်းက ဟန်ရှင်းဟဲနဲ့ မရဏဓားတို့ထက် ပိုမြင့်မားတာများလား"
အချို့က အချင်းချင်း ဆွေးနွေးလိုက်ကြသည်။
"ဟမ့်၊ သူ ဟန်ဆောင်နေတာလားဆိုတာ ဘယ်သူသိမှာလဲ။ သူက နိုးနေတာကြာပြီ၊ ဒါပေမယ့် တာအိုကို နားလည်နေသလို ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်"
လော့ဖိုခုန်းက မနာလိုသော အကြည့်ဖြင့် ပြောလိုက်သည်။
"နင်က ဧကရာဇ်ဝူရှန်းရဲ့ စီရင်မှုကို သံသယဖြစ်နေတာလား။ ဒီလိုစကားမျိုးပြောတာက နင့်ဦးနှောက်အဆင့်ကို ဖော်ပြသလိုဖြစ်တယ်"
ချင်ယွဲ့က လော့ဖိုခုန်းကို စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
ချင်ယွဲ့က လုမင်၏အရှေ့တွင်သာ သိမ်မွေ့ပြီး မူလအတိုင်း ပြုမူသည်။
သို့သော်လည်း အခြားသူများရှေ့မှာတော့ သူသည် မှတ်ဉာဏ်ဆုံးရှုံးပြီးနောက်ပိုင်းကဲ့သို့ လုံးဝကွဲပြားစွာ ပြုမူခဲ့သည်။ ဒါက ချင်ယွဲ့၏ အတွေ့အကြုံနှင့် ဆက်စပ်နေပေမည်။
"မင်း..."
လော့ဖိုခုန်း၏ မျက်နှာက မည်းမှောင်သွားသည်။ သို့သော် သူ မငြင်းနိုင်ပါပေ။
မဟာဧကရာဇ်ကြီးက နေရာတွင် ရှိနေဆဲ ဖြစ်သည်။ လုမင်သာ ဟန်ဆောင်နေခြင်းဖြစ်ပါက မဟာဧကရာဇ်ကြီးမှာ သိရှိပြီး ထွက်ခွာသွားခဲ့ပြီ။